Thursday, June 14, 2012

လောကကြီးမှာ ရှိကြတဲ့ ဖခင်တိုင်း ကျွန်တော်လို အချိန်လွန်နောင်တတွေ က ကင်းဝေးကြပါစေ



ငါမှားခဲ့တာတွေ ...ငါမှားခဲ့တာတွေ 
ညည်းညူသံတွေ က ရင်ထဲမှာ ပဲ့တင်ထပ်နေခဲ့ပါတယ် ။ ၀ဋ်လည်တယ် ဆိုတာ အမှန်တစ်ကယ် ရှိနေခဲ့တာပါလား ။
ဘုရား ...ဘုရား  ...နှုတ်မှ ထုတ်ဖော် တလိုက်မိပါသည် ။ ပြုသူတခြား ၊ ခံသူတခြား ဆိုတာများ ဖြစ်နေပြီလား   ။

အိမ်ထောင် ကျပြီး 5နှစ်လောက်မှာ စီးပွားရေးလာဘ်မြင်တဲ့ ကျွန်တော်တို့ မိသားစုလေး ချောင်ချောင်လည်အဆင့်ကနေ တိုးတက်ကာ ကိုယ်ပိုင်တိုက် ကိုယ်ပိုင်ကားလေးနဲ့ အတော်လေး နေရာတကျ ရှိလာခဲ့ပါတယ် ။ မရှိခဲ့စဉ်က ဘဲဥတစ်လုံးကို ညမနက် တစ်ယောက် တစ်စိတ်စီ စား ၊ ထမင်းရည်ကို ဆားခပ်ကာ ဟင်းရည်လုပ် သောက်ကာ ဘ၀ကို ရဲရဲ ရင်ဆိုင်လာခဲ့တဲ့ ကျွန်တော် လင်မယား တိုက်ပေါ်ရောက်ခဲ့ပါပြီ ။ မောင်ဗမာ စက်ဘီးလေးကို စီးပြီး အထည်တိုက်တွေကို လည်ကာ ပုဆိုးဒီဇိုင်းတွေကို ဆွဲပေးခဲ့ရသူ ကျွန်တော် ခုဆို ဆိုက်ကယ်လေးနဲ့ ပေါ့ ။ လိုင်းကားတိုးစီးကာ လိုရာခရီးကို သွားခဲ့ရသူ ဇနီးသည်လည်း ကိုယ်ပိုင်ကားလေး
ပေါ် အခန့်သားစီးနိုင်နေခဲ့ပါပြီ ။ လူဆိုတာ ပိုက်ဆံ ရှိလာပြီဆို အပျော်ပါးလေးကို မက်လာတတ်ကြတယ် ။ ကျွန်တော် အရက် မသောက်တတ်ဘူး ။ ကျွန်တော် အရမ်းဆိုးတဲ့ ညဉ်လေး ရှိတယ် ။ ဖဲဝိုင်းတွေ့ရင် မနေနိုင်စွာ ထိုင်တတ်တာပါပဲ ။ ပိုက်ဆံ ရှိလာချိန်မှာ ဖဲဝိုင်းကို မျက်စောင်းမထိုးပေမယ့် စီးပွားရေး ကိစ္စအတွက် ခဏခဏ ခရီး ထွက်ရတဲ့ ကျွန်မတော် ကောင်မလေးတွေနဲ့ ရှုတ်တတ်လာတယ် ။ ကျွန်တော် ဇနီး မျက်ရည်တွေကို အဖော်ပြုရတာတွေ များလာခဲ့ပါတယ် ။ ကျွန်တော်မှာ သိပ်ကို ချစ်ဖို့ ကောင်းတဲ့
သမီးလေး တစ်ယောက်ရှိပါတယ် ။ ကျွန်တော် သမီးလေးကို ရင်ထဲ အသည်းထဲက လှိုက်ခါနေအောင် ကို ချစ်ပါတယ် ။ မိန်းကလေးကိစ္စတွေနဲ့ ပတ်သတ်တိုင်း ဇနီးသည် ပြောနေကျစကားလေးရှိတယ် ။

* ရှင်မှာလည်း သမီး မိန်းကလေး မွေးထားတာပါ ။ ကိုယ်ချင်းစာပါ ။ ၀ဋ်လည်မှာကို ရှင်မကြောက်ဘူးလားဟင် ။ ကျွန်မ ကျိန်တာ မဟုတ်ဘူးနော် ။ ၀ဋ်ဆိုတာ လည်တတ်တယ် ဆိုတာကို ရှင်ကို သိစေချင်တာ ။ ကျွန်မ သမီးလေးကို ရှင်အတွက် တစာခံ ဖြစ်မှာကို အရမ်းစိုးရိမ်တယ် *

ရန်ဖြစ်တိုင်း အပ်ကြောင်းထပ်အောင် ကြားခဲ့ရပေမယ့် အမှုမဲ့ အမှတ်မဲ့ နေခဲ့တယ် ။ ခုဆို သမီးလေးက အရွယ်ရောက် လို့လှသွေးကြွယ်နေခဲ့ပြီ ။ မထင်မှတ်ဘဲ သမီးလေး အသက် 18နှစ်မှာ စောစီးစွာ အိမ်ထောင်ကျသွားခဲ့တယ်  ။ သမီးလေး ခိုးပြေးသွားတဲ့ နေ့က စပြီး တစ်ညမှ အိပ်မပျော်နိုင်ခဲ့ဘူး။ ကျွန်တော်ဇနီးသည်ထက်တောင် ကျွန်တော် ပိုခံစားခဲ့ရပါတယ် ။ ယောကျာင်္းတန်မဲ့ ရှိုက်ကြီးတစ်ငင် ငိုမိတယ် ။ သဘော မတူနိုင်ပေမယ့်လိုလေသေး မရှိအောင် ကျွန်တော်ဖန်တီးပေးခဲ့ပါတယ် ။ မှတ်မှတ်ရရ သမီးလေး မင်္ဂလာဆောင် အတွက် ဖိတ်စာသွားအပ်တဲ့ နေ့မှာ ရန်ကုန် - ပြည်လမ်းမပေါ်က စင်မင်း
ထမင်းဆိုင်ရှေ့မှာ ရပ်ထားတဲ့ စစ်ကားကို ကျွန်တော် ကားနဲ့ ၀င်တိုက်မိတယ် ။ ကျွန်တော် နဲ့ အတူ မိတ်ဆွေ တစ်ယောက်လည်ပါတယ် ။ လမ်းမှာ သမီးလေးကို အရမ်း နှမြောတာတွေ ပြောရင်း ယောကျာင်္းတန်မဲ့ ကျလာတဲ့ မျက်ရည်တွေက  ရှေ့မြင်ကွင်းကို ဖုံးလွှမ်းသွားကာ ရပ်ထားတဲ့ ကားကို ၀င်တိုက်လိုက်မိပါတယ် ။ ဆိုးဆိုးရွားရွား ဘာမှ မဖြစ်ပေမယ့် နှဖူးကွဲသွားတယ် ။ ကျွန်တော် နားထဲ ဇနီးသည်ရဲ့ စကားတွေ ပဲ့တင်ထပ် ဆူညံနေခဲ့တယ် ။

* ၀ဋ်လည်နေပြီလား .......ဟင်အင် မဖြစ်ရဘူး...........လုံးဝ မဖြစ်ရဘူး ...သမီးလေး ဘ၀ ပြည့်စုံနေစေရမယ် *

အတွေးထဲက အတိုင်း သမီးလေးကို လိုလေသေးမရှိ ဖြည့်စီးပေးခဲ့တယ် ။ ဒါပေမယ့် ၀ဋ်ဆိုတာ လည်တတ်တယ်ဆိုတာကို ကျွန်တော် နှလုံးသားတွေနဲ့ ရင်းပြီး သိခဲ့ရချိန်မှာ အချိန်တွေ တော်တော်နှောင်းသွားခဲ့ပါပြီ ။ လိုအပ်ချက်မရှိအောင် ဖြည့်စီးပေးနေတဲ့ ကြားက မြေးလေး 2ယောက် မွေးပြီးချိန် ကျွန်တော် သမီးလေး အသက် 20ကျော်လေးနဲ့ အိမ်ထောင်ကွဲဘ၀ကို ရောက်ခဲ့ရတယ် ။ ကျွန်တော် နဲ့ မဆိုင်ဘူးဆိုတဲ့ အတွေးမျိုး မတွေးရဲဘူး ။ သေချာတယ် ကျွန်တော် ကောင်းကောင်း ၀ဋ်လည်ပြီ ။ ဘယ်သူမှ မစွပ်စွဲ
ပေမယ့် ကျွန်တော် ကိုယ်ကျွန်တော် သိတယ် ကျွန်တော်ဝဋ်လည်ပြီဆိုတာ သေချာသိလိုက်တယ် ။ ဘယ်လိုမှ မဖြေနိုင်ဘူး ။ ဖြေဖို့ အကြောင်းပြချက် ကျွန်တော်မှာ ရှိမနေဘူး ။ သမီးလေး တွေးနေ ငေးနေရင် ကျွန်တော် နေလို့မရဘူးဗျာ ။ ငယ်သူတစ်ယောက် နှလုံးသားမှာ ဒဏ်ရာတွေ အလွမ်းတွေ တမ်းတခြင်းတွေ ဘယ်လောက်ထိ ပြည့်နှက်စွာ
ခံစားနေရမလဲ ။ အရွယ်နဲ့ မမျှတဲ့ ဝေဒနာတွေကို ကျွန်တော် သမီးလေး ခံစားနေရ ကျွန်တော် ရင်ထဲကို မီးစနဲ့ ထိုးနေသလိုပါပဲ ။ သမီးလေး တစ်ယောက်တည်းနေပြီဆိုတာနဲ့ သမီးလေးနားကို ချက်ချင်းရောက်သွားသူကတော့ ကျွန်တော်ပါပဲ ။ တွေးငေး နေတာမျိုး ၊ ခံစားနေရတာမျိုးကို ကျွန်တော် မဖြစ်စေချင်ဘူး ။ ဇနီးကတောင် ပြောယူရပါတယ် ။

* ရှင်ကလည်း ကလေး သူဘာသူနေပါစေ ။ သူလည်းခံစားရရှာမှာပေါ့ရှင် *
* အေး နားလည်တယ် ။မခံစားစေချင်လို့ ငါ တစ်ယောက်ထဲ ပေးမနေတာပေါ့ *
* ရှင်လည်းတော်တော် တရာကျဖို့ ကောင်းတာဘဲ *

ဟုတ်တယ် ကျွန်တော် တော်တော်တရားကျဖို့ ကောင်းတယ်နော် ။ ကျွန်တော် ရင်ကွဲပက်လက်ခံစားနေရတာပါ ။ ဘယ်လိုမှ ဖြေဆည်မရတဲ့ နောင်တ တရားတွေကို  ရင်ဝယ်ပိုက်ပြီး နာနာကျင်ကျင် ခံစားနေရတာပါ ။ 

လောကကြီးမှာ ရှိကြတဲ့ ဖခင်တိုင်း  ကျွန်တော်လို အချိန်လွန်နောင်တတွေ က ကင်းဝေးကြပါစေ ။
 သမီးလေးလိုမြေစာပင် ၀ဋ်လည်ရခြင်း ဒုက္ခတွေက ကင်းဝေးကြပါစေ။
မြေးလေးတွေလို မိတစ်ကွဲ ၊ ဖတစ်ကွဲ နေရတဲ့ ကလေးတွေ ထပ်မံ ပေါ်ထွက်မလာကြပါစေ

နဲ့ လို့ လေးနက်စွာ တိတ်တခိုး ဆုတောင်းလိုက်မိပါတော့တယ် ။

ခိုင်လေး (ရွှေတောင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...