Friday, June 1, 2012

ငြိမ်းချမ်းသောစိတ်ဖြင့်(မြသန်းစံ)


တစ်နေ့ က အဖေ့ကို ဆေးရုံသို့  ခေါ်သွားရသည်။ 

ခုတလော အဖေ သရိုးသရီဖြစ်နေသည်။ အသက်ကြီးပြီကိုး။ တွက်ကြည့်လိုက်တော့ ၈၁ 
နှစ်။ နည်းသည့် အသက်မဟုတ်။ အိုမင်းရင့်မှည့်လောသော အသက်အရွယ်။ 
ဓာတ်မှန်ရိုက်ဖို့ အတွက် အဖေ့ကိုယ်ပေါ်က အ၀တ်အစားတွေ ချွတ်လိုက်သောအခါ 
အဖေ့အတွင်းသားတွေကို ထင်းလင်းစွာတွေ့ လိုက်ရသည်။ အဖေ့အရေပြား 
တပြင်လုံးသည် လှိုင်းကြက်ခွပ်ကလေးတွေလို တွန့် ကြေရှုံ့ တွလျက် ရှိနေပေပြီ။ 
ဓာတ်မှန်ရိုက်သူ လူငယ်၏ အမိန့် ပေးမှုကို အဖေ့ခမြာ ကလေးတစ်ယောက်လို 
နာခံနေရသည်။ 


"ရှေ့နည်းနည်းတိုးဦး အဘ၊ ရင်ဘတ်နဲ့  ကပ်ထားနော်၊ အသက်ကို ရှူပါ။ မလှုပ်နဲ 
့နော်၊ ငြိမ်ငြိမ်လေးနေနော် အဘ" 

ဓာတ်မှန်ရိုက်ပြီးတော့ ECG ရိုက်ရပြန်သည်။ ပြီးတော့ သွေးဖောက်ရသည်။ 
စစ်ဆေးချက် မှတ်တမ်းတွေ ထွက်လာသောအခါ အဖေ့တွင် အဆုတ်နည်းနည်းယောင်နေသည်။ 
နှလုံးခုန်နှုန်းက မသိမသာနှေးချင်နေသည်။ သည့်ထက်ပို၍ အခြားသော အပြစ်အနာအဆာ 
ထူးထူးထွေထွေ မရှိလှပါ။ စစ်ဆေးသူ ပါရဂူကပင်လျှင် အဖေ့ကို 
နောက်လိုက်သေးသည်။ 


"အဘ အသက်အရွယ်နဲ့  ဒီလောက်အထိ အတွင်းပစ္စည်းတွေ ကောင်းနေသေးတာ ကျွန်တော် 
အံ့သြတယ်၊ ဒါလည်း ကုသိုလ်တစ်မျိုးပေါ့၊ ဘာမှ စိတ်မပူနဲ့  အဘ၊ 
ကျွန်တော့်ဆီမှာ အမြဲတမ်းလာပြရမယ့် လူနာထဲမှာ အဘမပါဘူး" 

အဖေ ပြုံးနေသည်။ သို့ သော် နည်းနည်းကလေး အားစိုက် လှုပ်ရှားမှုတစ်ခု 
လုပ်လိုက်လျှင်ပင် အဖေ မောလာတတ်သည်။ ပါးစပ်ပိတ်လိုက်သော်လည်း 
လည်ချောင်းထဲက တရွှီရွှီနှင့် အသံ ထွက်နေတတ်သည်။ သြော် - နှစ်ပေါင်း ၈၁ 
နှစ်ကျော် သုံးစွဲလာတဲ့ ခန္ဓာကိုယ်ပဲ ဒီလောက်တော့ 
ဖောက်လွဲဖောက်ပြန်ရှိတော့မှာပေါ့။



ကျွန်တော့် သက်တမ်းတလျှောက် စဉ်ဆက်မပြတ်တွေ့ ခဲ့သော အဖေ့ခန္ဓာကိုယ်။ 
ကျွန်တော် ယခု ၄၀-၄၁ နှစ်အတွင်းမှာ အဖေက ၈၁ နှစ်။ ကျွန်တော် 
မွေးစအချိန်တုန်းက အဖေသည် 
ယခု ကျွန်တော်ရောက်ရှိနေသော ပစ္စုပ္ပုန်အချိန်ကာလ။ ယခု ကျွန်တော့် 
အသက်အရွယ်ပါပဲ။ ယခု ကျွန်တော်ရရှိဆဲ ခန္ဓာကိုယ်အနေအထား၊ စိတ်အနေအထားကို 
တွေးကြည့်သောအခါ လွန်ခဲ့သော အနှစ် ၄၀ ကျော်က အဖေ့ အနေအထားကို 
ပြန်မြင်ယောင်ကြည့်မိသည်။ အခြားကိစ္စတွေ အသာထားဦး။ အဖေသည် သူ၏ လွန်ခဲ့သော 
နှစ်ပေါင်း ၄၀ ကို ပြန်မရနိုင်တော့သလို ကျွန်တော်သည်လည်း လွန်ခဲ့သော 
နှစ်ပေါင်း လေးဆယ် ပုခက်တွင်းက ကျွန်တော့်ငယ်ဘ၀ကို ပြန်မရနိုင်တာကတော့ 
သေချာပါသည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ ကြောင့် 
အဆင့်ဆင့်ပုံစံပြောင်းလာသော ရုပ်ခန္ဓာ၊ နာမ်ခန္ဓာများ၊ သွေးသားဆူဖြိုး၊ 
နုနယ်ပျိုမြစ်ခြင်းမှသည် သွေးသားခန်းခြောက် အိုမင်း ရင့်ရော်ခြင်းဆီသို့  
တစ်စထက် တစ်စ ပြောင်းလဲနေရသည့် သဘောများ။ 

ယခု ကျွန်တော်ပင်လျှင် မျက်စိသက်သက်ဖြင့် စာဖတ်၍ မရတော့ပြီ။ 
မျက်မှန်ကူနေရပြီ။ ဦးရေပြားပေါ်မှ ဆံပင်အနက်တို့ နေရာတွင် ဆံပင်အဖြူတွေက 
တစ်စထက်တစ်စ ရာခိုင်းနှုန်း တိုး၍တိုး၍ နေရာယူလာပေပြီ။ 

ပြုပြင်ပြောင်းလဲခြင်းသည် ယိုင်နဲ့  ပျက်စီးခြင်းလက်သို့ သာ 
ဦးတည်လာသည်ကို တွေ့ ရသည်။ နောက်ဆုံးတွင် ရပ်တန့် သေဆုံး 
ကွယ်ပျောက်သွားသည်အထိ ဖြစ်သွားပေမည်။ ဒါက မလွှဲသာ၊ မရှောင်သာ သဘာဝတရားကို 
ကျွန်တော်တို့  ရင်ဆိုင်ရမည့် အနေအထားဖြစ်သည်။ ကောင်းပြီ။ ဒါဆိုရင် ငါ 
အိုတော့မှာ။ ငါသေသွားတော့မှာပဲလို့  ပူဆွေးလောင်မီးကျနေလို့ ကော 
အဓိပ္ပါယ်ရှိမတဲ့လား။ ငါလည်း အိုလာပြီ။ ငါ့အဖေလည်း အိုလာပြီ။

ငါတို့ တွေ ခွဲခွာကြရတော့မည်ဆိုပြီး ၀မ်းနည်းမှု၊ သောကဖြစ်မှုတွေကို သိမ်းပိုက်ပြီး 
ဘာမှ မလုပ်ဘဲနေလို့  ဖြစ်မတဲ့လား။ မလွဲမသွေ ရင်ဆိုင်ရမည့် သဘာဝတရားက 
တစ်မျိုး။ ဒါကို သံဝေဂအဖြစ် ဆင်ခြင်သုံးသပ်ရင်း လူ့ လောကအတွက်၊ 
လူသားတွေအတွက် ကောင်းရာကောင်းကျိုးလုပ်ဖို့ ၊ စေတနာထားဖို့ ၊ 
ထိုစေတနာအတိုင်းအလုပ်တွေ လုပ်သွားဖို့ ကလည်း အရေးကြီးလှသည်။ ဆရာတော် 
ဦးဇောတိက၏ အဆုံးအမစကားကို ကျွန်တော် သတိရမိသည်။

"လူတွေမှာ ကောင်းအောင်လုပ်နိုင်တဲ့ အရည်အချင်းတွေ အများကြီးရှိတယ်၊ 

ကိုယ့်ဟာကိုယ် မယုံနိုင်လောက်အောင် ကောင်းတာတွေ လုပ်နိုင်တယ်၊ ဘာဖြစ်လို 
့ မလုပ်ဖြစ်တာလဲဆိုတော့ တကယ်ကောင်းအောင်လုပ်မယ်လို့  မရည်ရွယ်လို့ ပါ၊ 
ဒါတစ်ခုပါတယ်နော်" 

ဆရာတော်၏ စကားသည် လေးနက်လွန်းလှသည်။ အနက် အဓိပ္ပါယ် ကျယ်ဝန်းလှသည်။ 
ဆရာတော်၏ အသံ အေးအေးလေးကို ကျွန်တော် ဆက်ကြားနေရသည်သို့  ရှိသည်။ 

"ကိုယ့်စိတ်ထဲမှာ လောဘတွေ၊ ဒေါသတွေ၊ မာနတွေ၊ ဣဿာမစ္ဆရိယတွေ၊ သောကတွေ၊ 
ပရိဒေ၀ အမျိုးမျိုးရှုပ်နေရင် အလုပ်ကို သေသေချာချာ အာရုံစိုက်ပြီး 
ကောင်းသထက်ကောင်းအောင် မလုပ်နိုင်ဘူး။

အဲဒီတော့ တရားအားထုတ်လို့  
စိတ်ကြည်လင်မှု၊ အေးချမ်းမှု၊ တကယ်ရလာပြီဆိုရင် အလုပ်ကိုလည်း 
ပိုတန်ဖိုးထားတတ်လာတယ်။ ကိုယ်လုပ်တဲ့အလုပ်သည်ပင်လျှင် ကိုယ့်ဂုဏ်သိက္ခာကို 
ဖော်ပြနေတယ်ဆိုတာကို သိတယ်။ အလုပ်ကို ကောင်းသထက်ကောင်းအောင်လုပ်ရင် 
ကိုယ့်စေတနာ အဲဒီထဲမှာပေါ်နေတယ်။ အလုပ်ကို ပေါ့ပေါတန်တန်လုပ်လို့ ရှိရင် 
ကိုယ့်မှာ စေတနာ မပါဘူးဆိုတာ အဲဒိအလုပ်ထဲမှာ ပေါ်နေတာပဲနော်။ အဲဒီတော့ 
ရေရှည် ကိုယ်နဲ့ ဆက်ဆံရတဲ့လူဟာ၊ ဒီပုဂ္ဂိုလ်ဟာ စေတနာမှန်သလား၊ 
မမှန်ဘူးလားဆိုတာ ကြာရင်သိတယ်နော်။ 
ဒီလူဟာ ၀တ္တရားကျေလုပ်တာ။

အချို့ ဆိုရင် ၀တ္တရားတောင် မကျေဘူး။ 
အဲဒီလိုတရားအားထုတ်လာပြီးတော့ သတိ၊ သမာဓိတွေ ကောင်းလာပြီးတော့ 
စိတ်ကြည်လင် အေးချမ်းလာတယ်။ ၀ိပဿနာဥာဏ်လည်းပဲ တဖြည်းဖြည်း တက်လာတဲ့အခါ 
အလုပ်လုပ်တဲ့ နေရာတောင်မှ သဘောထားဟာ မြင့်မြတ်တယ်၊ ကြီးကျယ်တယ်တဲ့။ 
ဘယ်နေရာဖြစ်ဖြစ် သူ့ သဘောထာဟာ ပုံမှန်အတိုင်းသွားနေတယ်။ ဒီနေရာမှာ 
သဘောထားကြီးကြီးထားမယ်။ ဟိုနေရာမှာ သဘောထားသေးသေးထားမယ်လို့  
မရှိတော့ဘူး။ တရားအားထုတ်တဲ့နေရရာမှာလည်းပဲ သဘောထားမှန်မှန်နဲ့  တရားကို 
အားထုတ်လာတယ်။ အဲဒီလို သတင်းကောင်းတွေ မကြာမကြာကြားရတော့ ဘုန်းဘုန်းအတွက် 
အင်မတန်ကောင်းတဲ့ အားဆေးတစ်ခုခုကို သောက်လိုက်ရသလိုပဲနော်။ 

အသက် ၄၀ တွင် လူ့ ဘ၀ စသည်ဟုဆိုကြသည်။ ဘ၀ အတွေ့ အကြုံ အသင့်အတင့်စုံကာစ 
ရှေ့မီနောက်မီသည့် အသက်အရွယ်တွင် လူ့ လောကထဲတွင် နေထိုင် 
အသက်ရှင်ခြင်းသည် အဓိပ္ပါယ်ရှိသွားဖို့ အတွက် ဆရာသမားကောင်းတွေ 
လိုအပ်လှပါသည်။ ကျွန်တော် ကံကောင်းသည်ဟု ဆိုရမည်။ ဆရာသမားကောင်းတွေနှင့် 
တွေ့ ရသည်။ အဆုံးအမ စကားတွေ နာကြားရသည်။ အဖေတို့ တုန်းကတော့ 
ဘယ်လိုရှိမလဲဆိုတာ အဖေသာ အသိဆုံးဖြစ်မည်။ အဖိုးတန်သော အဆုံးအမတွေ မရလျှင် 
(ရသည်ဆိုထားဦး၊ မနာခံလျှင်) ဘယ်နည်းနှင့်မျှ လူကောင်း မဖြစ်နိုင်။ 
ဘယ်နည်းနှင့်မျှ ပတ်ဝန်းကျင်အတွက် အသုံးဝင်သည့် လူ မဖြစ်နိုင်။ 
ကိုယ်ရှိနေခြင်းဖြင့် ပတ်ဝန်းကျင်ပျက်စီးသွားမည်။ ပတ်ဝန်းကျင် 
ဒုက္ခရောက်သွားမည်ဆိုလျှင် ကိုယ်ရှိနေခြင်းသည် ဘာမျှအဓိပ္ပါယ်မရှိ။ 
ကိုယ်ရှိနေခြင်းဖြင့် ပတ်ဝန်းကျင် သာယာမည်၊ ငြိမ်းချမ်းမည်၊ ဖွံ 
့ဖြိုးတိုးတက်လာမည်ဆိုလျှင် ကိုယ်ရှိနေခြင်းသည် အဓိပ္ပါယ်ရှိပေမည်။


်ကျွန်တော် ကက်ဆက်ခလုတ်ကို ဖွင့်လိုက်မိသည်။ ကားက တဖြည်းဖြည်း 
မောင်းထွက်လာပေပြီ။ အဖေက ကျွန်တော့ဘေးမှာ ထိုင်ရင်း ကက်ဆက်ကို 
နားထောင်နေသည်။ ကက်ဆက် အိမ်ထဲတွင် နားထောင်လက်စ ကက်ဆက်ခွေတစ်ခွေ 
အသင့်ရှိနေသည်။ ငြိမ်းချမ်းခြင်း တိပ်ခွေ။ ဆရာတော် ဦးဇောတိက၏ အေးမြသော 
အသံထွက်ပေါ်လာသည်။ 
- ငါ့စိတ်ချမ်းသာသလို အားလုံးစိတ်ချမ်းသာကြပါစေ။ 
- ငါ့အတွက်လည်း အကျိုးရှိတာ၊ အများအတွက်လည်း အကျိုးရှိတာကို လုပ်မယ်။ 
- ငါတစ်ယောက်တည်း အကျိုးရှိပြီးတော့ အများအကျိုး ထိခိုက်တာကို မလုပ်ဘူး။ 
- ရိုးရိုးသားသား မှန်မှန်ကန်ကန် ကြိုးကြိုးစားစားလုပ်မယ်။ 
- မရိုးသားတာ၊ မမှန်ကန်တာကို မလုပ်ဘူး။ 

- ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ၊ အမှန်ကန်ဆုံး၊ အကောင်းဆုံး၊ 
အရိုးသားဆုံးနည်းလမ်းကို ရအောင်ရှာပြီးတော့ အခက်အခဲတွေကို 
ဖြေရှင်းသွားမယ်။ 
- ငြိမ်းချမ်းနေတာ သဘာဝပါ။ 
- ငြိမ်းချမ်းတဲ့စိတ်ဟာ လွတ်လပ်တဲ့စိတ်ဖြစ်တယ်။ 
- ငြိမ်းချမ်းတဲ့စိတ်ဟာ အမှန်ကို လိုလားတဲ့စိတ်ဖြစ်တယ်။ 
- ငြိမ်းချမ်းတဲ့စိတ်ဟာ တကိုယ်ကောင်းမဆန်ဘူး။ 
- ငြိမ်းချမ်းတဲ့စိတ်ဟာ တန်ဖိုးအရှိဆုံးအရာဖြစ်တယ်။ 

- ငြိမ်းချမ်းမှုမရှိရင် ပစ္စည်းဥစ္စာ၊ ရာထူး၊ အာဏာ၊ ဘယ်လောက်ပဲရှိရှိ ဘ၀ဟာ 
အဓိပ္ပါယ် မရှိနိုင်ဘူး။ 
- ငြိမ်းချမ်းတဲ့သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ 
- ငြိမ်းချမ်းတဲ့သူဟာ မြင့်မြတ်တဲ့သူဖြစ်တယ်။ 
- မြင့်မြတ်တဲ့သူဟာ သဘောထားကြီးတဲ့သူဖြစ်တယ်။ 
- သဘောထားကြီးတဲ့သူဟာ မျှတတဲ့သူဖြစ်တယ်။ 
- သဘောထားကြီးတဲ့သူဟာ ခွင့်လွှတ်တတ်တဲ့သူဖြစ်တယ်။ 
- ငြိမ်းချမ်းတဲ့သူဟာ မိတ်ဆွေကောင်းဖြစ်တယ်။ 
- ငြိမ်းချမ်းတဲ့သူဟာ မိမိကိုယ်ကို လေးစားတဲ့သူဖြစ်တယ်။ 
- မိမိကိုယ်ကို လေးစားတဲ့သူဟာ သူတစ်ပါးကိုလည်း လေးစားတဲ့သူဖြစ်တယ်။ 
- ငြိမ်းချမ်းတဲ့စိတ်ဟာ အမှန်ကို လိုလားတဲ့စိတ်ဖြစ်တယ်။ 
- ငြိမ်းချမ်းနေတဲ့သူဟာ အောင်မြင်နေတဲ့သူဖြစ်တယ်။ 
- ငြိမ်းချမ်းနေတဲ့စိတ်ဟာ ကျေနပ်နေတဲ့စိတ်ဖြစ်တယ်။ 
- ငြိမ်းချမ်းနေတဲ့စိတ်မှာ စာနာမှုရှိတယ်။ 
- ငြိမ်းချမ်းနေတဲ့စိတ်မှာ သတ္တိတွေ၊ အင်အားတွေ ပြည့်နေတယ်။ 
- စိတ်ရဲ့ ငြိမ်းချမ်းမှုဟာ အပျော်အပါးထက် ပိုပြီး ကျေနပ်စရာကောင်းတယ်။ 
- မိမိစိတ်ကို ပြန်ကြည့်ပါ။ ငြိမ်းချမ်းနေပါတယ်။ မြင့်မြတ်နေပါတယ်။ 

- ကောင်းတဲ့နည်း၊ မှန်ကန်းတဲ့နည်းနဲ့ အောင်မြင်တဲ့သူ၊ ကြီးပွားတဲ့သူ 
ဖြစ်ရမယ်။ 
- ငါ့မှာ အရည်အချင်းကောင်းတွေ အများကြီးရှိတယ်။ နေ့ စဉ်ကြိုးစားသွားမယ်။ 

- ငါဟာ ငါ့အကျိုးကိုရော အများအကျိုးကိုပါ အများကြီး 
ဆောင်ရွက်နိုင်သူဖြစ်တယ်။ 

- ငါဟာ တစ်နေ့ ထက်တစ်နေ့ စိတ်ဓာတ်ရော၊ အသိဥာဏ်ရော၊ လုပ်ရည်ကိုင်ရည်ရော 
တိုးတက်နေတယ်။ 
ငြိမ်းချမ်းနေတယ်။ 
ငြိမ်းချမ်းကြပါစေ။ အားလုံးငြိမ်းချမ်းကြပါစေ။


လေးနက်သော အဓိပ္ပါယ်များဖြင့် ဖွဲ့ စည်းထားသော ဆရာတော်၏ ဓမ္မစကားများကို 
ကျွန်တော်နာကြားနေရပြီဖြစ်သည်။ တရားအားထုတ်ခြင်းဖြင့် သတိကောင်းလာမည်။ 
သတိကောင်းလာခြင်းဖြင့် စိတ်၌ အစွဲတွေ ကင်းလွတ်လာမည်။ ထိုအခါ စိတ်၏ 
အရည်အသွေးတိုးတက်လာမည်။ ကိုယ့်ကိုယ်တိုင်လည်း 
ငြိမ်းချမ်းတဲ့လူတစ်ယောက်ဖြစ်လာမည်။ 

အဖေတို့ ၏ ငယ်ငယ်တုန်းကတော့ အဖေတို့ အတွေးအခေါ်၊ အဖေတို့ ၏ 
ဖြတ်သန်းမှုနှင့်ပေါ့။ ကျွန်တော်တို့  လူလားမြောက်တော့ ကျွန်တော်တို့  
အတွေးအခေါ်၊ ကျွန်တော်တို့  ဖြတ်သန်းမှုနှင့်ပေါ့။ ဘာပဲပြောပြော အဖေသည် 
အထိုက်အလျောက် ငြိမ်းချမ်းသူမို့ သာ ရောဂါဘယ မထူပြောခြင်းဖြစ်မည်။ 
ငြိမ်းငြိမ်းချမ်းချမ်းနေတတ်သောကြောင့် အဖေသည် အသက်ရှည် 
ကျန်းမာနေခြင်းဖြစ်မည်။ သို့ သော် အဖေ့ခမျာ နေ၀င်လု ဆည်းဆာ အချိန်သို့  
ရောက်နေပြီ။ ရင့်မှည့်နေပြီ။ မကြာမီ ကြွေကျတော့မည်။ နေမ၀င်မီ မကြွေမီမှာ 
ငြိမ်းချမ်းတဲ့စိတ် (ငြိမ်းချမ်းမှု၏တန်ဖိုး)ကို အဖေ ယခု သိထားတာထက် ပို၍ 
သိသွားနိုင်ပါစေဟု ကျွန်တော် ဆုတောင်းလိုက်မိပါသည်။ 

အဖေငြိမ်းချမ်းပါစေ။ 
(အဖေသို့  -- --) 

(စာရေးသူ - မြသန်းစံ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...