Friday, June 1, 2012

ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲမှ ဒေါ်အောင်ဆန်းစုကြည်


by Lwin Aung Soe on Friday, June 1, 2012 at 1:11am


မြန်မာနိုင်ငံအတွက်၊ အာဆီယံအတွက်၊ နိုင်ငံတကာအတွက် မီးရှူးတန်ဆောင်ပမာ အားကိုးထိုက်သူတဦး ကမ္ဘာ့အလယ်မှာ ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်လာပါပြီ။ သူကတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ချစ်ခင် လေးစား ဂုဏ်ယူရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါပဲ။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ (World Economic Forum) မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁-၆-၂ဝ၁၂ က မိန့်ခွန်းပြောဆိုပြီး ဆွေးနွေးသွားခဲ့ပါတယ်။ ဒီမိုကရေစီ မီးရှူးတန်ဆောင်အဖြစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆု ရလာပြီးနောက် ၂၄ နှစ်အတွင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကိုယ်ကျ ပြည်ပကို သွားရောက် ပြောဆိုတဲ့ မိန့်ခွန်းဖြစ်ပါတယ်။


ဒီအကြောင်းဟာ ကမ္ဘာ့ထိပ်တန်းသတင်း ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကိုသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ အမှတ်တရဖြစ်စရာ၊ ရည်ညွှန်းကိုးကားစရာ၊ အထောက်အကူပြုနိုင်စရာတွေကို သမိုင်းဝင်ဖြစ်လောက်အောင် ဒေါ်အောင်ဆန်းစုကြည်က ပေးစွမ်းနိုင်ခဲ့တယ်လို့ သုံးသပ်လိုက်ပါတယ်။ 

မြန်မာနိုင်ငံသားတွေအနေနဲ့ “ကမ္ဘာမှာ တို့မြန်မာဟေ့” လို့ ဂုဏ်ယူစရာကောင်းလောက်အောင် ဒေါ်အောင်ဆန်းစုကြည်က တဖက်တလမ်းက ဦးဆောင် ပြသနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံသားတွေဟာ ဘယ်လို အခြေအနေမှန်မှာ ရှိနေပြီး ဘယ်လိုမျိုး လုပ်ပေးနိုင်ကြရင် ကောင်းစေနိုင်မှာကို ရိုးရိုးရှင်းရှင်း အမြင်ကျယ်ကျယ် ပြောဆိုသွားပါတယ်။ မိန့်ခွန်းအပြီးမှာတော့ ကျနော့်ရင်ထဲမှာ ဝမ်းနည်းဝမ်းသာ ခံစားမိလိုက်ရပါတယ်။


နိုင်ငံတကာ ဆွေးနွေးပွဲမှာ ဘယ်လိုစကားပြောရသလဲ ဆိုတာတွေကိုပါ ကျနော်တို့ကို လက်တွေ့ သရုပ်ပြ သင်ကြားပေးလိုက်သလိုဖြစ်အောင် ကောင်းလှပါတယ်။ ခေါင်းဆောင် အစစ်အမှန်ဆိုတာ အဲဒါပါပဲ။ ဘယ်သူ့ကိုမဆို စံနမူနာ ယူနိုင်စေဖို့ အရည်အချင်း၊ အမြော်အမြင်နဲ့ စေတနာရှိသူ ဖြစ်ပါတယ်။ 


ပြောရင် မကုန်နိုင်လောက်အောင် ချီးကျူးစရာတွေ ရှိပါတယ်။ အထူးတလည် မှတ်ချက်ပြုချင်တာကတော့ ---
  • ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာကြောင့် ဒီမိုကရေစီ မီးရှူးတန်ဆောင်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်အဖြစ် ထိုက်ထိုက်တန်တန် ရှိနေရသလဲ…
  • ပြီးတော့ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ထာဝရလေးစားနေရသလဲ ….
  • မြန်မာနိုင်ငံအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေမှာ ဒီလိုခေါင်းဆောင်တဦးကို ဘာကြောင့် အလိုရှိနေရသလဲ ….
ဆိုတာတွေကို ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အထင်အရှား သက်သေပြသွားနိုင်ခဲ့ပါတယ်။


တချိန်တည်းမှာပဲ လက်ရှိမြန်မာအစိုးရ ခေါင်းဆောင်တွေကိုပါ ကျနော် ချီးကျူးမိပါတယ်။ တကယ်လို့သာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်က လွှမ်းမိုးနေတုန်းပဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီကို ပြန်လည်တည်ထောင်နိုင်မှာ မဟုတ်သလို ဥပဒေပြု လွှတ်တော်အမတ်လည်း ဖြစ်လာမှာ မဟုတ်တဲ့အပြင် အခုလို ထိုင်းနိုင်ငံထွက်ပြီး နိုင်ငံတကာကို ပွင့်လင်း ပြတ်သားစွာ ပြောဆိုနိုင်ခွင့်လည်း ရမှာမဟုတ်ပါဘူး။ လက်ရှိ မြန်မာအစိုးရဟာ ဒီမိုကရေစီ ဖြစ်ထွန်းလာအောင် အသွင်ပြောင်းယူနေတာကို လက်တွေ့ကျကျ ပြသလိုက်တာ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောတူထားတဲ့အတိုင်း လက်တွဲပူးပေါင်း ကြိုးပမ်းနေတာ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် နားလည်မှု အပြည့်အဝ ရှိတာကိုလည်း သက်သေပြနိုင်ခဲ့ပြီလို့ ယူဆမိပါတယ်။


လွင်အောင်စိုး
၁-၆-၂ဝ၁၂

East Asia 2012 - A Conversation with Daw Aung San Suu Kyi

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...