Friday, June 1, 2012

မနေ့၊ မနက်၊ မနက်ဖြန် တို့၏ ပစ္စုပ္ပန်



by Zay Ya on Thursday, May 31, 2012 at 11:45pm 

အချိန်နဲ့ ပတ်သက်ပြီး တိတိပပ ရေးခဲ့လေ့ မရှိပေမယ့် - ရေးမိခဲ့သမျှ ရှေ့အပုဒ် ပို့စ် တော်တော်များများ ဟာ အချိန် နဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် သက်ဆိုင်ပါတယ်။ ဒီနေရာမှာ - ဒါနဲ့ ပတ်သက်လို့ - ဟိုတစ်နေ့က အကို တစ်ယောက် ရဲ့ အမေးစကား ရှိတယ်။ သူက ဘာဝနာ နဲ့ ဆက်နွယ်ပြီး မေးခွန်းပြုတဲ့ စကား ဖြစ်နေတဲ့ အတွက် - ကျနော်လည်း ပြန်ဖြေခဲ့တယ်။ အဲ့ အမေး၊ အဖြေ နှစ်ခုစလုံး ကို ဒီမှာ ပူးတွဲ တင်ရှိ ပါတယ်။ အဲ့ဒါ အပြင် - ဖြည့်စွက် အနေနဲ့ - နောက်ဆက် ထပ်ရေးတယ်။


(ေဇယ်)
................
Question: ပစ္စုပ္ပန် ရဲ့  အချိန် အပိုင်းအခြား က ဘယ်လောက် ရှိသလဲ မသိဘူးဗျ။ နောက်ပြီး - အနာဂတ် အကြောင်း (သိပ်) မစဉ်းစား ပဲ လုံးလုံး - ပစ္စုပ္ပန် တည့်တည့် မှာ နေတယ် ဆိုတာကော ဖြစ်နိုင် ပါ့ မလား ဗျာ။ သိချင်လို့ပါ။

Answer: ‎(ကျနော့ကို by name တပ် ထားတဲ့ အတွက်- ကျနော့ အနေနဲ့ ပြောရင်) ပစ္စုပ္ပန် တည့်တည့် ဟာ အချိန် မဟုတ်ဘူး အကို။ ဒါ့ကြောင့် အချိန် အပိုင်းအခြား လို့ ပြောစရာ ကို ရှိမနေပါဘူး။

ဘာလို့ ဆိုတဲ့ အကြောင်း ကို ကြည့်ကြည့်ပါမယ် ။ ကျနော်တို့ အချိန်လို့ ပြောတဲ့ အရာတွေ ( ပစ္စုပ္ပန် ဖယ်ပြီး အတိတ်နဲ့ အနာဂတ် - အချိန်ဆိုတာတွေဟာ ) ကျနော်တို့ စိတ်ကူးထည်တွေ၊ အချက်အလက် တွေသာ ဖြစ်နေ တာ တွေ့ရပါ လိမ့်မယ်။

ဆိုပါစို့ - အတိတ် ။ ဒီ အတိတ် ဆိုတာ- ကျနော်တို့ အခုအချိန် မှာ ယခင်ဖြစ်ပြီးသားကို  ပြန်လှန် တွေးတဲ့ စိတ်ကူး ထည် (ဒါမှမဟုတ်) စာအုပ် တွင်း ပါ၊ ဖြစ်ရပ် မှတ်သားချက် ၊ အချက်အလက်တွေသာ ဖြစ်ပါတယ်။

အလားတူ - အနာဂတ် ။ သူကလည်း - ကျနော်တို့ အခု အချိန်မှာ - မျှော်တွေးတဲ့ စိတ်ကူး ထည်၊ အလို ဆန္ဒ၊ (ဝါ) အနုမာန၊ စီမံ ချက်၊ မှန်းဆ ချက် တွေ သာ ဖြစ် ပါ တယ်။

ပစ္စုပ္ပန် တည့်တည့် မှာ နေလို့ ဖြစ်နိုင်ပါ့မလား ဆိုရင် -- နေကြည့်ပါလို့ပဲ ကျနော် ပြောရ ပါလိမ့်မယ် အကို။ ဘာလို့ဆို - တွေးကြည့်လို့ မရဘဲ- နေကြည့်လို့ သာ - ရနေလို့ ဖြစ်ပါတယ်။

ကျနော် တို့ စိတ်နဲ့ တွေးကြည့်ရင်သာ --- မနေနိုင်ဘူး လို့ ထင်မြင်ရတယ်။-- ဒါပေတဲ့ - ကျနော် တို့ (စိတ်၊နာမ် မဟုတ်တဲ့) ရုပ်ခန္ဓာ နဲ့ သဘာဝ အားလုံး ဟာ ပစ္စုပ္ပန် တည့်တည့် မှာ သာ တကယ် ရှိနေ တာ ဖြစ်ပါတယ်။

ကျနော် တစ်နေရာမှာ ပြောခဲ့ သလို၊ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ - တွေးမယ် ဆိုရင် -- ဘယ်လိုမှ မဖြစ်နိုင် ပါဘူး အကို။ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ က --တကယ် သတိနဲ့ "နေကြည့် ဖို့" တစ်ခုတည်း သာ ဖြစ် ပါတယ်။ အဲ့အချိန်မှာ - အတွေး မဝင်နိုင်ကြောင်း ကောင်းကောင်း တွေ့နိုင် ပါတယ်။

အဲ့ဒါကို အကို သိနိုင်ဖို့ က - အချိန် လည်း သိပ်ကြာကြာ မလိုပါ ဘူး။ အခု ဒီစာဖတ်နေရင်း တစ်ခဏ ဒီ စာလုံးတွေ အပေါ်၊ ဒါမှ မဟုတ် အကို့သန္တာန် အခု - ထင်ရှားရာ အပေါ် သတိပြု ကြည့်ရင် -- အကိုတွေးလို့ မရတော့ကြောင်း - အခု တွေ့ရပါလိမ့်မယ်။

ဘာဝနာ လို့ မြန်မာမှု ပြုတဲ့ ( Meditation ) တိုင်းရဲ့ အနှစ်သာရ ဟာ ဒီပစ္စုပ္ပန် တည့်တည့် နေထိုင်ခြင်း အပေါ်မှာ အခြေပြုတယ်လို့ ကျနော် နားလည်ထား ပါတယ်။ ကျေးဇူး
.....................


                                                              What is Time?

အချိန် ဆိုတာ ဘာလဲ လို့ - မေးတဲ့ အခါ-

Chronological Time
အချိန် အတွက် အဓိပ္ပာယ် နှစ်မျိုးပြီး ခွဲဖြေရမှာ ပါပဲ။ တစ်မျိုးက - Chronological Time။ ဒါကို ပစ်ပယ်လို့ မရပါဘူး။ သူက - ကနေ့  သတ်မှတ် ခေါ်ဆိုကြတဲ့ - နာရီ၊ ရာသီ နေ့ရက် နွယ်တဲ့ အချိန် ဖြစ်ပါတယ်။ ကျနော့ အနေနဲ့   - ဒီတစ်မျိုး ကို ဖြေဖို့ မသင့်တော် ပါဘူး ။ တိကျအောင် ပြောဖို့ က- ဆိုင်ရာ ရူပဗေဒ စသည် သိပ္ပံ ပညာသည်၊ သုတေသီ များ ဖြေရှင်း တာက ပို အဆင်ပြေ ပါလိမ့်မယ်။

ဘာလို့ဆို -
(က) ကျနော် ခံယူလိုတဲ့ နယ်ပယ် မဟုတ်လို့ ဖြစ်ပါတယ်။
( ခ ) ရုပ်၊ စွမ်းအင် တို့နဲ့ ပတ်သက်တဲ့ ပြောင်းလဲမှု ဖြစ်ပေါ်မှု သဘောတရား ရေးရာ အများစုကို ကနေ့ သိပ္ပံသမားများ အဖြေရှာကြ၊ နက်နက် နဲနဲ စူးစမ်း ကြ၊ လေ့လာကြ တယ်။ အထူးသဖြင့် ရူပဗေဒ ပညာရှင်တွေမှာ - ( Lorentz၊ Maxwell၊ Einstein က စပြီး ကနေ့ Worm Hole, Singularity Point စသဖြင့် သီဝရီတွေ တင်ပြ ဖော်ထုတ် ကြတဲ့ ပညာရှင်များ အထိ ) လေ့လာကြ၊ စူးစမ်းကြရင်း -- ရုပ်ပိုင်း အချက် အလက် အများနဲ့ - အချိန်ကို - အနုမာန ယူဆ၊ ဖြေရှင်းကြတာက -

"Time is the fourth Dimension of Space."
"အချိန်ဆိုတာ - ဒေသသဘော (Space) ရဲ့ စတုတ္ထအညွှန်းဘောင် ဖြစ်တယ်။" ဒီသဘော အပေါ်မှာ အပြည့်အဝ အခြေတည် ထားနေဆဲ ဖြစ်ပါတယ်။

ကနေ့ သိပ္ပံလောက အကြားမှာ အချိန်နဲ့ ပတ်သက်လို့ သီဝရီ အများအပြားနဲ့  ကျဉ်းရယ်၊ ချုံ့ရယ်၊ ဖြေရှင်း ကြတယ်။ ဒေသသဘောရဲ့ စတုတ္ထ အညွှန်းဘောင် -- လို့ ဆိုရခြင်း အဓိပ္ပာယ်ဟာ -- လေးနက်မှုကို ဖြေရှင်းတာ မဟုတ်၊ ပိုပြီး လေးနက်သွားစေတဲ့ အဆို ဖြစ် ပါတယ်။ ယခင် (၂၀ ရာစု အစောပိုင်း အထိ ) အချိန် (Time) နဲ့ ဒေသ (Space) ဟာ သီးခြားဖြစ်တဲ့ ဘက်နှစ်ဘက် သာ ဖြစ်ကြောင်း မြင် ထား တယ်။ လက်ရှိ သီဝရီ အများမှာ- အချိန်နဲ့ ဒေသသဘောဟာ တစ်ခုတည်း ဖြစ်ကြောင်း အခိုင်အမာ ညွှန်းဆို တယ်။   အဲ့ဒီ ဖြေရှင်း ချက် ဟာ - ပြေရှင်းသွားတာ မဟုတ်ဘဲ - ပိုပြီး လေးနက်တဲ့ အမြင် အယူအဆ တစ်ရပ် ဖြစ်လာပါတယ်။ အချိန်နဲ့ ပတ်သက်လို့ နက်နဲ မှု လေးနက် မှု ဟာ လျော့ပါး မသွားဘူး၊ ကနေ့အထိ ဆက်လက် ကျန်ရှိနေဆဲ ပဲ လို့ ဆိုလိုတယ်။ ရှေးအတီတေ ကစပြီး လေးနက် ခဲ့တဲ့ ဒီမေးခွန်း၊ ဒီအဖြေ တွေဟာ - ကနေ့ထက် တိုင် သိရခက်ဆဲ၊ လေးနက်နေဆဲ ဖြစ်ပါတယ်။

စိန့်ဩဂတ်စတင်းရဲ့ အဆိုတစ်ခု ရှိတယ်။
"I know what time is if nobody asks me; if somebody asks me then I don't know"
"ဘယ်သူမှ မမေးတဲ့ အခါ ကျုပ် အချိန်ကို သိပါတယ်။ မေးလာပြီဆိုရင်တော့ - ကျုပ် မသိတော့ဘူး"

Psychological Time
အချိန်ကို သိပ္ပံသမားများလို ဖြေရှင်းဖို့ ကျနော် စိတ်မဝင်စားတဲ့ အတွက်၊ ဒုတိယ တစ်မျိုးနဲ့ ဖြေပါမယ်။ အဲ့ တစ်မျိုးက - ဘာဝနာ အားဖြင့်၊ ဘာသာတရား အားဖြင့် ရှုမြင်တဲ့ အချိန်ပါပဲ။  သူ့ကို - Psychological Time စိတ်ကူးထည်နဲ့ နွယ်တဲ့ အချိန်သဘော လို့ ဆိုပါစို့။

စိတ်ကူးထည်နဲ့ နွယ်တဲ့ အချိန်သဘော ဆိုပြီး စာစကား အရ  အမြင်ခက်နေနိုင်တယ်။ ဒါပေမယ့် -- အဓိကက - Mind is Time - စိတ်ကူး ထည် သာလျှင် အချိန် ဖြစ်တယ် - အဲ့ဒါလေးပဲ။ ဘာဝနာ အားကြောင့် ခင်ဗျား စိတ်နှလုံး ငြိမ်ဝပ်လာတဲ့ အခါ၊ (ဝါ) အတွေး စိတ်ကူး ထည် တို့ ငြိမ်ဆိတ်သွားတဲ့ အခါ - ခင်ဗျား အတွက် အချိန် ဆိုတာ သီးခြား ထပ်ရှိမနေတော့ ဘူးရယ်။ ပြင်ပ ရုပ်ဝတ္ထု နာရီ - တ တစ်တစ် သွားနေနိုင်ပေမယ့် - ခင်ဗျား သန္တာန် အတွင်းက နာရီ ရပ်တန့် သွားတယ်။ အချိန်လည်း ရပ်တန့်သလို၊ ခင်ဗျား လောကလည်း ရပ်တန့် နေ တယ်။ ဒီနေရာဟာ ကျနော် ဖြေဆိုလိုတဲ့ - ဘာဝနာ ရှုထောင့်က အချိန် ဖြစ်ပါတယ်။

အချိန်နှင့် စိတ်အတွေး
ဘာဝနာ ထုံမွှမ်းတဲ့ မိမိ သန္တာန်မှာ ပိုပြီး နက်ရှိုင်းအောင် သာ တိုးဝင် သွားကြည့်ပါ။ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် နိုင်လေ - အချိန် ရဲ့ အညွှန်းဘောင် ပျောက်ကွယ် သွားလေ ဖြစ်ကြောင်း မြင်ပါတယ်။ ဘာဝနာ ပြည့်ဝ ပြီး တဲ့ အခါမှာတော့- ခင်ဗျား အတွက် အချိန် ဆိုတာ သီးခြား ရှာတွေ့ မနေဘူး။ ဖြစ်တည်ချက် အားလုံး၊ ဘဝလှုပ်ရှားမှု အားလုံး၊ သဘာဝ အားလုံး ဟာ - ရုတ်ခြည်း ပစ္စုပ္ပန် မှာသာ တည်ရှိ နေကြောင်း - သိမြင် တယ်။ ရုပ်ဝတ္ထု အပါအဝင် သဘာဝ အားလုံးဟာ ပစ္စုပ္ပန် တည့်တည့်မှာသာ ရှိနေပြီး၊ စိတ်ကူး အတွေး တွေ ကသာ - အတိတ်၊ အနာဂတ် ဖန်တီးခြယ်လှယ် ပါတယ်။

ရှေး Mystics ဆရာများဟာ - ဒီအကြောင်းကြောင့် - စိတ်နဲ့ အချိန်ကို ထပ်တူပြု ဟောပြောတာ ဖြစ်တယ်လို့ ကျနော် နားလည် ပါတယ်။ စိတ်ကူး ထည် နဲ့ အချိန်ဟာ သီးခြား မဟုတ်ဘူး၊ - စိတ်ကူး ရှိရင် - အချိန် ရှိလာပြီး၊ စိတ်ကူး ပျောက်ကွယ် ရင် အချိန် ပျောက် ကွယ်ပြီး ဖြစ် တယ်။ စိတ်ကူး၊ အိပ်မက်၊ အနုမာနတွေ ဟာ အချိန်ဆန့်တန်း ဖြန့်ကျက် နိုင်မှသာ ရှင်သန်တယ်။ - စိတ်ကူးနဲ့ အချိန်ဟာ ဒင်္ဂါး တစ်ပြားရဲ့ ခေါင်း၊ ပန်း မျက်နှာစာများ ဖြစ်ပြီး၊ အချိန်နဲ့ စိတ်ကူး အညမည မှီခိုနေတာ ဖြစ်တယ်- အချိန်သာလျှင် စိတ်ကူး တို့ ရှင်ကျန် တည်ရှိဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ် လို့ ဆိုလိုပါတယ်။

အတိတ်၊ အနာဂတ်
စိတ်ကူး က အနာဂတ် အချိန်ကို ဖန်တီးပါတယ်။ ဘာလို့ဆို - မျှော်လင့်ချက်၊ ဆန္ဒ၊ အိပ်မက် အလိုရမ္မက်တို့ တည်ရှိနေလို့ပဲ။ စင်စစ် ကြည့်ကြည့် စေချင် ပါတယ်။ အနာဂတ် ဆိုတာ - စိတ်ကူးထည် သက်သက်ကလွဲလို့ - အခြား အဖြစ် ရှိမနေဘူး ရယ်။

အလားတူ - စိတ်ဟာ အတိတ်ကိုလည်း တမ်းစွဲပြန်တယ်။ ဒါကိုလည်း ကြည့်ကြည့်ပါ။ အတိတ်ဟာ - မိမိ မှတ်သားမှု မှတ်ဥာဏ် အဖြစ်က လွဲလို့ အခြား ရှိမနေ ပြန်ဘူးရယ်။

အတိတ်ဟာ မရှိတော့သလို၊ အနာဂတ်ဟာ မရောက်သေး ပါဘူး - ဒါပေမယ့် အဲ့ဒီ အတိတ်ရော၊ အနာဂတ်ကိုပါ စိတ်အတွေးက ဖန်တီး သိမ်းပိုက် တယ်။ အတိတ်ကိုရော၊ အနာဂတ်ကိုပါ အရှိအဖြစ် မှတ်ယူလေ့ ရှိပါတယ်။ ဒီ အတိတ်၊ အနာဂတ် တည်ရှိလာတဲ့ အဖြစ်ကြောင့် ခင်ဗျား ဆီမှာ အချိန် ရှိနေရတော့တယ်။

ရှေးဆရာ အများဟာ - ကနေ့ ပိုင်းခြားသလို- အချိန်ကို သုံးပိုင်း မပိုင်းဘူး။ အတိတ်နဲ့ အနာဂတ် အဖြစ်- နှစ်ပိုင်းသာ ပိုင်းခြားလေ့ ရှိပါတယ်။ ဒါဆို - လက်ရှိ - ကျနော်တို့ သတ်မှတ်လေ့ ရှိတဲ့ အခုတည့်တည့် အချိန်က ဘာလဲ။

ယခု (ဝါ) Mind is Time.

The Present is Timeless because the present is mindless.

ပစ္စုပ္ပန် လို့ ပါဠိသက် ခေါ်တဲ့ အခုတည့်တည့်ဟာ - အတိတ်၊ အနာဂတ်နဲ့ မတူဘူး။ ဘာဝနာ ထုံမွှမ်းထားနိုင်သူ အတွက် - အခု တည့်တည့် တခဏ ဟာ အတွေး ရှိမနေပါဘူး။ ဒါ့ကြောင့် သူ့အတွက် အခုတခဏဟာ အချိန် အပိုင်းအခြား မဟုတ်ဘူး။ အချိန် အညွှန်းဘောင် က ကင်းလွတ်တဲ့ လက်ရှိ အဖြစ်၊ ဖြစ်တည်ချက် တစ်ခုသာ ဖြစ်တယ်။ အခုအချိန်၊ အခုနေရာ တည့်တည့် - (ယခုစာရှုသူ ဖတ်နေ တဲ့ စကားလုံး တည့်တည့်၊ အချိန်တည့်တည့် အပေါ် အသိ၊ သတိနဲ့ နေကြည့်ပါ) စိတ်ကူး၊ အတွေး မရှိ၊ အသိ သက်သက် သာ ဖြစ်နေသလို၊ အချိန် အညွှန်းဘောင်က လွတ်ကင်းနေကြောင်း သိမြင်နိုင်တယ်။ အချိန်ရဲ့ သဘောကို ကျော်လွန်တဲ့ - အတိတ်၊ အနာဂတ် တို့ အလွန်- သီးခြား လောက ဖြစ်တည်နေတာ တွေ့ရပါလိမ့်မယ်။

ဒါ့ကြောင့် ကျနော့ကို အချိန်ဆိုတာ ဘာလဲ ပြောပါလို့ ဆိုလာရင် -- အဲ့အချိန်ဟာ ခင်ဗျား စိတ်၊ အတွေး က လွဲလို့ အခြား မဟုတ်ဘူးပဲ။ စိတ်ကူး အတွေးဟာ အတိတ် ဖြစ်ရပ်၊ မှတ်ဥာဏ်ကို ခြေကုပ် ယူပြီး၊ အနာဂတ် (မိမိ ဖြစ်လိုရာ၊ လိုလားရာ ဆန္ဒ) ကို ဖန်တီး ပုံဖော်တယ်။ အဲ့ဒီ လူ  - ဖန်တီးတဲ့ အချိန်ဟာ - အဲ့ဒီ စိတ်ကူး အတွေးက လွဲလို့ လက်ရှိ အဖြစ် မဟုတ်နေဘူးရယ်။

အတိတ်ဟာ မရှိတော့သလို၊ အနာဂတ်ဟာ မရောက်သေးဘူး။ အလားတူ - မိမိ စိတ်ကူးအတွေးက ယခုလက်ရှိမှာလည်း တည်မနေနိုင်ဘူး ဆိုရင် -- အဲ့ဒီ လူဟာ အရှိအဖြစ်ပေါ် တည်မနေသူ၊ မရှိတဲ့ အရာအပေါ်သာ မှီတွယ်နေသူ၊ ဗြဟ္မဏ၊ ဟိန္ဒူဝါဒ တို့အဆိုအရ - Maya အိပ်မက်လောကမှာသာ ရှင်သန် နေသူ သက်သက်ပဲ။

အပ္ပမာဒ
ဒါ့ကြောင့် ဗုဒ္ဓရဲ့ ညွှန်ကြားစကားမှာ - "အပ္ပမာဒေန သမ္ပာဒေထ" - မမေ့လျော့ခြင်း၊ အသိ၊ သတိရှိနေခြင်း ကို အထူးညွှန်းဆိုပါတယ်။ ကျနော် နားလည်တဲ့ အနက်အဓိပ္ပာယ်ဟာ- "Live in this moment" ယခုခဏ အတွင်း အသိသတိနဲ့ ရှင်သန်နေဖို့ ဖြစ်ပါတယ်။ ဘာလို့ဆို ယခုခဏ မဆိုင်း အပေါ် အသိ၊ သတိရှိ နေထိုင်ခြင်း  ကသာ - အချိန်အညွှန်းဘောင်က လွန်မြောက်ဖို့ အကြောင်း ဖြစ်တယ်။ လက်ရှိ တည့်တည့် အသိရှိ နေထိုင်ခြင်း ကသာ ဘာဝနာ အစစ်အမှန် ဖြစ်တယ်၊ အတိတ်၊အနာဂတ် - အတုနယ်ပယ်က ကင်းလွတ်တယ်။ လက်ရှိ အဖြစ် အတွင်း သိမြင်မှု သက်သက်သာ ရှိပြီး - အချိန်အားလုံး လွန်မြောက်ပြီး ဖြစ်လို့ပါပဲ။

နိဂုံး
ဒါ့ကြောင့် အချိန်ကို - Chronological Time အရ မဆိုပဲ၊ Psychological Time အရပဲ ဖြေလိုပါတယ်-

Time is mind. Time is death. Going beyond time is going beyond mind and beyond death.
အချိန်ဟာ စိတ်အတွေးအကြံ ဖြစ်သလို၊ အချိန်ဟာ သေခြင်းမရဏလည်း ဖြစ်တယ်။ အချိန် ရဲ့ အညွှန်းဘောင်က လွတ်မြောက် လာခြင်း ဟာ - စိတ် အတွေးအကြံ က လွန်မြောက် လာခြင်း ဖြစ်သလို၊ သေခြင်း တရား က လွန်မြောက် လာခြင်း လည်း ဖြစ်ပါတယ်။

.............................
 The Guest သို့ ဦးညွှတ်ရင်း
............................
June 1st 2012 at 1:00 PM
............................


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...