Sunday, June 17, 2012

“အန္တရာယ်ကင်းအောင်ကွယ် ဘေးကင်းကြစေဖွယ်”


by Soe Min on Saturday, June 16, 2012 at 11:09pm 

           မကြာသေးခင်က လာလည်သွားတဲ့ အင်ဂျင်နီယာမကြီးကို မြောက်ဦးလမ်း (အမ်း-စစ်တွေလမ်း) တောင်ကုတ်လမ်း (ပန်းတောင်း-တောင်ကုတ်လမ်း)တွေနဲ့ ရိုးမတခွင် ပြဲပြဲစင်အောင် အလည်ခေါ်သွားမိတာ သူ့ခမျာ အပတ်တကုတ် လုပ်ကိုင်နေသူ လမ်းလုပ်သားများကို ကြည့်ပြီး ပါးစပ်ကလေးအဟောင်းသားနဲ့ ရင်သပ်ရှုမော အံသြနေလေတယ်။ အချိန်မီပြီးစီးရမယ့် လျာထားချက်ကြီးတွေနဲ့ တာဝန်ရှိလူကြီးမင်းများရဲ့ ကြပ်မတ်မှုအောက်မှာ ငှက်ကလေးများတို့ရယ် မနက်ခင်းမိုးလင်းတိုင်းကွယ် နဲ့ လုပ်ငန်းခွင်ဝင်ကြတာ ချုပ်ညရီတွင် ဖြုတ်ချည်းမြင်သည် အချိန်ရောက်မှ တနေ့တာ အလုပ်သိမ်းကြရတယ်။ အလုပ်ချိန်များတာ လုပ်ငန်းသဘာဝ ကြမ်းတမ်းတာတွေကတော့ ဘယ်မှာပဲ ဖြစ်ဖြစ် သိပ်မထူးဘူးလေ။ တနေ့လုပ်ခဘယ်လောက်ရသလဲ အင်တာဗျူးနေရအောင်ကလည်း I.L.O. က လာတာမှ မဟုတ်တာ။ သူတို့သဘောနဲ့သူတို့ ကျေနပ်လောက်တဲ့ ပိုက်ဆံရလို့ လုပ်နေကြတာ။ ဘယ်သူကမှ အတင်းအဓမ္မ ခိုင်းစေထားတာလည်း မဟုတ်ဘူး။
နီးနီးနားနားမှာလည်း ဘာအကျဉ်းစခန်းမှ ရှိတာမှ မဟုတ်ပဲ။ သူကတော့ “ယန္တရားကြီးတွေနဲ့ တောင်စွယ်တောင်စောင်းတွေမှာ အလုပ်လုပ်နေကြတာ ဘေးဆီးရန်ကာ အစီအစဉ် ပြင်ဆင်မှုကလေးတွေ ဘာတစ်ခုမှ မတွေ့ရလို့ အံ့သြမိတာ” လို့ဆိုတယ်။ “ဟိုမှာဆိုရင် အဲလိုလုပ်လို့မရဘူး။ Safety measure မရှိရင် ဘာတစ်ခုမှ အလုပ်လုပ်လို့မရဘူး။ တခါတခါ အဲဒါတွေ စီစဉ်ရတဲ့ ကုန်ကျစားရိတ်က လုပ်ငန်းရဲ့ ကုန်ကျစားရိတ်ထက် အများကြီး ပိုသွားတတ်တယ်” တဲ့။ “သြော် .. သူတို့နိုင်ငံသားတွေ အပေါ် တော်တော် ဂရုစိုက်သားပဲ”  လို့  စကားထောက်တော့ “ကြံကြံဖန်ဖန်။ သူတို့နိုင်ငံသားတွေက အဲသည်အလုပ် လုပ်စားတာမှ မဟုတ်တာ။ အောက်ခြေအလုပ်သမားတွေအားလုံး ဘကုံးတွေချည့်ပဲ။ အဲဒီဘကုံးတွေအတွက်တောင်မှ သည်းသည်းကို လှုပ်နေတာပဲ။ လူ့အသက်က လူ့အသက်လေ။ ဘယ်သူ့အသက်ပဲဖြစ်ဖြစ် လုပ်ငန်းခွင် မတော်တဆဖြစ်လို့ အထိခိုက်မခံနိုင်တာ။” လို့ဆိုတော့ သည်တခါ အံ့သြမိတာက ကိုယ်ဖြစ်သွားတယ်။ ဟုတ်ပါ့မလား ကြီးတော်ရယ်။ နားရှိလို့သာ ကြားမိ။ တို့ဆီမှာဖြင့် လူ့အသက်တွေ ပေါချက်နှယ်။ ငကန်းသေတာ တစ်ကောင်တည်း။ မွေးထားတဲ့ငစွေတွေက တထောကြီး။ အန္တရာယ်တွေ တို့မမှုပါတယ်ဆိုတဲ့ဘ၀မတော့ ဘာဖြစ်သလဲ နာဂစ်လို့တောင် စိန်ခေါ်နိုင်သေးတယ်။ တကယ်ကို ဘာမှမဖြစ်တာ။ ကင်းခြေများခြေကျိုးတာကမှ အရှိန်ကလေးနှေးသွားဦးမယ်။ အေးပေါ့လေ။ ပိုက်ဆံရှိတဲ့အိမ်က သားသမီးများလို တတ်နိုင်တော့လည်း တတ်နိုင်သလို သည်းသည်းလှုပ်ကြတာ နေမှာပေါ့ လို့ ကိုယ့်ဘာသာကိုယ်ပဲ ကောက်ချက်ဆွဲပြီး တရားနဲ့ဖြေရတယ်။
           မယ်မင်းကြီးမ ပြောတာလည်း သွေးထွက်အောင်မှန်တာပါပဲ။ သူတို့ပြန်သွားပြီးနောက် ရခိုင်မိုးက အငြှိုးနဲ့ရွာတဲ့အခါ ဆေးရုံပေါ်မှာ ထိခိုက်ဒဏ်ရာနဲ့လူနာတွေ ပုံလာတာကိုး။ ဆိုင်ကယ်မှောက်တဲ့လူနာ ဆိုတာကတော့ နေ့တိုင်းရှိတယ်။ မရှိခံနိုင်ရိုးလား။ ဖုန်တထောင်းထောင်းလမ်းတွေက အခု ရွှံ့အိုင်ဗွက်အိုင်ကြီးတွေ ဖြစ်ကုန်ပြီလေ။ အလယ်ကသွားတော့ နစ်တတ်သလို နံဘေးက ကပ်မောင်းတော့ ချော်ပြန်ရော။ ကတ္တရာမလောင်းရသေးတဲ့ ကျောက်စကွဲလမ်းပေါ်တက်လိုက်တော့ တခါတခါ လမ်းလွှဲဆိုင်းဘုတ် မထားမိလို့ ကာတွန်းကားထဲကလို ဒိုင်ဗင်ပစ်ပြီး ပြောင်းလဲခြင်းတွေ အပြည့်နဲ့မျက်နှာဖြစ်သွားတယ်။ လမ်းတောင်မှ အခုထိ အကြမ်းမခင်းရသေးပဲ မြေတူးကောင်းတုန်း၊ ချိုင့်ဝှမ်းဖို့တုန်းဆိုတော့ လမ်းဘေးချောက်နှုတ်ခမ်းမှာ အကာအရံ မိုင်တိုင်ကလေးတွေလည်း ဘယ်ရှိဦးမလဲ။ မြန်မာ့လေကြောင်းက အမ်းကို တစ်ပတ်တစ်ရက်တောင် အနိုင်နိုင်ဆင်းပေမယ့် မြန်မာ့ကုန်းကြောင်းက ထော်လာဂျီတွေ ကားတွေကတော့ ဟိုတောင်ကြား သည်တောင်ကြား တစ်ပတ်နှစ်ခါလောက်တော့ အသာကလေး ၀ဲကာပျံကာ ဆင်းတယ်။ မိုးဦးလေဦးမှာ ခေါင်မလုံလို့ တက်မိုးတဲ့သူများကလည်း ခြေချော်လက်ချော်နဲ့ ၀င်အားပေးကြပြန်သဗျ။ သည်လိုအရပ်မျိုးက ကျုပ်တို့ အမ်းဆေးရုံကလေးမှ မစည်ရင် တခြား ဘယ်မှာသွားစည်စရာ ရှိမှာတုန်း။ မိုးလင်းမိုးချုပ် ထမင်းမှ အနိုင်နိုင်စားရတယ်။ အရေးထဲအရာပေါ် ခေါ်ခေါ်ဆင့်တာကတော့ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲတို့၊ ပုံမှန် နဲ့ အကြီးအကဲများ ညွှန်ကြားချက်အရ ပုံမှန်မဟုတ်သော အထူးအရေးပေါ်အစည်းအဝေးတို့ ဆိုတာကလည်း ရှင်နည်းရာ အဂ္ဂလူထွက် ခနခနဖြစ်စေတယ်။ နေစမ်းပါဦးဗျာ။ အခုကျုပ်တို့ကုနေကြရတာကရော သဘာဝမကျသော ဘေးအန္တရာယ်တွေမို့ တားဆီးကာကွယ်စရာ မလိုတော့ဘူးလားလို့ မေးချင်လာတယ်။ တကယ်တော့ ကာကွယ်တဲ့အဆင့်ကို အများကြီးလွန်နေပြီလေ။ ကုသနေရတာ။ မရောင်ရာပဲ ဆီကြိုကြိုလူးချင်ကြတာ ဘယ်လိုသဘောရှိပါလိမ့်။ ကိုယ့်မှာတော့ ကိုယ့်ရှိတဲ့ ဆရာဝန်အင်အားနဲ့တင် မလောက်လို့ ဟိုးတပ်ဆေးရုံက ဆရာဝန်ကလေးတွေကို သွားဖြဲလေးနဲ့ “ဖုန်းလည်းဆက်လို့မရ။ လူကြုံပါးလို့မရ။ အရင်ကလို ဆုံရန် အရေးကြီး။ မျှော်နေတယ် မင်းကို ..” လို့ စာတတန်ပေတတန်ဆင့်ရင်း သဒ္ဒါပေါက်လို့ လာရောက်ကူညီနိုင်မယ်ဆိုရင်ဖြင့် အရမ်းအရမ်းကို ၀မ်းသာပါမည့်အကြောင်း မျက်နှာချိုသွေးရတယ်။
              ထားပါတော့လေ။ ဒါမျိုးဆိုတာက မဖြစ်ခင်ကြိုတင်ကာကွယ်တာ အထိရောက်ဆုံးပဲ ဆိုတာကိုး။ အပိုင်းလိုက်ခွဲပြီး ပြင်ဆင်ကြတာပေါ့။ ပထမဦးဆုံးကတော့ လုပ်ငန်းတာဝန်ရှိသူများဘက်က ဘာတွေ ပြင်ဆင်ထားကြမလဲ။ “ဘယ့်နှယ်ပြောပါလိမ့် ဆရာလေးရယ်။ တောထဲတောင်ထဲ အလုပ်လုပ်ရတာ။ ဘယ်သူက မပြင်မဆင်ပဲ လက်လွတ်စပယ် အလုပ်လုပ်ဝံ့မှာတုန်း။ လုပ်ငန်းမစခင်ကတည်းက မြို့တော်ရင် ရွာတော်ရင်တွေ အကုန် စားတော်တိုက်ပြီးသား။ ကန်တော့ပွဲ၊ ဖယောင်းတိုင်၊ ကွမ်းဆေးလက်ဘက် ဘာမှကို မကျန်ဘူး ပြင်ဆင်ထားတာ။ မိုးဦးလေဦးကြမ်းလို့ အလုပ်မပြီးခင် လမ်းမပြိုအောင် ရှင်ဥပဂုတ်ပွဲတောင် ပေးထားသေး။ သူတို့ကိုက အပေါ့အလေး စည်းမရှိကမ်းမရှိ စွန့်တာကိုး။” လို့ ရုက္ခစိုးမင်း မနေနိုင်ပေါင် ဇာတ်ခင်းရင် ရယ်စရာ မဟုတ်ဘူးနော်။ အဲဒါ အတည်ကြီးပြောနေတာ။ တကယ်ကြီးမှ တကယ်ကြီး။ မယုံရင် လမ်းခင်းတဲ့ဆိုက်ကလေးတစ်ခုခုဘေး ကားရပ်ပြီး “ဟန်ဒီပလပ်စ်ကလေး တစ်ခုလောက် မပါကြဘူးလား” လို့ မေးကြည့်ပါလား။ အရူးကြီးလို ၀ိုင်းအကြည့်ခံရမယ်။ တစ်ခုခုဖြစ်ခဲ့ရင် ဆေးရုံပို့စရာ အားလုံးတက်ကြ ငါ့ထော်လာဂျီလို့ လုပ်နိုင်ရင် တော်တော် ကံကောင်းတယ်မှတ်။ ပွက်ပွက်ဆူနေတဲ့ ကတ္တရာစေးတွေကို တိုင်ကီနဲ့လောင်း၊ ကားနဲ့ဖြန်းလုပ်နေတဲ့သူတွေဆီမှာ ရာဘာလက်အိပ်တစ်ဘက် မမြင်ဖူးဘူး။ လည်ရှည်ဘွတ်ဘိနပ်တစ်ရံ မတွေ့ရဘူး။ ကိုယ်ဖြစ်ကိုယ်ခံ လမ်းထုံးစံပဲ။ အချိန်တန်ရင် ရေပါဖို့က အဓိကလေ။ ရေဗူးပေါက်ချင်သလောက်ပေါက်၊ လူဘယ်နှစ်ယောက်သေသေ။ (အင်တာနက်ထဲသာ ပါမသွားစေနဲ့)။ ဘာမှမဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူးပေါ့လေ။ တကယ်လို့ ဖြစ်လာခဲ့ရင်ကော။ ပထမဦးဆုံးအလုပ်က ထိခိုက်ဒဏ်ရာရသူကို ဘေးလွတ်ရာပို့ဆောင်ဖို့က အရင်ပေါ့။ ချောက်ထဲကျနေရင် အပေါ်ဆွဲတင်။ နောက်ထပ်လူတွေ ဘေးအန္တရာယ်ထပ်မဖြစ်စေဖို့ကလည်း အရေးကြီးတာပေါ့။ လူကြီးဆီဆက်သွယ်၊ ညွှန်ကြားချက်ရမှ ဆက်လုပ်ဆိုရင် မမီတော့ဘူး။ ထုချေလွှာတင်ဖို့ကို သူများအသက်သေမှာထက် ပိုမကြောက်သင့်ပါဘူး။ ကိုယ့်ခေါင်းထဲက ဦးနှောက်ကြီးက အမိန့်နာခံဖို့တစ်ခုတည်း တတ်တာလား။
           လူနာကို ဘေးကင်းလုံခြုံစွာ ဆေးရုံအရောက် ပို့လိုက်နိုင်ပြီ။ “အောင်ပြီ။ သား။ အောင်ပြီ။” လို့ ကြွေးကြော်ပြီး လှည့်ပြန်မသွားပါနဲ့ဦး။ ဇာတ်လမ်းက ခုမှ စမှာ။ လူနာအတွက် လိုအပ်တဲ့ အရေးပေါ်ကုသမှုတွေအတွက် လူနာရှင်ဆိုတာ မရှိမဖြစ်လိုပါတယ်။ ကာယကံရှင်က ဆွမ်းခံရင်း ငှက်သင့်လာတာဆိုတော့ အိမ်ကမိသားစုကို အကြောင်းကြားနိုင်မှာမဟုတ်ဘူး။ သူကိုယ်တိုင်တောင် သတိရချင်မှ ရလိမ့်မယ်။ ခနနေလို့ ခွဲမယ်စိတ်မယ်ဆိုလည်း ရတဲ့သတိက မေ့သွားရဦးမှာ။ ဆက်ပြီးတော့ လူနာစောင့်အနေနဲ့ မဟုတ်တောင် လူနာရှင်အနေနဲ့ တစ်ယောက်ယောက်ရှိနေဖို့ လိုအပ်ပါတယ်။ ဒီဘက်မှာလည်း သပြေခက်ကလေးနဲ့ ရေမန်းရေစင်ကလေးဖြန်းပြီး ထိမယ့်ခလုတ်ဆုတ်ပါစေ။ ဘေးကင်းရန်ကွာ ချမ်းသာပါစေ။ လေကလေးနဲ့ ကုရတာ မဟုတ်ဘူးဗျ။ ဘုရားပေးထားတာ ရေ၊ မြေ၊ လေ၊ မီး၊ ဓါတ်ကြီးလေးပါးပဲ ရှိတယ်။ ဒါတောင်မီးက လျှပ်စစ်မီးဆို အမ်းမှာ မလာသလောက်ပဲ။ ကျန်တာအားလုံး လူနာရှင်ဘက်က ၀ယ်ပေးရပါလိမ့်မယ်။ (ဆရာဝန်ကတော့ ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားလို့ အလကားပေးနိုင်ပါသဗျား)။ ခါးဝတ်ခါးစားနဲ့ တစ်ပြားမပါလူနာတွေကို ဘယ်နှစ်ယောက်အထိ အိပ်စိုက်ကုနိုင်မှာလဲ။ အနာတပိဏ်ရှိရင် ခေါ်ခဲ့စမ်းပါဗျာ။ ယောက္ခမ တော်ပလိုက်ချင်ရဲ့။ သဘာဝဘေးပဲဖြစ်ဖြစ်၊ သဘာဝမဟုတ်တဲ့ဘေးပဲဖြစ်ဖြစ်၊ ကြုံလာတဲ့လူနာကို ဆက်ကုသတဲ့အခါမှာ ပိုက်ဆံမရှိတဲ့ဘေးက ပိုဆိုးချင်ဆိုးနေတတ်ပါတယ်။ ငါးရိုးမျက်လည်း မြင်နေရရဲ့။ လက်ကလည်းတိုနေလို့ နှိုက်မရ။ လူနာထက် ဆရာဝန်က ပိုခံရခက်တာပေါ့။ လုပ်ငန်းခွင်တာဝန်ရှိသူများအနေနဲ့ အဲသည်ဘက်ကလေးနားအထိ တာဝန်ရှိပေးစေချင်ပါတယ်။
           လူနာတွေဘက်ကတော့ အသိရော သတိပါ လိုပါတယ်။ သည်မှာတော့ နှစ်ခုစလုံးးချို့တဲ့ကြပါသဗျ။ လမ်းတွေပိတ်ကုန်လို့ ပျက်နေတဲ့ရှေ့ဆုံးကကားဆီ ဘာဖြစ်သလဲ သိရအောင် မေးရင်း ကားအောက်ဝင်ကြည့်တဲ့အခါ ထောက်ထားတဲ့ဂျိုက်ကို စိတ်ချလက်ချ ၀င်သျှိုမိလို့ ခေါင်းပြားသွားတဲ့သူလည်း မြင်ဖူးရဲ့။ ကားဘီးကျွတ်ပေါ်ထိုင်လေထိုးရင်း ပွင့်ထွက်သွားတဲ့အခါ ဖင်နှစ်ခြမ်း ဗြန်းဗြန်းကြီးကွဲပြီး ဥတစ်လုံး လိုက်ကောက်ယူရတဲ့သူလည်း ခွဲပေးဖူးရဲ့။ လမ်းလုပ်သားအချင်းချင်း အရက်မူးရန်ဖြစ်လို့ အချုပ်ခံရတာကို “မင်းနှယ်။ ငါ့ စောစောကတော့ မပြောဘူး။ အဘဆီဖုန်းဆက်လိုက်ရင် အချုပ်တောင် ခံရမှာ မဟုတ်ဘူး။” လို့ ကြားက အသားလွတ် အမှတ်ဝင်ယူတာ နားကြားပြင်းကပ်ပြီး “ကိုင်းကွာ။ အခု ငါ မင့်ကောင် ခုတ်လိုက်ပြီ။ သွားခေါ်ချေ။ မင်းအဘ။” ဆို ပွဲချင်းပြီးသွားတာလည်း ကြုံဖူးရဲ့။ လယ်ကွက်ထဲက ငါးတွေကို အင်ဒရင်းနဲ့ပက်၊ ပြီးကျ အဲသည်ငါးကိုစားလို့ ကိုယ်ပါ ငါးနောက်လိုက်ရတာလည်း အခါခါ။ တကယ်ကို ဖက်ရွက်ကလေး မှတ်နေကြတယ် ထင်ပါရဲ့။ သူတို့ကိုလည်း အပြစ်တင်လို့ မဖြစ်သေးပါဘူး။ အသိပညာပေး ဟောပြောပွဲတို့ သတိပေးဆိုင်းဘုတ် အမှတ်အသားတို့ဆိုတာ သည်မှာ ရှိမှ မရှိပဲနဲ့။ ပြောလိုက်ရင်တော့ “ဟိုအနားမှာ မှောက်ခဲ့တာ မဟုတ်လား။ အဲ့နားက နှစ်တိုင်း မှောက်နေကျလေ။ ဒါဆို ဒီနှစ်အတွက် မှောက်ပြီးသွားပြီ။ နောက်နှစ်ကျမှ ဆက်မှောက်လိမ့်မယ်။” အဲသလိုမျိုး။
           နောက်တစ်ပိုင်းကတော့ သားသားတို့ ကျန်းမာရေးဝန်ထမ်းတွေ အပိုင်းရောက်ပါပြီခင်ဗျား။ တနေရာရာမှာ တစ်ခုခုဖြစ်သတဲ့လို့ ဖုန်းသတင်း၀၀်ကတည်းက (ဖုန်းကခေါ်လို့ရနေတယ်ဆိုရင်ပေါ့) ဆေးရုံပေါ်မှာ စတန်းဘိုင် စောင့်နေပါတယ်ဗျာ။ လူကြီးလာလို့ ပရိတ်ပြသလိုကြိုရင်လည်း သည်လူတွေပဲ။ အရေးအကြောင်းရှိ ထိပ်ထိပ်ပြာပြာ စောင့်ရင်လည်း သည်လူတွေပဲ။ သည့်ထက်လည်း မပို။ သည့်ထက်လည်း မလျော့။ အဲဒါ လူကုန်ပဲ။ ဆယ်ယောက်ရှိရင် ဆယ်ယောက်လုပ်မယ်။ ငါးယောက်ရှိရင်လည်း ငါးယောက်တည်းနဲ့လုပ်မယ်။ တစ်ယောက်တည်းရှိ တစ်ယောက်တည်းလုပ်မှာ။ ထိုင်တော့ မနေဘူး။ လခကတော့ လုပ်လုပ် မလုပ်လုပ် သည်လခပဲ။ ကိစ္စမရှိဘူးဗျ။ အဲသည်လခအတွက် လုပ်နေတာမှ မဟုတ်တာ။ အဆောင်ထဲမှာ ကုတင်လွတ်အောင် ရှင်းထားတယ်။ မော်ကျူရီပါ ရှင်းထားတာ။ ဆေးရုံနဲ့ အဆောင်ကနီးနီးလေးမို့ ဂျူတီအားနေတဲ့သူတွေလည်း အကုန် ဆေးရုံပေါ်ရောက်လာကြရော။ ဆေးရုံဝကို လူနာသာရောက်လာပစေ။ သူ့တာဝန်နဲ့သူ ထောင့်စေ့အောင် လုပ်သွားကြပါတယ်။ စောစောပြောတဲ့ ဆေးဝယ်စရာ ပိုက်ဆံမပါလည်း လောလောဆယ်တော့ ဆိုင်မှာ ဘီလ်ဖွင့်ပြီး ဆေးတွေ ယူထားပါတယ်။ နောက်ကျမှ ရှင်းမယ့်သူ မရှိမှာစိုးလို့ တာဝန်ခံကြီးကို ချည်တုပ်ထားရတာ။ လူနာသေရင် သူ့အိမ်ကမုဆိုးမတင် မဟုတ်ဘူး။ ကိုယ်ပါ အကြွေးတွေနဲ့ကျန်ခဲ့တာ ခနခနမဟုတ်လား။ မှားပါတယ်  ကိုသောင်းရယ်။ ရှင့်မလည်း အကြွေးတွေနဲ့။ ကျုပ်မလည်း ကလေးတွေနဲ့ ဆိုတာကျလို့။ ခက်တာက မရှိမကောင်း ရှိမကောင်းဆိုတဲ့အထဲမှာ အဲဒါလည်းပါတယ်။ ပိုက်ဆံတစ်ပြားမှ မပါလို့ ဆရာဝန်ဆရာမတွေက ဆံထုံးထုံး ဆီစိုက် ဂရုတစိုက် ကုပေးနေတုန်းတော့ ကောင်းတယ်။ အပိုးကိုကျိုးလို့။ ယဉ်ကျေးလိမ်မာ။ လုပ်သမျှခံပါ့မယ်။ ပြုချင်တိုင်းပြုပါ။ ဆရာ့သဘော။ ဆိုက်ထဲက လူကြီးလိုက်လာလို့ “လိုအပ်တာပြောပါ။ ကျွန်တော်တာဝန်ယူပါတယ်” လည်းဆိုလိုက်ရော။ မျက်နှာထားကအစ ပြောင်းသွားပြီး “ဒါ ဗီအိုင်ပီလူနာလေ။ နားမလည်ဘူးလား။” ဆိုတဲ့ အချိုးမျိုး ပြောင်းသွားတယ်။ ခက်ပဲ ခက်ရချည့်။ တာဝန်ကျဆရာမကို “ဟဲ့ ကောင်မ။ ဒရစ်ကုန်နေပြီ။” လို့ လာခေါ်တာ ကြုံဖူးလေရဲ့။ “ဆရာမသိပါဘူး ဆရာရယ်။ အသာနေစမ်းပါ။” ဆိုတာမျိုးလည်း တွေ့ဖူးတာပဲ။ လူနာလာပို့တဲ့ ထော်လာဂျီကို စက်တောင် မသတ်ခိုင်းသေးဘူး။ “လူနာအခြေအနေ မကောင်းဘူးဆရာ။ မျှော်လင့်ချက်ရှိသေးလား။ မရှိရင် အသက်ကယ်ဆေးထိုးပြီး ရွာပြန်ခေါ်သွားမယ်။ သေမှဆို ကားငှားမရ၊ ရွာထဲသွင်းမရ ဖြစ်မှာစိုးလို့။” တဲ့။ ကောင်းရော။
         ကျွန်တော်တို့ဘက်က အဲသည်လို ထိခိုက်ဓဏ်ရာရလာတဲ့ အရေးပေါ်လူနာတွေကို ထိထိရောက်ရောက် ကယ်တင်ကုသပေးနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ လူအင်အားကတော့ ခွဲစိတ်ဆရာဝန်တစ်ယောက်၊ အရိုးကုဆရာဝန်တစ်ယောက်၊ ဓါတ်မှန်ကျွမ်းကျင်တစ်ယောက်၊ ဓါတ်မှန်ဖတ်ဖို့ အာထရာဆောင်းရိုက်ဖို့ ဓါတ်မှန်ဆရာဝန်တစ်ယောက်၊ မေ့ဆေးဆရာဝန်တစ်ယောက်၊ သွေးစစ်သွေးးရှာဖို့ ဓါတ်ခွဲကျွမ်းကျင်တစ်ယောက်၊ အနည်းဆုံး လိုအပ်ပါတယ်။ အဆောင်ထဲမှာ လူနာကို ပြုစုဖို့ သူနာပြုဆရာမတွေ၊ လက်ထောက်ဆရာဝန်လေးတွေကလည်း မရှိမဖြစ်ပေါ့။ အဲဒါတွေ ခန့်ထားရဲ့လား။ ခန့်လိုက်ရင်ရော သွားရဲ့လား။ သွားခဲ့ရင်ရော နေရဲ့လား။ နေတယ်ဆိုရင်ကော လုပ်ရဲ့လား။ လုပ်တယ်ဆိုရင်တောင် စိတ်ချရရဲ့လား။ သူ့အတွက်ကော အဆင်ပြေရဲ့လား။ အခုထိရော ဆက်လုပ်နေသေးလို့လား။ အားလုံး စင်းလုံးချောလွတ်ဖို့ ဘယ်လောက်ခဲယဉ်းမလဲ တွေးကြည့်စမ်းပါလေ။
ဘင်္ဂါလီတွေ ဘေးမသန်းဖို့ လီကွမ်ယုကြီးရဲ့ သားမြေများက တာဝန်ယူပါလိမ့်မယ်။ တို့မြန်မာတွေ ဘေးမသန်းကြဖို့တော့ ဓါရဏပရိတ်ကလေး လက်ဆောင်ပေးလိုက်ရင် ကောင်းမယ်ထင်ပါရဲ့ဗျာ။ “ဗုဒ္ဓာနံဇီဝိတဿ နသက္ကာ ကေနစိ အန္တရာယော ကာတုံ တထာ မေ ဟောတု။ ဗုဒ္ဓာနံ ဗုဒ္ဓဿ ဘုရားရှင်တို့၏၊ ဇီဝိတဿ အသက်တော်၏၊ အန္တရာယော အန္တရာယ်ကို၊ ကေနစိ တစ်စုံတစ်ယောက်သောသူသည၊် ကာတုံ ပျက်စီးအောင်ပြုခြင်းငှာ၊ နသက္ကာ မတတ်နိုင်၊ တထာ ထို့အတူ၊ မေ ငါ့အား၊ ဟောတု ဖြစ်ပါစေသတည်း  ဖြစ်ပါစေသား။” တဲ့။ အောက်ကဟာကတော့ မကြည်အောင် ရဲ့ အန္တရာယ်ကင်း သီချင်းလေးပါဗျား။

“ဘုရားနှုက္ခပတ်တော်ကိုဖြင့် အမြဲရွတ်ဖတ်ကြလေကုန်။ ကပ်ကြီးသုံးပါး ရှောင်ရှားလိမ့်မယ် ယုံ။
ဖုတ် ပြိတ္တာ တစ္ဆေ၊ မြေဘုတ်ဘီလူးနဲ့ ထူးထူးခြားခြား အန္တရာယ်ပွားမည့် ရန်သူပုန်။
စကြ၀ဠာတံတိုင်းမှ မဆိုင်းပဲ လွင့်ကြကုန်။ တန်ခိုးကြီးသော နတ်မင်းများက ဖယ်ရှင်းကြပါကုန်။
သြောင်း တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်၏ ထက်မြက်ပါသည့်ဂုဏ်၊
တို့ မြန်မာတွေ အန္တရာယ်ကင်းလို့ ဘေးရှင်းကြစေကုန်။
ရွှေကြာပန်းဖူးသို့ငုံ၊ အဝေရာ မသန်းဘူးလို့ယုံ၊ စိန္တေယျာဘုရားမှာတဲ့ ၀ပ်တွားကာသာ ခိုလှုံ၊
ကျန်းမာ ချမ်းသာ ဘယာတကယ်ဝေးလို့ ကာကွယ်ရေးလည်း ပြီးစီးမယ်သာယုံ။
မကောင်းသောသူတွေအကုန် များအဖုံဖုံ။
သြောင်း နမော ဒူရေ ဒူရေ သွား ဟုန် ဟုန်။”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...