Wednesday, June 20, 2012

သူမသေတော့ပါ


by အား မာန် on Wednesday, June 20, 2012 at 10:27am 

(၁)
ကျနော်တို့ ပုံမှန်ဂျာနယ် ၃-၄ စောင်၊ သတင်းစာက တစောင်နဲ့ မဂ္ဂဇင်း ၃-၄ အုပ် ယူထားပါတယ်။ ဂျာနယ်တွေထဲမှာ Weekly Eleven ပါတယ်။ ဦးတည်ရန်သူအဖြစ် ကိုယ့်ကိုယ် အမြဲဆဲမယ့် Northern Star ပါတယ်။ မဖတ်မဖြစ် ဖတ်ရဦး မယ့် ဒီလှိုင်းလည်းပါ ပါတယ်။ တခါတရံ ဂယက်ပွက်လာတဲ့ သတင်းတို့ ဆောင်းပါးတို့ပါတဲ့(စာနယ်ဇင်းတွေ) ပေါ်လာရင် မရမက မှာဖတ်ကြတယ်။


Weekly Eleven ဖတ်တာက အချက်အလက်လိုချင်တာရယ်၊ ကိုစိန်ဝင်းဆောင်းပါး ပါတာရယ်ကြောင့်ပါ၊ (အဓိကတန်ဖိုး က အဲဒီမှာပါ) လုံးချင်းထုတ်နေတဲ့ သူ့စာအုပ်တွေလည်း အလွတ်မပေးပါ၊ တအုပ်မကျန်မှာပါတယ်။ သူဘာတွေးသလဲ။
ဘယ်ဟာ ဇောင်းပေးသလဲ။ ဘယ်လိုမြင်ပြီး ဘယ်လိုသုံးသပ်သလဲ … သိချင်တာပါ။
ခုတလော သူ့ဆောင်းပါးတွေ ပြတ်သွားတာ တလခွဲလောက်ရှိပြီ၊ ကျနော့်ဇနီးဖြစ်သူက (ကိုစိန်ဝင်းဆောင်းပါးတွေ မ ဖတ်ရတာ ကြာပြီ၊ မရေးနိုင်လောက်အောင် ကျန်းမာရေး ဆိုးနေပြီလား) မေးတယ်။ ကျနော်က Weekly Eleven အယ်ဒီ တာချုပ် သတင်းတွေထွက်လာနေတာ စဉ်းစားနေမိတယ်၊ သူက မူ သမား၊ မရေးသင့်ဘူးထင်ရင် ရွှေပုံပေးတောင် ရေး မယ့်သူမဟုတ်။ နောက်တနေ့ VOA မနက်ပိုင်းသတင်းမှာ မနေ့ညကပဲ “သူကွယ်လွန်သွားပြီ” ဆိုတာ ကြေညာသွား တယ်။ ဇနီးကို လှမ်းပြောလိုက်တော့ “အို….. ဆုံးရှုံးမှု ကြီးလိုက်တာ”…. ဆိုတဲ့ ညည်းညူသံ ထွက်လာတယ်။

(၂)
ကျွန်းမှာ …
သူတို့ ကျနော်တို့က မတိမ်းမယိမ်းလူတွေပါ၊ ခဲယမ်းမီးကျောက်တပ်မှ ဗကပယူဂျီအဖြစ်နဲ့ အဖမ်းခံရပြီး ကျွန်းအထိပါလာ တဲ့ တပ်ကြပ်ကြီး တယောက်ရှိတယ်၊ ရွှေဘိုသား ကိုမြတ်ဆွေ ဖြစ်ပါတယ်၊ သူက ‘ဟေ့-စိန်ဝင်း’-‘မင်းက – ငါက’… အသုံး အနှုန်းတွေသုံးပြီး ဆက်ဆံနေတာ တွေ့မိလို့ ‘ရင်းနှီးလှချည်လား’…… လို့ဆိုတော့ ရွှေဘိုသားချင်း၊ ကျောင်းနေဘက် အ တန်းတူဆိုတာ သိရတယ်။
အသက်တွေ တွက်စစ်ကြည့်တော့ ကျနော်နဲ့ မကွာလှ၊ တိတိကျကျဆိုရရင် ကိုစိန်ဝင်းထက် ကျနော်က တနှစ်နဲ့ ၇ ရက် ကြီးပါတယ်။ ဒါပေမဲ့ သူက စာရေးဆရာ၊ အယ်ဒီတာမို့လား မသိ လူကြီးဆန်လွန်းတယ်။ ဒါကြောင့် တော်တော်များများ က သူပဲ အကြီးလို့ ထင်တတ်ကြတယ်။ ကျွန်းရောက်မှ သိကြ၊ ခင်ကြ၊ ကျွမ်းဝင်ကြရတာပါ။

(၃)
ခေတ်ပြိုင်တွေဆိုတော့ ‘ခေတ်ပြိုင်’ခံစားမှု ရှိကြတယ်၊ နိုင်ငံရေးမှာ ဘယ်ဘက်က ရပ်မလဲ ပြဿနာပေါ်လာတယ်၊ အဖိ နှိပ်ခံတွေဘက်က ရပ်ကြမယ်ဆိုတာ သွားတူတယ်။

နိုင်ငံတကာ လွတ်မြောက်ရေးတိုက်ပွဲတွေရဲ့ ဂယက် အရိုက်ခံကြရတယ်၊ တရုတ်ပြည် လွတ်မြောက်သွားတာကလည်း မကြာသေး၊ နောက်တော့ အိမ်နီးနားချင်း အင်ဒိုချိုင်းနား လွတ်မြောက်ရေး တိုက်ပွဲတွေ သည်းသန်ပြင်းထန်လာတယ်၊ ဗီယက်နမ်စစ်အရှိန်မြင့်လာတယ်၊ ကိုယ့်နိုင်ငံထဲမှာလည်း အမေရိကန် နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ် ရှားမှုတွေ အစီအရီပေါ်လာတယ်၊ ဒီရေစီးကြောင်းထဲမှာ ကျနော်တို့ မျောပါခဲ့ကြတယ်။
သူက ကလောင်စကိုင်နေပြီမို့ သူ့လက်ရာတွေ မြည်းစမ်းခွင့်ရခဲ့တယ်၊ ‘အရှေ့တာင်အာရှ စစ်မီးလျှံများ’ – ‘အလံမလှဲ စတမ်း’ စာအုပ်တွေ စွဲမက်ခဲ့ဖူးတယ်။ ‘အလံမလှဲစတမ်း’ထဲက မင်းသမီးကို စံပြုပြီး သူ့သမီးကို ‘ချောအိမန်’နာမည် ပေး ထားသလို ကျနော့်တူမနာမည်ဟာလည်း ‘ချောအိအောင်’ဖြစ်လာပါတယ်။ ဒီခေတ်က မွေးဖွားသူ မိန်းကလေးတချို့ ‘ချောအိ’ နာမည်ယူထားထားတာ တော်တော်များများရှိခဲ့တယ်၊ ဒီမျိုးဆက်တွေဟာ ရှစ်လေးလုံးကာလကို မုချဖြတ်သန်း ခဲ့ကြပါတယ်။

(၄)
ကျွန်းတိုက်ပွဲတွေရဲ့ အစဦးပြဿနာတွေထဲမှာ သူ့ကိစ္စလည်း ပါနေတာ တွေ့ရတယ်၊ ရှေ့ပြေးပြဿနာလို့ ပြောနိုင်တယ်။ ကိုယ်ထူကိုယ်ထ အလုပ်ကြမ်းတွေ လုပ်ရ၊ အာဟာရပြည့်ဝအောင်လည်း မကျွေးလို့ နိုင်ငံရေးအကျဉ်းသား (ထိန်းသိမ်း) တွေ ကျန်းမာရေး ယိုင်နဲ့ကုန်ပါတယ်။ သူ စ’ပြိုပါတယ်၊ အသက်ရှူမ၀ ရှူမရဖြစ်လာတယ်၊ လုံလောက်တဲ့ ဆေးဝါးကုသ မှုလည်း မရတော့ ပြည်မပို့ပြီး ကုသပေးဖို့ ကျနော်တို့က တောင်းဆိုတယ်။ အာဏာပိုင်တွေက ငြင်းဆန်တယ်။ “တောင်း ဆိုတာ မရရင်တော့ အစာငတ်ခံ ဆန္ဒပြရပါလိမ့်မယ်” လို့ ရာဇသံပေးလိုက်ကြတယ်။

ထိုစဉ်က ထောင်မှူးကြီး ဦးခင်မောင်စိုး ပြောတဲ့စကားတခွန်းကြောင့် ရဲဘော်တွေ ရှူးရှူးရှားရှား ဖြစ်ကုန်ကြရတယ်။
‘တချို့လေ့ကျင့်ထားတဲ့သူတွေဟာ ဆရာဝန်က ဆေးစစ်စဉ်မှာ အသက်မရှူဘဲ အကြာကြီး အောင့်ထားလို့ ရတယ်ဗျ’ ….တဲ့။ ရဲဘော်တချို့က ထိုးမယ်ကြိတ်မယ်အထိ ဖြစ်ကုန်တယ်။ တိုက်ပွဲဝင်ဖို့ ပြင်ကြတယ်၊ ဒါကိုသိမှ ပြည်မကို ပြန်ပို့ ပေးတာ ဖြစ်တယ်။

(၅)
ကျနော် ထောင်ကလွတ်ပြီး မကြာမီ ရန်ကုန်သို့ ဆေးဆင်းကုရင်း သူ့အိမ်သွားလည်ပါတယ်။ သူက မျက်ရည်တွေ ဝေ့ပြီး ကြိုဆိုရှာတယ်။
“အေးဗျာ-ကျွန်းပြန်တွေ တသုတ်ပြီးတသုတ် လွတ်လာကြပေမယ့် ခင်ဗျားတို့ပါမလာဘူး။ ပူတာပေါ့ ဗျာ။ ထွက်လာတဲ့ ရဲဘော်တွေ မေးကြည့်တော့မှ ခင်ဗျားတို့ ဘာတွေဖြစ်နေတယ်ဆိုတာ သိရတယ်”… တဲ့။ ဧည့်ခံကျွေးမွေးရင်းက သူ့ဇနီး၊ သူ့သား၊ သူ့ သမီး… တွေနဲ့ မိတ်ဆက်ပေးတယ်။ မိသားစုကိုလည်း … ကျနော့်ကို တွေ့ရင် နှုတ်ဆက်ဖို့ ခေါ်ဖို့ ပြောဖို့ သွန်သင်ပါတယ်။ ကျနော်ပြန်မယ်ဆိုတော့ ပခုံးဖက်ပြီး တံခါးပေါက်ဝအထိ လိုက်ပို့တယ်၊ လက်ဆွဲနှုတ်ဆက်ကြတော့ သူ မျက်ရည်ဝဲပြန်တယ်။ နွေးထွေးတဲ့ခံစားမှုနဲ့ ကျနော် ပြန်ခဲ့ပါတယ်။

(၆)
နောက်ပိုင်းသူ့ရဲ့ ဖြတ်သန်းမှုကိုတော့ ပြည်တွင်းနေသူတွေက ပိုသိကြမှာပါ။ ထက်မြက်တဲ့ကလောင်နဲ့ အမှန်တရားဘက်၊ ပြည်သူ့ဘက်က အဆက်မပြတ် တိုက်ပွဲဝင်ခဲ့လို့ အုပ်စိုးသူရော ပြည်သူကပါ အလေးထားလာရကြရတယ်။ သူ့သြ ဇာ ကြီးလာခဲ့ပြီ။ ပြည်ပအထိတောင် ထိုးဖောက်နေရာရလာခဲ့တယ်၊ ကွယ်လွန်ချိန်မှာတော့ လျှမ်းလျှမ်းတောက်ဖြစ်နေပါပြီ။
သူမသေတော့ပါ။

(၇)
ကျနော်တို့ တချိန်က အားရ အားကျခဲ့ကြတဲ့ ပြည်တွင်းပြည်ပက စံပြအမျိုးသားသူရဲကောင်းတွေ၊ လူတန်းစား သူရဲ ကောင်းတွေရဲ့ စာရင်းထဲမှာ (ခုတော့) ဇွဲမာန်ကြီးလှတဲ့ သူ့နာမည် “လူထုစိန်ဝင်း” … ဆိုတာလည်း ပါသွားပါပြီ။ ဒီအချိန် မှာ ကျနော်ကတော့ “ကျွန်းအာဇာနည် ၈ ယောက်” ကျဆုံးစဉ်က ခံစားမှုမျိုး ရင်ထဲမှာ ခံစားနေမိပါတယ်။

(ရဲဘော်စိုးချစ်)
(၁၉-၆-၂၀၁၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...