Wednesday, June 20, 2012

“မနက်ဖြန်ကို တည်ဆောက်ခြင်း”


by Soe Min on Wednesday, June 20, 2012 at 4:11am

          ပြုပြင်ပြောင်းလဲဖွဲ့စည်းမှု (Reforming) တွေကို အရှိန်အဟုန်မြှင့်ပြီး လုပ်သွားကြတော့မယ့် ရွှေပြည်ကြီးမှာ နောက်ကြောင်းပြန်လှည့်မယ့်သူတွေကို လက်တွဲဖြုတ်ပြီး စိတ်တူသဘောတူရှိတဲ့သူချင်း တက်ညီလက်ညီ ရှေ့သို့ချီကြတော့မယ်ဆိုတော့ အားရစရာကြီး မဟုတ်ပါလားဝေ့။ အရင်တုန်းကလို တံခါးပိတ်၊ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်ဝါဒ မဟုတ်တော့ပဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ရော၊ အဝေးက ပြည်ပအင်အားကြီးနိုင်ငံတွေနဲ့ပါ ခေါ်ပြောဆက်ဆံ အကြံဥာဏ် အကူအညီတွေယူလို့ နောက်ကျန်ခဲ့သမျှ အလူးအလဲထလို့ မမီမီအောင် လိုက်ရတော့မှာပေါ့လေ။ ဘာတွေကို ပြုပြင်ပြောင်းလဲသွားမှာလဲ ဆိုတာကိုလည်း အရိပ်အမြွက်ပြောတန်တာပြော။ အတိအလင်း အသိပေးတန်တာပေးလို့ တကယ်ကြီး အဟုတ်ကြီး တိုင်းပြည်တိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်နေကြတယ်ဆိုတာလည်း မြင်သာထင်သာ ရှိပါပေတယ်။

 တို့အဘပြောစကား တစ်နာရီနီးပါးကြာတာတောင်  မျက်တောင်မခတ်၊ နားရွက်မလှုပ်ပဲ အားရပါးရ နားစိုက်နေလိုက်တာ။ စကားလည်းဆုံးရော ဟင် ငါ့အကြောင်းလည်း တစ်ခွန်းမှ ပြောမသွားဘူးလို့ နှုတ်ခမ်းကြီး စူမလိုဖြစ်သွားပါတယ်။ နင့်အရာလား။ စိန်ကောင်းကျောက်ကောင်း ရောင်းနေပါတယ်ဆိုမှ။ ကိုယ်နဲ့ တန်ရာတန်ရာ မတွေးဘူး။ ဒါပေသိ သုဒ္ဓောကလေးတော့ တစ်ကြောင်းနှစ်ကြောင်း ဖြည့်ရေးပေးပါဦး အဘရယ် လို့ ဈေးဆစ်ပါရစေ။ အဘပြောသွားတဲ့ ပြုပြင်ပြောင်းလဲမှုကြီးမှာ ကျုပ်တို့လူငယ်တွေက (အမယ် သူ့ကိုယ်သူများ လူငယ်တဲ့။ မလျှော့သေးဘူး) ဘယ်နားကပါရမှာတုန်း။ ထားပါတော့လေ။ ကိုယ်က မငယ်တော့ဘူးဆိုရင်လည်း ငယ်တဲ့သူတွေအတွက် နည်းနည်းလေးလောက် စဉ်းစားပေးကြည့်ရအောင်နော်။
          အနာဂတ်နိုင်ငံတော်ကြီးတည်ဆောက်တဲ့အခါမှာ ပြည်တွင်းပြည်ပက စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့ တံခါးဖွင့်စီးပွားရေးဝါဒကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်တော့မှာတဲ့။ စီမံကိန်းတွေဆိုတာများ ပွထနေတာပဲ။ ကျောက်ဖြူကနေ ကူမင်းထိအောင် ရကောက် ရထားကြီး ပျော်ပျော်စီးဖို့လည်း ပါတယ်။ ပြည်လုံးလင်းမယ့် လျှပ်စစ်ဓါတ်တွေဆိုတာ ရေအား၊ လေအား၊ သဘာဝဓါတ်ငွေ့အားတင်မကဘူး။ စွန့်ပစ်ပစ္စည်းတွေကတောင် ထုတ်လုပ်ပေးဦးမှာတဲ့။ (နောက်ဆို လေလည်ရင်တောင် သတိထားတော့။ မတော် ဓါတ်လိုက်နေဦးမယ်)။ အင်တာနက်တွေဆိုတာကတော့ အများသုံး အခပေးအိမ်သာတွေမှာတောင် ၀ိုင်ဖိုင်လွှင့်ထားပေးဦးမလိုပဲ။ အခုဆိုနေပူတော်မှာ ဂျပန်ပညာရှင်တွေ ယားလို့တောင် မကုပ်အားဘူး။ မြန်မာပြည်မှာ ခရက်ဒစ်ကဒ်တွေ သုံးနိုင်အောင် ကြံဆောင်နေကြတာတဲ့။ ဆီးဂိမ်းအမီဆိုလား။ ဒေါ်လာတောင် ထောင်မလဲ သဲကော်မှ လက်ခံတဲ့အရပ်ဆိုတော့ ကိုယ့်ဆီက ငွေစက္ကူများလည်း နွမ်းတောင် အနွမ်းမခံဘူး။ ဟောငါးထောင်၊ ဟောတစ်သောင်းနဲ့။ ငွေစော်မနံရင် ပြန်လဲခိုင်းလို့ရတယ်။ ရန်ကုန်မြို့တော်ဟောင်းကြီးက စင်္ကာပူအသွင် ပြောင်းလဲလာရစေ့မတဲ့။ တယ်လည်းသာယာတဲ့ မနက်ဖြန်ကြီးပါလား အရပ်ကတို့ရယ်။ တစ်ခုတော့ ရှိသဗျ။ အဲဒီတကယ်ပြောင်းလဲသွားတဲ့ မနက်ဖြန်ကြီးမှာ မနေ့ကလူတွေ အရင်အကျင့်အတိုင်း ဆက်သွားနေရင် တွေးကြည့်လိုက်စမ်းပါဗျာ။ ဘယ်လောက်များ အဆီအငေါ်မတည့်လိုက်မယ့် ကိစ္စလဲ။ (စပြီ။ မုန့်ဆီကြော်ဖြင့် ဘယ်နေမှန်းမသိဘူး။ သူ့နှုတ်ခမ်းနာ ပါးစပ်ပုပ်ကြီးနဲ့)။ ရုပ်ဝတ္ထုပြောင်းလဲမှုတွေကို အမီလိုက်နိုင်ဖို့ နိုင်ငံသားတွေဆီမှာ စိတ်ပိုင်းဆိုင်ရာ၊ စည်းကမ်းပိုင်းဆိုင်ရာ၊ အတွေးအခေါ်အယူအဆတွေကို အရင် ပြောင်းပစ်ရပါဦးမယ်။ အနည်းဆုံးတော့ အဲဒီမနက်ဖြန်မှာ ပုခုံးပြောင်း တာဝန်ယူကြမယ့် လူငယ်တွေကို ပျိုးထောင်မပေးရင် လေထဲတိုက်အိမ်ဆောက်တာကမှ ရေရေရာရာရှိလိမ့်ဦးမယ် မဟုတ်ဘူးလားဗျာ။
          ကဲ။ ကိုယ်ကပဲ စ လို့ အဲဒီ သုဒ္ဓောတစ်လုံး အရင်ရေးပေးလိုက်ပါ့မယ်။ ကျွန်တော်တို့ဆီက မြန်မာလူငယ်ကလေးတွေ ဘာတွေများ ဖြစ်နေကြပါလိမ့်။ ပညာတတ်ကြီးတွေ ဖြစ်နေတာပေါ့ခင်ဗျာ။ ပညာတတ်ကြီးတွေ။ နိုင်ငံနဲ့အ၀ှမ်း တက္ကသိုလ်၊ ကောလိပ်နဲ့ အသက်မွေးပညာသင်ကျောင်းပေါင်းများစွာက မွေးထုတ်ပေးလိုက်လို့ အခုဆိုရင် ဆိုက်ကားသမားမောင်ဘခက်ကလေးလည်း ဘွဲ့ရပညာတတ်၊ ပဲပြုတ်သည် မထားကလေးလည်း မာစတာဆက်မတက်ချင်လို့ တောင်းကလေးပြန်ရွက်နေတာ။ ဆရာ၊ မိဘ၊ ကျောင်းသား သုံးဦးသုံးဖလှယ် တာဝန်တွေ ကျေခဲ့ကြလို့ ပညာရေးလည်း ဆုံးခန်းတိုင်ခဲ့ပြီ။ ဘာတွေဆက်ဖြစ်စရာရှိဦးမှာလဲ။ လာခဲ့။ လက်တွေ့ဘ၀ထဲကို။ ထမင်းရှာစားတဲ့အတတ်က အခုမှ လက်တွေ့သင်ယူရတာ။ လျှောက်ပြီး ထွေလီကာလီတွေ ဝေ့လည်ကြောင်ပတ် စောင်းပါးရိပ်ခြေ မပြောလိုပါဘူး။ အသည်းနာလွန်းလွန်းလို့ ငယ်ထိပ် တံတောင်နဲ့ထောင်းသလို အင့်ကနဲ အင့်ကနဲနေအောင် ပြောထည့်လိုက်တော့မယ်။ အဘိုးတို့အဘတို့က ငါပင်စင်သွားတဲ့အခါ၊ နောက်ထပ်တစ်ကြိမ် ရွေးကောက်ပွဲလုပ်တဲ့အခါ စသည်စသည်ဖြင့် အနာဂတ်တွေကို အမျိုးမျိုး လှပအောင် ပုံဖော်နိုင်သော်ငြား၊ ပြင်ဆင်နိုင်သော်ငြား အများစုသော လူငယ်ထုတစ်ရပ်လုံးမှာဖြင့် ဘာအနာဂတ်တစ်ခုမှ ရေရေရာရာ မရှိပါဘူးခင်ဗျ။ ခေတ်ကာလ သားသမီးထဲ လူပျိုကြီး အပျိုကြီးတွေ များလာတာဟာ သူတို့တတွေက ချီးကျများလွန်လွန်းလို့ မဟုတ်ပါဘူး။ ကိုယ့်တစ်ယောက်တည်းတောင် မိဘဆီ လက်ဖြန့်နေရတုန်းဟာ ဘယ်လိုလုပ် အိမ်ထောင့်တာဝန် ထမ်းနိုင်မှာတုန်း။ အခုလို တောရမ်းမယ်ဘွဲ့ပြောမယ့်အစား ဆာဗေးကြီးတစ်ခုလောက် လုပ်ကြည့်စမ်းပါလား။ အသက် ၂၀ က ၃၀ အတွင်း လူငယ်တွေကို နောင်နှစ်ခါ ဘာလုပ်မယ် စဉ်းစားထားသလဲ။ နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်၊ စသည်ဖြင့်ပေါ့။ အဆင်ပြေသလို ကြည့်လုပ်တာပေါ့ လို့ ပြောမယ့်သူချည့်ပဲ။
          ပညာရေးဆိုတာ ဆောက်ထားတဲ့ ကျောင်းအရေအတွက်၊ ပေးလိုက်တဲ့ အောင်လက်မှတ် အရေအတွက်နဲ့ ချစ်တီးပိုက်ဆံရေသလို ရေကာတွက်ကာနဲ့ ကျေနပ်ရမှာလား။ ကျောင်းကထွက်ပြီးရင် အဲဒီကျောင်းသားတွေ ဘယ်ကိုရောက်သွားသလဲဆိုတာရော လိုက်မကြည့်ချင်ဘူးလား။ နိုင်ငံခြားကို ရောက်ကုန်တယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ သူ့ဘာသူ ယိုချင်ယို စီးချင်စီး၊ ဦးနှောက်အနေနဲ့တော့ ထည့်တွက်လို့ ရသေးတယ်။ နိုင်ငံတော်က လူစွမ်းအား အရင်းအမြစ်တွေကို အကျိုးရှိစွာ စီမံခန့်ခွဲနိုင်ဖို့အတွက် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ ဆထက်ထမ်းပိုး ဖော်ဆောင်ပေးလျက်ရှိပါသတဲ့။ ကောင်းပါပြီဗျာ။ သည်တခါ အလုပ်ခွင်ထဲက လူငယ်တွေဆီ သွားကြည့်ကြရအောင်။ လမ်းသုံးလမ်းကွဲသွားပါတယ်။ အစိုးရအလုပ် လုပ်မလား။ အပြင်ကုမ္ပဏီလုပ်မလား။ နိုင်ငံခြားထွက်မလား။ ကိုယ်ပိုင်စီးပွားရေး လုပ်မလား ဆိုတာကတော့ ကိုယ့်အဖေဘာကောင်မှ မဟုတ်ရင် အိပ်မက်မက်မနေနဲ့။ ပညာနဲ့မဆိုင်တဲ့ အလုပ်တွေတော့ ပေါပါတယ်။ တုတ်ထိုးရောင်းမလား။ ထုံချိုင်းကင် လှည်းနဲ့တွန်းမလား။ ဖီးယိုဇီးပေါင်းရောင်းမလား။ အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့။ လူရည်လည်ရင် ပွဲစားတန်းသွားထိုင်၊ မြင်မြင်သမျှ ဒိုင်ဗင်ဝင်ပစ်လို့ချည့်နေ။ ဘာကားတွေ ရိုက်ချင်သလဲပြော။ အထက်ကားလား။ အောက်ကားလား။ အလုံးချိန်းလား။ ပါမစ်လား။ ဘရာသာရေ။ ဇေပါတယ်။ ငွေသာအရင် မစပါ။ မနက်ဖြန်ဆိုတာကတော့ နောက်တနေ့ပဲဥစ္စာ။ ဒဲ့ဂဏန်းရရင် ရေလျှံဖို့ လွယ်လွယ်လေး။
          အစိုးရအလုပ်ဝင်လုပ်တဲ့ လူငယ်ကလေးတွေ အနာဂတ်က ဘယ်မလှပစရာ ရှိပါ့မလဲ။ တနေ့သောအခါ ဌာနဆိုင်ရာ အကြီးအကဲကြီး ဖြစ်လာမှာ မဟုတ်ဘူးလား။ မနောက်ပါနဲ့ ဦးလေးရယ်။ ဌာနဆိုင်ရာ အကြီးအကဲဆိုတာ အောက်ကနေတက်ရတာ မဟုတ်ဘူး။ မိုးပေါ်က ပိုးထိပြီး၊ ကွိုင်ပူပြီး ပြုတ်ပြုတ်ကျလာတာ။ လုပ်သက်နဲ့သာ တက်ရရင် ကျိုက္ကဆံဘိုးဘိုးကြီးတောင် ပရိုမိုးရှင်းရသွားတာကြာပေါ့။ အလုပ်ထဲမှာ ရာထူးက အရေးမကြီးဘူးဗျ။ တချို့ဆို တက်သွားမှာစိုးလို့ မှန်မှန်ကန်တော့နေရတယ်။ ခွင်နဲ့လမ်းကြောင်းကိုမှ နားမလည်ရင် ထွက်စာသာတင်လိုက်တော့။ အဲလိုလူမျိုးအတွက် အလုပ်ထဲမှာ အနာဂတ်ဆိုတာ မရှိဘူး။ လူငယ်ဝန်ထမ်းကလေးတွေရဲ့ အနာဂတ်ဟာ လုပ်ရည်ကိုင်ရည်၊ ကြံရည်ဖန်ရည်၊ ပညာအရည်အချင်းတွေနဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ သူ့မိဘ ဘာလဲ။ ဘယ်လောက်ထိ ပံ့ပိုးနိုင်မှာလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ တကယ်တော့ အနာဂတ်ဆိုတာ နောက်တနေ့မှ ရောက်လာမှာဗျ။ လောလောဆယ် သည်ကနေ့ စားဝတ်နေရေးနဲ့ ရပ်တည်မှုအတွက် အလုပ်ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ အဆင်ပြေအောင်မှ တန်းစီညာညှိမတတ်ရင် ပစ္စုပ္ပန်ပါပျောက်သွားမှာ။ ၀န်ထမ်းသက် ၁၇နှစ်ရှိလာပြီဖြစ်တဲ့ ကိုယ်ကိုယ်တိုင်တောင်မှ အောင့်လုံးကျိတ်လုံးတွေ များလွန်းလို့ ဘယ်နေ့အလုပ်ထွက်ဖြစ်မယ် မသိဘူး။ လူကြီးသားသမီးမဟုတ်တဲ့ ကိုယ်နဲ့ရွယ်တူ၊ ကိုယ့်ထက်ငယ်သူ လူငယ်တွေအားလုံး အနည်းနဲ့အများ ခံစားဖူးကြတာချည့်ပဲ။ မုဆိုးစိုင်သင်လို့ လှစ်လှစ်ကလေး ကွက်ကျော်ကွက်ကျား နင်းတက်နိုင်တဲ့အစားတွေသာ လွှားကနဲလွှားကနဲ တက်သွားတာ တွေ့ရပါလိမ့်မယ်။ အဲသည်လူတွေနဲ့ နိုင်ငံတော်ကို တည်ဆောက်ရမှာဆိုရင် ဘယ်လိုနိုင်ငံမျိုးဖြစ်မလဲ စဉ်းစားစရာ လိုလို့လား။
          ကုမ္ပဏီလုပ်တဲ့ လူငယ်လေးတွေဆီသွားကြည့်ရအောင်ဗျာ။ ပြည်တွင်းကဖြစ်ဖြစ် ပြည်ပကဖြစ်ဖြစ်၊ စီးပွားရေးလုပ်ချင်လို့ ကုမ္ပဏီထောင်တယ်ဆိုမှတော့ အကျိုးစီးပွားတစ်ခုခုမှ အဓိကမထားရင် ဘယ်ဖြစ်ပါ့မလဲဗျာ။ သည်လူငယ်ကလေး အတွေ့အကြုံရစေဖို့၊ ဘ၀တက်လမ်းရှိဖို့တွေးတယ်ဆိုရင် သူ့သားသမီးမို့သာ ဖြစ်ပေလိမ့်မယ်။ အဲလိုဆိုတော့ အပြင်ကုမ္ပဏီတွေအနေနဲ့ သူ့ဝန်ထမ်းလူငယ်တွေကို ခန့်ထားပေးတယ်။ လေ့ကျင့်သင်ကြားပေးတယ်။ လစာဝင်ငွေ ပေးတယ်ဆိုတာ လူငယ်တွေဆီက လုပ်အားကို သူ့အတွက် အသုံးချဖို့သာဖြစ်တယ်။ အနာဂတ်အတွက် စဉ်းစားရင် ကုမ္ပဏီရဲ့ အနာဂတ်အပြင် နောက်ထပ်အကျိုးအမြတ်ရမယ့် ရင်းနှီးမြှုပ်နှံမှု တစ်ခုခုကိုသာ တွေးလိမ့်မယ်။ လူငယ်တွေ ရှေ့ရေးက သူနဲ့ဘာမှ မပတ်သက်ဘူး။ လူငယ်တွေဘက်မှာလည်း ဒီကုမ္ပဏီမှာ လစာဘယ်လောက်ရမှာလဲထက် ပိုမစဉ်းစားဘူး။ လခကောင်းရင် ပိုပေးတဲ့ဆီလိုက်သွားဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေတယ်။ ရှေ့ရေး အလားအလာဆိုတာ ဘယ်မှာမှ မရှိတာချင်းအတူတူ ဆိုတော့ ခေါင်းထဲ မထည့်ဘူး။ သူတို့ဆွဲထားတဲ့အနာဂတ် Plan ဟာ “လခထုတ်ရင် အကြွေးဆပ်မယ်။ ငါသုံးဖို့ ဘယ်လောက်ကျန်မယ်။ လိုချင်တာလေးတွေကို နောက် ဘယ်နှစ်လလောက်မှ ၀ယ်နိုင်မယ်။” ဆိုတာလောက်ပါပဲ။ “အိမ်တောင် ပြန်မပေးနိုင်တာ ကြာပါပေါ့” ဆိုတဲ့ နောင်တကလေးကပ်လာရင် တော်တော် လိမ်မာနေလှပေါ့။
          နောက်ဆုံးတော့ လူငယ်ကလေးတွေ အားလုံးရဲ့ အိပ်မက်ထွက်ပေါက်ဟာ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်မယ် ဆိုတဲ့ ဘူတာမှာ လာဆိုက်ပါတယ်။ တကယ်တော့ အဲဒါ ထွက်ပေါက် အစစ်မဟုတ်ပဲ တ၀ဂူ (Blind End) ကြီးသာဖြစ်တယ်။ ကျောင်းသားဘ၀မှာတုန်းက လူထုဒေါ်အမာရေးတဲ့ အမေ့ရှေးစကားတွေ ဖတ်ရတဲ့အခါ သူက ကိုလိုနီခေတ်က မြန်မာပြည်မှာ အလုပ်လာလုပ်ကြတဲ့ ပျံကျကုလား၊ ဂေါ်ရင်ဂျီလေးတွေ၊ ခေါ်တောလေးတွေ၊ ဘင်္ဂါလီလေးတွေ အကြောင်းပြောပြခဲ့ပါတယ်။ သူတို့ခမျာ အင်္ဂလိပ်ကသင်္ဘောကြီးတွေနဲ့ အလကားတင်ခေါ်လာလို့ ရန်ကုန်ကိုရောက်လာတဲ့အခါ ကူလီထမ်း၊ လန်ချားဆွဲ၊ အမှိုက်သိမ်း၊ ချေးကျုံး၊ သူများ မလုပ်ချင်တဲ့အလုပ်တွေ မှန်သမျှ တစ်ပြားရရ နှစ်ပြားရရ မခိုမကပ် လုပ်ကြ။ ထမင်းကြမ်းခဲကို ဆားပုံ၊ ငရုတ်သီးတောင့်ကိုက်၊ ရေအိုးစင်ကရေ တ၀သောက်လို့ ရသမျှပိုက်ဆံကလေးကို ကျစ်ကျစ်ပါအောင်စုပြီး မိသားစုဆီ ပြန်ပို့ကြ။ အိမ်ပြန်သွားတဲ့အခါကျမှ သူများဆီ ခရီးစားရိတ်ရအောင် ပေါင်နှံထားခဲ့တဲ့ ကိုယ့်မိန်းမကိုယ် ပြန်ရွေးပြီး မက်မက်စက်စက် ပြန်ပေါင်းကြ၊ (တချို့လည်း အတိုးကလေးတွေတောင် ပါလာဦးမှာ) အဲသလိုဘ၀မျိုးကို တို့ဆီကလူငယ်ကလေးတွေလည်း မနီးရိုးစွဲ လိုက်နေပြီဖြစ်လို့ အသည်းနာတဲ့အကြောင်း ရင်ထဲမှာ နင့်နေအောင် ဖတ်လိုက်ရပါတယ်။ ကိုယ့်တိုင်းပြည်က ဖြတ်လတ်တက်ကြွတဲ့ သန်စွမ်းကျန်းမာတဲ့ အရွယ်ကောင်း ပညာတတ်ကလေးတွေ ပြည်ပကို ယိုစီးသွားပေမယ့်လည်း သူတို့ရှာဖွေစုဆောင်းပြီး ပြန်ပို့လိုက်တဲ့ နိုင်ငံခြားငွေပမာဏဟာ တိုင်းပြည်အတွက်၊ သူတို့မိသားစုတွေအတွက် အားကိုးလောက်စရာ ဖြစ်ပေတယ် လို့ စီးပွားရေး ပညာရှင်ကြီးများက သုံးသပ်ကြသဗျ။ သံရုံးမှာဆောင်ရတဲ့အခွန်တွေက တိုင်းပြည်ကိုပြန်ရောက်တယ်တဲ့လား။ သာဓုပါဗျာ။ တချိန်ကျတော့ သူတို့က အတတ်ပညာ အရင်းအနှီးတွေနဲ့ တိုင်းပြည်ကိုပြန်လာကြတဲ့အခါ ရွှေပြည်ကြီးလည်း ၀ှီးကနဲ ဒေါက်ကနဲ တိုးတက်ချမ်းသာလာဦးမှာ ဆိုတာကိုတော့ သံသယရှိပါတယ်။ အခုဆို ခိုင်ခိုင်မာမာရပ်တည်နိုင်လို့ မိသားစုကိုလည်း တင့်တောင့်တင့်တယ် ထောက်ပံ့နိုင်တဲ့ သူငယ်ချင်းတွေ တော်တော်များများ ရှိနေပါပြီ။ မကြာခနလည်း ပြန်လာလာလည်ကြသားပဲ။ ဒီမှာပြန်အခြေချပြီး ရပ်တည်ဖို့ဆိုတာကတော့ စိတ်ကူးပဲယဉ်ယဉ်၊ လက်တွေ့ပဲ ကြိုးစားကြိုးစား။ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တာ အမှန်ပါ။ တတ်တဲ့ပညာကို အသုံးချစရာနေရာလည်း မရှိဘူး။ ရှိတဲ့အရင်းအနှီးနဲ့ လုပ်ငန်းလုပ်မယ်ဆိုရင်လည်း ကျောထောက်နောက်ခံမပါရင် ဘီလ်ဂိတ်ကြီးကိုယ်တိုင် ကြွလာခဲ့စမ်းပါ။ ခွက်မဆွဲရတော့ ပြောချင်တိုင်းပြော။ သူတို့မှာ အနာဂတ်တော့ ခိုင်ခိုင်မာမာရှိကြပါတယ်။ ဒါပေမယ့် အဲဒါ မြန်မာပြည်တွင်းမှာတော့ မဟုတ်တော့ဘူး။
          အာဏာရှင်စံနစ်နဲ့ ၂၆ နှစ်လုံးလုံး မြန်မာပြည်ကို အညွန့်တုန်းအောင် တံခါးပိတ်ထားတယ်ဆိုတဲ့ ဥိးနေ၀င်းကြီးခေတ်မှာတောင် လူငယ်တွေကို သူလိုချင်သလိုတော့ ပျိုးထောင်ယူခဲ့သေးတယ်ဗျ။ တေဇလူငယ်တို့၊ ရှေ့ဆောင်လူငယ်တို့၊ လမ်းစဉ်လူငယ်တို့နဲ့ တချိန်ကျရင် ပါတီရဲ့ အရံအင်အားဖြစ်ရမယ်ဆိုပြီး ကောက်ရိုးခြေထောက် မြက်ခြေထောက်နဲ့ အသားကျအောင် လေ့ကျင့်ထားခဲ့တာ။ ထူးချွန်တဲ့ကျောင်းသားတွေအတွက် လူရည်ချွန်စီမံကိန်းဆိုတာလည်း ရှိတယ်။ လောလောဆယ်မှာ ဆိုက္ကားသမား တရားသူကြီးဖြစ်ကောင်းဖြစ်မယ်။ တချိန်ကျရင်တော့ အဲဒီနေရာတွေမှာ ပညာတတ် လူငယ်တွေနဲ့ အစားထိုးဖို့ ရည်ရွယ်ထားပြီးသား။ ဘင်ခရာ၊ ကြက်ခြေနီ၊ လေကြောင်းလူငယ်၊ ရေကြောင်းလူငယ်၊ လိုချင်သလို အရောင်ဆိုးပြီး ပျိုးထောင်ခဲ့တာတော့ အမှန်ပဲ။ အခုလည်း ပစ်တော့ မထားပါဘူးလေ။ ကြံဖွံ့လူငယ်ကလေးတွေဆိုပြီး နိုင်ငံခြားက ဘာလူငယ် ညာလူငယ် တွေ့ဆုံပွဲတွေ လွှတ်တဲ့အခါ ဒီဘက်က ၃၀ ကျော် ၄၀ ကြီးတွေက သူများ ဆယ်နှစ်သားလေးတွေအကြားမှာ အောက်အီအီးအွတ် နောက်ထပ်ခွပ်စို့လေ လုပ်ခဲ့ကြသတဲ့။ ဟိ ဟိ။ (ကိုယ်တောင် အတင်း လူငယ်လုပ်ချင်နေသေးတာပဲဥစ္စာ)
          ငယ်ငယ်က ပုံပြင်ကလေးတစ်ပုဒ်ကို သတိရမိတယ်ဗျ။ မှော်ဆရာကြီးတစ်ယောက်က ကလေးတွေကို အရုပ်ကလေးတွေ မုန့်ပဲသွားရေစာကလေးတွေ ပေးပြီး ကလေးတွေဆီက အနာဂတ်တွေကို နည်းနည်း နည်းနည်းစီ လိုက်ဝယ်သတဲ့။ ငါးနှစ် ဆယ်နှစ်၊ စသည်ဖြင့်ပေါ့။ နောက်တော့ အဲဒါတွေ အားလုံးစုပြီး သူ့အနာဂတ်ထဲထည့်ပေါင်းလို့ အသက်တွေအရှည်ကြီး စည်းစိမ်ရှင်အဖြစ် ပဉ္စလက်အတတ်တွေနဲ့ နေထိုင်ပါသတဲ့။ ကလေးလေးတွေခမျာမတော့ သက်တမ်းကလေးတွေတိုပြီး အရွယ်မတိုင်မီ အိုဇာကုန်ကြတာပေါ့။ စဉ်းစားမိတာက အဲဒီပုံပြင်ရေးတဲ့သူဟာ သူ့ခေတ်တုန်းက အကြောင်းအရာ တစ်ခုခုကိုများ ထင်ဟပ်ပြီး ပြောချင်လို့များလား။ လူကြီးတွေဟာ ကိုယ့်သြဇာ အာဏာ စည်းစိမ် နန်းသက် ရှည်ကြာတည်မြဲဖို့အတွက် လူငယ်တွေဆီက အနာဂတ်တွေကို လုယူဖို့တော့ မကောင်းဘူးထင်ပါတယ်။ တော်ပါသေးရဲ့ဗျာ။ ပုံပြင်ရေးသူဟာ မြန်မာပြည်က မဟုတ်လို့။ တို့ဆီမှာတော့ ဒီလိုအဖြစ်အပျက်မျိုးတွေ ရှိမှ ရှိပဲနဲ့။ ဟာကို ဟာကို။ တို့ရဲ့ မနက်ဖြန်တွေကတော့ အလွန်ကောင်း၊ အင်မတန်ကောင်း၊ အားကြီးကောင်း၊ ဒီညကတည်းက ကောင်းနေပါသဗျို။
“နန်းတော်ရှေ့နဲ့တွေ့ပြန်သော် မြို့လုံးကျော်အောင် ကောင်းမယ့်ပွဲမို့ သည်ညတော့ အလွန်ကောင်းမနော်။ တုံးကျော်မ တဲ့။ တုံးကျော်မ တဲ့။ မ  တဲ့ ….. ။ မြရင် … လေ ပါ …. တီ။”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...