Friday, June 22, 2012

ဒေါသကင်းစင် စိတ်ပျော်ရွှင်


ဒေါသ ဆိုတဲ့အရာဟာ ပုံဆွဲယူလို့၊ ဓါတ်ပုံရိုက်ယူလို့ ရတဲ့အရာမျိုးတော့မဟုတ်ပါဘူး။ ဒေါသနည်းနည်း ဖြစ်တာနဲ့ ဒေါသကြီးကြီးဖြစ်နေတာကို ဖြစ်ပေါ်နေတဲ့ဒေါသအရ ခွဲခြားနိုင်ပေမယ့် ဒြပ်ဝတ္ထုမပြနိုင်ပါဘူး။ ဒေါသ ဖြစ်လာရင်၊ ဒေါသစိတ် လူမှာဝင်လာခဲ့ရင် အများအားဖြင့် မျက်နှာနီမြန်းလာတတ်လို့ ဒေါသကို အနီရောင်လို့ ပဲ အကြမ်းဖျင်းသတ်မှတ်ကြပါတယ်။ ကျနော်အရင်တုန်းက ကြားဖူးတာတခုရှိပါတယ်။ အဲဒါကတော့ မွေးကင်းစ ကလေးတွေကို ငယ်ငယ်လေးကတည်းက အနီရောင်တွေနဲ့ပဲ ထိတွေ့ခိုင်းမယ် (ကလေးလေးရဲ့ အခန်းကို အနီရောင်ဆေးတွေသုတ်မယ်၊ သူ့ရဲ့ အနှီး၊ အ၀တ်တွေကို အနီရောင်ပဲ ၀တ်ဆင်ပေးမယ်၊ သူ့ပါတ်ဝန်းကျင်က အရာမှန်သမျှကို အနီရောင်တွေဖြစ်နေအောင် ဖန်တီးပေးထားမယ်) ဆိုရင် တရက်ထက် တရက်အသက်ကြီး လာတာနဲ့အမျှ သူ့ရဲ့ (အဲဒီ ကလေးလေးရဲ့) စိတ်ဓါတ်တွေလည်း ခက်ထန်လာတယ်၊ ကြမ်းကြုတ်လာတယ်လို့ သိပ္ပံ ပညာရှင်တွေ အတည်ပြုခဲ့တာကို ကြားဖူးခဲ့ပါတယ်။
ဒါပေမယ့် ဒေါသဆိုတာ မျိုးရိုးလိုက်တာမျိုးတော့ မဟုတ်ဘူးဗျ၊ တချို့အဖေတွေက ဒေါသကြီးပြီး၊ သားကျတော့ အေးလွန်း တာမျိုးတွေ တွေ့ဖူးကြပါလိမ့်မယ်။

ဒေါသစိတ်ဆိုတာ
  • နားနဲ့အကြား
  • မျက်စိနဲ့အမြင်
  • လူနဲ့အထိမှာ ဖြစ်ပေါ်လာတတ်ပါတယ်။
အများအားဖြင့်တော့ ဒေါသစိတ်ဟာ နားနဲ့အကြားကနေ မျက်လုံးနဲ့မြင်ပြီး ပြောကြ၊ ဆိုကြရင်း ဖြစ်လာတာ များ ပါတယ်။ စကားဆိုတာမျိုးက လွယ်လွယ်နဲ့ထွက်လို့ရတဲ့အမျိုးပါ။ လွယ်လွယ်ထွက်လို့ရတော့ သူကနေပဲ စ တော့ တာပေါ့။


ဒေါသစကား

ဒေါသစကားတလုံး ကိုယ့်နှုတ်ကထွက်သွားတာ ပိုက်ဆံလဲမပေးရဘူး၊ လွယ်လဲ လွယ်တယ်၊ ဒါပေမယ့် အပြောခံရ သူများရဲ့ နားထဲမှာတော့ ခါးသီးပူစပ်လှပါတယ်။ အပြောခံရတဲ့သူဟာ တကိုယ်လုံး တုန်ခါသွားတဲ့အထိတောင် ဖြစ်တတ်ကြပါတယ်။ ပြန်စဉ်းစားမိတိုင်းလဲ ပူလောင်နေမှာပါပဲ။ ဒေါသစကားကြားလို့ ဒေါသစိတ်ဝင်လာရင် ပြော သူရော၊ ပြောခံရတဲ့သူပါ စိတ်ယုတ် စိတ်ညံ့တွေဝင်လာတတ်ပါတယ်။ ဒေါသစိတ်ဝင်လာပြီဆိုရင် အမှားအမှန် ခွဲခြားလို့မရတော့ပါဘူး။ ကိုယ်ပြန်ပြောတဲ့ စကားလဲ ဒေါသစကားတွေ ဖြစ်လာမယ်။ ကိုယ်ပြန်လုပ်တဲ့ အလုပ်တွေ လဲ ဒေါသအလုပ်တွေဖြစ်ကုန်ရော။ ဒေါသစိတ်ဆိုတာဟာ ဖြည်းဖြည်းချင်းလည်း ပူးတတ်ပါတယ်။ ဟောခနဲ၊ ဒိုင်း ခနဲလည်း ၀င်ပြီးပူးတတ်ပါတယ်။ စ ပူးချိန်မှာလည်း ဘာကိုမှ သတိမရတတ်တော့ပါဘူး။ တချို့လူတွေဆို ဒေါသ၀င်ပူးတာ သိပ်မြန်ကြပါတယ်။ အသေးအဖွဲကိစ္စတွေ မှာလည်း ဒေါသဖြစ်တတ်ကြတယ်။ ကာယကံမြောက်မဟုတ်ဘဲ ဒေါသစကားကြောင့် တသက်လုံး စိတ်နာသွား တဲ့လူတွေလဲ ဒုနဲ့ဒေးပါပဲ။

မုသားစကားရဲ့သက်တမ်းဟာတိုတယ်။ 
သစ္စာစကားရဲ့သက်တမ်းဟာရှည်တယ်။
 ဒေါသစကားရဲ့သက်တမ်းဟာ ချက်ချင်းပျက်စီးပါတယ်။

ကိုယ့်ဒေါသစကားတွေကို ထိန်းနိုင်ခြင်းဟာ မွန်မြတ်တဲ့ အောင်နိုင်ခြင်းတမျိုးပါ။

ဒေါသအပြုအမူ

သေသေချာချာ ပြန်စဉ်းစားကြည့်ရင်ဒေါသအပြုအမူမှန်သမျှဟာ အောက် တန်းကျတယ်လို့ပြောလို့ရမယ်ဗျ။ ရုန့်ရင်းကြမ်းတမ်းစွာစကားပြောမယ်၊ ဆဲ မယ်၊ ဆိုမယ်၊ ကြုံးဝါးမယ်၊ ခြိမ်းခြောက်မယ်၊ ညစ်ညမ်းစုတ်ပဲ့စွာပြော မယ်ပေါ့။ ပြီးတော့ ရိုက်မယ်၊ ထိုးမယ်၊ သတ်မယ်၊ တဘက်က ကွဲပြဲအထိနာမှ အားရကျေနပ်မယ်။ ဒါတွေကို ဒေါသပြေလို့ ပြန်တွေးကြည့်မယ်ဆိုရင် ရှက်စရာသိပ်ကောင်းပါတယ်။ ဒေါသအပြုအမူကြောင့်
သိက္ခာပျက် သမာဓိပျက် ဟန်ပျက် စီးပွားပျက်အပေါင်းအသင်းပျက်ပါပဲ။

အဲဒီလို အပျက်သဘောဆောင်တဲ့ ဒေါသကို ဘာလို့ထားနေဦးမှာလဲဗျာ။



ဒေါသကို ဘယ်လိုထိန်းမလဲ


ဒေါသဖြစ်လာပြီး ဒေါသနောကိုလိုက်မိမယ်ဆိုရင်တော့ အမှားတွေဆက်ဖြစ်မယ်။ အကုသိုလ်ဖြစ်မယ်။ ဆုံးရှုံး ကြေကွဲရမယ်။ ပူလောင်တဲ့ နောင်တတွေ ဖြစ်ရတော့မယ်။ ဒေါသကို ထိန်းတဲ့နေရာမှာလဲ အမျိုးမျိုးရှိပါတယ်။
  • ခေါင်းကနေ ရေလောင်းပြီးချိုးလိုက်ပါ။
  • ကိုယ်စိတ်ဝင်စားမယ့် စာအုပ်ကိုဖတ်နေလိုက်ပါ။
  • တခြားလူတွေနဲ့စကားသွားပြောနေလိုက်ပါ။ (ဒေါသပြန်ဖြစ်ရမယ့် အကြောင်းတော့ မပြောနဲ့ပေါ့)
  • ရုပ်ရှင်၊ ဘောလုံးပွဲ ကြည့်စရာ တခုခုသွားကြည့်နေလိုက်ပါ။
  • အိမ်၊ ခြံသန့်ရှင်းရေး လုပ်နေလိုက်ပါ။
  • ဘုရား၊ စေတီ တဆူဆူမှာ သွားထိုင်နေလိုက်ပါ။
ဒါတွေက တနုံ့နုံ့နဲ့ဖြစ်နေတဲ့ဒေါသခပ်နည်းနည်းကို ဖြေတဲ့နည်းလမ်းတွေပါ။ သိပ်ပြီးမခံမရပ်နိုင်အောင်၊ ရိုက်နှက် သတ်ဖြတ်ချင်နေလောက်အောင် ဖြစ်နေမယ်ဆိုရင်တော့

  • ဒေါသကင်းစင်တဲ့ ဘုရားရှင်ကို အာရုံပြုလိုက်ပါ။
  • မိမိဒေါသဖြစ်တဲ့လူနဲ့ လုံးဝမတွေ့မိအောင်ရှောင်ပါ။
  • တရားရုံးတွေ၊ ထောင်တွေရောက်မှာကို ကြိုတွေးပါ။
  • ဖြစ်ခဲ့တဲ့အကြောင်းမှာ သူပဲမှားမှား၊ ကိုယ်ကပဲမှားမှား အဲဒီအမှား စဖြစ်တာကိုတွေးပြီး ဆုံးဖြတ်ချင့်ချိန်ပါ။
  • တခြားမြို့ရွာကို ခေတ္တခဏထွက်သွားနိုင်ရင်လည်းကောင်းပါတယ်။
  • ဒေါသကိုချုပ်တယ်ဆိုတာကို လွယ်လွယ်ပြောရရင် အတွေးကိုချုပ်တည်းတာပါပဲ။ ဒေါသဖြစ်မယ့်အတွေးကို ချုပ်နိုင်သမျှချုပ်ပါ။ မတွေးပါနဲ့။ ဖြေနိုင်သမျှ တရားနဲ့ဖြေပါ။ တွေးပြီးရင်းတွေးရင်း မလုပ်ပါနဲ့။ သူများချွတ်ယွင်း တာကိုလိုက်ပြီးစဉ်းစားမနေပါနဲ့၊ မိမိကိုယ်တိုင် မချွတ်ယွင်းဖို့က အရေးကြီးပါတယ်။ စိတ်ဆိုးတယ်ဆိုတာ မူလက ရှိနှင့်တာမျိုးမဟုတ်ပါဘူး။ စကားဟာ နည်းနည်းပဲ ပြောတာကောင်းပါတယ်။ ဒါပေမယ့် နည်းနည်းပဲ ပြောတဲ့ စကားဟာ ကောင်းရာမွန်ရာရောက်ဖို့အရေးကြီးပါတယ်။ ဒေါသစကားဖြစ်နေရင်တော့ နည်းနည်းပဲပြောပြော၊ များများပဲ ပြောပြော ဘယ်တော့မှ မကောင်းပါဘူး။ ပါးစပ်တပေါက်နဲ့ နားနှစ်ပေါက်ရှိတာကို ကြည့်ခြင်းအားဖြင့် တဆသာပြောပြီး နှစ်ဆနားထောင်ရမယ်ဆိုတာကို သတိထားပေးပါ။ စကားဝိုင်းတွေနဲ့တွေ့ရင် နားထောင်ချိန် အများဆုံးထားပါ။ ပြောချင်ရင် တဦးစကားဆုံးမှ ပြောပါ။ ဇွတ်မငြင်းပါနဲ့။ အငြင်းသန်လာရင် ကိုယ်ရည်သွေးတဲ့ စကားကပါစမြဲပါ။ ဒေါသစကားမျိုးပြောလာရင်တော့ ကိုယ့်စကားမှန်ပါလျက်နဲ့ အမှားတွေဖြစ်သွားတတ်ပါတယ်။ ကိုယ့်ကိုဒေါသနဲ့ပြောတာမကြိုက်ရင် သူများကိုလည်းဒေါသနဲ့မပြောပါနဲ့။ မကောင်းတာကို ကိုယ်ကိုယ်တိုင် မကြိုက်ရင် တခြားလူလည်းကြိုက်မှာ မဟုတ်ဘူးဆိုတာ ကိုယ်ချင်းစာကြည့်ပါ။ ကလေးတွေတောင်မှ ဒေါသနဲ့ ဆူပူဆုံးမရင် နားမ၀င်ကြတာများပါတယ်။ အဲဒါကြောင့် အကျိုးအကြောင်းနဲ့ ထောက်ပြီးစကားပြောဖို့ အလွန် အရေးကြီးပါတယ်။ 

    ဒေါသစကားကို ထိန်းနိုင်တာ .............. 
    အသိတရား (သတိ)
     ဒေါသမထွက်အောင် အောင့်ထားနိုင်တာ...............
    အသိတရား (သတိ)။ 
    အဲဒါကြောင့် အသိတရား (သတိ) ရှိရင်တော့ ဒေါသဆိုတာ ကပ်နိုင်တော့မှာမဟုတ်ပါဘူး။

    ဒေါသစကား
    မြဲရှောင်ရှားမှ 
    အများချစ်ခင် 
    လူရာဝင်။

     သုတေသီ ဘုန်းမြင့်သွေး ရေး ထားတဲ့ ဒေါသကင်းစင် စိတ်ပျော်ရွှင်ဆိုတဲ့ စာအုပ်လေးမှ 
    အရူးလေးရဲ့ တောင်ပေါ်ရွာ ဆိုက်မှ ပြန်လည်မျှဝေမိတာပါ။။။


    ဒေါသရဲ့ နောက်ဆက်တွဲ အကျိုးတရားများကို ဒေါသအလျှောက် အမှားလုပ်မိသူတိုင်းသိကြမှာပါ။
    ကျနော်များအားလုံးဟာ လူသားတွေသာ ဖြစ်ကြတာမို့ ဒေါသဆိုတာနှင့် ကြုံတွေ့နေကြဦးမှာပါ။။။ 

    မိမိတို့ရဲ့ ဒေါသစိတ်ကို ထိန်းချုပ်နိုင်သူများဖြစ်ကြပါစေလို့...

    0 comments:

    Post a Comment

    စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

    Followers

    Total Pageviews

    အမှာပါးစရာများရှိနေရင်

    Pop up my Cbox

    Blog Archive

    အက်ဒမင်

    အခြားကဏ္ဍများကို လေ့လာရန်

    ရှာဖွေလေ တွေ့ရှိလေ

    စာပေမြတ်နိုးသူများ

    free counters
    Related Posts Plugin for WordPress, Blogger...