" ဦးလေးပြောမယ် "
by Ter Tee on Wednesday, June 6, 2012 at 10:40pm
ရေးသူ - ဇ၀န
(ဆရာဇ၀န ၏ ဂျာနယ်ကျော်တွင်ရေးသားခဲ့သောဆောင်းပါးကောက်နှုတ်ချက်)
" ဒီလို အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အကြံဥာဏ်တောင်းတာတွေ့ရတော့ အမေရိကန်ပြည်က နာမည်ကျော်ပုဂ္ဂိုလ်ကြီးတစ်ယောက်ပြောတဲ့ သြ၀ါဒတခုကို ဦးလေး သတိရတယ်။ "
" ဒီပုဂ္ဂိုလ်ကြီးထံ လူငယ်တယောက် သွားရောက်ပြီး အိမ်ထောင်ရေးကိုတိုင်ပင်တော့ သူက
"မင့်ကို စကားတခွန်းဘဲ သြ၀ါဒပေးလိုက်မယ်.... မယူနဲ့" လို့ ဆိုလိုက်တယ်တဲ့။
ဦးလေးလဲ သူလိုဘဲ အကြံပေးချင်တာဘဲ။ .... "
" ဦးလေး ဒီလိုပြောလိုက်တော့ မင်း အတော်စိတ်ပျက်သွားရုံမကဘူး၊ ပိုက်ဆံချမ်းသာတဲ့မိန်းမကို
မင်းရမှာ မနာလိုလို့ပိတ်ပင်တယ်လို့ ထင်ချင်ထင်မိမှာဘဲ။ ဦးလေးကတော့ မိန်းမရဘူးပြီမို့ မိန်းမယူရတာ မလွတ်လပ်တဲ့ဟာတွေကိုမြင်လို့ ပြောရတာဘဲ .... ဘယ်အထိ မလွတ်လပ်သလဲဆို အိပ်ထာတောင်
ကိုယ်အိပ်ချင်တဲ့ဘက်ကို လွတ်လွတ်လပ်လပ် လှည့်ပြီးမအိပ်ရဘူး။ တဘက်စောင်းအိပ်ရင် ပခုံးကို
အတင်းဆွဲပြီး သူ့ဘက်သာ မျက်နှာချင်းဆိုင်ခိုင်းတတ်တာဘဲ။ ညားကာစမှာတော့ ဒါမျိုးတွေကို မင့်စိတ်ထဲမှာတော်တော်ကလေး ပီတိကျနေမိမှာဘဲ။ ဒါပေမယ့် ကြာတော့ ငြီးငွေ့ရုံမက မနက် အိပ်ရာက ထခါနီးအာပုတ်စော် သိပ်နံလာတာကို အောင့်သက်သက်ကြီး ခံရလိမ့်မယ်။ ဒါကိုတောင် စန္ဒကူးနံ့လို့
မင့်စိတ်ထဲမှာ ထင်နိုင်ရင် မင်းမိန်းမယူချင်တာကို မကန့်ကွက်လိုပါဘူး။.... "
" နောက်ပြီး သူဌေးသမီးရအောင် ဘယ်လိုလုပ်ရမလဲလို့ မင်း အကြံတောင်းတာကို
ဦးလေး မဖြေတတ်အောင်ရှိနေတယ်။ သူဌေးသမီး ရနိုင်တဲ့နည်းကို သိတဲ့လူနှစ်ယောက်တော့ရှိတယ်။
ဒါပေမယ့် မင်း လူဖြစ်နောက်ကျတဲ့အတွက် ဒီလူတွေကို မမှီတော့ဘူး။ သိပ်တော့နောက်မကျသေးပါဘူး
အနှစ် ၂၀၀၀ ကျော်လောက်ပါဘဲ။ တယောက်က ဒါသ တဲ့။ တယောက်ကတော့ မာဒင်္ဂတဲ့။ "
" ဒါသ ဆိုတာကတော့ ကျွန်ဘဲ။ အိမ်ရှင်သူဌေးသမီးကတောင် ကြိုက်ပြီး ခိုးရာလိုက်ပြေးတယ်။
ဘယ်လိုနည်းနဲ့ ကြိုက်အောင်လုပ်သလဲတော့ စာထဲမှာ အထောက်အထား ရှာလို့မတွေ့ဘူး။ "
" မာဒင်္ဂဆိုတာကတော့ သူတောင်းစား။ ဒါပေမယ့် သူတောင်းစားထဲမှာ သူက နဲနဲ "ဂရင်း" ကျတယ်။
ဘုရားအလောင်းကိုးကွဲ့။ သူ့နည်းတော့ ဦးလေး သိရတယ်။ ဒိဌိမင်္ဂလိက ဆိုတဲ့ သူဌေးသမီးကို
မာဒင်္ဂက နောက်ပိုးသတဲ့ဗျာ။ ထိပ်သီးမှတက်မှန်းတာဘဲ။ သူတောင်းစား ထမင်းဝတော့ ခက်တယ်ဆိုတာ
မာဒင်္ဂလိုလူစားဘဲထင်ပါရဲ့။ ဒါနဲ့ နောက်ပိုးလို့မရတော့ သူ့ကိုမှ မရရင် မထဘူးဆိုပြီး၊ လမ်းပေါ်မှာလှဲအိပ်ပြီး ဆန္ဒပြနေတာနဲ့ ပေးစားလိုက်ရတယ်လို့ ဆိုတယ်။ ဒါကလဲ ရှေးတုန်းကမို့ပါ။
အခုနေ ဒီလိုမာဒင်္ဂ လှဲအိပ်နေမယ်ဆိုရင် နောက်တနေ့ သတင်းစာထဲမှာ
"ဘုရားအလောင်းကို ဖော်တီဝမ်းနဲ့ ပုလိပ်ဆွဲသွားခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းပါလာမှာဘဲ။
ဖော်တီဝမ်းဆိုတာ ရန်ကုန်မှာတော့ နာမည်ကြီးဘဲ။ ဘတ်စကားသမားတွေ အသေအလဲ ကြောက်တဲ့
လမ်းပိတ်ဆို့မှု ပုလိပ်ဥပဒေ ၄၁ ကိုပြောတာကွဲ့။ မင်းလဲ ဒီနည်းသဘောကျပြီး လှဲအိပ်မယ်မကြံနဲ့၊
တံတားကလေး စိတ္တဇဆေးရုံ အပို့ခံနေရမယ်။ "
Ref: ဟာသစာပေ စာအုပ်၊ ၁၉၇၃
အခန်း ၅၊ ဦးသိန်း(ဇ၀န) ၏ ဟာသဆောင်းပါး
စာမျက်နှာ ၂၀၇ - ၂၀ဂ
0 comments:
Post a Comment