Friday, June 1, 2012

အဖြူရောင်တံတိုင်းမှာ ထိုးထားတဲ့ တက်တူး


by Sue Khat Min on Thursday, May 31, 2012 at 10:15pm

(၁)

မေကျော်သည် အိပ်မှုန်စုံမွှားဖြင့်
သွားတိုက်နေရာမှ မီးဖိုတွင်းရှိ
သူ့ကို လှမ်းအော်၏။


"ဖိုးဇော်ရေ .. ငါ့ဖို့ ကြက်ဥတစ်လုံး
ကြော်ပေးစမ်းပါ .. ပေါင်မုန့်ပါ
နှစ်ချပ်လောက် မီးကင်ထားလိုက်"

သူ မေကျော့်အတွက် နံနက်ခင်းစာ
ပြင်ဆင်ပေးပြီးနောက် ရေးလက်စ
ဝတ္ထုအား အဆုံးသတ်ရန် စာရေးစားပွဲသို့
ထွက်လာခဲ့သည်။ ဝတ္ထုထဲရှိ ဇာတ်ကောင်နှစ်ဦး
(မင်းသားနှင့် မင်းသမီး) သည် သူနှင့် မေကျော်
ဖြစ်၏။ မေကျော်က ဂါဝန်ရှည်ဖြူဖျော့ဖျော့ကို
ဝတ်ထားပြီး၊ ချောက်ကမ်းပါးစွန်းထိပ်တွင်
မတ်တပ်ရပ်နေသည်။ သူမ၏ ဂါဝန်အနားစတို့သည်
တဖျတ်ဖျတ် လှုပ်ခါနေ၏။ ထို့နောက် သူမ
လက်နှစ်ဖက်ကို ဆန့်တန်းလိုက်လေသည်။
အို .. သူမ .. သူမ ချောက်ထဲကို ခုန်ချလိုက်
တော့မှာလား .. မဖြစ်ဘူး .. မဖြစ်ရဘူး ..
ငါ မင်းကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး
မေကျော် .. ။ သူ မေကျော့်ထံသို့ အရူးတစ်ယောက်လို
တဟုန်ထိုး ပြေးထွက်သွားသည်။

"နင့် ပေါင်မုန့်မီးကင်က နည်းနည်းတူးသွားတယ် ..
အသုံးကိုမကျဘူး .. ဒါလေးလုပ်တာကိုပဲ"

"ဟာ .. ကျော်ကျော်ကလည်း ..
ဒီမှာ စာရေးနေတာကွ .. အရှိန်တောင်ရနေမှ"

မေကျော်က သူ မဟုတ်သလိုပဲ၊ ကော်ဖီခွက်လေး
ကိုင်ကာ လေချွန်ရင်း ခြံထဲဆင်းသွား၏။


(၂)

         မေကျော်သည် သူ၏ ရှားရှားပါးပါး
မိန်းကလေးသူငယ်ချင်းဖြစ်သည်။ နယ်မှနေ၍
ကျောင်းလာတက်သော သူမသည်၊ ကျောင်းပြီး
သွားသောအခါတွင်လည်း နယ်မပြန်တော့ဘဲ
တစ်ယောက်တည်းသမားဖြစ်သော သူ့အိမ်တွင်
တက်နေလေ၏။ မေကျော်နှင့် သူသည် အချစ်ဆုံး
သူငယ်ချင်းများသာ ဖြစ်သည်။

          ယောက်ျားပျိုတစ်ဦးနှင့် မိန်းမပျိုတစ်ဦးတို့
သွေးမတော်သားမစပ်၊ သမီးရည်းစားလည်းမဟုတ်၊
လင်မယားလည်းမဟုတ်ပါဘဲ တစ်အိမ်တည်းတွင်
နေကြခြင်းမှာ "ဘယ်လိုကြီးလဲဟ" ဟု ထင်စရာ
ရှိသည်။ သူ့ဘက်က မည်သည့်စည်းကိုမှ
ဖောက်ဖျက်ခဲ့ခြင်းမရှိသလို၊ သူမကလည်း
ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်။ သူနှင့် မေကျော်တို့
တစ်အိမ်တည်းတွင် အတူနေကြ၏။


(၃)

                       သူမ စပယ်ယာကို ငါးထောင်တန်
ပေးလိုက်သည်။ စပယ်ယာက နှစ်ရာတန်မပါဘူးလား
အမ်းစရာမရှိ ဟု ပြော၏။ သူမနံဘေးမှလူက တစ်ထောင်
တန်ဖြင့် ကားခပေးသည်။

"အဲ့ဒါ နှစ်ယောက်စာ ယူလိုက်"

သူမနံဘေးမှလူက လှည့်ကြည့်၏။
ကတ်ကိုဘိန်းနှင့် အတော်ဆင်လေသည်။

"ကျွန်မနာမည် မေကျော် .. ဖုန်းနံပါတ်က ..
၀၉-၅၀၉၀××× .. ရှင့်အကြွေး နောက်ကြုံရင်
ဆပ်မယ် .. အိုကေလား"

ကတ်ကိုဘိန်း အူကြောင်ကြောင်ဖြင့် ခေါင်းညိတ်၏။


(၄)

"နင် အထဲမှာစောင့်နေ ဖိုးဇော် ..
ငါ့ဖို့ အက်စ်ပရက်စ်စို တစ်ခွက်
မှာထားပေး"

ကော်ဖီဆိုင်လေးအတွင်းမှ အဲကွန်းလေက
လတ်ဆတ်အေးမြနေသည်။ အနောက်တိုင်း
သီချင်းသံ ခပ်တိုးတိုးကိုလည်း ကြားရ၏။
သူ အက်စ်ပရက်စ်စို နှစ်ခွက် မှာပြီး ကျသင့်ငွေ
ရှင်းကာ၊ ကဗျာစာအုပ်ထုတ်ဖတ်ရင်း မေကျော့်ကို
စောင့်နေလိုက်သည်။ ကဗျာဆရာ ငြိဏ်းဝေ၏
"ဂ ဃ န ဏ" ။

ခဏကြာတော့ မေကျော် ရောက်လာသည်။
လက်ထဲတွင် မုန့်ထုပ်တစ်ထုပ် ဆွဲလျက်။

"ဘာတွေလဲ ကျော်ကျော်"

"မုန့်လက်ကောက်"

အက်စ်ပရက်စ်စို နှင့် မုန့်လက်ကောက်
ဘာဆိုင်လို့လဲ ဟု သူ မမေးတော့။ မေကျော်က
ဒီလိုပဲ။ စိတ်ထင်ရာ လျှောက်လုပ်တတ်တာ
သူမရဲ့အကျင့်။

"ဖိုးဇော်"

"အင်း"

"ငါ ချစ်ရမယ့်သူ
တွေ့နေပြီထင်တယ်"

"အင်း"


(၅)

"ရှင့်မှာ စေ့စပ်ထားတဲ့သူ ရှိတာလား"

"အင်း .. လူကြီးမိဘတွေ စီစဉ်တာပါ .. ကိုယ့်ဆန္ဒမပါဘူး"

"ဖျက်သိမ်းလိုက်ပါ"

". . . . . . ."

"ရှင့် လက်သူကြွယ်က စေ့စပ်လက်စွပ် ပေးစမ်းပါ"

". . . . . . ."

သူမ ကတ်ကိုဘိန်း၏ လက်ကိုဆွဲ၍
လက်စွပ်ချွတ်ယူလိုက်သည်။ ထို့နောက်
သူမ,သောက်လက်စ ဝိုင်ဖန်ခွက်တွင်းသို့
ပစ်ထည့်ပြီး တရှိန်ထိုး မော့သောက်ချလိုက်လေ၏။

"ရှင့်ကို ကျွန်မ ချစ်တယ်"


(၆)

"ငါ လက်ထပ်တော့မယ် ဖိုးဇော်"

"အင်း .. ကောင်းတာပေါ့"

"ဘယ်သူလဲ .. ဘယ်ကလဲ လို့ .. မမေးတော့ဘူးလား"

"ငါမှ မသိချင်တာ"

"တားရော မတားတော့ဘူးလား"

"ငါက နင့်ရဲ့ အုပ်ထိန်းသူမှမဟုတ်တာ .. ငါက .. နင့်ရဲ့ .. နင့်ရဲ့ .."

"ဘာဖြစ်လဲ ဖိုးဇော် .. ဆက်ပြောလေ"

"ငါက နင့်ရဲ့ .. အချစ်ဆုံးသူငယ်ချင်းပဲလေ"


(၇)

သူ နာရီကို မမှိတ်မသုန် စိုက်ကြည့်နေသည်။
နေ့လည် ၁၂ နာရီထိုးရန် စက္ကန့်ပိုင်းမျှသာ
လိုတော့သည်။ နေ့လည် ၁၂ နာရီသည်
မေကျော့်မင်္ဂလာပွဲ စတင်ကျင်းပမည့်
အချိန်ဖြစ်၏။ တဖြည်းဖြည်း နီးကပ်လာပြီ။
၉ ..
၈ ..
၇ ..
၆ ..
၅ ..
၎ ..
၃ ..
၂ ..
၁ ..
.. .. .. .. ..

"ခွမ်း !!!"

သူ ဘေ့စ်ဘောရိုက်တံဖြင့် နာရီကို
အားကုန်လွှဲရိုက်လိုက်ခြင်းဖြစ်သည်။
သူ့အိမ်ခန်းလေး၏ ကြမ်းပြင်တွင်
နာရီမှန်ကွဲစများ ပြန့်ကြဲသွား၏။

"ကဲ .. အချိန်ကျပြီ မိန်းကလေး .. မင်း ဘာလုပ်ချင်လဲ"

မိန်းမပျိုသည် သူမ၏ လက်သူကြွယ်မှ
လက်စွပ်ကိုချွတ်၍ ဝိုင်ဖန်ခွက်အတွင်းသို့
ပစ်ထည့်လိုက်သည်။ ထို့နောက် သူ့ထံ
ဖန်ခွက်ကို ကမ်းပေးလိုက်၏။

"ရှင့်ကို ဒါ သောက်စေချင်တယ် ကိုဖိုးဇော် .. ပြီးရင် .."

"ကျွန်မကို နမ်းစေချင်တယ်"

ထိုမိန်းမပျိုသည် ကတ်ကိုဘိန်း၏
မတော်လိုက်ရသော ဇနီးလောင်းဖြစ်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...