Friday, June 8, 2012

ကျပ်တသောင်းတန် ငွေစက္ကူသစ် ထွက်လာပါတော့မယ် …..


by Lwin Aung Soe on Thursday, June 7, 2012 at 10:43pm 

တတိုင်းပြည်လုံး အများပြည်သူတွေ နှစ်ပေါင်းများစွာ သုံးစွဲကြမယ့် ငွေစက္ကူနဲ့ ဒင်္ဂါးပြားတွေကို အသစ် ထုတ်တော့မယ်ဆိုရင် အဘက်ဘက်က ရှုထောင့်အသီးသီးက စဉ်းစား တွက်ချက်ကြရပါတယ်။ စတင် သုံးစွဲတဲ့အခါမှာ တရားဝင်ဖြစ်အောင်လုပ်ဖို့…၊ နိုင်ငံတကာ ငွေကြေးတွေနဲ့ ဆက်စပ်ထားရင် နိုင်ငံတကာ ဘဏ်တွေက အသိအမှတ်ပြုပြီး ငွေကြေးလဲလှယ်နိုင်ဖို့…ဆိုတာတွေသာမက ငွေကြေးဖောင်းပွမှု (သို့) ကျစ်လစ်မှုကို ဖြစ်စေနိုင်သလား…..၊
လက်ရှိငွေတန်ဖိုး မြှင့်တင်ပေးနိုင်မလား (သို့) လျော့သွားစေနိုင်မလား… ၊ နောက်ဆက်တွဲ ကောင်းကျိုး-ဆိုးကျိုး သက်ရောက်မှုတွေက ဘယ်လိုရှိမလဲ.. ဘယ်လောက်ထိ ကျယ်ပြန့်နိုင်သလဲ…၊ တဆင့်ခံ ဘေးထွက် ဆိုးကျိုးနဲ့ ကိုယ်ကျိုးအတွက် အမြတ်ထုတ်လာနိုင်တွေ ရှိမလား…အစရှိသဖြင့် တွက်ချက် ပြင်ဆင်ယူရပါတယ်။

ပြီးတော့ ငွေစက္ကူနဲ့ ဒင်္ဂါးပြားတွေရဲ့ အရောင်အဆင်း၊ ရုပ်ပုံ ဒီဇိုင်းက ဘယ်လို..၊ အရွယ်အစား၊ ရေရှည်ခံနိုင်မှု၊ အစားထိုး ဖြည့်စွက်ပေးနိုင်မှု၊ စက်အနေအထား၊ အသုံးပြုတဲ့ စက္ကူ၊ ပုံနှိပ်မှင် (သို့) သတ္တု ရနိုင်-မရနိုင်.. ၊ တုပလို့ မရနိုင်အောင် ခေတ်အမီဆုံး နည်းလမ်းတွေနဲ့ စီမံတာတွေ … အစရှိသဖြင့် အလုံအလောက် ပြင်ဆင်ယူရတာလည်း အများကြီး ရှိပါတယ်။   

ငွေစက္ကူရိုက်တဲ့ ပုံနှိပ်မှင်က ဈေးကြီးပြီး ကမ္ဘာ့ဘဏ် အစရှိတာတွေနဲ့ ညှိနှိုင်းထားတဲ့ ငွေတန်ဖိုးအလိုက် ငွေစက္ကူ အရေအတွက်ကို ထုတ်လုပ်နိုင်မယ့် ပုံနှိပ်မှင် ပမာဏကိစ္စကို တည့်တွက်ရပါတယ်။ ငွေတန်ဖိုး ဖောင်းပွလွန်းနေရင် ပုံနှိပ်မှင်ဖိုးကို နိုင်ငံခြားငွေနဲ့ ပေးချေရတဲ့ စရိတ်စကနဲ့ ညီမျှအောင် ငွေစက္ကူတန်ဖိုး သတ်မှတ်ချက်ကို မလွှဲမရှောင်သာ မြှင့်တင်ယူလိုက်ရတာမျိုးလည်း ရှိပါလိမ့်မယ်။   

ဥပမာ - မြန်မာ့ငွေကြေးက အဆမတန် ဖောင်းပွလာနေခဲ့တာကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ တရားဝင်ရှိနေဆဲ ကျပ်စေ့၊ ပြားစေ့တွေရဲ့ တန်ဖိုးက ငွေဒင်္ဂါးသွန်းလုပ်မယ့် သတ္တုဈေးကို လိုက်မမီနိုင်အောင်  ဖြစ်နေရပါတယ်။ တပြားစေ့တန် ဒင်္ဂါးကို သွန်းလုပ်ယူဖို့ သတ္တုတန်ဖိုးနဲ့ စရိတ်စကဟာ တပြားထက်မက အဆများစွာ ဈေးကြီးနေလို့ အရှုံးခံထုတ်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။ တိုင်းပြည်ဘဏ္ဍာက အားကောင်းနေရင်တော့ ငွေမျောလာနေရင် ငွေနဲ့ပြန်လိုက်ပြီး ထိန်းထားဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် လက်ရှိကာလတွေမှာတော့ မြန်မာ ငွေဒင်္ဂါးတွေကို ထုတ်လုပ်ဖို့ ဖြစ်နိုင်စရာ မရှိသေးဘူးလို့ ဆိုရမှာပါ။ ဒီလိုပဲ တကျပ်တန်၊ ငါးကျပ်တန်၊ တဆယ်ကျပ်တန်တွေကို ထုတ်လိုက်ရင် အရှုံးခံမှသာ ဖြစ်နိုင်ပါမယ်။

အခုလို ရေးသားရတာကတော့ မကြာခင် ထုတ်ဝေသုံးစွဲတော့မယ့် ကျပ်တသောင်းတန် ငွေစက္ကူဘက်ကနေ ကာကွယ်ပေးတဲ့ သဘောမျိုး မဟုတ်ပါဘူး။ ငွေစက္ကူသစ်နဲ့ ဒင်္ဂါးသစ်တွေ ထုတ်လုပ်တဲ့ အကြမ်းဖျဉ်း ဗဟုသုတကို မျှဝေခြင်းသာ ဖြစ်ပါတယ်။ ဗဟုသုတ ရှိထားမှလည်း လက်ရှိ ငွေကြေးအခြေအနေမှာ ဘာကြောင့် အသစ်တွေ ထုတ်လုပ်သလဲ ဆိုတာ တွက်ချက် ခန့်မှန်းနိုင်ကြမှာ ဖြစ်ပါတယ်။

မနေ့က ကျပ်တသောင်းတန် ငွေစက္ကူသစ်ကို ထုတ်ဝေတော့မယ့်အကြောင်း ဖတ်ရပါတယ်။ ငွေစက္ကူသစ်မှာ ရိုက်နှိပ်ထားတဲ့ ဒီဇိုင်းပုံတွေအကြောင်း၊ ငွေကြေးဖောင်းပွလာနိုင်တဲ့အကြောင်း သုံးသပ် ဝေဖန် မှတ်ချက်ပေးကြတာတွေကိုလည်း ဖတ်ရပါတယ်။


ငွေစက္ကူနဲ့ ဒင်္ဂါးပြားတွေအပေါ်မှာ ပုံတွေကို ဖော်ပြထားရတာ ရည်ရွယ်ချက် ရှိပါတယ်။

လူပုဂ္ဂိုလ်တွေဆိုရင် သမိုင်းမှာ အကျိုးထူးများစွာကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနိုင်ခဲ့လို့ နိုင်ငံရဲ့ အမြင့်ဆုံးအဆင့် အနေနဲ့ အထူးလေးနက်စွာ ဂုဏ်ပြုလိုက်ရုံသာမက သုံးစွဲသူ နောင်လာနောက်သားတွေက စံနမူနာထားပြီး အတုယူနိုင်ကြစေဖို့လည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီပုဂ္ဂိုလ်ရဲ့ သမိုင်းတခေတ်ကို မပျောက်မပျက်နိုင်အောင် ထိန်းသိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအချက်က အဲဒီသမိုင်းရဲ့ တန်ဖိုးကို နှောင်းလူတွေက လက်ဆင့်ကမ်း ဆက်လက် ထိန်းသိမ်းနိုင်စေဖို့ ဖြစ်ပါတယ်။

လူပုဂ္ဂိုလ် မဟုတ်ဘဲ သမိုင်းဝင် အဆောက်အဦ နေရာတွေကိုလည်း ငွေစက္ကူနဲ့ ဒင်္ဂါးပြားတွေအပေါ်မှာ ဖော်ပြလေ့ ရှိပါတယ်။ သမိုင်းဝင်ရတဲ့ အကြောင်းရင်းကို သိအောင် နှိုးဆော်ပေးလိုက်တာအပြင် အဲဒီသမိုင်းရဲ့ တန်ဖိုးကို ဆက်လက် ထိန်းသိမ်းစေဖို့လည်း ဖြစ်ပါတယ်။

အဲဒါတွေအပြင် နိုင်ငံချစ်စိတ်နဲ့ အမျိုးသားရေးစိတ်ဓါတ်ကို ရှင်သန်နိုးကြားစေအောင် ထိန်းသိမ်းစေလိုတဲ့ ရည်ရွယ်ချက် ထားရှိကြပါတယ်။ အဲဒီအခါမျိုးမှာတော့ နိုင်ငံရဲ့ သင်္ကေတ အမှတ်အသားတွေ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ဓလေ့ထုံးတမ်းဆိုင်ရာ ရုပ်ပုံတွေနဲ့ ဖော်ပြကြပါတယ်။

မြန်မာတွေကတော့ ဗေဒင် နက္ခတ် အတိတ် နိမိတ်တွေအပေါ် အယူအဆတွေ ထားရှိပြီး အားပြုတတ်ကြပါတယ်။ ဒီအခါမှာ ငွေစက္ကူနဲ့ ငွေဒင်္ဂါးတွေမှာလည်း အထိုက်အလျောက် ထည့်သွင်းလေ့ ရှိတတ်ပါတယ်။

မန္တလေးနန်းမြို့ရိုးဟာ မြန်မာ့သမိုင်းနဲ့ မြန်မာ့ယဉ်ကျေးမှုမှာ အထင်ကရ ဖြစ်ခဲ့တာကို ရည်ညွှန်းပါတယ်။ ဒါကို အခုနောက်ဆုံးထွက်လာတဲ့ ကျပ်တသောင်းတန် ငွေစက္ကူပေါ်မှာ ဖော်ပြထားတာဟာ မန္တလေးနန်းမြို့ရိုးကို မဖျက်ဆီးဘဲ အဓွန့်ရှည်အောင် ဆက်လက် ထိန်းသိမ်းထားမယ်ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်စေတယ်လို့ ထင်မိပါတယ်။

လွင်အောင်စိုး
၈-၆-၂ဝ၁၂



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...