Friday, June 22, 2012

23.06.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Friday, June 22, 2012 at 4:18pm ·

စစ်တွေအခြေအနေ စိတ်မချရသေး
By ကိုဇော်ဝင်းလှိုင်
  • ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်ဆူပူမှုတွေဟာ အဆိုးဆုံးအခြေအနေကို ကျော်လွန်ခဲ့ပေမယ့် အပြည့်အ၀ ပုံမှန်ပြန်မဖြစ်သေးတဲ့အတွက် ဒုက္ခသည်တွေဟာ နေရပ်ကို မပြန်နိုင်သေးဘဲ ဖြစ်နေကြပါ တယ်။ မနေ့ကဆိုရင် စစ်တွေမြို့အတွင်းမှာ အိမ်တချို့ မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် အတွင်းက နောက်ဆုံးအခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် စုံစမ်းထားပြီး တင်ပြပေးထား ပါတယ်။
ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကြောင့် လူ အနည်းဆုံး ၅၀ လောက် သေဆုံးခဲ့ရတဲ့အထိ အခြေအနေတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့ရာက အခုပြန်ပြီး တည်ငြိမ်စ ပြုလာနေပြီလို့ ပြောနိုင်ပေမယ့်လည်း လုံးဝ တည်ငြိမ်သွားတာတော့ မဟုတ်သေးပါဘူး။
စစ်တွေမြို့ပေါ်မှာ မနေ့က မီးရှို့မှု နှစ်ခါဖြစ်ခဲ့တယ်လို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက စစ်တွေမြို့ ကိုယ်စားပြု ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပြပါတယ်။
“မနေ့က ဘင်္ဂလီကုလားတွေကနေ လာမီးရှို့လို့ မီးသတ်ကားနဲ့ မီးငြိမ်းလိုက်လို့တော့ ငြိမ်သွားပါတယ်။ သူတို့လည်း မီးရှို့ပြီးထွက်ပြေးသွားရော၊ အဲလိုမျိုးအခြေအနေဖြစ်နေတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ အိမ်တအိမ်လောက်ပဲ၊ ပတ်ဝန်းကျင်က သိတာမြန်လိုက်လို့၊  ရှို့တဲ့လူတွေက ထွက်ပြေးပြီး သူတို့ရဲ့ ဘင်္ဂလီကျေးရွာထဲကို တင်းကို ဝင်ပြေးသွားတော့ လိုက်ဖမ်းလို့ မရနိုင်ဘူး။ ညဘက်ဆိုတော့-ညမထွက်ရ ဆိုတော့ လိုက်လည်း မလိုက်ရဲဘူး၊ ဒီကရွာသားတွေက အဲဒီလို ဖြစ်တာ။ ညဘက်ဖြစ် တယ်၊ နေ့လည်ပိုင်းလည်း တကြိမ်ဖြစ်တယ်။”
အခုလို အိမ်တွေကို မီးရှို့တာတွေ ရှိခဲ့ပေမယ့်လည်း ထိခိုက် ဒဏ်ရာရတာ၊ ဆူပူ အုံကြွတာတွေတော့ မဖြစ်ခဲ့ဘူးလို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။
ဒီကနေ့တော့ အခြေအနေတွေဟာ တည်ငြိမ်မှု ရှိတယ်ဆိုပေမယ့် အိုးအိမ်စွန့်ခွာပြီး တိမ်းရှောင်နေကြတဲ့ သူတွေဟာ အခုလို ကြိုကြား ၀င်ရောက် မီးရှို့တာတွေ ဖြစ်နေသေးတဲ့အတွက် နေရပ်မပြန်ရဲသေး ဘဲ ဖြစ်နေကြသလို့ မြို့ပေါ်မှာတောင် အာဏာပိုင်တွေဖက်က လုံခြုံရေးကို အပြည့်အ၀ ယူမပေးနိုင်တဲ့ အတွက် စိုးရိမ် ပူပန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မနေ့တုန်းကတော့ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်လို့ နေရပ်ပြန်ချင်သူတွေ ပြန် နိုင်အောင် စီစဉ်ကူညီပေးနေတဲ့အကြောင်း ပြည်နယ်အစိုးရရဲ့ ကယ်ဆယ် အကူအညီပေးရေး တာဝန်ရှိ သူတွေက မနေ့ကပဲ ဗွီအိုအေကို ပြောခဲ့တာပါ။
တချိန်တည်းမှာလည်း အခုလို အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့သူတွေ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး ကလည်း မြို့နယ် အတော်များများအတွင်းကို ပို့ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Carlos Valoso က ဗွီအိုအေကို ပြောပြပါတယ်။
“မနေ့ညကအထိတော့ ကျနော်တို့ WFP အနေနဲ့ စစ်တွေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေကို စားနပ်ရိက္ခာ မက်ထရစ်တန်ချိန် ၄၅၉ တန်နီးပါး အကူအညီပေးပြီးနေပါပြီ။”
အရင် ရက်တွေတုန်းကတော့ တချို့ ဒေသတွေကို စားနပ်ရိက္ခာနဲ့ တခြားအကူအညီတွေ ပို့ပေးဖို့အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း အခုအချိန်မှာ သူတို့အနေနဲ့ မြို့တော် စစ်တွေအပါအ၀င် ဘူးသီးတောင်၊ မောင်းတောဒေသတွေ အထိ အကူအညီတွေကို အခက်အခဲ မရှိပဲ ပို့ပေးနိုင်တယ်လို့ Carlos Valoso က ပြောပါတယ်။
WFP က အခုပေးနေတဲ့ အကူအညီတွေထဲမှာ ဆန်၊ ပဲ၊ ဆီနဲ့ ဆားတို့ဖြစ်ပြီး အကူအညီလိုနေသရွေ့ ဆက်ပြီး ထောက်ပံ့ပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း Carlos Valoso က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရင်က နာဂစ်လို သဘာဝ ဘေးအန္တရာယ်ကြီးတွေ ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိ ခဲ့ပေမယ့် အရင်က အတွေ့အကြုံတွေကို သင်္ခန်းစာယူပြီး ရောက်လာတဲ့ အကူအညီတွေကို အမြန် ဆုံး ဖြန့်ဝေပေးနိုင်ခြင်း မရှိသေးဘူးလို့ အဲဒီ ဒေသကို ကိုယ်တိုင်သွားပြီး အကူအညီပေးခဲ့သူတွေ က ထောက်ပြကြပါတယ်။
“ကျနော်တို့တွေ့တာတော့ လှူတဲ့ဥစ္စာတွေကတော့ အများကြီးပဲ၊ ဒါပေမဲ့ နာဂစ်တို့၊ ဂီရိတို့လည်း ဖြစ်ခဲ့ဖူးပြီး သား၊ ကျနော်တို့ဆီမှာ အခုထိ crisis management ပေါ့– disaster management ကို အမြဲတမ်း တုံ့ပြန်တာကတော့ နှေးတယ်လို့ ကျနော်တို့ကတော့ ထင်တယ်ခင်ဗျ။ အမှန်ကတော့ မီးလောင်တဲ့ ရပ်ကွက်တွေ ဘာတွေဆိုလည်း ရှင်းလင်းရေးလုပ်ငန်းတွေ ဘာတွေလည်း လုပ်နေကြတာပေါ့နော်။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့သူတွေ အတွက်ရော အခုလတ်တလောတော့ မိုးတွေက ရွာ၊ နေစရာအခက်အခဲတွေ ကဖြစ်ပြီးတဲ့အခါကျတော့ sanitary (အများသုံးအိမ်သာ) ကိစ္စတွေ ဘာတွေက အစ အဆင်မပြေဘူးခင်ဗျ၊ ကျနော်တို့ သွားတဲ့နေရာတွေဆိုလို့ရှိရင် ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းတွေဆို အနံ့အသက်တွေက မခံနိုင်လောက်အောင်ဖြစ်နေပြီ။ ”
တဦးနဲ့တဦး ပျက်ဆီးဆုံးရှုံးရတဲ့ အတိုင်းအတာကမတူတဲ့အတွက် အစိုးရက တန်းတူညီမျှ အားလုံးကို အကူအညီတွေ ဝေမျှပေးနေသလိုမလုပ်ဘဲ  လိုအပ်တဲ့သူတွေလက်ထဲ အကူအညီတွေ တိုက်ရိုက်ပေးကြဖို့ ဒုက္ခသည်တွေကိုယ်တိုင်က အကြံပေးတာမျိုးတွေ ရှိတယ်လို့လည်း ကူညီ လုပ်ဆောင်ပေးနေသူတွေက ဗွီအိုအေကို ပြောပါတယ်။

ပါကစ္စတန်မှာ ဝန်ကြီးချုပ်လောင်း လျာထားသူ ဖမ်းဝရမ်း ထုတ်ခံရ
ဝန်ကြီးချုပ်အဖြစ် ရာထားခံရအပြီး တရက်အကြာ မှာပဲ ရှာဟာဘူဒင် ဖမ်းဝရမ်း ထုတ်ခံရ
ပါကစ္စတန်နိုင်ငံမှာ အစိုးရရဲ့ Pakistan People’s Party ( PPP ) ကနေ ဝန်ကြီးချုပ်အဖြစ် လျာထားတဲ့ မာခ်ဒွမ်းမ် ရှာဟာဘူဒင် ( Makhdoom Shahabuddin) ကို တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါတယ်။
မာခ်ဒွမ်းမ် ရှာဟာဘူဒင် ကို အခုလို ဖမ်းဝရမ်း ထုတ်လိုက်တာဟာ မူးယစ်ဆေး ထုတ်ရာမှာ အသုံးပြုတဲ့ ephedrine လို့ခေါ်တဲ့ တားမြစ်ဆေးတမျိုး နိုင်ငံထဲ တင်ပို့ခဲ့မှု ကိစ္စအပေါ် စုံစမ်းစစ်ဆေးနေမှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
သူ ကျန်းမာရေး ဝန်ကြီး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့စဉ် ၂၀၁၀ ခုနှစ်တုန်းက အဲဒီ တားမြစ်ဆေးဝါး နိုင်ငံထဲ တင်ပို့မှု ကန့်သတ်ထားချက်တွေကို ချိုးဖေါက်ခဲ့တယ်ဆိုပြီး အစွပ်စွဲ ခံထားရတာပါ။
မစ္စတာ ရှာဟာဘူဒင် ကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပြီး တကယ်တမ်းမှာ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှု လုပ်ဖို့ သူကိုယ်တိုင်က ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ယူဆွစ်ဖ် ရာဇာ ဂီလာနီ ( Yousuf Raza Gilani ) ကို ဝန်ကြီးချုပ်အဖြစ်ကနေ ပယ်ဖျက်လိုက်ကြောင်း အင်္ဂါနေ့တုန်းက တရားရုံးချုပ်က ထုတ်ဖေါ် ကြေညာလိုက်တဲ့ အတွက် ဝန်ကြီးချုပ် ရာထူး နေရာ လစ်လပ်သွားခဲ့အပြီး မနေ့ညကပဲ မစ္စတာ ရှာဟာဘူဒင်ကို ဝန်ကြီးချုပ် လောင်းအဖြစ် ရာထားလိုက်တယ်လို့ PPP ပါတီက ထုတ်ဖေါ် ကြေညာခဲ့တာပါ။
သမ္မတ အာဆစ်ဖ် ဇာဒါရီ (Asif Zadari) အပေါ် အဂတိ လိုက်စားမှု စွဲချက် ကိစ္စ ပြန် အမှုဖွင့်ဖို့ ဝန်ကြီးချုပ်ဂီလာနီက ငြင်း ဆိုခဲ့တဲ့အတွက် တရားရုံးကို မထီမဲ့မြင် ပြုတယ် ဆိုပြီး အခုလို ဝန်ကြီးချုပ် ရာထူးကနေ ပယ်ဖျက်တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာပါ။
ဝန်ကြီးချုပ် ဂီလာနီ နေရာမှာ ဝန်ကြီးချုပ်သစ် အစားထိုး ခန့်အပ်ဖို့ ပါလီမန်မှာ သောကြာနေ့မှာ မဲခွဲ ဆုံးဖြတ်ကြမှာပါ။
ရှာဟာဘူဒင်ကို အခုလို ဖမ်းဝရမ်း ထုတ်လိုက်ခြင်းအားဖြင့် သူ့ကို ဝန်ကြီးချုပ် လောင်း အဖြစ် ရာထားမှုအပေါ် ထိခိုက်မှုတွေ ရှိမလား ဆိုတာကို အသေအချာ မသိရသေးပါဘူး။
တကယ်လို့ မစ္စတာ ရှာဟာဘူဒင်သာ ဝန်ကြီးချုပ် ဖြစ်လာမယ် ဆိုရင်လည်း သမ္မတ ဇာဒါရီအပေါ် အဂတိ လိုက်စားမှု စွဲချက် ကိစ္စ ပြန်အမှုဖွင့်ဖို့ မစ္စတာ ဂီလာနီကို တရားရုံးချုပ်က တောင်းဆိုသလို မစ္စတာ ရှာဟာဘူဒင်ကိုလည်း တောင်းဆိုမယ့် ပုံ ရှိပါတယ်။
သမ္မတ ဇာဒါရီကတော့ သူ့အပေါ် စွဲဆိုတဲ့ စွဲချက်တွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ် နေတယ်လို့ အခိုင်အမာ ပြောနေပါတယ်။
မစ္စတာ ဂီလာနီကို ဝန်ကြီးချုပ် အဖြစ်ကနေ ပယ်ဖျက်လိုက်တာဟာ အစိုးရနဲ့ တရားစီရင်ရေး စနစ်အကြား ကာလတာရှည် ဖြစ်ပွားနေတဲ့ ခါးသည်းတဲ့ ရန်ငြိုးရန်စတခုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ အများက ယူဆနေကြပါတယ်။

တောင်ပေါ်လူငယ်တွေ ဆေးဝင်ခွင့်ရဖို့
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တွေက ဆယ်တန်းအောင် တဲ့ လူငယ်တွေထဲက ဆေးတက္ကသိုလ် ဝင်ခွင့် အမှတ် မမီပေမယ့် သင့်တော်တဲ့ အမှတ်ရရင် အထူး အစီအစဉ် အနေနဲ့ တက်ခွင့် ပြုမယ်လို့ ဆေးသိပ္ပံ ပညာဌာန က ပြောကြား ပါတယ်။
ဒါဟာ ဝေးလံတဲ့ နယ်တွေမှာ လူထု ကျန်းမာရေး စောင့်ရှောက်မှု အားဖြည့်ဖို့ အပြင် ဒီနယ်တွေက လူငယ်တွေ ဆေးပညာ သင်ခွင့် ပိုရလာရေးလဲ ရည်ရွယ်ပါတယ်။
ဒီလူငယ်တွေကို အဖွဲ့နဲ့ စီစဉ် ရွေးချယ်ပီး ဆရာ တွေက ကြပ်မတ် သင်ကြား ပေးသွားမယ် လို့လဲ သိရပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေ အရ နာဂ၊ ဓနု၊ ပလောင်၊ ပအိုဝ်း ၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဆိုပီး ဖွဲ့စည်း သတ်မှတ် ထားပါတယ်။ 

ဆီးရီးယား စစ်မြေပြင် က မီးခိုးလုံးများဆီးရီးယား လေယာဉ်မှူး ဂျော်ဒန် ထွက်ပြေး
M 21 တိုက်လေယာဉ် မောင်းပြီး ဆီးရီးယား လေတပ်က ဗိုလ်မှူးကြီး တယောက် ဂျော်ဒန် မှာ ခိုလှုံခွင့် တောင်းခဲ့ပါတယ်။
ဆီးရီးယား ဘက်က လေယာဉ် ပြန်တောင်းပေမယ့် ဂျော်ဒန် အစိုးရက သူ့ကို လက်ခံ ခိုလှုံခွင့် ပေးခဲ့ ပါတယ်။
ဆီးရီးယား သမ္မတ အာဆတ် ဆန့်ကျင် ဆန္ဒပြ နေကြတာ တနှစ် ကြာပြီးနောက် ပထမဆုံး ထွက်ပြေးတဲ့ လေယာဉ်မှူး ဖြစ်ပြီး ဟာဆန် ဟာမန်ဒါ လို့ ခေါ်ပါတယ်။
ဆီးရီးယား လေတပ်ဟာ အာဆတ်ကို ခုထိ သစ္စာခံ နေတုန်း ဖြစ်ပါတယ်။
ဟုမ်းစ် ဒမတ်စကတ် ဒဲရာ စတဲ့ မြို့တွေပေါ် မနေ့က ဗုံးအကြီးအကျယ် ချလို့ လူ ၉ဝ သေတယ်လို့လဲ အတိုက်အခံ ဘက်က ဆိုပါတယ်။ 

အစိုးရ ဘဏ္ဍာရေး ဌာန တွေ ပိုချုပ်ကိုင်ဖို့ လိုဥရောပ စီးပွားရေး ပူးပေါင်းကြဖို့ နှိုးဆော်
ဥရောပ နိုင်ငံတွေ အချင်းချင်း စီးပွားရေး ပိုမို ပူးပေါင်း ဆောင်ရွက်မှသာ ဘဏ္ဍာရေး အကျပ်အတည်းကို ကိုင်တွယ် နိုင်လိမ့်မယ်လို့ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က နှိုးဆော် ခဲ့ပါတယ်။
ဘဏ် ထိန်းချုပ် လည်ပတ်မှု မှာသာမက အစိုးရ ဘဏ္ဍာရေး ဌာန တွေကို ပိုပီး ချုပ်ကိုင် လာတာမျိုး တွေ လုပ်ဖို့ လိုနေပီလို့ ဥရောပ ဘဏ္ဍာရေး ဝန်ကြီးများ အဖွဲ့ အစည်းအဝေး အပီးမှာ IMF အကြီးအကဲ မစ္စ ခရစ္စတင်း လားဂါ့က ဆိုပါတယ်။
ဒီ အကြံပြုချက်ဟာ နိုင်ငံရေး ပါဝင်မှု နက်ရှိုင်း လာဖို့နဲ့ စီးပွားရေး ပူးပေါင်းမှု အပြည့်အဝ ရှိတဲ့ ဥရောပ ပြည်ထောင်စု ဖြစ်လာဖို့ ရည်ရွယ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
တဆက်ထဲ အစိုးရသစ် တက်လာပီးနောက် ဂရိ ကယ်ဆယ်ရေး အကူငွေ ကိစ္စ စကားပြောဖို့ အေသင်ကို ကိုယ်စားလှယ် အဖွဲ့ လွှတ်မယ် လို့လဲ ယူရိုဇုန် ဝန်ကြီးများ အဖွဲ့က ဆိုပါတယ်။
ဒီအကူအညီ အတွက် လိုက်နာရမယ့် စည်းမျဉ်းတွေ လျှော့ပေးလိမ့်မယ်လို့ အစိုးရသစ်က မျှော်လင့် နေတာပါ။
IMF ၊ ဥရောပ ကော်မရှင်နဲ့ ဥရောပ ဗဟိုဘဏ် သုံးပွင့်ဆိုင် အဖွဲ့ကနေ ချိုး ခြံ ချွေတာရေး အကူအညီ လိုက်နာမှု တိုးတက်လာလား လေ့လာခိုင်းမယ်လို့လဲ သိရပါတယ်။
စပိန် အစိုးရ ဆီက ကယ်ဆယ်ရေး အကူအညီ တရားဝင် တောင်းခံ လာဖို့လဲ ယူရိုဇုန် အဖွဲ့က မျှော်လင့် နေပါတယ်။

ထောင်ဒဏ်ချမှတ်ဖို့ ဘရေးဗစ် လျှောက်လဲ
နိုင်ငံရေး အတွက် တမင် ရည်ရွယ်ပြီး လူသတ်ခဲ့တာ လို့ ဘရေးဗစ် ကဆို
နော်ဝေ နိုင်ငံမှာ Anders Behring Breivik ရဲ့ အမှုကို ရက်သတ္တ ဆယ်ပတ်ကြာ စစ်ဆေး ပြီးတဲ့ နောက်ပိုင်းမှာ သူ့ရှေ့ နေ တွေက သူဟာ စိတ်မနှံ့သူ တဦး မဟုတ်ကြောင်း နဲ့ သူ့ကို ထောင်ဒဏ် အပြစ်ပေးဖို့ လျှောက်လဲ ခဲ့ကြ ပါတယ်။
Anders Breivik က နောက်ဆုံး ထွက်ဆိုချက် ပေးတဲ့ အချိန်မှာ အသတ်ခံ ရသူ တွေရဲ့ မိသားစု တွေနဲ့၊ မသေဘဲ လွတ်မြောက် ခဲ့သူတွေ အများ အပြား ဟာ တရားခွင် ကနေ ထွက်သွား ခဲ့ကြ ပါတယ်။
သူက မနှစ် တုန်းက တိုက်ခိုက်မှု နှစ်ခုမှာ ဆယ်ကျော်သက် အရွယ် လူငယ် အများအပြား ပါဝင်တဲ့ လူ ၇၇ ဦးကို သတ်ဖြတ် ခဲ့တယ်လို့ ဝန်ခံ ထားပါတယ်။
သူ့ကိုယ်သူ နိုင်ငံရေး အရ အကြမ်းဖက်သူ တဦး ဖြစ်တယ်လို့ ဆိုရင်း လူသတ်တာဟာ မှားမှန်း သိပေမယ့် တမင် အဲဒီ လမ်းကို ရွေးချယ် ခဲ့တာလို့ ဆိုပါတယ်။
တရားစွဲ သူတွေ ဖက်ကတော့ သူဟာ စိတ်မနှံ့သူ တဦး ဖြစ်တယ်လို့ ဆုံးဖြတ် စေချင် နေပြီး သူ့ကို စိတ္တဇ ဆေးရုံကို ပို့စေချင် နေတာ ဖြစ်ပါတယ်။

ဘာလီအကြမ်းဖက်သမားကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်
By ဗွီအိုအေ (မြန်မာဌာန)
  • လူပေါင်း ၂၀၂ ယောက် သေဆုံးခဲ့တဲ့ ၂၀၀၂ ခုနှစ် ဘာလီ ညကပွဲရုံ တိုက်ခိုက်မှုမှာ ကားဗုံးထောင်ဖို့ ကူညီခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အင်ဒိုနီးရှား စစ်သွေးကြွတဦးကို တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
အင်ဒိုနီးရှားသတင်းတွေမှာ ဖောက်ခွဲရေးသမားလို့ နာမည်တပ်ခံရတဲ့ Umar Patek ဟာ ကြိုတင်ကြံရွယ်စီစဉ်တဲ့ လူသတ်မှုနဲ့ ဗုံးတွေလုပ်ပြီး တရားမ၀င် လက်နက်ကိုင်ဆောင်မှု အပါအ၀င် တခြား စွပ်စွဲချက်တွေနဲ့ စွဲချက်တင် ခံခဲ့ရတာဖြစ်ပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ သူ့မှာ အပြစ်ရှိကြောင်း အင်ဒိုနီးရှား တရားရုံးက ချမှတ်ခဲ့သလို ၂၀၀၀ ခုနှစ် ခရစ္စမတ်အကြိုညက ဂျကာတာမြို့မှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းတွေကို တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့မှုနဲ့ အပြစ်ရှိကြောင်းလည်း ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေ အများစု အသတ်ခံခဲ့ရတဲ့ ဒီ ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တာနဲ့ပတ်သက်လို့ နောင်တ အကြီးအကျယ်ရမိပါတယ်လို့ ပြောလာခဲ့တဲ့  Patek ကို တရားလိုရှေ့နေတွေက သေဒဏ်အပြစ်ပေးမယ့်အစား ထောင်ဒဏ် တသက်ချမှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
Patek ဟာ အယ်လ်ခိုင်းဒါးအဖွဲ့နဲ့ ဆက်စပ်နေတဲ့ Jemaah Islamiyah အဖွဲ့က ဦးဆောင် အဖွဲ့ဝင် တယောက် ဖြစ်ပါတယ်။ အယ်လ်ခိုင်းဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ကို အမေရိကန် တပ်ဖွဲ့တွေ သုတ်သင်ခဲ့တဲ့ ပါကစ္စတန် အနောက်မြောက်ပိုင်းမြို့မှာပဲ သူ့ကို ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉၀ ခန့် လူဝင်မှုဥပဒေအရ ထောင်ဒဏ်ချမှတ်
By နိုင်ကွန်းအိမ်
  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သဲခုန်ကျေးရွာကိုဆိုက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရ်နိုင်ငံသား (၈၄) ဦးကို မြန်မာ အာဏာပိုင်တွေကနေ ဖမ်းဆီးခဲ့ပြီး လူဝင်မှု ကြိကြပ်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ် တနှစ် ချမှတ်ခဲ့ပါ တယ်။ ထောင်ချခံဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့လက မွန်ပြည်နယ်အတွင်းကို ဒုက္ခသည် အဖြစ် ၀င်ရောက်လာခဲ့ပြီး ပြန်လည်လွှတ်ပေးရာကနေ အခုတဖန်ပြန်လည်ဝင်ရောက်လာတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သဲခုန်တံငါစခန်းကိုရောက်လာတဲ့ စက်လှေတစ်စီးပေါ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ရေးမြို့နယ် လူဝင်မှုကြိကြပ်ရေး ဌာနနဲ့ မြို့နယ်ရဲစခန်းတွေကနေ တရားမ၀င် ပြည်တွင်း ခိုးဝင်မှုဥပဒေနဲ့ အပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ရေးမြို့၊ မြို့မရဲစခန်းကနေ အတည်ပြု ပြောဆိုခဲ့ ပါတယ်။
မြန်မာ့ပင်လယ်ပြင်ပိုင်နက်ထဲကို ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို လူဝင်မှုကြိကြပ်ရေး အက် ဥပဒေပုဒ်မ ၁၃/၁ နဲ့ အရေးယူခဲ့တယ်လို့ ရေးမြို့၊ မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“ဘင်္ဂလား ဘင်္ဂလီလူမျိုးတွေကို ကျနော်တို့ မော်လမြိုင်အကျဉ်းထောင်ကို ပို့လိုက်ကုန်ပြီ၊ ထားဝယ်အပိုင် ကနေ မိတာ။ ထောင်ဒဏ် တနှစ်စီ ချလိုက် တယ်။ လ.၀.က Act နဲ့။ လှေပေါ်မှာအားလုံး (၈၄) ယောက်။ ပြီးခဲ့တဲ့အပတ်က ဟိုဥစ္စာပဲပြန်မိတာ။”
ဒီတရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ပြီးခဲ့တဲ့အင်္ဂါနေ့က ရေးမြို့နယ် တရားရုံး ကနေ အားကစားရုံအတွင်းမှာ ယာယီတရားရုံး ဖွင့်ပြီး စီရင်ချက်ချမှတ်ခဲ့ပြီးတော့ ဇွန်လ (၁၉) ရက်နေ့ မှာ မော်လမြိုင် အကျဉ်းထောင်ကို ပို့ခဲ့တယ်လို့ ရေး မြို့မရဲစခန်းအရာရှိတစ်ဦးက ပြောပါတယ်။
တကယ်တော့ ဒီဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ မေလ (၂၃) ရက်နေ့ကတည်းက စက်လှေ ပျက်ပြီး ရေးမြို့နယ် ငါးမျှားစခန်းမှာ ၀င်ရောက်လာခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ စက်လှေပြန်အထွက်မှာ စက်လှေချွတ်ယွင်းမှုကြောင့် အခုလို ကမ်းဘက်ကို ပြန်ကပ်လာရတယ်လို့ ဒေသခံ သဲခုန်ကျေးရွာ အမျိုးသမီးတစ်ဦးက မွန်ဘာသာနဲ့ အခုလိုပြောပါတယ်။
“အဲဒီလှေက သဲခုန်ရွာကိုဝင်လာတယ်။ လူ (၈၆) ယောက်ပါလာတယ်။ အဲဒီဆိုက်ရောက်တဲ့နေ့မှာ (၂) ယောက် ပျောက်သွားတယ်။ သူတို့တတွေက ငါးမျှားစခန်းကနေ ထွက်ခွာလာပြီး မန်ကျည်းကျွန်း ကိုရောက်လာတယ်။ အဲဒီမှာလှေပျက်လာပြီးတော့ ကျွန်မတို့ သဲခုန်ရွာဘက်ကို ၀င်လာတယ်။ လှေပြင်ဖို့နဲ့ စက်ဆီဝယ်ဖို့အတွက်လို့ ပြောတယ်။ အခု မြန်မာအာဏာပိုင်တွေက ရေးမြို့ဘက်ကိုခေါ်သွားပြီ၊ သူတို့ တတွေကို။”
မလေးရှားနိုင်ငံကို တရားမ၀င်အလုပ်လုပ်မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၈၆) ဦးပါ တန်ကေးစက်လှေ တစီးဟာ စက်ချွတ်ယွင်းမှုကြောင့် ပြီးခဲ့တဲ့မေလ (၂၃) ရက်နေ့က  မွန်ပြည်နယ်၊ ရေးမြို့နယ်ကမ်းခြေ ဘက်ကို ဒုက္ခသည်အဖြစ် ရောက်လာခဲ့ပြီးဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာ ကပ္ပလီ ပင်လယ်ပြင် ထဲမှာ ရက်ကြာကြာ လှေမျောနေပြီး အစာရေစာငတ်မှုကြောင့် လမ်းခရီးမှာ သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ် စက်လှေပျက်ဒုက္ခသည်တွေရဲ့စားဝတ်နေရေးနဲ့ ယာယီနေထိုင်ရေးအတွက် ဒေသခံ ရွာသားတွေကနေ ကူညီစောင့်ရှောက်ထားပြီး ဒေသခံ အာဏာပိုင်တွေကနေ စစ်ဆေးမေးမြန်းပြီး မူလဒေသကို ပြန်လည် ပို့ဆောင်ပေးခဲ့ရာကနေ အခုတဖန် ပြန်လည်ဝင်ရောက်လာတဲ့အတွက် လူဝင်မှု ကြိကြပ်ရေး အက်ဥပဒေပုဒ်မနဲ့ အရေးယူရခြင်းဖြစ်တယ်လို့ အမည်မဖော်လိုသူ ဥပဒေအရာရှိ တဦးက ပြောပါတယ်။
လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်ဘက်မှာ ဘင်္ဂလီလူမျိုးတွေနဲ့ ရခိုင်ပြည်နယ်သားတွေအကြား တင်းမာမှု ပဋိပက္ခတွေဖြစ်ပွားနေတာကြောင့် မွန်ပြည်နယ်အတွင်း လူမျိုးခြားတွေ ၀င်ရောက်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံသံဃာတော်တွေက ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဆီးရီးယားမှာ အကူညီလိုသူ ပိုများလာ
အကြမ်းဖက်မှု ပိုဆိုးလာလို့ ထွက်ပြေးရသူ ပိုများ လာတာလို့ ကုလသမဂ္ဂက ဆို
ဆီးရီးယား နိုင်ငံမှာ အကူအညီ လိုအပ် နေတဲ့သူ တသန်းခွဲ ရှိတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။ ဒါဟာ အရင် ခန့်မှန်းထား တာထက် သန်းတဝက် ပိုများလာတာ ဖြစ်ပါတယ်။
အခြေ အနေတွေ ပိုပြီး ဆိုးရွား လာနေတဲ့ အတွက် အခုလို အရေအတွက် ပိုများ လာတာ ဖြစ်တယ်၊ အကြမ်းဖက် မှုတွေ ဆက်ဖြစ် နေတဲ့ အတွက် ကယ်ဆယ်ရေး ဝန်ထမ်း တွေလည်း လိုအပ်တဲ့ နေရာ တွေဆီ သွားလို့ မရ ဖြစ်နေတတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာ ကူညီရေး ဆိုင်ရာရုံး UNOCHA ရဲ့ ပြောခွင့် ရသူ Jens Laerke က ပြောပါတယ်။
ဆီးရီးယား အစိုးရနဲ့ ကုလသမဂ္ဂ တို့ကြား လွန်ခဲ့တဲ့ နှစ်ပတ်ကမှ သဘောတူညီ ထားတဲ့ အကူညီ ပေးရေး အစီအစဉ် ကိုလည်း လုံခြုံရေးကြောင့် ရပ်ဆိုင်း ထားရ ပါတယ်။
ဒီအတောအတွင်း နိုင်ငံမြောက်ပိုင်း Aleppo ပြည်နယ်မှာ အလောင်း ၂၆ လောင်းတွေ့ရှိခဲ့ရပြီး သူတို့ဟာ အစိုးရရဲ့ တိုက်ခိုက် မှုကို လက်တုန့်ပြန်ပြီး အသတ်ခံ ခဲ့ရတဲ့ အစိုးရ ဘက်တော်သား Shabbiha လက်နက်ကိုင်တွေ ဖြစ်နိုင်တယ်လို့ ဆီးရီးယား အတိုက်အခံ လူ့အခွင့်အရေး အဖွဲ့ တခုက ဆိုပါတယ်။
နောက်ထပ် သတင်း တခု မှာတော့ ဗြိတိန် နိုင်ငံက ရှေ့လမှာ စတင် ကျင်းပမယ့် အိုလံပစ် ပွဲတော်မှာ လာရောက်ဖို့ ရှိတဲ့ ဆီးရီးယား အိုလံပစ် ကော်မီတီ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mowaffak Jouma ကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် လိုက်တယ်လို့ ဘီဘီစီက စုံစမ်း သိရ ပါတယ်။

သြစတြေးလျ ကမ်းလွန် သင်္ဘောမှောက်၊ ၉၀ ကျော် ပျောက်ဆုံး
By ဗွီအိုအေ(မြန်မာဌာန)
  • သစတြေးလျနိုင်ငံမှာ သင်္ဘောတိမ်းမှောက်သွားမှုကြောင့် ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေရာမှာ လူပေါင်း ၁၀၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၉၀ ဦးခန့်တော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ရေကြောင်း အရာရှိတွေက ဆိုပါတယ်။
နိုင်ငံအစွန်အဖျားက ခရစ္စမတ်ကျွန်းမှာ မနေ့ကတိမ်းမှောက်သွားတဲ့ ဒီသင်္ဘောမှာ သြစတြေးလျနိုင်ငံကို နိုင် ငံရေး ခိုလှုံခွင့်လျှောက်ဖို့ ထွက်ပြေးလာသူပေါင်း ၂၀၀ ပတ်ဝန်းကျင် ပါလာတယ်လို့ သြစတြေးလျ ရေကြောင်း အရာရှိတွေက ဆက်ပြောပါတယ်။
သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂေးလပ်ကလည်း ဒီ တိမ်းမှောက်မှုအပြီးမှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာ ဒီဖြစ်ရပ်ကြောင့် လူအများအပြားသေဆုံးမှုရှိခဲ့တယ်၊ အသေးစိတ် အတိအကျကတော့ ရှင်းရှင်းလင်းလင်း ပြောလို့မရသေးဘူး၊ ဒါပေမဲ့ အင်ဒိုနီးရှားကနေ ထွက်လာတဲ့ ဒီခရီးကျမှ အခုလိုဖြစ်ရတာ တကယ့်ကို ဝမ်းနည်းကြေကွဲစရာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
Homs မြို့က ICRC လုပ်ငန်းများရပ်နား
By ဗွီအိုအေ (မြန်မာဌာန)
  • တိုက်ပွဲတွေပြင်းထန်နေတဲ့ ဆီးရီးယားနိုင်ငံ၊ ဟုမ်းစ်မြို့က ဒဏ်ရာရ အရပ်သားပြည်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားရာမှာ အကြမ်းဖက်မှုတွေကြောင့် ရပ်ဆိုင်းထားရတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က ကြာသပတေးနေ့က ပြောပါတယ်။
အပြင်းအထန် ထိခိုက်ပျက်စီးနေတဲ့ Hamidiya ရပ်ကွက်ထဲကိုဝင်ဖို့ သူတို့အဖွဲ့တွေ ကြိုးစားပေမဲ့လည်း အနီးအနားမှာ ပစ်ခတ်သံတွေ ကြားခဲ့ရတာကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ ICRC အဖွဲ့ ပြောခွင့်ရသူ Rabab al-Rifai က ပြောပါတယ်။ သူတို့အဖွဲ့အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အတိုက်အခံတွေ အားလုံးနဲ့ အဆက်အသွယ် ပြန်ရဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။ ကူညီကယ်ဆယ်ရေး အဖွဲ့တွေအနေနဲ့ Hamidiya ရပ်ကွက်ကို ပြန်သွားနိုင်ဖို့ ကြိုးစားမယ်လို့လည်း ဆိုပါတယ်။
ဟုမ်းစ်မြို့က ဒဏ်ရာရ ပြည်သူတွေနဲ့ မြို့တွင်း ပိတ်မိနေသူတွေကို အဲဒီနေရာကနေ ရွှေ့ပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ICRC က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ICRC အနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့နဲ့ လိုအပ်တဲ့ဆေးဝါး အကူအညီတွေ သယ်ပို့နိုင်ဖို့အတွက် အစိုးရနဲ့ အတိုက်အခံ အဖွဲ့တွေအကြား ယာယီ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ကြာသပတေးနေ့က အစိုးရတပ်တွေက ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယားအရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

လူမျိုးရေးဥပဒေ ဆိုသည်မှာ ဆွေးနွေးဆဲသာ ဖြစ်ကြောင်း RNDP ရှင်းလင်း
နေမျိုး | သောကြာနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၄၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ တိုင်းပြည်အတွင်း တရားမဝင် ဝင်ရောက်လာသူများကိစ္စ ထိရောက်စွာ တားဆီးဖြေရှင်းနိုင်ရေး အတွက် လူမျိုးရေးဆိုင်ရာ ဥပဒေတခုကို ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) မှ ဇူလိုင်လ လွှတ်တော်သို့ တင်သွင်းမည်ဟု သတင်း ထွက်ပေါ်နေသော်လည်း ပါတီတွင်း ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ပါတီ ထိပ်တန်းခေါင်းဆောင်များက ပြောသည်။

RNDP လွှတ်တော် ကိုယ်စားလှယ်တဦးအား ကိုးကား၍ အင်တာနက် သတင်းတရပ်တွင် ဖော်ပြပါရှိလာသော်လည်း ၎င်းမှာ ပါတီတွင်း အဆိုပြုချက်တခုသာ ဖြစ်သေးကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားလိုက်သည်။

“ရန်ကုန်ကျမှ ဆုံရမှ အသေးစိတ်ကိုတော့ သိရမယ်။ ကျနော်တို့ ပြန်မညှိရသေးဘူး။ သူက ရန်ကုန်ကနေပြီး အဆိုပြု တာကိုး။ သူအဆိုပြုတာလည်း ပါတီတွင်းပေါ့။ သူ တင်မယ်ဆိုတဲ့ ဥစ္စာကလည်း အသေးစိတ်က ကျနော်တို့နဲ့ မညှိရသေးဘူး။ အမျိုးသားရေးကို အခြေပြုတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ အသေးစိတ် ညှိရမှာပေါ့” ဟု ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေစဉ် မဇ္ဈိမကို ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ် အခြေအနေသည် ပုံမှန် အနေအထားသို့ မရောက်ရှိသေးဘဲ ပြဿနာရပ်များ ရှုပ်ထွေးနေပြီး အခက်အခဲကြားတွင် ရုန်းကန်ဖြေရှင်း နေရကြောင်းနှင့် ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က ပြောသည်။  

“ေယဘုယ်ပါ။ ကျနော်တို့ကြိုးစားနေတာပါ။ ပြင်ဆင်နေတာပါ။ ဥပဒေအမည် တိတိကျကျ မရှိသေးဘူးခင်ဗျ။ လွှတ်တော်ကလည်း နီးလာပြီ။ ၄ ရက်နေ့ လွှတ်တော်ခေါ်တဲ့ အခါမှာ ကျနော်တို့ ရခိုင်ပြည်ရဲ့ ဖြစ်ပျက်ခဲ့တဲ့ အနေအထားပေါ်မှာ ကျနော်တို့ ပြန်လည် သုံးသပ်ပြီးတော့ ဥပဒေတွေ၊ အဆိုတွေ၊ မေးခွန်းတွေ တင်နိုင်အောင် ကျနော်တို့ ဥပဒေရေးရာ ကော်မတီက စနေနေ့မှာ အစည်းအဝေးရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဧပြီလ ၂ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် တိုင်းပြည်အတွက် လိုအပ်သော ယင်းကဲ့သိုသော ဥပဒေတရပ် ရေးဆွဲပေးပါရန် ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှလွှတ်တော် ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းထံသို့ တင်ပြတောင်းဆိုခဲ့သည်။ 

မြန်မာတနိုင်ငံလုံး လွှမ်းခြုံနိုင်မည့် သန်းခေါင်စာရင်း ကောက်ခံမှုကို ကုလသမဂ္ဂမှ နည်းပညာပိုင်းဆိုင်ရာနှင့် ငွေကြေး အကူအညီများဖြင့် ၂ဝ၁၄ ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ရန် စီစဉ်ထားပြီး ၂ဝ၁၅ ခုနှစ်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

သန်းခေါင်စာရင်း မေးခွန်းလွှာတွင် ပါဝင်ရမည့် အချက်များ၊ နယ်စပ်ဒေသများ အပါအဝင် မြန်မာနိုင်ငံ တဝှမ်းလုံး အကြုံးဝင်နိုင်ရေး၊ ရပ်ကျေးအဆင့်မှ မြို့နယ်၊ ပြည်နယ်/တိုင်း အဆင့်ဆင့် အာဏာပိုင် အဖွဲ့အစည်းများအား စုရုံးနိုင်ရေးတို့ကိုလည်း ဆွေးနွေးထားသည်။

ဂျပန်အလုပ်ရှင်၏ လှောင်ပြောင်မှုကြောင့် အလုပ်သမားများ ပြန်လည်ဆန္ဒပြ
နေမျိုး | ကြာသပတေးနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ စက်ရုံအလုပ်သမားအပေါ် လူ့ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေသည့် ဂျပန်လုပ်ငန်းရှင်၏ပြောစကားနှင့် ခနဲ့သည့် အပြုအမူများကြောင့် ပြေလည်နိုင်ဖွယ်ရှိသည့် မင်္ဂလာဒုံ စက်မှုဇုန် ၁ မှ FAMOSO အထည်ချုပ်စက်ရုံ အလုပ်သမားများ၏အရေး နှောင့်နှေးသွားရပြီး ဆက်လက် ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့မှ စတင်ကာ ၁၂ ရက်ကြာ အခြေခံလစာ တိုးပေးရေးအတွက် ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများ အား နေပြည်တော် အလုပ်သမား ညှိနှိုင်းရေအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် လုပ်ငန်းခွင်သို့ ကြာသပတေး နံနက်က ပြန်လည် ဝင်ရောက်ခဲ့ကြသည့် အလုပ်သမားများအား စက်ရုံပိုင်ရှင်က မချေမငံ လှောင်ပြောင် ပြောဆိုသည့် အတွက် ပြန်လည် ဆန္ဒပြနေရခြင်းဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ်တဦးက ပြောသည်။

“ဒီနေ့မနက် သမီးတို့က တိုင်ပင်ပြီးမှ အလုပ်ဝင်မယ်ပေါ့နော်။ ဝင်မယ်လို့လုပ်တဲ့ အချိန်မှာ မနက် ၇ နာရီခွဲပေါ့။ သူဌေး က ရယ်ပြီးတော့ နာရီကြည့်ပြီး နာရီဝက် နောက်ကျနေပြီ၊ နင်တို့ကို သနားလို့ ပေးဝင်တာတဲ့။ လှောင်တာပေါ့။ အဲလိုပြောလိုက်လို့ ကလေးတွေက တယောက်မှ မဝင်ဘူးဆိုပြီး အကုန် အပြင်ပြန်ထွက်သွားတာ။ သူဌေးက ဂျပန်လူမျိုး။ မြန်မာစကား တတ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

FAMOSO စက်ရုံတွင် အလုပ်သမား ၆၅၄ ဦး ရှိပြီး စက်ရုံအပြင်တွင် ဆန္ဒပြနေသူ ၄၇၇ ဦးရှိကြောင်း အလုပ်သမား ကိုယ်စားလှယ်က ပြောသည်။

ဇွန် ၈ ရက်နေ့တွင် အလုပ်သမားများ၏ သဘောတူညီချက်ဖြင့် အလုပ်သမားဌာနမှ ညွန်/မှူး ဦးဝင်းရှိန်က အမြင့်ဆုံး လုပ်ခ ၈ သောင်းကျော်၊ ဒုတိယအဆင့် ၇ သောင်းကျော် နှင့် အနိမ့်ဆုံး ၆ သောင်းကျော်ထိ တိုးမြှင့်ပေးရန် ညှိနှိုင်းပေးခဲ့သော်လည်း အလုပ်ရှင်ဘက်မှ သဘောမတူသဖြင့် ခုံသမာဓိအဖွဲ့သို့ တင်ပြထားပြီး အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။

ဇွန်လ ၂ဝ ရက်နေ့တွင် နေပြည်တော် အလုပ်သမားညှိနှိုင်းရေအဖွဲ့မှ ဦးသက်နိုင်ဦး ဝင်ရောက် ညှိနှိုင်းခြင်းကြောင့် အလုပ်သမားများ မကျေနပ်သည့် အလုပ်ရှင်နှင့် အလုပ်သမားအကြား ချုပ်ဆိုထားသည့် စာချုပ်ကို ဖျက်သိမ်းစေကာ အလုပ်သမားများက အလုပ်ခွင် ပြန်လည်ဝင်ရောက်လာကြသော်လည်း အလုပ်ရှင် မစ္စတာ နာတာရှီးမား၏ မချေမငံ အပြုအမူများကြောင့် ဆက်လက်ဆန္ဒကြခြင်း ဖြစ်သည်။

မူလ တောင်းဆိုထားသည့် လစာတိုးရေးကိစ္စ ပြေလည်မှုမရရှိပါက ဆက်လက် ဆန္ဒပြသွားမှာဖြစ်ပြီး အထက် ဌာနများသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အလုပ်သမား ခေါင်းဆောင် မစန်းစန်းနွယ် က ပြောသည်။

“ခုံသမာဓိရဲ့ ဆုံးဖြတ်ချက်တွေကို သဘောမကျရင် ကျမတို့ နေပြည်တော်အထိ တက်ဖို့ ရှိပါတယ်။ ဝါဏိဇ္ဇပဋိပက္ခ တက်မှာ။ ဆန္ဒပြနေတုန်းပဲ။ ၈၈ မျိုးဆက် ကျောင်းသားတွေကိုပဲ အကြံဉာဏ် တောင်းရမှာပါ။ ကျမတို့က သိပ်နားမလည်ဘူး။ လစာ၊ ရှားပါးစားရိတ်၊ ထုတ်လုပ်မှု အပိုဆုကြေး အဲဒါပဲ တောင်းထားတယ်” ဟု မဇ္ဈိမကိုပြောသည်။

FAMOSO စက်ရုံအလုပ်သမား ကိုယ်စားလှယ်အဖွဲ့ကို သက်ဆိုင်ရာ စက်ရုံတွင်း လုပ်ငန်းကဏ္ဍအလိုက် ခေါင်းဆောင် ၁၂ ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းခေါင်းဆောင်များမှာ လုပ်ငန်းခွင်းအတွင်း ပြန်လည် ဝင်ရောက်ခြင်း မရှိသေးဘဲ ဆန္ဒပြအလုပ်သမားများအရေး ပြင်ပမှ လုပ်ကိုင်နေကြကြောင်း သိရသည်။

ကချင်ဒုက္ခသည် လေးဦးကို အစိုးရတပ်ဖွဲ့မှ ဖမ်းဆီးထား
ဖနိဒါ | သောကြာနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၆ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။       ။ ကျွဲကုန်သည်များနှင့် လိုက်ပါသွားသူ ဒုက္ခသည်စခန်းတွင်းမှ ကချင်အမျိုးသား လေးဦးအားမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခလရ ၃၇ တပ်ဖွဲ့က  ဖမ်းဆီးခဲ့ရာမှ ယနေ့ထိ ပျောက်ဆုံးနေ သဖြင့် ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထားသည်ဟု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးမာခါးက ပြောသည်။

ဇွန်လ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့နယ် ရွှေစက်ကျေးရွာ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းမှ စစ်ပြေးဒုက္ခသည် စခန်းတွင် ခိုလုံနေသူ ဦးဘရန်ယုန်၊ ဦးလဖိုင်ဂမ်နှင့် တာလောကြီးကျေးရွာမှ ဦးဇော်ဘောမ်နှင့် ဦးဇခွန်လရိန်တို့ကို ဝိုင်းမော်မြို့နယ် တာလောကြီးကျေးရွာ အနီးတွင် ခလရ ၃၇ တပ်ဖွဲ့များက ဖမ်းဆီးသွားခဲ့ရာ ယနေ့ထိ အဆက်အသွယ် မရခြင်း ဖြစ်သည်။

ဆားမှော်မြို့မှ ကျွဲကုန်သည် ကိုအောင်ထွေးနှင့် ဇနီး၊ တာလောကြီး ကျေးရွာမှ ဒေါ်အကိုင်တို့ကိုလည်း ၎င်းတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသော်လည်း ထိုသုံးဦးမှာ ကျပ်ငွေ ၁၂ သိန်း ပေးဆောင်၍ ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။ 

“သူတို့က ကျွဲမောင်းလိုက်သွားတာ တာလောကြီးအနားက လယ်ကွင်းမှာ ဖမ်းခံတယ်။ သူဌေး သုံးယောက်က ပိုက်ဆံပေးလို့ လွှတ်ပေးလိုက်တယ်။ ဒီ လေးယောက်ကိုတော့ ဒီနေ့ထိ ဘယ်မှာရှိနေတယ်ဆိုတာ မသိဘူး။ ၁၈ ရက်နေ့ စာပို့ပြီး အကူအညီ တောင်းတာလည်း ဘာမှ ထူးခြားတာ မရှိလို့ ဒီနေ့က ဝန်ကြီးချုပ်ကို စာတင်လိုက်တာပါ” ဟု ဦးမာခါး က မဇ္ဈိမကို ပြောသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...