Saturday, June 23, 2012

သင်္ချာဘုရင်မ (၁)


by Zay Ya on Saturday, June 23, 2012 at 10:16pm 


ဒီရက်ပိုင်း အတွင်း ငယ်ချစ် သင်္ချာ ဘက်သို့ ပြန်လှည့် ဖြစ်သည်။ ယင်းသို့ဖြင့် ငယ်စဉ်က အားပြုခဲ့၊ နှစ်ခြိုက်ခဲ့သော စာအုပ် များ ပြန်မွှေ ဖြစ် သည်။ လက်ရှိ အနီးဆုံး မှာ - အခြား Text များလည်း ရှိပါသည်။ သို့သော် သင်္ချာဖောင့်အားဖြင့် ဤအွန်လိုင်း မျက်နှာစာများသို့ မတင် တတ် သောကြောင့်၊ အကြမ်း ဖျဉ်း သမိုင်းကြောင်း တို့ကိုသာ စဉ်းစား ပါသည်။
သင်္ချာကိန်းဂဏန်း အက္ခရာများ ကို အတော်အတန် မသိလျှင် ပင် စိတ်ဝင် တစား ရှုကြည့်နိုင်သည့် စာများမှာ - ကျနော် တို့ ကို သင်္ချာ ပညာ မြတ်နိုး စိတ် မြေတောင် မြှောက်ပေး ခဲ့သည့် W.W.Sayer၊ E.T.Bell၊ J.R.Newmann၊ G.H.Hardy၊ ဆရာဒေါက်တာ ခင်မောင်ဝင်းနှင့် ဆရာ လွဏ်းမောင် တို့ စာများ ဖြစ်သည်။

လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော် က  ဆရာ လွဏ်းမောင် သည်-  ဂျီဩမေတြီ၊ အက္ခရာသင်္ချာ၊ ဂီတ၊ နက္ခတ္တ ဟူ၍ ရှေးခေတ် ခွဲခြား ခဲ့သည့် သင်္ချာလက်ခွဲ လေးခု ကို အများ စိတ်ဝင်စားလွယ်အောင် တစ်ခုချင်းကို တစ်အုပ်ချင်း ရေးသားရန် ကြိုးပမ်း လိုခဲ့သည် ဆိုပါသည်။ "လူဖြစ်တာ ယူကလစ်ပညာ လေ့လာဖို့" - ဂျီဩမေတြီ၊"သင်္ချာဘုရင်မ" - အက္ခရာသချာင်္ (ဂဏန်းသင်္ချာ) တို့တွင်သာ ထွက်ရှိ ခဲ့ပြီး၊ "သင်္ချာပညာရှင်တို့၏ ကောင်းကင်ဘုံ ပျောက်ဆုံးသွားပြီလော" ဖြင့် အချို့ကိုလည်းကောင်း၊ အခြား သင်္ချာ ပဟေဠိများကို မဂ္ဂဇင်း စာမျက်နှာများဖြင့် လည်းကောင်း စသဖြင့် တင်ပြ ထားခဲ့သည်မှ အပ၊ အားမလို အားမရ ရှိခဲ့ သည်။  ရည်မှန်း ထားသည့် အတိုင်း ကြိုးပမ်းဆဲ - ကွယ်လွန် သွား ခဲ့ရ သည် ဖြစ်၍ - ဂီတနှင့် နက္ခတ္တ ကို မအောင်မြင် ခဲ့ - ဟု သိထားရပါသည်။

ယခု စာမှာ - ၎င်း၏ "သင်္ချာဘုရင်မ" မှ ကောက်နှုတ်ပြီး၊ မိတ်ဆက်တွင် ဦးမြင့်ဟန်၊ ပညာရေး သုတေသန ဗျူရို က ဆရာ လွဏ်းမောင်နှင့် ပတ်သက်၍ ဤသို့ ရေးသားခဲ့သေးသည်။

သင်္ချာဘုရင်မ စာအုပ် ပြုစုသူ ဦးလွဏ်းမောင်ကို ပုဂ္ဂိုလ်ရေး အရ အတွင်း ကျကျ သိပါသည်။ သူသည် သင်္ချာ မြတ်နိုးသူ တစ်ယောက် - "ဘယ်မျှ မြတ်နိုးပါသလဲ" ဟု မေးလာပါအံ့ ။ အတိတ်၏ အရိပ်တစ်ခုကို ဖော်ပြပြီး အဖြေပေးရပါမည်။

တစ်နေ့တွင် သူသည် အမြင့် ၆ ပေ ခန့် မီးခံသေတ္တကြီးတစ်လုံး ဝယ်လာသည်။ "ခင်ဗျားမှာ စိန်ရွှေ ရတနာတွေ မရှိဘဲ ဘာလုပ်ဖို့လဲဗျ" ဟု ကျွန်တော်က နောက်လိုက်သည်။ "စိန်ရွှေ ရတနာထက် အဖိုးတန်တဲ့ ပစ္စည်းတွေ ထည့်ဖို့ ဝယ်တာဗျ" ဟု ပြန်ဖြေပါသည်။ မီးခံ သေတ္တာကြီး နေရာချပြီးသည့် အခါ သင်္ချာစာအုပ်တွေကို တစ်ကန့်စီ ထည့်ထားသည်ကို တွေ့ရတော့မှ သူသည် စိန်ရွှေ ရတနာတွေထက် သင်္ချာကို ပိုပြီး မြတ်နိုး တန်ဖိုးထားသူ တစ်ယောက်ဟု ကျွန်တော် ကောက်ချက်ချမိသည်။

ကောက်နှုတ်ထားသော အောက်ပါ စာသည် - ဂဏန်း သင်္ချာ အကြောင်း - ဆိုသည်ထက် - ဂဏန်းသင်္ချာ သမိုင်းနှင့် ယင်း အပေါ် သဘောထား ၏ မိတ်ဆက် မျှသာ ဖြစ် သည်။ အခြား ပုံများနှင့် လိုလားသူ အချို့ အတွက် လက်လှမ်းမီ သမျှ Ebook များကို မူ  သီးသန့် ပူးတွဲ ထည့်သွင်းသည်။

ဇေယျ
.................................
                                                       သင်္ချာဘုရင်မ

(၁)
သမိုင်းမတင်မီ ခေတ်ကြီး ကုန်ဆုံးပြီးနောက် သမိုင်းတင်ခေတ်ဦး လောက်မှ စ၍ လူသည် ယဉ်ကျေးမှုကို ပျိုးထောင်တတ်လာသည်။ ယဉ်ကျေးမှု ကို စနစ်တကျ စတင် ပျိုးထောင် ခဲ့ကြသည့် လူ့အဖွဲ့အစည်း များ အနက် အိန္ဒိယ လူ့အဖွဲ့အစည်းနှင့် ဂရိ လူ့အဖွဲ့ အစည်း နှစ်ရပ် သည် ရှေ့တန်းသို့ ရောက်ခဲ့ကြသည်။ ယင်း လူ့အဖွဲ့အစည်း နှစ်ရပ်သည် အခြားလူ့အဖွဲ့အစည်း များ ထက် ရှေ့ သို့ ခြေ တစ်လှမ်း ရောက်နေရခြင်းမှာ ယင်းတို့၏ ယဉ်ကျေးမှု၌ ဒဿန၊ သင်္ချာနှင့် သိပ္ပံအသိများကို ထည့်သွင်း နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည် ဟု ကောက်ချက် ချပါသည်။


၆၀၀ ဘီစီ မတိုင်ခင်ကပင် အိန္ဒိယ ရှိ ဟိန္ဒူ လူ့အဖွဲ့အစည်း ၌ သင်္ချာကို တရင်းတနှီး လုပ်ဆောင် နေပြီ ဖြစ်ကြောင်း ကိုလံဘီယာ တက္ကသိုလ် မှ သင်္ချာပညာ ဒေါက်တာဘွဲ့ရ "ခရမ်းမား" Dr. Kramer က "သင်္ချာ၏ ပင်မရေစီး" (Main Stream of Mathematics) အမည် ရှိ ကျမ်း၌ ထည့်သွင်း ဖော်ပြထား၏။ ထိုကျမ်းတွင် အရှေ့ကမ္ဘာ၊ အနောက်ကမ္ဘာ ရှိ ရှေးဦး လူ့အဖွဲ့အစည်း အသီးသီးတို့ သင်္ချာအပေါ် အလေးထားခဲ့ကြပုံများကို စုံလင်အောင် ပုံပြင် ဇာတ်နိပါတ် က အစ ထည့်သွင်း ဖော်ပြထားသည်။

"ဗုဒ္ဓဘာသာဝင်တို့ အလေးထားတတ်ကြသည့် ကျမ်းဂန် တစ်ဆူ ဖြစ်သော "လာလိတဝိစတိရ" ၌ ဖော်ပြ ထားသည် မှာ -

"ဗုဒ္ဓ အလောင်း အလျာ သည် ထိမ်းမြားမင်္ဂလာ ပြုချိန် ရောက်သော အခါ ရည်ရွယ်ထားသော သတို့သမီးလောင်း 'ဂိုပ' (Gopa) ၏ ခမည်းတော်က မိမိ၏ သမီးတော်နှင့် စုံဖက် လိုသူ ပေါင်း ငါးရာ ရှိနေ၍ အားလုံး အတွက် အရည်အချင်း စစ် စာမေးပွဲ တစ်ရပ် ကျင်းပ မည် ဟု မိန့်တော်မူသည်။ ဖြေဆို ရမည့် ဘာသာရပ်များမှာ - စာပေ အရေးအသား၊ ဂဏန်းသင်္ချာ၊ တေးဂီတနှင့် လေးအတတ် ဟူ၍ လေး ဘာသာ ဖြစ်သည်။ ထိုလေးဘာသာ စလုံး ၌ အခြား ပြိုင်ဘက် အားလုံး အပေါ် အောင်နိုင်ပြီးနောက် ဗုဒ္ဓလောင်းလျာ သည် ထိုခေတ် က အလွန် ကျော်ကြားလှသည့် သင်္ချာပညာရှင်ကြီး "အာဇုန" နှင့် ထပ်မံ ယှဉ်ပြိုင်ရသည်။ အာဇုန က ဗုဒ္ဓလောင်းလျာ အား သိပ္ပံနှင့် စပ်ဆိုင်သော ဗဟုသုတ တစ်ခု ကို ထုတ်ဖော်ပြသ ရန် တောင်းဆို သည်။

"ထိုအခါ ဗုဒ္ဓလောင်းလျာက တစ်မိုင်နှင့် ညီမျှသော ရှေးခေတ် ဟိန္ဒူ အကွာအဝေး အတိုင်းအတာ ရောက်အောင် အခြေခံ အဏုမြူ တို့ကို တွက်ချက် ဆက်စပ် ပြသည်။ အခြေခံ အဏုမြူ ခုနှစ်လုံးသည် အလွန်သေးငယ်သော မြူမှုန် တစ်လုံးကို ဖွဲ့စည်း ပေးသည်။ ဤ အလွန် သေးငယ်သော မြူငယ် ခုနှစ်လုံးသည် အတန်အသင့် သေးငယ်သော မြူမှုန် တစ်လုံးကို ဖွဲ့စည်း ပေးပြန်သည်။ ဤ အတန် သင့် သေးငယ်သော မြူမှုန် ခုနှစ်လုံး သည် လေတွင် လွင့်မျောတတ်သော မြှူမှုန် တစ်လုံးကို ဖွဲ့စည်း ပေး၏။ ဤနည်း အတိုင်း တစ်မိုင် အလျား ပြည့် သည့် တိုင်အောင် ဖြေဆိုပြ ခဲ့သည်။

"စာရင်းပါ ခုနှစ် (၇) အားလုံး၏ မြှောက်လဒ် ဂဏန်းလုံးရေ (၅၀) ပါရှိသော ဧရာမ ကိန်းဂဏန်းကြီး တစ်လုံးကို ပေးရပေလိမ့်မည်။ ဗုဒ္ဓ အလောင်း အလျာ ၏ အခြေခံ အဏုမြူသည် ခေတ်သုံး အဏုမြူ ထက် ပမာဏ လွန်စွာ ကြီးသေးသည် ဟု စောဒက တက်လိုက တက်နိုင် ပါ၏။ သို့သော် ၆၀၀ ဘီစီက ဟိန္ဒူတို့၏ သိပ္ပံပညာသည် ကြီးမားသော ကိန်းဂဏန်များနှင့် ပတ်သက်၍ မစိမ်းကြောင်း၊ အဆန်းတကြယ် မဟုတ်သည့် အကြောင်းကိုသာလျှင် ပြလိုရင်း ဖြစ်သည်" ဟု ခရမ်းမားက ဆိုသည်။

(၂)
၆၀၀ ရာစု ဘီစီ ကာလတွင် ဂရိ လူ့အဖွဲ့အစည်း ၌ ဒဿန၊ သင်္ချာနှင့် သိပ္ပံတို့ အထူးတလှယ် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ "ဂဏန်း သင်္ချာ၊ ဂီတ၊ ဂျီဩမေတြီ နှင့် နက္ခတ္တပညာ လေမျိုးစပ် ကွာဒရီဗီယမ်" ကို "သင်္ချာ" ဟု ပိုက်သာဂိုရ က သတ်မှတ်သည်။ ယင်းသင်္ချာကို "ဘဝ လမ်းညွှန် ဒဿန" အဖြစ် ၎င်းက ပြဋ္ဌာန်းခဲ့သည်။ ပိုက်သာဂိုရက -

"ကိန်းသီအိုရီ (ဂဏန်းသင်္ချာ) ကို လေ့လာခြင်းသည် အကျိုးအမြတ် နည်းပါးလွန်းသည် ဆိုခြင်းမှာ မှန်သည်။ သို့ရာတွင် ဤ လမ်းစဉ် သည် ဘဝသံသရာ မှ လွတ်မြောက်ရေး၊ ဘဝတစ်ဖန် ပြန်မဖြစ်ရေး လမ်းစဉ် ဖြစ်၏" ဟု ယုံယုံကြည်ကြည် ဆိုခဲ့၏။

ဤနေရာတွင် "သီအိုရီ" ဟူသော ဝေါဟာရအကြောင်း၊ ယင်းဝေါဟာရ အရေးပါလာပုံအကြောင်းကို အနည်း အကျဉ်း လေ့လာကြည့် သင့်သည်။ "သီအိုရီ" Theory သည် မူလက "အော့ဖစ်" Orphist ဘာသာရေး ဂိုဏ်းဝင်များ၏ အသုံးအနှုန်း ဖြစ်သည်။ ဂရိဗေဒ ပညာရှင် "ကွန်းဖို့"က - သီအိုရီ ဟူသည် မှာ -အသက်တမျှ မြတ်မြတ်နိုးနိုး ရှာဖွေ အားထုတ်မှု ဟု ဖွင့်ဆို ဖော်ပြ၏။ တစ်နည်း - "အရာခပ်သိမ်း အပေါ် ကြည့်ရှု ရှာဖွေ အားထုတ်နေ သူကို ထာဝရ ဘုရားသခင် အပေါ်ခံစားခြင်း နှင့် တစ်သဘောတည်း ထားသည်။ ၎င်း သေဆုံး ပျောက် ကွယ် ခြင်း သည် ဘုရားသခင် ချုပ်ငြိမ်း ပျောက်ကွယ် သွားခြင်း ဖြစ်ပြီး၊ ၎င်းဘဝ သစ် တစ်ဖန် ပြန်ဖြစ်ခြင်း ၌ ဘုရား သခင် တစ်ဖန် ရှင်သန်ပြန်သည်" ဟု ဆိုခြင်း ဖြစ်သည်။

ပိုက်သာဂိုရ အဖို့ - "အသက်တစ်မျှ မြတ်မြတ်နိုးနိုး ရှာကြံအားထုတ်မှု" Theory ဟူသည် ပိုင်းခြားသိတတ်သော တိဟိတ်ဉာဏ်နှင့် ပတ်သက် သည်ဟု ယူဆသည်။ သင်္ချာဆိုင်ရာ သိမြင်မှု အတွင်း၌ ယင်းအဓိပ္ပာယ်သည် ကောင်းစွာ ပေါ်ထွက်လာ၏။ ဤသို့ဖြင့် ပိုက်သာဂိုရ ဝါဒမှ တစ်ဆင့် ဖြတ်သန်းလာခဲ့ရာ "သီအိုရီ" သည် တစ်စတစ်စ မျက်မှောက်ခေတ် အဓိပ္ပာယ်သို့ ကူးပြောင်းလာခဲ့သည်။ သို့ရာ တွင် ပိုက်သာဂိုရ၏ လှုံ့ဆော်မှု အောက်၌ ရောက်နေကြသူ အများ အတွက် အခြေခံ မူ တစ်ခုကို ဘဝင်တကျ စွဲစွဲမြဲမြဲ ဆုပ်ကိုင် မိစေသည်။


ဤဝေါဟာရ ဖွင့်ဆိုချက်သည် ကျောင်းသင်ခန်စာ များ၌ စိတ်မပါ့တပါ အနည်းငယ်မျှ သင်ကြားဖူးသူ များ အဖို့ ထူးဆန်းလှချည့်၊ အဓိပ္ပာယ် မရှိ ဟု မြင်ကောင်း မြင်နေနိုင်သည်။ သို့သော် သင်္ချာချစ်သူများ အတွင်း သင်္ချာက ပေးသည့်အတွေ့အကြုံ ရင့်ကျက်သူများ အတွက် ဤဝေါဟာရ သည် နှစ်လိုဖွယ် အတိရှိ၏။

လက်တွေ့ မျက်တွေ့ ဝါဒီ ဒဿန ပညာရှင်မျာသည် ရုပ်၏ ကျေးကျွန် သဖွယ် ဖြစ်နေကြပြီး သင်္ချာပညာရှင် တစ်ဦး အတွက်မှာမူ ဂီတ ပညာရှင် တစ်ဦးနှင့် ပမာတူသည်။ စီစဉ်တကျ လှပစွာ တည်ဆောက်ထားသော စိတ်ကူး လောက၏ လွတ်လပ်သော ဖန်ဆင်းရှင် တစ်ဦး ဖြစ် လျက် ရှိသည်။

ပိုက်သာဂိုရသည် ကမ္ဘာ့ပထမဆုံး သင်္ချာကျောင်းကြီးကို တည်ထောင်ပြီး "သီအိုရီ ပညာရှင်များ" - "သီအိုရီယန်" များ ကို မွေး ထုတ်ပေးခဲ့သည်။ မျိုးဆက်သစ် မွေးထုတ်နည်းကို အဦးဆုံး ကြံစည်ခဲ့သည် ဟုလည်း ယူဆနိုင်ပါသည်။ ဂိုဏ်းဝင် အပေါင်း တို့  ကျင့်ကြံ နေထိုင်ရမည့် သဘောကိုလည်း - ဥပမာငယ် တစ်ခုပေး၍ သွန်သင် ပြသခဲ့သေးသည်။

"ဂရိတွင် အိုလံပစ်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိသည်။ ဤပွဲတော် ကျင်းပချိန်တွင် - ပွဲတော်သို့ လူအများ လာရောက် သည် ဖြစ်၍ - ရောင်းဝယ်ဖောက်ကားမှု စီးပွားရှာရန် အလို့ငှာ ရောက်လာသူများ ရှိသည်။ အိုလံပစ် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် မည့် သူများ ရှိသည်။ စီးပွားရေးအလို့ငှာ လည်း မဟုတ်၊ ဝင်ရောက်ယှဉ်ပြိုင်သူ လည်း မဟုတ် - ပွဲကြည့်ရန် အလို့ငှာ သက်သက် လာ သူများလည်း ရှိသည်။ ပိုက်သာဂိုရက ၎င်း အသင်းသားများ ၏ သဘောထားမှာ ထိုကဲ့သို့ပင် - ပြိုင်ပွဲကို ကြည့်ရှုရုံ သက်သက်၊ လေ့လာရုံသက်သက်၊ အကဲခတ်ရုံ သက်သက် လာရောက် ကြည့်ရှုသူများ ကဲ့သို့ နေထိုင်သွားရမည် ဟု သွန်သင်၏။ အကျိုး အမြတ် တစ်စုံတစ်ရာ ကိုမျှ မျှော်ကိုးမှု မရှိစေဘဲ ဤလောကသို့ လေ့လာကြည့်ရှု ရုံသက်သက်သာ ဘဝကို အသုံးချသွား ကြရန် ဖြစ် သည်။"

"ဥရောပ ဒဿန နှင့် သင်္ချာပညာကို ထူထောင်ပေးရာတွင် ပိုက်သာဂိုရသည် သင်္ချာဒဿန အမွေများစွာနှင့် ကံစွပ်မိသော မှန်းဆချက် များလည်း ပေး ခဲ့သည်။ ကံစွပ်မိသော ဟု သုံးရခြင်းမှာ - ယင်းသို့သာ မဟုတ်ပါက အရာတို့၏ အတွင်းကျဆုံး အပိုင်း သို့ ဖောက် ထွင်း မြင်နိုင် ၍ အနာဂတ်ကို ကြိုတင်ဟောကိန်း ထုတ်နိုင်သလော၊ မဟိဒ္ဓိ ပုဂ္ဂိုလ်ထူး တစ်ဦး၏ ဉာဏ်အလင်းပင် ဖြစ်ခဲ့လေသလော" ဟု အင်္ဂလိပ် သင်္ချာပညာရှင် ဝှိုက်ဟက် (A.N.Whitehead) က အံ့ဩဘနန်း ရေးသားဖော်ပြခဲ့သည်။

(၃)
ပိုက်သာဂိုရ ၏ "သင်္ချာ" ဖွင့်ဆိုချက်နှင့် ရည်ရွယ်ချက်ကို ဆက်လက် ကျင့်သုံးခဲ့သူ အထင်ကရ ပုဂ္ဂိုလ်မှာ ပလေတို (Plato) ဖြစ်သည်။ "သင်္ချာ ကို နားလည်သိမြင်အောင် စိုက်လိုက် မတ်တပ် အားထုတ် ခြင်းသည် ဘဝအတွက် (ကောင်းကျိုးချမ်းသာ) ဖြစ်၏" ဟု ပလေတို ကလည်း ဟောပြောပို့ချ ၏။ "ကောင်းကျိုးချမ်းသာ" ဟူသည်နှင့် ပတ်သက်၍ ပလေတို၏ ဟောပြောပွဲကို တက်ရောက် နားထောင်သူ အများဆုံး ဖြစ်ခဲ့ ဖူးသည် ဟု အရစ္စတိုတယ်လ်က ဇာတ်ကြောင်းပြန် ပြောပြတတ်သည်။


ယင်းဟောပြောပွဲသို့ တက်ရောက်သူတိုင်းက မျှော်လင့်ထားသည်မှာ ကံကြမ္မာနှင့် ပတ်သက်သော (ဝါ) ဓနဥစ္စာ ရတနာ ကြွယ်ဝခြင်း နှင့် ပတ်သက်သော (ဝါ) ကျန်းမာရေး နှင့် ပတ်သက်သော (ဝါ) ခွန်အားကြီးမားခြင်း နှင့် ပတ်သက်သော လက်ဆောင်တစ်ရပ် စသဖြင့် အကျိုး ရှိစေမည့် တစ်စုံတစ်ခုကို ပလေတိုက ဟောပြောလိမ့်မည် ဟူသော မျှော်လင့်ချက်မျိုး ဖြစ်သည်။ တကယ် လက်တွေ့ ဟောပြောသော အကြောင်း အရာ မှာ သင်္ချာ၊ ဂီတ၊ ဂျီဩမေတြီ နှင့် နက္ခတ် ပညာတို့သာ ဖြစ်နေ၍ ပရိသတ်က အလွန်အံ့အား သင့်သွား ခဲ့ရ သည် ဆို၏။ ထိုအရာတို့ကို ပြုလုပ်လျှင် အမှန်ပင် ဘဝအတွက် ကောင်းကျိုးချမ်းသာ ကို ရရှိမည်ဟု ပလေတိုက နိဂုံးချုပ် ပြောကြားခဲ့သည် ဆို၏။

ထိုသို့ ဟောပြောခြင်းကြောင့် တက်ရောက်သူ တစ်ချို့က ပလေတိုအား လှောင်ပြောင်၍ တစ်ချို့က အပြစ်တင်သွားကြသည် ဆိုသည်။ လူအများစုက မယုံကြည် မနှစ်မြို့သည့်တိုင်အောင် ပိုက်သာဂိုရ ၏ ကွာဒရီဗီယမ် သည် ဆက်လက် စိတ်ဝင်စားသူ များထံ၌ ရှင်သန် နေဆဲ ဖြစ်သည်။

(၄)
"သီအိုရီကို ရှာကြံနိုင်သော ဉာဏ်ကြီးရှင်များ ဖြစ်အောင် ပြုမူ နေထိုင်သွားကြပါ" ဟူသော ပိုက်သာဂိုရ၏ တိုက်တွန်း သွန်သင်ချက်သည် သူ၏ ဂိုဏ်းဝင်များ သာမက၊ ဂိုဏ်းဝင်မဟုတ်သော အခြား ဂရိများ အပေါ်မှာပါ လွှမ်းမိုးမှု ရှိခဲ့သည်။ ယင်းလွှမ်းမိုးမှု အစွဲအလမ်းကြောင့် ဂရိတို့ သည် သင်္ချာ အသိပညာကို ရှာဖွေ ကြသော်လည်း ကုန်ထုတ်လုပ်ငန်း တွင် လည်းကောင်း၊ ကြီးပွား ချမ်းသာရေး အတွက် လည်းကောင်း အသုံး မပြုခဲ့ကြချေ။ အသိပညာသည် အသိပညာ အတွက်သာ ဖြစ်သည်ဟု ရည်စူး ကြသည်။ အသိပညာသည် လူ့ အကျိုးပြု အတွက် ပင် ဖြစ်မလာခဲ့။ ယင်း အသိပညာကို လက်တွေ့တွင် အသုံးချမိပါက အလွန်နိမ့်ကျသော အဆင့်သို့ လျော့ချသွားပြီ ဟု ယုံကြည် ကြသည်။

ယူကလစ် (Euclid) လက်ထက်တွင် တပည့်တစ်ဦးက "ဂျီဩမေတြီ ပညာဖြင့် လက်တွေ့ အဘယ်အကျိုး ကျေးဇူးများ ခံစားရ ပါမည် နည်း" ဟု ညည်း တွား ဆိုသည်ကို ကြား၍ ယူကလစ်က အစေခံ တစ်ဦးကို "ဟေ့ ဟိုသူငယ်ကို ပိုက်ဆံ တစ်ပြား ပေးလိုက်စမ်းပါ။ ငါ့ဆီ လာပြီး ပညာသင်ရတဲ့ အကျိုး ကျေးဇူးကို သူ လက်ငင်းခံစားရပါစေ" ဟု ထေ့ငေါ့ဖူးသည်။ ယင်း ဖြစ်ရပ်သည် ယင်းခေတ် အချိန်က သင်္ချာ အသိသညာ အပေါ် မည်မျှ ခံယူထားကြကြောင်း မီးမောင်းထိုးပြလျက် ရှိ၏။

"သီအိုရီယမ် တစ်ဦးသည် နေ့စဉ် လက်တွေ့ဘဝ၏ အထက်ကသာ နေရသည်" ဟု ပိုက်သာဂိုရ ၏ သတ်မှတ်ချက်ကို ဂရိတို့က အစဉ် တစိုက် လိုက်နာခဲ့ကြသည်။ ပိုက်သာဂိုရ (Pythagoras)၊ ပလေတို (Plato)၊ ယူဒိုဇတ် (Eudoxus)၊ ယူကလစ် (Euclid) နှင့် အာခိမိဒိ (Archimedes) အစရှိသော ပညာရှင် အဆက်ဆက်သည် ဤလမ်းစဉ် အတိုင်း ကျင့်သုံးခဲ့ကြသည်။ သို့ရာတွင် အာခိမိဒိ လက်ထက်တွင် အနည်းငယ် ပျက်ယွင်းစ ပြုလာပြီ ဟု ဆိုနိုင်သည်။ အဘယ် ကြောင့် ဆိုသော် အာခိမိဒိသည် ထိုအယူအဆကို လက်ခံထား သူ ဖြစ်သော် လည်း အချို့ကိစ္စတို့၌ လက်တွေ့ လုပ်ကိုင် အသုံးချမိသည်များ ရှိ၏။ ထိုသို့ ပြုလုပ်မိသည့် အတွက် မိမိ ကိုယ်ကိုယ် ရှက်လွန်းလှ၍ လုပ်ဆောင်ချက်များကို မှတ်တမ်း မထားခဲ့ ဟု အဆို ရှိ၏။

.............
ဆက်ရန် ~
.............
EBook Download.

World of Mathematics - James R. Newman
4 Volumes in One.


...............
AN eminent mathematician once remarked that he was never satisfied with his knowledge of a mathematical theory until he could explain it to the next man he met in the street. That is hardly exaggerated; however, we must remember that a satisfactory explanation entails duties on both sides. Anyone of us has the right to ask of a mathematician, "What is the use of mathematics?" Anyone may, I think and will try to show, rightly suppose that a satisfactory answer, if such an answer is anyhow possible, can be given in quite simple terms. Even men of a most abstract science, such as mathematics or philosophy, are chiefly adapted for the ends of ordinary life; when they think, they think, at the bottom, like other men. They are often more highly trained, and have a technical facility for thinking that comes partly from practice and partly from the use of the contrivances for correct and rapid thought given by the signs and rules for dealing with them that mathematics and modem logic provide. But there is no real reason why, with patience, an ordinary person should not understand, speaking broadly, what mathematicians do, why they do it, and what, so far as we know at present, mathematics is.
..........................


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...