Tuesday, June 12, 2012

ခေါင်းစဉ်မဲ.ကွဲပြားခြားနားမှုများ


by Myo Myint Thwe on Tuesday, June 12, 2012 at 11:10am 

            ကျမငယ်စဉ်ကလေးဘ၀ အလယ်တန်းကျောင်းတက်ကာစက ကျမတို.မိသားစုဟာ အိမ်ငှားဘ၀နဲ.နေခဲ့ရပါတယ်။ ကျမတို.မိသားစုငှားနေခဲ့ရတဲ့အိမ်က အတန်အသင့်ကျယ်ဝန်းတဲ့ခြံထဲမှာ ကျွန်းအိမ်ကြီးတစ်လုံးရဲ.အောက်ထပ် ခေါင်းရင်းဘက်ခန်းပါ။ ခြေရင်းခန်းကလဲ ကျမတို.လို အိမ်ငှားတွေပါပဲ။ အစ်စလမ်ဘာသာဝင် မူဆလင်ကုလားတွေပါ။ ကျမတို.အိမ်ရှင်မိသားစုကတော့ အိမ်ကြီးရဲ.အပေါ်ထပ်မှာနေကျပါတယ်။ ရခိုင်လူမျိုးမိသားစုပါ။ အဖွားပုချေက အိမ်ရှင်အဖွားပါ။ အဖွားပုရဲ.သမီးအငယ်က ကျမတို.ရဲ.မူလတန်းက ဆရာမပါ။ ခြေရင်းခန်းက ကုလားမိသားစုကတော့ အာမက်နဲ.ဟူစိန်ဆိုတဲ့ သား ၂ ယောက်နဲ. ဆာဝီဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ကျမတို.ကလဲ မောင်နှစ်မ ၃ ယောက်ပါ။ ကျမရဲ.မောင်လေး မောင်မောင်နဲ. ကုလားအကြီးကောင်လေး အာမက်က ရွယ်တူပါ။ ကျမညီမလေးနဲ.အငယ်ကုလားလေး ဟူစိန်ကလဲအတန်းတူပါ။ အငယ်ဆုံးလေး ဆာဝီက ၃ နှစ်လောက်ပဲရှိပါသေးတယ်။

             ကျမတို.မိဘတွေက အလုပ်တစ်ဖက်နဲ.မို. နေ.လည် ကျောင်းဆင်းချိန်မှာတော့ အိမ်ရှင်အဖွားပုက ကျမတို.ကို ထိန်းပေး ကြည့်ပေးပါတယ်။ အမေက မနက်ထဲကစီစဉ်ပေးခဲ့တဲ့ ထမင်းနဲ.ဟင်းတွေကို အဖွားပုက ကျမတို.ကျောင်းပြန်လာချိန်မှာ စားဖို.ပြင်ဆင်ပေးပါတယ်။ ရေချိုး၊ထမင်းကြွေးအလုပ်ကို ဂရုစိုက်ပြီးလုပ်ပေးပါတယ်။ အဲ့ဒီအတွက် ကျမတို.အမေက ဖွားပုကို လစဉ်ငွေကန်တော့ပါတယ်။ ခြေရင်းခန်းက အာမက်တို.မောင်နှစ်မတွေကိုလဲတခါတလေသူတို.အမေက မြို.ထဲ သူတို.အဖေဆိုင်ကိုလိုက်သွားတဲ့အခါ ဖွားပုပဲကြည့်ပေးရပါတယ်။ အာမက်တို.အဖေက မြို.ထဲမှာ လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ထားပါတယ်။ ကျမတို.အခန်း၊ ဖွားပုတို.အပေါ်ထပ် တစ်အိမ်လုံးရဲ.လျှပ်စစ်နဲ.ပတ်သက်တာမှန်သမျှ အာမက်အဖေက အကုန်တာဝန်ယူပြင်ပေး၊ တပ်ဆင်ပေးပါတယ်။ အာမက်အမေက ကျမကြည့်ဖူးတဲ့ကုလားကားထဲက မင်းသမီးနဲ.တူပါတယ် အသားဖြူဖြူနဲ.မျက်လုံးဝိုင်းဝိုင်း မျက်တောင်မွှေးရှည်ရှည်ကော့ကော့နဲ. အရမ်းလှပါတယ်။ အငယ်မလေး ဆာဝီကလဲ ကော်ပတ်ရုပ်လေးလိုလှပါတယ်။
            အာမက်နဲ.ဟူစိန်ညီအကို ၂ ယောက်မှာတော့ အာမက် သွက်လက်ပြီးညဏ်ကောင်းပါတယ် စွာလဲစွာပါတယ်။ ဟူစိန်ကတော့ အေးဆေးပြီးကြောက်တတ်ပါတယ်။ အာမက်နဲ. ကျမမောင်လေးကတော့ တစ်ခြံလုံးပြောင်းဆန်အောင်ဆော့ကျလို. ဖွားပုရဲ.အအော်အငှောက်အမြဲခံရပါတယ်။ ဟူစိန်ကတော့ကျမညီမလေးရဲ.အနိုင်ကျင့်ခံရတဲ့ကလေးပါပဲ။ ဟူစိန်. ခဲ့တံလှလှလေးတွေ၊ ခဲဖျက်လှလှလေးတွေဟာ ကျမညီမကြောင့် ပျောက်ရပေါင်းမနဲပါဘူး။ ဒါပေမဲ.ဟူစိန်ကဘယ်တော့မှစိတ်မဆိုးခဲ့ပါဘူး။ အေးဆေးတဲ့ဟူစိန်ဟာ ဖွားပုရဲ.အသည်းပါ။ ကျမတို.လိုအကဲတွေထက် သူ.ပြောစကားကိုနားထောင်တဲ့ဟူစိန်ဟာ ဖွားပုရဲ.အချစ်ဆုံးပါ။
            ကျမတို.ရဲ.မနက်စာ ပဲပြုတ်နဲ.ထမင်းကြော်ကို ကျမအလွန်မုန်းပါတယ်။ အမေထမင်းကြော်နေချိန်မှ အာမက်တို.အမေကလဲ ဂျုံလုံးလေးတွေကို ဒလိမ်.တုံးလေးနဲ.ပြားကာဦးကင်းပူကပ်တဲ့ ချာပါတီဟာသူတို.ရဲ.မနက်စာပါ။ ကျမက ထမင်းကြော်မစားချင်လို.ဂျီးများချိန်မှာ ဟူစိန်ကလဲ ချာပါတီမစားချင်လို. ဂျီကျပါတယ်။ ဟူစိန်စားချင်တာက ကျမတို.ရဲ.နနွန်းဝါ၀ါနဲ.ထမင်းကြော် ကျမစားချင်တာကလဲ သူ.အမေရဲ.ချာပါတီ၊ နောက်ဆုံးတော့ အမေထမင်းကြော်ရင် ဟူစိန်အတွက်တစ်ပန်ကန်ပေးရသလို ကျမအတွက်လဲ သူ.အမေက ချာပါတီ အမြဲပေးရပါတယ်။
              ကျမတို.မောင်နှစ်မတွေအပေါ်မှာ ဖွားပုက သူ.မြေးတွေလိုသဘောထားပါတယ်။ တခါတလေ ကျမတို.ကဲလွန်း ဆိုးလွန်းလို.အမေကရိုက်ရင် ဖွားပုက ၀င်ဆွဲပြီးအပေါ်ထပ်မှာဖွက်ထားပါတယ်။ အာမက်တို.အရိုက်ခံရရင်လဲဒီလိုပါပဲ။ ဖွားပုက ကျမတို.အားလုံးကို တကယ်ဂရုစိုက်ပါတယ်။  ကလေးတွေကိုမရိုက်ရဘူးလို.အမြဲပြောပါတယ်။ ဒါပေမဲ.တခါသားကတော့ ဖွားပုက မောင်မောင်နဲ.အာမက်ကို ရိုက်တာ ခြေသလုံးလေးတွေမှာ အရှိုးရာလေးတွေစီနေတာပါပဲ။ ဖြစ်ပုံကတော့ ကျောင်းဆင်းလာပြီး ခြံထဲမှာ ဂေါ်လီပစ်တန်းကစားနေရာကနေ ၂ ယောက်သားငြင်းကျပါတော့တယ်။ ကလေးတွေမို. နိုင်ရပြီးရော အော်ဟစ်ငြင်းကျတာနောက်ဆုံးတော့ ရန်ဖြစ်ပါတော့တယ်။ တစ်ယောက်နဲ.တစ်ယောက် အနိုင်မခံပဲ  မောင်မောင်က ` ကုလားကုလား  -ီးတွေစား ´အာမက်ကလဲ အနိုင်မခံ ` ဗမာဗမာ -ီးတွေပါ´ လို. ၏အော်နေကျတာ ဖွားပုကြိမ်လုံးလေးကိုင်ပြီးအပေါ်ထပ်ကဆင်းလာက ၂ ယောက်လုံးကိုရိုက်တော့မှပဲ အအော်ရပ်ကာ ငိုကြပါတော့တယ်။ ဖွားပုကလဲ ၂ ယောက်လုံးကို နောက်ဒီလိုပြောကြဦးမလား၊ အော်ကြဦးမလား ဆိုကာကြိမ်လုံးလေးနဲ.မေးမေးပြီးရိုက်ပါတယ်။ ညနေ မိဘတွေပြန်လာကြချိန်မှာတော့ ဖွားပုပြန်ပြောလို. အကြောင်းစုံသိကြပြီး ၂ ယောက်လုံးထပ်ရိုက်ခံကြရပါတယ်။ အာမက်အဖေကလဲ နောင်ကိုဒီလိုမဖြစ်စေရပါဘူးလို. ကျမတို.အဖေကိုပြောလာသလို ကျမတို.အဖေကလဲ ကလေးတွေနောက်မဖြစ်အောင်ထိန်းပါမယ်လို.ပြန်ဖြေခဲ့ပါတယ်။ ဖွားပုခမျာလဲ စိတ်တိုလို.ရိုက်ပြီးစိတ်မကောင်းဖြစ်နေရှာပါတယ်။ အဲ့ဒီနေ.ညက ဖွားပုက အာမက်နဲ.မောင်မောင်ကို သူအိမ်ပေါ်ခေါ်သိပ်ပါတယ်။ ဖွားပုဟာ ကျမတို.မောင်နှစ်မတွေနဲ.အာမက်တို.မောင်နှစ်မတွေကို တကယ်ဂရုစိုက်ခဲ့တာပါ။
             နောက်ထပ်ဖွားပု စိတ်ဆိုးပြီးရိုက်တာကတော့ ကျမကိုပါ။ ကျမက ကလေးတွေထဲမှာအကြီးဖြစ်ပေမဲ. အင်မတန်ကဲပါတယ်။ စွာတတ်တဲ့အာမက်ကို သိပ်ကြည့်မရပေမဲ. အေးဆေးတဲ့ ဟူစိန်ကိုတော့ ကျမလဲအနိုင်ကျင့်ချင်ပါတယ်။ တရက်မှာတော့ လူကြီးတွေမရှိခိုက်မှာ ဟူစိန်ကို အိမ်ထဲခေါ်ကာ တံခါးပိတ်ပြီး ဘုရားရှိခိုးခိုင်းပါတယ်။ ပါးစပ်ကလဲ ဗုဒ္ဓံသရဏံဂစ္စာမိ - အစချီပြီး သရဏဂုံ ၃ ပါးကို ဆိုခိုင်းပါသေးတယ်။ ဟူစိန်ကတော့ ကျမကိုကြောက်လို. ခိုင်းတဲ့အတိုင်းလုပ်ပေမဲ. အာမက်သိသွားကာ ဖွားပုနဲ.တိုင်ပါတော့တယ်။ ကျမကို ဖွားပုရိုက်ပါတယ်။ ခြေထောက်မှာအရှိုးရာတွေနဲ.ပါ။ ဒါပေမဲ. ဖွားပုက အာမက်နဲ.ဟူစိန်ကို ချော့မော့ပြီး သူတို.မိဘတွေကိုမပြောဖို.ပိတ်ထားခဲ့ပါတယ်။ အာမက်လိုချင်တဲ့ ပလပ်စတစ်ကားလေးဝယ်ပေးခဲ့သလို ဟူစိန်ကြိုက်တဲ့ အုန်းမွှေးလုံးရေခဲချောင်းကြွေးကာချော့ထားခဲ့တာပါ။ ကျမကိုတော့ အမေ.ကိုတိုင်ကာ ထပ်ရိုက်ခိုင်းပါတယ်။ နောင်ကိုဒီလိုဘယ်တော့မှမလုပ်ရဘူးလို.လဲဆုံးမပါတယ်။ ဒီကိစ္စဟာ ကံကောင်းစွာနဲ. အသာပဲပြီးသွားပါတယ်။ ကျမလဲ အမေနဲ.အဖေရဲ. အပြစ်ပေးတာတွေခံလိုက်ရပါတယ်။
            အဲဒီအချိန်ထဲက အာမက်တို.မိဘတွေစကားပြောရင် ကရာချိန် - ကရာချိ နဲ.အမြဲကြားနေခဲ့တာ ဘာမှန်းမသိခဲ့ပါဘူး နောက်မှ ပါကစ်စတန်နိုင်ငံ ကရာချိမြို.ဆိုတာသိရပါတယ်။ ကရာချိမှာ အာမက်မိဘတွေရဲ.အမျိုးတွေရှိကြပါတယ်။ အာမက်အဖိုးက ဗလီဆရာလို.ပြောကြပါတယ်။ အစ်ပွဲတော်ချိန်မှာတော့ အာမက်တို.အိမ်က စမိုင်နံ.ဟာ မကြိုက်တဲ့ ကျမကိုခေါင်းကိုက်စေပေမဲ. အာမက်အမေချက်ကြွေးတဲ့ ဆိတ်သားဟင်းကိုတော့ အခုထိမမေ.နိုင်ပါဘူး။ ကျမတို. အတူတူနေခဲ့ကျတာ ၃ နှစ်နီးပါးပါပဲ။
            ကျမတို.မိသားစုအိမ်ပြောင်းခဲ့ပြီးနောက်မှာတော့ အာမက်တို.မိသားစုတစ်ခုလုံး ကရာချိကိုအပြီးပြောင်းသွားပါတယ်။ မောင်မောင်နဲ.အာမက်အတန်းတူမို. သူတို.ပြောင်းသွားတာသိရပါတယ်။ ကျတို.လဲ ချစ်စရာကောင်းတဲ့ဆာဝီလေးကိုသတိယနေခဲ့ပါတယ်။ ဖွားပုဆုံးတာလဲ ၁၀ နှစ်ကျော်ပါပြီ ။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတော့ အာမက် ရန်ကုန်ကိုအလည်ပြန်လာပါတယ်။ နေခဲ့တဲ့ရပ်ကွက်ကိုရောက်လာကာ ဖွားပုနဲ.ကျမတို.ရဲ.ဆရာမကိုလာကန်တော့ပါတယ်တဲ့ ဖွားပုကိုတော့အာမက်မတွေ.ရတော့ပါဘူး ။ မိတ်ဆွေဟောင်းတွေနဲ.ဆက်စပ်ပြီး ကျမတို.မိသားစုကိုလဲရအောင်ရှာပြီးလာတွေ.ပါတယ်။ မောင်မောင်နဲ.လဲတွေ.ပြီး ခရီးတွေထွက်ကျပါသေးတယ်။ ကျမတို.ညီအမအတွက် ကုလားအုပ်သားရေကိုလက်နဲ.ချုပ်ထားတာဆိုတဲ့ ပိုက်စံအိပ်လေးတွေလဲလက်ဆောင်ပေးပါတယ်။ သူ.မိသားစုအကြောင်းပြောတော့ သူနဲ.ဆာဝီ အိမ်ထောင်ကျပြီး သူ.အမေဆုံးသွားပြီလို.သိရပါတယ်။ ဟူစိန်အကြောင်းမေးတော့ မျက်နှာသိပ်မကောင်းပါဘူး။ ဟူစိန်ဟာ သူ.တို.ဦးလေးတရားဟောဆရာတွေနဲ.အတူနေရာကနေ ဘာသာရေးအစွန်းရောက် သူအဖြစ်နဲ. အိမ်ကနေထွက်သွားပါတယ်။ သူ.အမေလဲ ဟူစိန်.စိတ်နဲ.ပဲဆုံးရှာတယ်တဲ့။ အဖေကတော့ ဘာသာရေးအစွန်းရောက်သူကနေ လက်နက်ကိုင်တစ်ယောက်ဖြစ်သွားတဲ့သားကို စိတ်နာကာဒူဘိုင်းမှာပြောင်းနေပါတယ်တဲ့။ သူနဲ.ဆာဝီတို.မိသားစုတွေလဲမကြာခင် ဒူဘိုင်းမှာပြောင်းနေကျမယ်လို.လဲပြောပါတယ်။ ကျမတို.အံသြမိကြပါတယ်။ ဟူစိန်လို အေးဆေးပြီးကြောက်တတ်တဲ့ လူငယ်လေးတစ်ယောက်ဟာ အစွန်းရောက်လက်နက်ကိုင်တစ်ယောက် ဖြစ်အောင်ပြောင်းလဲသွားတဲ့ ကံအကြောင်းတရားကိုအံသြမိကြပါတယ်။ အေးဆေးတဲ့ဟူစိန်ကို အချစ်ပိုခဲ့တဲ့ ဖွားပုတစ်ယောက် ဘယ်လိုများမှတ်ချက်ချမယ်မသိပါဘူး။
            လွန်ခဲ့တဲ့၂ ပတ် ၃ ပတ်လောက်ထဲကစပြီး မိုက်ရိုင်းယုတ်မာတဲ့ အမှိုက်စ ၃ စ ကနေ ဖြစ်ပေါ်လာတဲ့ လူမျိုးရေး - ဘာသာရေး ဘယ်လိုခေါင်းစဉ်ပဲတပ်တပ် ရည်ရွယ်ချက်မဲ. တစ်ယောက်ကိုတစ်ယောက် အနိုင်ကျင့် ပြီး လူပေါင်းများစွာ အသက်သေရ အိုးအိမ် ပစ္စည်းဥစ္စာများဆုံးရှူံးရတဲ့ထိဖြစ်လာပြီး  အရေးပေါ်အခြေအတောင်ကြေငြာခဲ့ရတဲ ကျမတို.ရဲ.ရခိုင်ပြည်နယ်အကြောင်းကိုမြင်ရကြားရတဲ့အခါမှာတော့ အာမက်တို.မိသားစုကို သတိရမိပါတယ်။ လက်နက်ကိုင်တွေပါလာတယ်ဆိုတာကြားမိတော့လဲ ဟူစိန်လိုအစွန်းရောက်သွားရတဲ့လူငယ်လေးတွေကိုမျက်စိထဲမြင်မိပါတယ်။
            ဘာသာမတူတာ လူမျိုးမတူတာ ယဉ်ကျေးမှုမတူတာတွေနဲ.ကွဲပြားခြားနားနေကျပေမဲ. အားလုံးဟာ လူသားတွေပါ။ ကံအကြောင်း ၃ ပါးလုံးတိုက်ဆိုင်ကာမှ ဆုံတွေ.ရမယ့် လူသားတွေပါ။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုပြီး တစ်ယောက်ကိုတစ်ယောက်လက်ညိုးထိုးအပြစ်တင်နေခိုက်မှာပဲ အသက်ပေါင်းများစွာဆုံးရှုံးနေကျရပါပြီ။ လူပေါင်းများစွာ ဒုက္ခရောက်နေကျရပါပြီ။ ပရွတ်ဆိတ်ကိုက်ရင်တောင်နာတတ်ကျတဲ့ ကျမတို.လူသားတွေ  တစ်ယောက်ကိုတစ်ယောက် သေစေလိုတဲ့စိတ်တွေနဲ. တိုက်ခိုက်နေကျတာဟာ ကမ္ဘဦးကလူရိုင်းတွေလို ဖြစ်မှန်းမသိဖြစ်နေကျပါပြီ။ ကျမတို.နိုင်ငံဟာ နှစ်ပေါင်းများစွာထဲက အခါပေါင်းများစွာ ဒဏ်ရာတွေ ရခဲ့ရပါတယ်။ အဲဒီဒဏ်ရာတွေဟာ တစ်ခုပြီးတစ်ခု ထပ်နေအောင်ရခဲ့ရပေမဲ. ဘယ်တုန်းကမှ ဒဏ်ရာတွေပျောက်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ ထပ်တိုးပြီးပဲရခဲ့တာပါ။ အခုလဲ ဒဏ်ရာသိပ်မကြီးခင်မှာ အလွတ်ရုံးနိုင်ဖို.လိုပါတယ်။ လူမျိုးရေး - ဘာသာရေး - ခေါင်းစဉ်တွေအောက်မှာ မွန်းကြပ်မနေကျပဲ နားလည်မှုတွေ တည်ဆောက်နိုင်ဖို.လိုပါတယ်။ အခုလို အဓိကရုန်းဖြစ်ရပ်ဟာ အကြောင်းပြချက်ကောင်းတစ်ခုဖြစ်ပြီး ကျမတို.မျှော်လင့်နေတဲ့ အလင်းရောင်တွေကို ပိတ်ပင်တားဆည်းဖို.ဖြစ်သွားနိုင်ပါတယ်။ ကျမတို.ဟာ ၂၆ နှစ် တစ်ကြိမ် ၊ နောက်ထပ် အခုချိန်ထိ ၂၄ နှစ် တိုင်အောင် တစ်ကြိမ် အမှောင်ထုအောက်မှာ စမ်းတ၀ါးဝါးနေခဲ.ရပြီးပါပြီ။ အသက် ၅၀ ဆယ်အရွယ် လူတစ်ယောက်ရဲ.ဘ၀ တစ်ခုစာပါ။ နောက်ထပ် --- နောက်ထပ် -- မနေနိုင်တော့ပါဘူး။ မနေချင်တော့ပါဘူး။ ကျမတို.အတွက် ယုံကြည်ရာလဲသေချာအောင်မရှိသေးပါဘူး။ ဒါကြောင့် ဘယ်လူမျိုး ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် တစ်ဦးနဲ.တစ်ဦးနားလည်မှုရှိဖို. ယုံကြည့်မှုရှိဖို. ၀ိုင်းဝန်းကြိုးစားရမှာပါ။ သွေးထိုးမြှောက်ပင့်မှုတွေ ခြိမ်းခြောက်အနိုင်ကျင့်မှုတွေကိုလဲ သတိထားရမှာပါ။ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နေရာ ကိုယ့်ဒေသ အနီးဆုံး ကိုယ့်နံဘေးကလူတစ်ယောက်ကိုပဲဖြစ်ဖြစ် နားလည်ယုံကြည်နိုင်မယ်ဆိုရင်၊ နားလည်ယုံကြည်အောင် နေကြမယ်ဆိုရင် ကျမတို.ရဲ. ရည်ရွယ်ချက်တွေပြည့်လာမှာပါ။ ကျမရင်ထဲ အသည်းထဲကနေ လှိုက်လှိုက်လှဲလှဲဆုတောင်းမိပါတယ် နောက်ထပ် ဘယ်လိုလူတွေမှ မထိခိုက်ကြပါစေနဲ. အသက်၊ ပစ္စည်းဥစ္စာတွေ မဆုံးရှုံးကြပါစေနဲ. အားလုံးသောလူတွေ အေးချမ်းစွာနဲ.နေထိုင်နိုင်ကျပါစေလို. တကယ် ဆုတောင်းမိပါတယ်။ ကျမတို.မှာ အာမက်တို.လို ကွဲပြားခြားနားမှုတွေများပေမဲ. အသိစိတ်တွေအပြည့်နဲ. မိတ်ဆွေကောင်းတွေလဲ အများကြီးရှိပါသေးတယ်။ မိတ်ဆွေကနေ ရန်သူဖြစ်မသွားအောင်လဲ ကျမတို.ကြိုးပမ်းရမှာပါ။ ဒီလိုကွဲပြားခြားနားမှုတွေရှိနေပေမဲ. တစ်ဦးကတစ်ဦးကို ကျူးကျော်စော်ကားတာမျိုး ကိုယ်စိတ် နှစ်ပါး ထိခိုက်အောင်လုပ်တာမျိုးတွေ မရှိပဲ နားလည်ယုံကြည်မှုတွေနဲ. လေးစားခြင်းများနဲ. နေထိုင်ကျမယ်ဆိုရင် ဒီလိုစိတ်ထိခိုက်စရာအဖြစ်ဆိုးတွေ ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။
            တကယ်တော့ အပြစ်ကျူးလွန်တဲ့လူတွေဟာ ထိုက်သင့်တဲ.ပြစ်ဒဏ်ကိုခံကြရမှာပါ။ လူ.အဖွဲ.အစည်း အသိုင်းအ၀ိုင်းမှာ မကောင်းတာလုပ်ရင် အပြစ်ဒဏ်ပေးခံရတာဟာ သေချာပါတယ်။ တရားဥပဒေဆိုတာ လူ.ပတ်ဝန်ကျင်ကို ထိမ်းသိမ်းကွပ်ကဲတဲ့စည်းမျှဉ်းတွေပါ။ မှန်ကန်တဲ့တရားဥပဒေစိုးမိုးရေးရှိဖို.အတွက်လဲ အားလုံးကကြိုးပန်းရမှာပါ။ အခိုက်အတန်.လေးတစ်ခုရဲ.အမှားဟာ ဒီလောက်ကြီးကျယ်တဲ့အဖြစ်ဆိုးတွေကို သယ်ဆောင်လာတာကတော့ အစမကောင်းခဲ့တဲ့ အကြောင်းတရားတွေကြောင့်ပါ။ ကျမတို.မြန်မာလူမျိုးတွေဟာ မေတ္တာတရားကို ယုံကြည်လက်ခံတဲ့သူတွေပါ။ ကိုယ့်တိုင်းပြည် ကိုယ်လူမျိုးကို ချစ်တဲ့စိတ်အရင်းခံပြီး ဘယ်လိုကွဲပြားခြားနားမှုတွေရှိပါစေ တစ်ဦးကိုတစ်ဦးချစ်ချစ်ခင်ခင်နဲ. ယူံကြည်မှုအပြည့်နဲ. နေထိုင်သွားနိုင်ရင် ယဉ်ကျေးသိမ်မွေ.တဲ့ လူ.ဘောင်တစ်ရပ်ကို တည်ဆောက်နိုင်မှာပါ။ ဒီလူ.ဘောင်အတွင်းမှာ ဘယ်လို လူမျိုးရေးပြသနာ၊ ဘာသာရေးပြသနာတွေမှ မရှိစေချင်ပါဘူး မဖြစ်စေချင်ပါဘူး။ မရှိရအောင် မဖြစ်ရအောင်လဲ ကြိုးစားရမှာပါ။ ။

(ရခိုင်ပြည်နယ်အရေးအခင်းအကြောင်းပြောဖြစ်ကြတော့ ကျမက ` မောင်မောင်နဲ.အာမက် ရန်ဖြစ်တုန်းက ဖွားပုရိုက်ခဲ့သလို အဲ့ဒီလူတွေကို ရိုက်ပစ်ချင်တယ်လို.ပြောတော့ ကျမအဖေက ကမ္ဘာပေါ်မှာအသုံးမကျဆုံး လူတစ်ယောက်ပဲဆိုတဲ့အကြည့်နဲ.ကျမကိုကြည့်ပြီး အေး -- အဲဒီလူတွေက နင့်မောင် - မောင်မောင်လဲမဟုတ်ဘူး - အသိစိတ်ရှိတဲ့ အာမက်လဲမဟုတ်ဘူး -- ဖွားပုလို စေတနာအပြည်နဲ. ဖြန်ဖြေပေးမဲ. လူတွေလဲမဟုတ်ဘူးလို. အော်ပါတယ်။ သိပ်တတ်လွန်းလို.ရေးတာမဟုတ်ပါ၊ မြင်ရတွေ.ရတာတွေကိုခံစားမိသမျှလေးရေးတာပါ)။  

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...