Sunday, June 3, 2012

03.06.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Saturday, June 2, 2012 at 2:29pm ·

ဗြိတိသျှဘုရင်မကြီး နန်းသက် နှစ် ၆၀ အခမ်းအနား စတင်
တနင်္ဂနွေနေ့မှာ သိမ်းမြစ် တလျှောက် ရေယာဉ် တထောင် ခြံရံပြီး ဘုရင်မကြီး လှည့်လည်မယ်
ဗြိတိန်နိုင်ငံမှာ ၄ ၇က် ကြာကျင်းပမယ့် ဗြိတိသျှ ဘုရင်မကြီး အလဇ္ဇဘက်ရဲ့ နန်းသက် နှစ် ၆၀ စိန်ရတု သဘင် အခမ်းအနားတွေ စနေနေ့မှာ စတင်နေပြီ ဖြစ်ပါတယ်။
လန်ဒန်မြို့မှာ ဗြိတိသျှ စစ်တပ်ကနေ အမြောက် ၄၁ ချက် ပစ်ဖေါက်ပြီး အခမ်းအနားတွေ ကို ဖွင့်လှစ်ခဲ့ပါတယ်။

ညနေပိုင်းမှာတော့ ဘရင်မကြီးဟာ ဗြိတိန်မှာ အကျော်ကြားဆုံးသော မြင်းပြိုင်ပွဲ ဖြစ်တဲ့ Epson derby မြင်းပြိုင်ပွဲကို သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။
မနက်ဖြန် တနင်္ဂနွေမှာတော့ သိမ်းမြစ် တလျှောက် ရေယာဉ် တထောင် ခြံရံပြီး ဘုရင်မကြီးဟာ ရေယာဉ်နဲ့ လှည့်လည်မှာ ဖြစ်ပါတယ်။

နျူကလီယား စွန့်လိုက်ပြီလို့ မြန်မာကာကွယ်ရေး ဝန်ကြီး ပြော
နျူကလီးယား အစီအစဉ်တွေ အရင်က ရှိခဲ့ ကြောင်း မြန်မာကာကွယ်ရေး ဝန်ကြီး ဝန်ခံ
မြန်မာနိုင်င်ငံမှာ နျူကလီးယား စွမ်းအင်ရရှိရေး လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီလို့ မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက စင်ကာပို နိုင်ငံမှာ ကျင်းပနေတဲ့ Shangri-la Dialogue ခေါ် အာရှဒေသ ဆိုင်ရာ လုံခြုံရေး ညီလာခံမှာ ပြောကြားလိုက် ပါတယ်။
အရင် စစ်တပ်အုပ်ချုပ်စဉ်ကာလကတော့ သူ့အဆို ပညာရေးလေ့လာမှုတွေနဲ့ နျူကလီးယား စွမ်းအင်အတွက် နျူးကလီးယား စီမံကိန်း လုပ်ဆောင်တာတွေ ရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးက ဝန်ခံ ပြောသွားပေမယ့် အခု အစိုးရသစ် လက်ထက်မှာတော့ နျုကလီးယား နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ မလုပ်တော့ဘူး လို့ ဆိုပါတယ်။
ဒါ့အပြင် အရင်က ဆောင်ရွက်ခဲ့တဲ့ သုတေသန လုပ်ငန်းတွေဟာလည်း နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ရည်ရွယ်ခဲ့တာမဟုတ်ဘူးလို့ ပြောပါတယ်။
မြန်မာ - မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရက စိုးရိမ် မကင်း ဖြစ်နေပြီး မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို နျူကလီးယား လက်နက် နည်းပညာတွေ ပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း အရင်က ရှိခဲ့ဘူးပါတယ်။
အခု ညီလာခံမှာတော့ မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းက မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပွင့်လင်း မြင်သာတဲ့ပုံစံနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။
တခါ ဒီညီလာခံ တက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta ကလည်း မြန်မာအစိုးရဖက်က ပြုပြင်ပြောင်းလဲမှုတွေ ပိုလုပ်လာတာနဲ့ အမျှ အမေရိကန်ဖက်ကလည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ ရှိတယ်လို့ အခုလို ပြောပါတယ်။
ဒါ့အပြင် အာရှ ပစိဖိတ်ဒေသတွင်းမှာ အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အစီအစဉ်တွေကိုလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ဒီအစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။
ဒါပေမယ့် အခုအခါ ကမ္ဘာ့ အခင်းအကျင်းဟာ ပြောင်းလဲသွားပြီမို့ သူတို့ရဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးကို ဦးတည် ပါတယ်လို့ အလေးပေး ပြောသွားခဲ့ပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ အလှည့်ကျ စစ်ရေးလေ့ကျင့်မှုတွေလုပ်တာမျိုး၊ အကြံပေး လမ်းညွှန်တာမျိုး၊စတဲ့ နည်းလမ်းမျိုးတွေနဲ့ တခြားနိုင်ငံတွေရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒီလို ဆောင်ရွက်ခြင်းအားဖြင့် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ကို အထောက်အကူပြုလိမ့်မယ်လို့ သူကပြောပါတယ်။
ဒါကြောင့် အဲဒီလိုပူးပေါင်း ဆောင်ရွက်မှုတွေကို မြန်မာအပါအဝင် ဒေသတွင်း နိုင်ငံတွေ နဲ့အတူ ပြုလုပ်သွားဖို့အမေရိကန်က အားပေးမယ့်အကြောင်း ကာကွယ်ရေး ဝန်ကြီးLeon Panetta က ပြောသွားပါတယ်။

KIA နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ် နေဆဲKIA နဲ့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ အလွတ်သဘောတွေ့ခဲ့
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေး အဖွဲ့ဟာ KIA ကချင် လွတ်လပ်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ KIO ကိုယ်စားလှယ် အဖွဲ့နဲ့ သောကြာနေ့ မနက်က တရုတ်မြန်မာ နယ်စပ် မိုင်ဂျာယန်မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။
နောက်ထပ် ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ရေးနဲ့ တိုက်ပွဲတွေ ရပ်အောင် နှစ်ဘက်တပ် တွေကို ဘယ်လို ခွာထားမလဲ ဆိုတဲ့ အချက်နှစ်ချက်ကို ဒီအလွတ်သဘော ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ KIA ဒုတိယ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပြပါတယ်။
ဒုက္ခသည်အရေးကို ထည့်သွင်း ဆွေးနွေးခဲ့ပေမယ့် အသေးစိတ်တော့ မဆွေးနွေးနိုင် ခဲ့ဘူး လို့ ဆိုပါတယ်။
KIO ကိုယ်စားလှယ် အဖွဲ့ဟာ အခု အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့သစ်နဲ့ ပထမဆုံးအကြိမ် တွေ့တာ ဖြစ်ပါတယ်။
နှစ်ဘက် တွေ့ဆုံရာမှာ ဆွေးနွေးမှု ပုံစံ အနည်းအကျဉ်း ပြောင်းလဲမှု ရှိပေမယ့် ထူးထူး ခြားခြား ပြောင်းလဲမှုမရှိဘူးလို့ ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။
အရင်က နှစ်ဘက် တပ်တွေ ကိစ္စ ဆွေးနွေးတဲ့ အဆင့် မရောက်ခဲ့ပဲ အခုတခါမှာတော့ ဒီကိစ္စကို အမြန် ဖြေရှင်းဖို့ လိုတယ် ဆိုတာကို သဘောတူချက် ရလာတာမို့ ဒီကနေ့ အလွတ် ဆွေးနွေးပွဲ ဟာ တိုးတက်မှု ရှိတဲ့ ဆွေးနွေးပွဲလို့ ပြောနိုင်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။
နှစ်ဘက် တပ်တွေ ကိစ္စ လောလောဆယ် သဘောတူညီမှု မရသေးချိန်မှာ တိုက်ပွဲတွေ ကတော့ ဆက်ရှိနေအုံးမယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။

အီရန်နျူလက်နက်အစီအစဉ် အမေရိကန်ဆိုက်ဘာနည်းနဲ့တိုက်
By ဗွီအိုအေ (မြန်မာဌာန)
  • အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားဟာ အီရန်နိုင်ငံရဲ့ အဓိကနျူကလီးယားဓာတ်ပေါင်းဖိုတွေကို အဆင့်မြင့် ဆိုက်ဘာ နည်းပညာတွေ သုံးပြီး အကွက်ကျကျ တိုက်ခိုက်နေတယ်လို့ နာမည်ကြီး အမေရိကန် သတင်းစာတစ်စောင်ဖြစ်တဲ့ The New York Times သတင်းစာမှာ ဖော်ပြပါရှိပါတယ်။
ဒီလိုဆိုက်ဘာတိုက်ခိုက်မူတွေဟာ သမ္မတဟောင်း ဂျော့ခ်ျဒဗလျူ ဘုရှ် လက်ထက်ကတည်းက အစီအစဉ်ချလုပ်ကိုင်ခဲ့တာဖြစ်ပြီး အမေရိကန် သမ္မတသစ်ဖြစ်လာတဲ့ မစ္စတာအိုဘားမားကိုလည်း ဆက်ပြီးလုပ်ဖို့ တိုက်တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလမှာ မစ္စတာ အိုဘားမား တာဝန်ယူခဲ့ပြီးနောက်ပိုင်းမှာ လည်း ဒီဆိုက်ဘာလက်နတ်နဲ့ တိုက်ခိုက်မှုအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့တယ်လို့  နယူးယောက်တိုင်းမ်စ် သတင်းစာထဲမှာ ရေးသားထားပါတယ်။
ဒီအဆင့်မြင့် ဆိုက်ဘာတိုက်ခိုက်မှုမှာ အဓိကပါဝင်တာကတော့ Stuxnet လို့ခေါ်တဲ့ ကွန်ပြူတာ ဗိုင်းရပ်စ်ဖြစ်ပြီး အီရန်နိုင်ငံ Natanz မှာရှိတဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေကို လည်ပတ်စေတဲ့ ကွန်ပျူတာစနစ်ထဲကို စိမ့်ဝင်သွားအောင် ထည့်သွင်းထားတာဖြစ်ပါတယ်။
အီရန်နျူကလီးယားကွန်ယက်ဟာ အင်တာနက်နဲ့ ချိတ်ဆက် ထားတာတော့ မဟုတ်ပါဘူး။ နယူးယောက်စ်တိုင်းမ်စ် သတင်းစာထဲမှာတော့ ဒီဗိုင်းရပ်စ်ဝင်ခဲ့တဲ့လမ်းကြောင်းက တကယ့်ကို လျို့ဝှက်ချက်ဖြစ်နေဆဲပါပဲလို့ ရေးသားထားပါတယ်။  အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီက အစ္စရေးနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပရိုဂရမ်က ဖြစ်တယ်လို့ပြောပါတယ်။
ဒီဗိုင်းရပ်စ်ကနေ အီရန်တွေ နျူကလီးယားဓာတ်ပေါင်းဖိုတွေကို ဘယ်လိုမျိုး လည်ပတ်အောင် ဆောင်ရွက် ထားသလဲဆိုတဲ့ သတင်း အချက်အလက်တွေကို စုဆောင်းတာဖြစ်ပြီး Centrifuges လို့ ခေါ်တဲ့ ဗဟို ခွာစက်ကို ပျက်စီးအောင် တိုက်ခိုက်တာဖြစ်ပါ တယ်။ ကွန်ပျူတာစက်တွေကို အစကနေ မကြာခဏပြန်စ လိုက် ပြန်ရပ်သွားလိုက်နဲ့ အလုပ်မလုပ်နိုင်အောင် တိုက်ခိုက်တာဖြစ်ပြီး နျူကလီးယား လက်နက် ထုတ်လုပ်တဲ့နေရာမှာ၊ ယူရေနီယံသတ္ထုသန့်စင်တဲ့ နေရာမှာ သုံးတဲ့စက်ကိရိယာတွေကို ပျက်စီးအောင် လုပ်တဲ့နည်းလမ်းသုံးပြီး တိုက်ခိုက်တာဖြစ်တယ်လို့ သတင်းမှာ ပါရှိပါတယ်။

အဲလိဇဘက်ဘုရင်မကြီး စိန်ရတု
By ဗွီအိုအေ (မြန်မာဌာန)
  • ဗြိတိသျှနိုင်ငံက ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးရဲ့ နန်းသက် အနှစ် (၆၀) ပြည့် စိန်ရတု အထိမ်းအမှတ် အခမ်းအနားတွေကို ဗြိတိန်နိုင်ငံတဝှမ်းမှာ ကျင်းပနေကြပါတယ်။ ဒီကနေ့ စနေနေ့မှာ Epsom Derby မြင်းပြိုင်ပွဲကို ဘုရင်မကြီး တက်ရောက်ပြီး ၄ ရက်ဆက်တိုက် ကျင်းပမယ့် စိန်ရတုနန်းသက် အခမ်းအနားတွေကို စတင်ခဲ့ပါတယ်။
ဘုရင်မကြီး နန်းတက်ခဲ့ချိန်အတိမှာ လန်ဒန်၊ အီဒင်ဘာ့က်၊ ကားဒစ်ဖ် နဲ့ ဘဲလ်ဖက်စ်တ် မြို့တွေမှာ အမြောက်တွေ ပစ်ဖောက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။
မနက်ဖြန် တနင်္ဂနွေနေ့ကျရင်တော့  ဗြိတိန်နိုင်ငံတဝှမ်းနဲ့ ဒနသဟာရနိုင်ငံတွေက သင်္ဘောပေါင်း ၁,၀၀၀ ကို သိမ်းမြစ်ထဲမှာ အလှပြ ခုတ်မောင်းတဲ့အခါ ဘုရင်မကြီးနဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးတို့က တော်ဝင် ဖောင်တော်နဲ့ အလယ်ကနေ လိုက်ပါမှာဖြစ်ပါတယ်။
မျိုးချစ်စိတ်ကို ပြသတဲ့အနေနဲ့  လန်ဒန်မြို့လမ်းတွေ ဆိုင်တွေမှာ ဗြိတိန်အလံတွေကို ချိတ်ဆွဲ လွှင့်ထူထားကြပါတယ်။ စိန်ရတု အခမ်းအနားတွေကျင်းပရာ လမ်းဘေး တဘက်တချက်မှာလည်း သက်တော် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးကို နှုတ်ဆက်နိုင်ဖို့ ထောင်ပေါင်းများစွာသော ပြည်သူတွေက စီတန်းစောင့်ကြဖို့ ပြင်ဆင်နေကြပါတယ်။ တနင်္လာနေ့မှာတော့ Buckingham နန်းတော်မှာ နာမည်ကျော် အဆိုတော်တွေ ပါဝင်ဖျော်ဖြေကြမယ့် စိန်ရတု ဖျော်ဖြေပွဲတခုကို ကျင်းပမှာဖြစ်ပါတယ်။
ဘုရင်မကြီးရဲ့ စိန်ရတုနန်းသက် အခမ်းအနား နောက်ဆုံးနေ့ဖြစ်တဲ့ အင်္ဂါနေ့မှာတော့ St Paul’s Cathedral ဘုရားကျောင်းမှာ ဝတ်ပြုပွဲ၊ Westminster ခန်းမမှာ နေ့လည်စာ စားပွဲတွေ ရှိပြီး Buckingham နန်းတော်ဆီကို ဘုရင်မကြီးက မြင်းရထားစီးပြန်မှာ ဖြစ်ပါတယ်။

အီဂျစ်သမ္မတဟောင်း မူဘာရက် ထောင်ဒဏ် တသက်တကျွန်း
By ဗွီအိုအေ (မြန်မာဌာန)
  • အီဂျစ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ လူထု အုံကြွမှုတွေအတွင်း အစိုးရဆန့်ကျင်သူ ရာနဲ့ချီကို သတ်ဖြတ်ခဲ့မှုနဲ့ သမ္မတဟောင်း Hosni Mubarak ကို ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။ အဂတိလိုက်စားမှုနဲ့ စွဲခံထားရတဲ့ အမှုတွေကိုတော့ တရားသေ လွှတ်ပေးလိုက်ပါတယ်။ ဒီနေ့ စနေနေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် Mr. Mubarak ကို Tora အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဟောင်း Habib al Adly ကိုလည်း သတ်ဖြတ်မှုတွေနဲ့ ထောင်ဒဏ်တသက် ချလိုက်ပေမဲ့ ရဲမှူးကြီး ၆ ယောက်ကိုတော့ တရားသေလွှတ်လိုက်ပါတယ်။ ဒီကနေ့ စနေနေ့ တရားရုံး ဆုံးဖြတ်ချက်ချခဲ့တာမှာ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ တရားစွဲခံရတဲ့ သမ္မတဟောင်းရဲ့ သား ၂ ယောက် ဖြစ်တဲ့ Alaa နဲ့ Gamal တို့ကိုလည်း တရားသေလွှတ်လိုက်ပါတယ်။
တရားရုံး ဆုံးဖြတ်ချက် ချခဲ့ပြီးနောက်မှာ ကိုင်ရိုမြို့ထဲမှာ လူတွေ စတင်စုဝေးနေကြပြီး အများစုဟာ အမျက်ဒေါသ ထွက်နေကြပုံရပါတယ်။ နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်းအပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေဟာ သက်ညှာတယ်လို့ အများစုက ပြောကြပါတယ်။ အာရပ်နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ လူထုအုံကြွ လှုပ်ရှားမှုတွေကြောင့် ရာထူးကနေ ဆင်းပေးခဲ့ရတဲ့အထဲက အီဂျစ်သမ္မတဟောင်း မူဘာရက်ဟာ နိုင်ငံထဲမှာပဲ တရားစီရင်ခံရတဲ့ ပထမဆုံးခေါင်းဆောင် ဖြစ်ပါတယ်။

အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး တိုးတက်အောင်လုပ်မည်
By ဗွီအိုအေ (မြန်မာဌာန)
  • မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး လုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆက်ဆံရေးကို ပိုပြီး ကောင်းမွန်အောင် လုပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က ပြောလိုက်ပါတယ်။ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ IISS က စင်ကာပူမှာ စီစဉ်လုပ်တဲ့ အာရှဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ Shangri-la Dialogue မှာ ကာကွယ်ရေးဝန်ကြီး Panetta က ပြောသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့ အကောင်အထည်ဖော်ပြီး နိုင်ငံရေး လွတ်လပ်ခွင့် ပိုပေးလာမယ်ဆိုရင် အမေရိကန်နဲ့ မြန်မာကြား စစ်ဘက် ဆက်ဆံရေး တိုးတက်စေမဲ့ နည်းလမ်းတွေကို ဆွေးနွေးသွားဖို့ ပင်တဂွန် (Pantegon) စစ်ဌာနချုပ်က လိုလိုလားလား ရှိတယ်လို့ မစ္စတာ Panetta ကပြောပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက လျှော့ပေါ့မှုတွေ လုပ်ပေးပြီး မှန်ကန်တဲ့လမ်းကို သွားဖို့ ကြိုးစားအားပေးနေတယ် ဆိုတာကိုလည်း ကာကွယ်ရေးဝန်ကြီးက ထပ်ပြီး ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံတွေအနေနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်ကြဖို့အတွက် ကာကွယ်ရေးဆိုင်ရာ စွမ်းရည်တွေမြှင့်တင်ရေးအတွက် အကူအညီပေးမှာ ဖြစ်တယ်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta က အာရှဒေသလုံခြုံရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲမှာ ပြောကြားသွားပါတယ်။

အတိုက်အခံနှင့်အလုပ်သမားများ မဲဆောက်မှာ ဒေါ်စုနှင့် မတွေ့လိုက်ရ
ဖနိဒါ | တနင်္ဂနွေနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၂ ခုနှစ် ၀၀ နာရီ ၁၈ မိနစ်

ချင်းမိုင်(မဇ္စျိမ)။   ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်မရလိုက်၍ ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများနှင့် အလုပ်သမားများက စိတ်ကောင်းဖြစ်ရကြောင်း ပြောသည်။

စနေနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မဲဆောက်မြို့ လေဆိပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာဒုက္ခသည် အများအပြား နေထိုင်နေသော မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် သွားရောက်ခဲ့သော်လည်း ဒုက္ခသည်များနှင့် နုတ်ဆက်ခွင့် မရဘဲ စခန်းလူကြီးများနှင့်သာ တွေ့ဆုံခဲ့သည်ဟု သိရသည်။

ပြည်ပ အတိုက်အခံအဖွဲ့အစည်း ခုနှစ်ဖွဲ့မှ ကိုယ်စားလှယ်များက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့် မရခြင်းမှာ မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြာ မျက်နှာပျက်မှာ စိုးရိမ်သဖြင့် တွေ့ဆုံမည့် အစီအစဉ်ကို ဖျက်လိုက်ရခြင်း ဖြစ်နိုင်ကြောင်း ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD မှ အတွင်းရေးမှူးဒေါက်တာနိုင်အောင်က ပြောသည်။

“မနက်က တွေ့ဖို့ ကျနော်တို့ ခုနှစ်ဖွဲ့ လူစာရင်းပေးထားတာ ရှစ်ယောက် သွားပါတယ်။ မြန်မာအစိုးရနဲ့ မျက်နှာပျက်မှာဆိုးလို့ ထင်တယ်။ သူတို့နိုင်ငံဆိုတော့ ဒေါ်အောင်ဆန်း စုကြည်လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ တွေ့မရတော့ ကျနော်တို့ တင်ပြချင်တာတွေ မရဘူးပေါ့။ စိတ်မောလူမော ဖြစ်သွားတာပေါ့” ဟု မဇ္စျိမကို ပြောသည်။

NDD၊ လူ့အခွင့်အရေး ပညာပေးရေးဌာန-မြန်မာနိုင်ငံ(HREIB)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ဗကသ နိုင်ငံခြားရေး ကော်မတီ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တို့ စသည့် ပြည်ပရောက် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခွင့် မရခဲ့ခြင်း ဖြစ်သည်။

ထိုအဖွဲ့အစည်းများက ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် NLD ထံ တောင်းဆိုခဲ့သေးသည်။

NLD အလံများ ကိုင်ဆောင်ခြင်း၊ မယ်တော်ဆေးခန်းတွင် NLD သီချင်းများဖွင့်လှစ်၍ ကြိုဆိုနေခြင်း၊ အလုပ်သမား အခွင့်အရေး ရရှိရေး၊ အမေစုကျန်းမာပါစေ၊ ဒီမိုကရေစီ အမြန်ဆုံး ရရှိပါစေ ဟူသောကြွေးကြော်သံများဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လူပေါင်း ၄,၀၀၀ ကျော်ခန့် လာရောက် ကြိုဆိုခဲ့သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ရုံးအဖွဲ့မှူး ကိုမျိုးဇော်က ပြောသည်။

“ကျနော်တို့က အရမ်းဝမ်းသာတယ်။ စိတ်ထဲမှာလည်း စိတ်ခွန်အားတွေ ဖြစ်မိတယ်။ နောက်ပြီးတော့ ဝမ်းလည်း ဝမ်းနည်းတယ်။ ဝမ်းနည်းတာက တခြားမဟုတ်ဘူး။ မနက်မိုးလင်း ကတည်းက တနေကုန်စောင့်နေတာ။ ကျနော်ဆို မျက်နှာလေးပဲ တွေ့လိုက်ရတယ်။ စိတ်ထဲမှာ မကောင်းဘူး။ ကျနော်တို့ထင်တာက ဆေးခန်းကို လာမယ်။ ဒေါ်စု မိန့်ခွန်းစကားတွေ နားထောင်မယ်။ အဲဒီလို မတွေ့လိုက်ရတော့ စိတ်ထဲမှာ ဝမ်းနည်းတယ်”ဟု မဇ္ဈိမကို ဆက်ပြောသည်။ 

မယ်လ ဒုက္ခသည်စခန်းရှိ ဆေးရုံမှ လူနာများအား တနာရီခန့်ကြာ ကြည့်ရှု အားပေးခဲ့သော်လည်း ဒုက္ခများနှင့် နုတ်ဆက်ခွင့် မရသလို၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ကြားခွင့် မရလိုက်သဖြင့် ဝမ်းနည်းရသည်ဟု မယ်လဒုက္ခစခန်းတွင် နေထိုင်နေသော မမြတ်သူက ပြောသည်။

“ကျမကတော့ လာတာကိုပဲ အရမ်းပျော်တယ်။ သေပျော်ပြီလို့တောင် ခံစားရတယ်။ အရမ်းဝမ်းသာနေပြီ။ စကားပြောခွင့်လည်း မရလိုက်ဘူး။ ဒီလောက်နဲ့တော့ ကျေနပ်တယ်။ ဖြစ်နိုင်ရင် စတိတ်စင်မှာ ဒေါ်စုကို စကားပြော စေချင်တယ်။ ဒါပေမယ့် မရလိုက်ဘူး၊ မရတော့ အရမ်း ခံစားရတယ်။ ကျမတို့ ဆုံးရှုံးလိုက်တာပေါ့” ဟု မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို မကြားလိုက်ရသဖြင့် အတိုင်းမသိ ခံစားရသည်ဟု မဲဆောက်မြို့မှမြန်မာစေတနာ့ဝန်ထမ်း အသင်းမှ ကိုအောင်ဒင်က ပြောသည်။

“တမနက်လုံး ပန်းစည်းပေးဖို့ ဆိုပြီး လုပ်နေကြတာ။ တွေ့လိုက်တော့လည်း စက္ကန့်ပိုင်းလေးသာသာလေးပဲ။ တံခါးကို ဖွင့်ပြီးလက်ရမ်းနုတ်ဆက်တော့ ပုလိပ်တွေက အတင်းမောင်းပြီးထွက်သွားလိုက်တာလေ။ ဘာမှ မပေးလိုက်ရဘူး။ ဒါပေမယ့် တော်တော်လေး ခံစားရတယ်။ မယ်လက ပြန်လာရင်လည်းလေယာဉ်ကွင်းနားမှာ လူတွေကို လက်ပြ နှုတ်ဆက် တာလောက်နဲ့ ပြီးသွားတယ်။ အတိုင်းအတာ မရှိ ခံစားရတယ်” ဟု မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မြို့နယ်သို့ သွားရောက်ခဲ့သည့် အစီအစဉ်နှင့် ကွာခြားမှု ရှိနေပြီး လက်ရှိ မဲဆောက်မြို့သို့ ရောက်ရှိလာသော တွေ့ဆုံမည့် အစီအစဉ်များအားလုံးကို ထိုင်းအာဏာပိုင်များအနေဖြင့် တမင်သက်သက် ဖျက်သိမ်းသည့် ပုံစံမျိုး သက်ရောက်နေသည်ဟု HREIB ဒါရိုက်တာ ကိုအောင်မျိုးမင်းကပြောသည်။

“ကျနော်တို့ကတော့ တွေ့ချင်တယ်ဆိုပြီး အစောကြီးကတည်းက စာပို့ထားတယ်။ လူသိရှင်ကြားပြောထားတာပဲ။ ဆက်လည်း ဆက်သွယ်ထားတာပဲ။ ဒါပေမယ့် တွေ့ခွင့်မရတာက စိတ်မကောင်းဘူး။ ကျနော်တို့ မတွေ့ရတာမကပဲ။ ဒီမှာ လေယာဉ်ကွင်းရှေ့မှာ မြန်မာပြည်သား အလုပ်သမားတွေ ထောင်နဲ့ချီစောင့်နေတယ်။ ကျနော်တို့ဘက်က ဒေါ်စုနဲ့ တွေ့ဖို့ တခြားနည်းလမ်း ရှာလို့ ရပေမယ့် အလုပ်သမားတွေ အနေနဲ့ ဒီလိုမျိုးဖြစ်နိုင်မယ်ဆိုတဲ့ အခြေအနေမျိုး မတွေ့ရတဲ့အတွက် သူတို့ကို ကြည့်ပြီးတော့ စိတ်ထဲမှာ မကောင်းဘူး” ဟု မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ အရှေ့အာရှဆိုင်ရာ စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးများကို ထိုင်းဒုဝန်ကြီးနှင့်တွေ့ဆုံကာ မြန်မာအလုပ်သမား အများအပြားနေထိုင်သည့် မဟာချိုင်တွင်လည်းနှစ်ကြိမ်သွားရောက်စဉ် မိန့်ခွန်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဘန်ကောက်မြို့သို့ ထွက်ခွာသွားပြီး တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့သို့ ပြန်မည် ဖြစ်ကြောင်း သိရသည်။

လယ်သမား ၁၆ ရာခိုင်နှုန်းသာ အစိုးရ လျှပ်စစ်ကို အသုံးပြုရဟု စစ်တမ်းဆို
ကျော်ဖုန်းကျော် | တနင်္ဂနွေနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၂ ခုနှစ် ၀၀ နာရီ ၂၃ မိနစ်

ရန်ကုန် (မဇ္စျိမ) ။          ။ မြန်မာနိုင်ငံ၏ ကျေးလက်တွင် နေထိုင်ကြသော လယ်သမားများအနက်မှ ၁၆ ရာခိုင်နှုန်းသာ အစိုးရက ပေးသော လျှပ်စစ်ကို သုံးစွဲရသည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှကောက်ယူထားသော စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၂ ခုနှစ် မတ်လ အတွင်း လယ်သမား အများစုနေထိုင်သည့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းတို့မှ လယ်သမား ၃,၆၀၀ ရာကို သုတေသနပြု စစ်တမ်းကောက်ယူထားခြင်း ဖြစ်သည်။

အဆိုပါ စစ်တမ်းအရ ကျေးလက်နေ လူထုအများစုမှာ လျှပ်စစ် သုံးစွဲနိုင်ခြင်းမရှိသလို၊ လျှပ်စစ် သုံးစွဲနိုင်သူများသည်လည်း အစိုးရ ပေးသော လျှပ်စစ်ထက် ပုဂ္ဂလိကမှ ရရှိသော လျှပ်စစ်ကို ပိုမို အားထားနေရသည်ဟု သိရသည်။

ကျေးလက်ဒေသများတွင် လျှပ်စစ်ကို အစိုးရထံမှလည်းကောင်း၊ ပုဂ္ဂလိက မီးစက်များမှ လည်းကောင်း၊ ကိုယ်ပိုင် မီးစက်များဖြင့်လည်းကောင်း၊ အခြားသော နည်းလမ်းများဖြင့်လည်းကောင်း ရရှိကြသည်ဟု စစ်တမ်းက ဆိုသည်။

တောင်သူလယ်သမားကိစ္စများကို လွန်ခဲ့သည့်သုံးနှစ်မှစ၍ အကူအညီပေးခဲ့သော AFDC (Activists for Free & Development Communities) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုး က “ရန်ကုန်လို မြို့ကြီးမှာတောင် လျှပ်စစ်မီးမမှန်တာ။ နယ်က လယ်သမားတွေကတော့ ပိုဆိုးတာပေါ့။ လယ်သမားတွေက သူတို့လယ်ကွင်းထဲက ဖြတ်သွားတဲ့ လျှပ်စစ် တာဝါတိုင်တွေကို နေ့တိုင်း မြင်နေရပေမယ့် သူတို့ရွာတွေ ကတော့မှောင်နေဆဲပါပဲ” ဟု ဆိုသည်။

လျှပ်စစ် လုံလောက်စွာ မရရှိပါက လယ်သမားများ၏ လူမှုဘဝမှာလည်း တိုးတက်ရန် မဖြစ်နိုင်ကြောင်း၊ လျှစ်စစ် မရှိပါက ရာသီဥတုသတင်းကိုပင် လယ်သမားများ ကောင်းမွန်စွာ ရရှိရန်ခက်ခဲကြောင်း ကိုပြည့်ဖြိုး က ပြောသည်။

လယ်သမားများ လျှပ်စစ်မီးရရှိမှု အလွန်နည်းပါးနေသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးထောက်ပံ့ပေးရန် စဉ်းစားသင့်ကြောင်း စစ်တမ်းက အကြံပြုထားသည်ကိုလည်း တွေ့ရသည်။

ကျေးလက်နေ လယ်သမားများအနေနှင့် လျှပ်စစ်ဓာတ်အားရရှိမှုအလွန်နည်းပါးရုံသာမက ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး အခက်အခဲများကို ရင်ဆိုင်နေရသဖြင့် သတင်းအချက်အလက် ရရှိရန်၊ ဆန်စပါးရောင်းချရန်အပြင် ကျန်းမာရေး စောင့်ရှောက်မှုအတွက်ပါ အဓိက အတားအဆီး ဖြစ်နေသည်ဟု စစ်တမ်းက ဆိုသည်။

ယခုလအတွင်းတွင် ရန်ကုန်၊ မန္တလေး၊ ပြည်၊ သုံးခွ စသည့်မြန်မာနိုင်ငံတဝှန်းရှိမြို့များတွင် လျှပ်စစ် လုံလောက်စွာပေးရန် တောင်းဆိုသည့်ဆန္ဒပြမှုများဖြစ်ပွားနေပြီး အစိုးရက လျှပ်စစ်ပြတ်တောက်ခြင်း သည် မဟာဓါတ်အားလိုင်းသွယ်တန်းသည့် တာဝါတိုင်အား ကချင်လွတ်လပ်ရေးအဖွဲ့ က ဗုံးခွဲ ဖျက်စီးမှုကြောင့်ဟု အကြောင်းပြချက် ပေးခဲ့သည်။

ဒေါက်တာတူးဂျာ ကချင်တိုင်းရင်းသားပါတီ တည်ထောင်မည်
ဝေစန္ဒာ | သောကြာနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၂၀ မိနစ်

ရန်ကုန် (မဇ္ဈိမ)။      ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO  ဒုဥက္ကဌဟောင်း ဒေါက်တာတူးဂျာ သည် ကချင် တိုင်းရင်းသားပါတီတခု တည်ထောင်ရန် စီစဉ်နေသည်ဟု သိရသည်။

ဒေါက်တာတူးဂျာသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မိုးကောင်းမြို့နယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်ရှိ လစ်လပ်မဲဆန္ဒနယ် သုံးနေရာကို ရွေးကောက်ပွဲရွှေ့ဆိုင်းထားခဲ့သည်။

၂၀၁၀ ခုနှစ်တွင် နိုင်ငံရေးပါတီတည်ထောင်ရန် ကြိုးစားခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်က တည်ထောင်ခွင့်မပေးခဲ့။ “ဒီတခေါက် ပါတီထောင်ရင်တော့ မှတ်ပုံတင်ခွင့်ရမယ်လို့ မျှော်လင့်တယ်။ အခြေအနေက ပြောင်းလဲကုန်ပြီလေ။ ဒီမိုကရေစီ အစိုးရသစ်လည်း တက်နေပြီ။ ရွေးကောက်ပွဲကော်မရှင်ကလည်း အသစ်ဖြစ်နေပြီ။ အစစအရာရာ ပြုပြင်ပြောင်းလဲရေးဖြစ်နေပြီ။ အခုချိန်ခါမှာ တိုင်းရင်းသားပါတီတရပ် ထူထောင်မယ်ဆိုရင် မှတ်ပုံတင်ရလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

ဒေါက်တာတူးဂျာသည် ၁၉၇၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ KIO တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ KIO ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...