Author: lubo601 |
7:37 AM |
|
''သင်္ဘောပေါ်က ခရီးသည်တွေ အော်ဟစ်ပြေးလွှားနေကြတာ ကမ္ဘာကျော်တိုက်တန်းနစ်
ရုပ်ရှင်ဇာတ်ကားထဲကလိုပါပဲ။ ငိုသံတွေကိုလည်း နေရာအနှံ့က ကြားရတယ်''
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့က ဖြစ်ပါသည်။ အီတလီနိုင်ငံ
အနောက်ဘက်ကမ်းရိုးတန်းတွင် လူ ၄၂၀၀ ပါဝင်သော အပျော်စီးသင်္ဘောတစ်စင်းသည်
ရေအောက်ကျောက်ဆောင်များနှင့် တိုက်မိခဲ့သည်။ သင်္ဘော ၀မ်းဗိုက်
ကွဲကာတိမ်းမှောက်ခဲ့ရသည်။
သည်တိမ်းမှောက်မှုတွင် ကိုယ်တွေ့ကြုံခဲ့ရသော
မြန်မာသင်္ဘောသားကို ဇော်မင်းဦးက ဖြစ်စဉ်ကို ပြန်လည်မြင်ယောင်
ပြောပြနေပါသည်။ ယခုအချိန်တွင် အေးအေးလူလူ ပြန်လည် ပြောပြနိုင်သော
ဖြစ်စဉ်များသည် တကယ့်တကယ်ကြုံတွေ့ခဲ့ချိန်တုန်းကတော့ စိုးထိတ်ဖွယ်ရာအတိသာ။
၁၉၁၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပေါ်ခဲ့ဖူးသော တိုက်တန်းနစ်သင်္ဘောနစ်
မြုပ်ခြင်းဖြစ်စဉ်နှင့် နှိုင်းကြရသည်။ တိုက်တန်းနစ်နှစ် (၁၀၀) ပြည့်
မြောက်မည့်အချိန်နှင့် တိုက်ဆိုင်စွာ ကြုံတွေ့ရသော အီတလီအပျော်စီးသင်္ဘော
Costa Concordia ၏ တိမ်းမှောက်ခြင်း။ အီတလီအပျော်စီးသင်္ဘော Costa Concordia
တွင် ခရီးသည် ၃၂၀၀နှင့် သင်္ဘောအမှုထမ်း ၁၀၀၀ ပါဝင်ခဲ့သည်။ ယင်းသင်္ဘော အမှုထမ်း
၁၀၀၀ တွင် မြန်မာလူမျိုးသင်္ဘောသားဆို၍ ကိုဇော်မင်းဦးတစ်ဦးသာ ပါဝင်ခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီခန့်က ဖြစ်ပါသည်။
ကိုဇော်မင်းဦးသည် ဂျူတီချိန် တာဝန်ထမ်းဆောင်ဆဲ။ သည်အချိန်တွင်ပင်
လေမတိုက်ဘဲ သင်္ဘောကြီးတစ်ဖက်သို့ တိမ်းစောင်းနေသည်ကို သတိထား မိခဲ့သည်။
မိနစ် ၂၀ ခန့်တွင်တော့ သင်္ဘောပေါ်ရှိ မီးများအားလုံးပြတ်သွားခဲ့ပြီ။
အပြင်ဘက်ကို ကြည့်လိုက်မိချိန်မှာတော့ ကျောက်ဆောင်များကို တွေ့မြင်နေရပြီ။
ထိုအချိန်မှပင် သင်္ဘောပေါ်ရှိ လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာတော့သည်။
ည ၁၀ နာရီခွဲခန့်မှာတော့ သင်္ဘော၏စက်က လုံးဝရပ်တန့်သွားသည်။
ခရီးသည်များအားလုံး စိတ်မပူကြရန်နှင့် နည်းပညာပိုင်းအရ
ချို့ယွင်းမှုတစ်ခုကြောင့်ပါဟု သင်္ဘောကပ္ပတိန်က ကြေညာသည်။ သို့သော်
ကိုဇော်မင်းဦး သည် ဓာတ်လှေကားအတွင်းမှ ရေကျသံများကို ကြားလိုက်ရသည်။
အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ရပြီဆိုတာ သိလာသည်။ ည ၁၁ နာရီခန့်တွင်တော့
အန္တရာယ်သတိပေးသံများ ညံလာခဲ့ပြီဖြစ်သည်။ Costa Concordia ပေါ်က
ခရီးသည်များသည် သင်္ဘောပေါ်တွင် အော်ဟစ်ပြေးလွှားနေကြသည်။ ကူကယ်ရာမဲ့
ငိုကြွေးသံများလည်း ဆူညံဆဲ။ ကိုဇော်မင်းဦးတို့လို
သင်္ဘောအမှုထမ်းများအားလုံးကို အခန်းများထဲမှ မိမိတာဝန်ကျရာဌာန၏
စုရပ်ကိုလာရောက်ကြရန် ကြေညာနေသည်ကိုလည်း ကြားရသည်။
အခန်းထဲတွင်မနေရန် ညွှန်ကြားချက်ကိုရပေမယ့်
အရေးကြီးစာရွက်စာတမ်းများကိုယူဖို့တော့ အခန်းရှိရာဆီ မရောက်ရောက်အောင်
ပြန်ခဲ့ပါသည်။ ''အရေးကြီး စာရွက်စာတမ်းတွေကိုယူပြီး သင်္ဘောအပေါ်ထပ်ကို
ပြန်ပြေးတက်ခဲ့တဲ့အချိန်မှာ အသွားတုန်းကခြေမျက်စိလောက်ပဲ ရှိခဲ့တဲ့ရေဟာ
လှေကားရင်းကို ရောက်တာနဲ့ ၀ုန်းဆို လူတစ်ရပ်လောက် မြင့်တက်လာတယ်''
သင်္ဘောအပေါ်ထပ်သို့ ရောက်လျင်ရောက်ချင်း ကြားလိုက် ရသည်မှာတော့
ခရီးသည်များနှင့် အမှုထမ်းများ သင်္ဘောကိုစွန့်ခွာရန် အကြောင်းကြားသံပင်။
ကံကောင်းထောက်မခြင်းဟုပဲ ဆိုရမည်ထင်ပါသည်။ ကိုဇော်မင်းဦး ရောက်ရှိနေသည်က
သင်္ဘောတိမ်း စောင်းနေသည့် ဘက်အခြမ်းဖြစ်နေသည်။ ခရီးသည်များအား
အသက်ကယ်လှေများဖြင့် ရေထဲသို့ ချပေးနေပြီ။ ရေထဲသို့ နစ်မြုပ်စပြုနေသည့်
သင်္ဘောကြီးအနီးတွင်လည်း ရေပြင်မှ ကယ်ဆယ်ရေးရေယာဉ်များ၊ ဝေဟင်မှ
ရဟတ်ယာဉ်များကလည်း ကယ်ဆယ်ရေး အကူအညီများ စတင်ပေးနေပြီဖြစ်သည်။
ကိုဇော်မင်းဦးသည်လည်း မိမိနှင့်နီးစပ်သည့် ရေပြင်ထဲသို့ ဆင်းရန်
ကြည့်မိသည်။ အသက်ကယ် ဖောင်တစ်ခုကို အဆင်သင့်တွေ့ရသည်နှင့် ယင်းဖောင်ပေါ်သို့
ဆင်းခဲ့သည်။ ဖောင်ထဲသို့ရောက်ချိန်တွင် အပေါ်သို့ ပြန်ကြည့်မိတော့ ရေထဲသို့
တစ်ပိုင်း တစ်စနစ်မြုပ်နေသည့် သင်္ဘောကြီးက မိမိခေါင်းပေါ်မှာ။
''ကျွန်တော် အကြောက်ဆုံးအချိန်က ဖောင်ထဲကိုရောက်တဲ့အချိန်ပါ။ သင်္ဘောကြီးက
ကိုယ့်အပေါ်မှာ ပိကျတော့မယ့်ပုံစံနဲ့ဆိုတော့ စိုးရိမ်တာပေါ့။ ဒါပေမယ့်
ကျွန်တော် အဲဒီအချိန်မှာသတိရမိတာက မြတ်စွာဘုရားကိုပဲ။
ဘုရားရဲ့ဂုဏ်ကျေးဇူးကြောင့် ကျွန်တော်အသက်ဘေးက လွတ်မြောက်နိုင်မယ်လို့
ယုံကြည်ခဲ့ပါတယ်''
ကယ်ဆယ်ရေးလှေများ၏ ကူညီကယ်တင်မှုဖြင့် ည ၁၂ နာရီ ၀န်းကျင်တွင်
အနီးရှိကျွန်းပေါ်သို့ ခြေချခွင့်ရခဲ့သည်။ သင်္ဘောနစ်မြုပ်မှုကို
မြင်တွေ့နေရသည့် ကျွန်းမှဒေသခံများကလည်း ခြုံစရာစောင်များကို
မိမိတို့တိုက်ခန်းများဆီမှ ပစ်ချပေး သည်ကိုလည်း တွေ့နေရသည်။
-၄ ဒီဂရီစင်တီဂရိတ်ခန့်အေးခဲသည့် ကျွန်းပေါ်တွင် ည ၁၂ နာရီခန့်မှ နံနက် ၎
နာရီခန့်အထိ စောင်တစ်ထည်ဖြင့် နေခဲ့ရသည်။ နံနက် ၄ နာရီခန့်တွင်တော့
ကယ်ဆယ်ရေးများ၏ အကူအညီဖြင့် ဟိုတယ်ပေါ်သို့ ရောက်ရှိ ခဲ့ပါသည်။
ဟိုတယ်မှတစ်ဆင့်ပင် အီတလီနိုင်ငံ ရောမမြို့ရှိ မြန်မာသံရုံးကို
ဆက်သွယ်ရသည်။ ဆုံးရှုံးခဲ့သည့် နိုင်ငံကူးလက်မှတ်ပြန်လည်ရရှိရန်နှင့်
မြန်မာနိုင်ငံသို့ ပြန်ရန်သံရုံးမှ ကိုသိန်းမင်းထွန်း၏ အကူအညီဖြင့်
စီစဉ်နိုင်ခဲ့ပါသည်။
ဇန်န၀ါရီလ ၂၁ ရက်နေ့တွင်တော့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းဖြင့်
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သည်တစ်ကြိမ်အမိ မြေသို့
ခြေချရခြင်းသည် ဘယ်တုန်းကနှင့်မျှမတူသော ၀မ်းသာလှိုက်လှဲခြင်းကို
ဖြစ်စေခဲ့သည်။ ကိုဇော်မင်းဦး၏ ဇနီးဖြစ်သူ မချိုမေဒေးကတော့''
စသိသိချင်းကတော့ ဘယ်လိုမှ နေလို့မရဘူး။ သတင်းကိုပဲ ကြည့်နေတာ။ ကုမ္ပဏီက
အသက်ရှင်လျှက်ရှိတယ်ဆိုတဲ့သတင်းကြားမှ ချုံးပွဲချငိုမိခဲ့တယ်။ ဒါတောင်
သူနဲ့တိုက် ရိုက်ဖုန်းမရတော့ သိပ်စိတ်မချသေးဘူး။ လေဆိပ်မှာ
သူ့ကိုမြင်လိုက်ရတော့မှပဲ စိတ်ဒုန်းဒုန်းချနိုင်တော့တယ်'' ဟု
ပြောပြခဲ့ပါသည်။
ဇန်န၀ါရီလ ၃၀ ရက်နေ့အထိ နောက်ဆုံးရရှိသော သတင်းများအရ Costa Concordia
သင်္ဘော၌ ပျောက်ဆုံးသူ ၃၃ ဦးနှင့် သေဆုံးသူ ၁၇ ဦး ရှိလာခဲ့ပြီ။
သင်္ဘောတစ်စီးတည်း လိုက်ပါခဲ့သူများမို့ ပြန်တွေးတိုင်းမှာတော့
စိတ်မကောင်းပါပေ။ ပင်လယ်ပြင်ကို ခင်တွယ်ရသော သူတို့လိုဘ၀များသည်
ပင်လယ်ပြင်ကပေးသော အခက်အခဲများကိုလည်း ရင်ဆိုင်ကြရလေသည်။ ယခုတော့ဖြင့်
သူသည် အိပ်မက်ဆိုးတစ်ခုသဖွယ် ကြုံရသော အဖြစ်မှ လွတ်မြောက်ခဲ့ပြီ။
မိသားစုကို ပြန်လည်ဆုံတွေ့ခဲ့ရပြီ။ သင်္ဘောလိုက်သည့် ကိုးနှစ်အတွင်းမှာ
ပထမဆုံးကြုံတွေ့ရတဲ့ အဖြစ်အပျက်မှာ ကြောက်ရွံ့လှတာမဟုတ်ပေမယ့်
မြန်မာတစ်ယောက်တည်းပါလားဆိုသော အသိကတော့ သူ့ကို အားငယ်စေခဲ့သည်။ သို့ပေမယ့်
ဘုရားရှိသည်၊ ဘုရားမှတစ်ပါး အားထားရာမရှိဘူးဆိုသော စိတ်နှင့်ပင်
အရာရာကိုဖြတ်ကျော်နိုင်ခဲ့သည်လို့ ယုံကြည်နေပါသည်။ |
0 comments:
Post a Comment