Friday, February 24, 2012

အချိန်တန်ရင် ခွဲကြပေါ့

by Wai Maw on Friday, February 24, 2012 at 5:49pm ·

ကျနော်အိပ်ယာနိုးချိန်မှာ မနက် ၇ နာရီထိုးခါနီးနေပါပြီ။
          အိပ်ယာထဲက အသာလူးလဲထကာ မျက်နှာသစ်ရန် နောက်ဖေးရေကပြင်ကိုအထွက် အပေါ်ကို မော့ကြည့်လိုက်တော့ ကောင်းကင်တခွင်လုံး မိုးသားတိမ်လိပ်တွေ အုံ့ဆိုင်းနေသည်။ မကြာမီ မိုးရွာတော့မှာ လား မပြောတတ်။
          သမီးငယ်လည်း ကျနော်နှင့်အတူ အိပ်ယာထဲမှထွက်လာပြီး ခေါင်းရင်းနားမှာ စိုက်ထားသော ငွေပန်းခြုံရှိရာသို့ ပန်ခူးရန်ထွက်သွား၏။
ပန်းတွေက နေ့စဉ်ပွင့်သဖြင့် နံနက်စောစောထခူးပြီး ဘုရားမှာ လှူရပါသည်။ ကျနော်သွားတိုက်နေစဉ် သမီးဖြစ်သူ၏ခေါ်သံကြားလိုက်မိသဖြင့် သူရှိရာ ထွက်လာခဲ့ပါ သည်။
          “အဖေ.. သမီးသွားမယ့်လမ်းမှာ ပုရွက်ဆိတ်တွေ အများကြီးပဲ”
          ပုရွက်ဆိတ်တွေ လမ်းပေါ်မှာပြန့်ကျဲသွားလာနေသဖြင့် ပန်းခြုံရှိရာသို့သွားရန် မဝံ့မရဲဖြစ်နေသော ကြောင့် အဖေဖြစ်သူကို အဖော်ပြုလိုခြင်းဖြစ်ပေမည်။

          “ပုရွက်ဆိတ်တွေက မနက်အစောကြီးဘာလုပ်ကြတာလဲ အဖေ”
          “အသိုက်ပြောင်းတာပေါ့ သမီးရယ်”
          “သူတို့က ဘာဖြစ်လို့ အသိုက်ပြောင်းတာလဲ”
          “မိုးရွာရင် လုံလုံခြုံခြုံရှိအောင်လို့ပေါ့”
          “အဖေကလည်း သူတို့ခုနေတဲ့ကျင်းက မိုးလုံသားပဲ အိမ်အောက်မှာကို”
          “ဟုတ်တယ်သမီးရဲ့ ဒါပေမဲ့ လက်ရှိနေရာက မြေနိမ့်တယ်မို့လား အဲတော့မိုးရွာရင် ရေမြုပ်နိုင် တယ်လေ”
          “မိုးက တကယ်ရွာမှာလား ပုရွက်ဆိတ်က မိုးရွာမှာကိုကြိုသိလို့လား”
          “တိရစ္ဆာန်တွေလည်း သဘာဝကပေးတဲ့အသိနဲ့ ရာသီဥတုကိုခန့်မှန်းနိုင်ကြတယ်တဲ့”
          ကျနော် ဒီလောက်ပဲဖြေနိုင်ပါသည်။ ရှေ့ဆက်ဘာများ အမေးတက်လာမလဲ သမီးကိုအကဲခတ်နေမိ သည်။ တော်သေးသည်။ သူဘာမှဆက်မပြောဘဲ ပုရွက်ဆိတ်လေးတွေကို ငုံ့ကြည့်နေပြန်သည်။ ခဏနေမှ..
          “အဲကြည့်.. ဒီမှာ ပုရွက်ဆိတ်နှစ်ကောင် ခေါင်းတိုက်နေတယ်။ သူတို့ရန်ဖြစ်ကြတာလား”
          “တစ်ကောင်နဲ့တစ်ကောင် နှုတ်ဆက်ကြတာပေါ့သမီးရယ်”
          “ဟုတ်လဲ ဟုတ်ဘဲနဲ့...ဟီ ဟိ ရီရတယ်”
          သမီးငယ်ကတော့ မထီတရီမျက်နှာထားနဲ့ ကျနော့်အပါးမှ ထွက်ခွာသွားပေပြီ။ ငေါင်စီစီနဲ့ ကျန်နေ တာက ကျနော်။ ကျနော်ငယ်ငယ်က ပုရွက်ဆိတ်အသိုက်ပြောင်းတာကို စိတ်ဝင်စားသည်။ တစ်ကောင်ချင်း ရှေ့နောက်တန်းစီသွားနေသော ပုရွက်ဆိတ်လေးများ ဘေးမသီရန်မခအောင် ကျနော်က တုတ်တစ်ချောင်းဖြင့် စောင့်ရှောက်ပေးတတ်မြဲ။ ခွေးတွေ၊၀က်တွေ၊ကြက်တွေ၊ဘဲတွေ အနားရောက်လာလျှင် တုတ်ဖြင့်ခြောက်လှန့် ထုတ်ပစ်သည်။ ပုရွက်ဆိတ်နှစ်ကောင် ခေါင်းချင်းတေ့ကာ ဘယ်လှုပ်ညာယမ်း လုပ်နေသည့်အခါ ကျနော် သဘောတွေ့လို့မဆုံး။ အဲဒီမြင်ကွင်းကို အနမ်းဖြင့်နှုတ်ဆက်ခြင်းဟု တစ်ယောက်ထဲစိတ်မှာ မှတ်ချက်ချမိသည်။ သူတို့ အသိုက်ပြောင်းလျှင် နေရာဟောင်းမှ နေရာသစ်သို့ ဦးတည်သွားနေသူကများပြီး နေရာဟောင်းရှိရာ နောက်ကြောင်းပြန်လှည့်သူက အနည်းအကျဉ်းသာ။ အသွားနှင့်အပြန် ဆုံတွေ့ခိုက်မှာ ခေါင်းချင်းတိုက်ကြခြင်း။
နေရာသစ်ကိုအရင်ရောက်ခဲ့ပြီးသူက နေရာသစ်မှာရှိတဲ့ အသစ်အဆန်းလေးတွေကို သတင်းပေး တာလားတော့ မသိ။
ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ အဲလိုလုပ်တာကို ကြိုက်သည်။ နှစ်ကောင်မျက်နှာချင်း ဆိုင်လာနေပြီးမှ နှုတ်မဆက်ဘဲ ပွတ်တိုက်လျှောက်သွားတာကိုတွေ့လျှင် စိတ်ထဲမှာဘ၀င်မကျ။ သူတို့ရှေ့က တုတ်ဖြင့်ကာဆီး ထားကာ အတင်းပေးတွေ့စေသည်။ နှုတ်ဆက်ပြီးလျှင် လိုရာခရီးဆက်ကြပေါ့။ ဤသို့နှယ် လောကမိတ်ဝတ် နားမလည်ရှာသော တိရစ္ဆာန်လေးများကို လူယဉ်ကျေးဇာတ်ထဲသို့ အဓမ္မဆွဲသွင်းခဲ့ဖူးပါသည်။ အဲဒီတုန်းက ဘာရယ်တော့မဟုတ် စိတ်ထဲရှိရာ အကုန်လျှောက်လုပ်သည်။ အိမ်မှာ အငယ်ဆုံးမို့ ကမ်းတက်တာလည်း ဖြစ်ကောင်း ဖြစ်ပေမည်။
................................................................................................................................
“ဟေ့လူ မြန်မြန်လုပ်လေဗျာ...ဟိုမှာ ကိုဇေယျာစောင့်နေပြီ”
အိမ်ဖက်ကို ခပ်သုတ်သုတ်လျှောက်လာနေသော ကိုဝင်းကိုက ကျနော့်ကို သတိပေးလောဆော်လိုက် တာဖြစ်သည်။
“အေးပါဗျာ...လာ လာ သွားကြစို့”
ဒီနေ့ကိုလူဗိုလ်တို့မိသားစု အမေရိကသို့ ပြောင်းရွှေ့အခြေချရန် ထွက်ခွာတော့မည်ဖြစ်သဖြင့် IOM ကားဂိတ်ရှိရာသို့ ကျနော်တို့လိုက်လံပို့ဆောင်ရပါမည်။ နှစ်ကာလအတန်ကြာ အတူသွားအတူလာ ဝါသနာပါရာ အလုပ်တွေကို အတူတကွလုပ်ဆောင်ကြရင်း ကိုလူဗိုလ်တယောက်ခွဲခွာသွားတော့မည်ဆိုသောအခါ ရင်ထဲမှာ ဘယ်လိုမှမကောင်းနိုင်။ နောက်ပြီး ခုလိုခွဲခွာခြင်းဆိုတာက တသက်တာလည်းဖြစ်သွားနိုင်သည်။ “လူချင်းအနေ ဝေးပေမဲ့ အွန်လိုင်းပေါ်မှာ ကျနော်တို့နေ့တိုင်းဆုံနိုင်ကြတာပဲ” လို့ တယောက်နဲ့တယောက် အားတင်းပြောဆို နေကြသော်လည်း တကယ်ဝေးရတော့မည့် အဖြစ်ကို သိနေကြသည်။
သူထွက်ခွာခါနီးရက်ပိုင်းအတွင်း ကျနော်တို့ချင်းပို၍ ထိတွေ့မှုများသည်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြ၊ တောင်ခြေကုန်းမြင့်လေးပေါ် လမ်းလျှောက်သွားကြ၊ တခါတလေ လမ်းတဖက်ဆီမှ ကွတ်တီယိုဆိုင်သို့။ နေ့တိုင်းလိုလို ညမိုးချုပ် ၉ နာရီ ၁၀ နာရီလောက်မှ အိမ်ပြန်ရောက် လမ်းခွဲကြ။ နောက်နေ့မနက် ၇ နာရီခွဲ လောက်ဆို ကျနော့်အိမ်ကို ကိုလူဗိုလ်ရောက်လာပြီ။ သူရောက်မလာရင် ကျနော်နှင့်ကိုဝင်းကို သူ့အိမ်ကိုရောက် သွားမြဲ။ သုံးယောက်သားဆုံမိတော့ ကိုထူးအောင်အိမ်ဖက် လမ်းကြောင်းလှည့်ကာ အတူခေါ်လာပြီး ဆုံစည်းရာ မှာ ဂိတ်ထိုးတော့၏။ မခွဲခွာမီ အတူရှိနေတုန်း နောက်ဆုံးအချိန်လေးတွေကို တနုံ့နုံ့ရင်ခုံစွာ ဖြတ်သန်းနေကြ သည်။ မကြာမီ ယောဂီတို့၏ အခွင့်အရေးကုန်ဆုံးတော့မည် မဟုတ်ပါလား။
ကိုလူဗိုလ်မထွက်မီ ၂ ရက်အလိုမှာ အလုပ်သွားနေသော ကိုဇေယျာ ပြန်ရောက်လာသည်။ ကိုလှရွှေ ကတော့ ခွင့်မရသဖြင့် ပြန်ရောက်မလာနိုင်။ မဲဆောက်မြို့အနီး DHS ဝင်းမှာ သွားတွေ့မည်ဟုဆိုသည်။ ကျနော်တို့ အားလုံးထဲမှာ ဦးသန့်စင်(သန့်စင်အောင်-ရန်ကင်း)ပြီးလျှင် ကိုလူဗိုလ်က အသက်အကြီးဆုံး။ သို့သော်လည်း သူက အပြောအဆို ယဉ်ကျေး ဖော်ရွေသည်။ အသက်အငယ်ဆုံး ကိုဝင်းကို(အုပ်ကြီးဖေ)ကိုပင် “ခင်ဗျား” “ကျနော်” နှင့် သုံးနှုန်းပြောဆိုသည်။ ခုတော့ ကျနော်တို့ရဲ့ အကိုကြီး နှင့် မမျှော်မှန်းနိုင်သော ကာလတခုအထိ ခွဲခွာကြရတော့မည်။
မရေရာသောအခြေအနေတရပ်မှာ မသေချာသောမျှော်လင့်ချက်များနှင့် ကျနော်တို့ဘဝ ရပ်တည် ကျင်လည်ခဲ့ကြရသည်။ ဤအချိန်ကာလအတွင်း မျှော်မှန်းတာတွေ လွဲခဲ့ရပြီး မထင်မှတ်သောအဖြစ်တွေနှင့် ပက်ပင်းကြုံခဲ့ရသည်။ ဘဝဆိုသည်မှာ ထိုသို့.. ဤသို့... ကွေ့ကောက်ခြင်းများစွာ၊ ခက်ထန်မာကြောမှု ကုဋေကုဋာ။ အဆင်မပြေ ကံကြမ္မာမွဲသောဘဝကိုပင် ကိုလူဗိုလ်က သစ်ပင်နှင့် တင်စားပြီး အလှဗေဒ ပြုလိုက်သေး၏။ “သစ်ပင်တပင်ဟာ စင်းလုံးချောဖြောင့်တန်းနေရင် ကြည့်ရတာ ရသမမြောက်ဘူး၊ အဖုအထစ် အကွေးအကောက်များစွာ၊ ဒဏ်ရာတွေဗရပွ ကျီးပေါင်းတွေခ,နေမှ သူ့ရဲ့အားမာန်အလှတရားတွေ ပေါ်လွင် တာဗျ” တဲ့။
အကောင်းစားဟင်းလျာတွေ ယှက်နွယ်ပုံဖော်ထားသည့် စားပွဲခင်းလှလှလေးပေါ်မှာ ဟင်းရွက်ပြုတ်နှင့် ငါးပိရည်ပန်းကန်တင်၍ မြိန်ရေရှက်ရေ စားသောက်နေရသည့်နှယ် သူ့ရဲ့ဒဿနဆန်ဆန် အနုပညာဟန်မကင်း သောစကားသံအောက်မှာ ကျနော်တို့တတွေနစ်မျောဝင်စား အားမာန်တွေကြွခဲ့ရသည်။ ဘဝအမောတွေထဲမှာ ပုန်းခိုတွယ်ကပ်နေသော အလှရသကို မြင်အောင်ရှာဖွေခံစားခဲ့ကြ၏။
လူမသေသေးသရွေ့ ဘဝကိုဘယ်တော့မှ အရှုံးမပေးစတမ်း ရုန်းကန်တိုက်ပွဲဝင်ဖို့ ကိုယ့်ကိုယ်ကို သံဓိဌာန်ပြု၏။ ဒီလိုနှင့် ဆိုင်းဘုတ်မရှိ စာရေးဆရာ ပိစိကွေးတွေ ဖြစ်လာသည်။ ဒါသည်ပင် ကျနော်တို့အတွက် အရှုံးထဲက အမြတ်တွေဟု ဆိုရပေမည်။ အမြင်သစ်တွေကိုလေ့လာရင်း၊ ကိုယ်ယုံကြည်ရာတွေ ရေးသားကြရင်း စဉ်းစားတွေးခေါ်ရာ၌ အရင်ကထက်ရင့်ကျက်မှုရှိလာပြီး စိတ်ခွန်အားတွေ ပြည့်ဝလာ၏။ ပကတိ အရှိတရားနှင့် ဖြစ်နိုင်ခြေအလားအလာကို အတန်အသင့် နားလည်သဘောပေါက်စပြုလာ၏။
ထိုအခါ ကိုယ်ဖြစ်ချင်ရာဆန္ဒစွဲဖြင့် ဘဝအနာဂတ်ကို ပုံမဖော်လိုတော့။ ကိုယ်နှင့်သင့်တော်ရာ အခန်းကဏ္ဍမှ ဘဝကိုလက်တွေ့ကျကျ ရှင်သန်နိုင်ဖို့၊ လူ့အဖွဲ့အစည်းကို တတ်နိုင်သလောက် အကျိုးပြုကြဖို့ ရည်သန် ဆုံးဖြတ်ဖြစ်ကြသည်။ ထိုအခြေအနေ အချိန်အခါမျိုးမှာ ကိုလူဗိုလ်မိသားစုအတွက် ရွေးချယ်စရာ လမ်းတခု ဖြစ်ထွန်းအကောင်အထည်ပေါ်လာခြင်းလည်း ဖြစ်ပါသည်။ အစပိုင်းမှာ သူ့အဖို့ ဆုံးဖြတ်ချက်ချရန် ဝေခွဲမရ ခက်ခဲနေ၏။ ဖြစ်ပေါ်လာသော အခွင့်အလမ်းကို ဆုပ်ကိုင်မည်လား... ကိုယ်ယုံကြည်ရာအတိုင်း ကူးခတ်ရွက်တိုက်မည်လား..။ နောက်ဆုံး ကျနော်တို့အားလုံး စုဝေးပြီး လက်ရှိအနေအထားမှာ သူ့မိသားစု အတွက် သင့်တော်မည်ထင်သည့် လမ်းကြောင်းကို ပထမဆုံးလျှောက်လှမ်းကြည့်ရန် အားပေးတိုက်တွန်းကြ ရလေသည်။
မန္တလာသူ အစ်မကြီးတဦး ကမကထပြုကူညီသဖြင့် ကျနော်တို့ ရေးသားခဲ့သော စာစုအချို့ကို “ဘောင်ဘင်ခတ်အတွေးများ” ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ရန် စီစဉ်ကြသည်။ ကိုလူဗိုလ်မသွားခင်အမီ ထုတ်ရန် ကြိုးစားကြသော်လည်း အကြောင်းမညီညွှတ်၍ စာအုပ်ဖြစ်သည်အထိ မအောင်မြင်ခဲ့။
ကျနော်တို့တတွေ စဉ်းစားတွေးတောသုံးသပ်ဆုံးဖြတ်မှုများကို ကျနော်တို့အချင်းချင်းသာ အပြည့်အဝ နားလည်လက်ခံနိုင်ပေလိမ့်ဦးမည်။ ကျနော်တို့အတွက် လမ်းမဆုံးသေး။ ရှေ့ဆက်လျှောက်လှမ်းပုံဖော်ရန် လုပ်ဆောင်စရာတွေ တပုံကြီးရှိနေ၏။ ဖြစ်နိုင်လျှင် ထိုလမ်းကိုဆက်လျှောက်ဖို့ ယုံကြည်ချက်တူသူတွေ မခွဲမခွာ အတူရှိ နေစေချင်သည်။ သို့သော် အဲဒါက ကျနော်တို့၏ ယုံကြည်ချက်ကိစ္စ။ လက်တွေ့အခြေအနေ၌ မတူညီသော မိသားစုအခြေအနေနှင့် လိုအပ်ချက်တွေကလည်း ကိုယ်စီရှိနေပြန်သည်။
ထို့ကြောင့် ကိုယ်နှင့်သင့်တော်ရာလမ်းမှ ကိုယ်ယုံကြည်ရာ စခန်းသို့ လျှောက်လှမ်းကြရန် သဘောညီ ကြ၏။ ကိုလူဗိုလ်မိသားစုကို IOM ကားပေါ်အရောက် ကျနော်တို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။ ကျနော်တို့ ရင်တွင်းမှ နွေးထွေးသောယုံကြည်မှုသဒ္ဓါတရားတွေ စိတ်ခွန်အားအဖြစ် သူနှင့်အတူပါသွားစေချင်ပါသည်။
(ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အမေရိကသို့ထွက်ခွာသွားသော ကိုလူဗိုလ် သို့..)

ဝေမော်
၂၄ ဖေဖော်ဝါရီ ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...