Friday, February 3, 2012

သစ်ခြောက်ပင်

by Zay Ya on Saturday, February 4, 2012 at 5:24am
 ဒုက္ခ၏ အနက်အဓိပ္ပာယ် သည် မရှိသည့် အရာကို ရှာဖွေခြင်း ဖြစ်သည်။ အခြား တစ်နည်း ဖြင့် ဆိုလျှင် ဒုက္ခ၏ အနက်အဓိပ္ပာယ်သည် သဲထဲက ဆီထုတ်ယူရန် ကြိုးစားခြင်း ဖြစ်သည်။ မရှိသော ကောင်းကင်ပန်းကို ခူးဆွတ်ဖို့ ကြိုးစားခြင်းလည်း မည်သည်။ ယုန်သတ္တယါ၌ မရှိသော ဦးချိုကို ရှာခြင်း ဖြစ်သည်။ ထို့ကြောင့် ဒုက္ခ၏ အနက် အဓိပ္ပာယ်သည် မဖြစ်နိုင်သည့် အရာကို လိုလားတောင့်တ ခြင်း ဖြစ်သည်။


လေးဖက် လေးတန်၌ မအောင်မြင်မှုများ စုပုံနေလိမ့်မည်။ ယင်း အစုအပုံသည် သင်၏ သင်္ချိုင်းဂူ သာ ဖြစ်ပါလိမ့်မည်။ ကာမဂုဏ် အာရုံ၌ အရသာ တွေ့နေသရွေ့ စည်းစိမ်ချမ်းသာ ရှိနေသည် ဟူ၍သာလျှင် ထင်မြင်နေပေလိမ့်မည်။ မိမိ ၏ မျက်လုံး အတွင်း သန္တာန်ထဲ ရောက် မသွား မချင်း ချမ်းသာ သုခသည် မိမိ၏ အတွင်း သန္တာန်၌ ရှိသည် ဆိုသည့် အကြောင်းကို သိမြင်လိမ့်မည် မဟုတ်ပေ။ ယင်း အခြေအနေမျိုး ရောက်မလာမချင်း ဣနြေ္ဒများသည် ထိန်းချုပ်၍ မရနိုင် ဖြစ်တတ်သည်။ မိမိ၏ အမြင်သည် လွဲမှားသော အမြင် ဖြစ်နေ ပါက ဣနြေ္ဒ ထိန်းချုပ်မှု သည် ဖြစ်မလာနိုင်ပေ။

စင်စစ် ဣနြေ္ဒကြီးရင့်မှု ဟူသည် တစ်ဖက်စောင်းနင်း မဖြစ်သော တည့်မတ်ဖြူစင်သည့် အမြင်၏ အကျိုးဆက် ဖြစ်သည်။ စာဆန်ဆန် ဆိုရလျှင် ဣန္ဒြိယ သံဝရသည် သမ္မာဒိဋ္ဌိ၏ အကျိုးဆက် ဖြစ်၏။ “သမ္မာ” ၏ အနက်အဓိပ္ပာယ်သည် ရှိသည့် အရာကို ရှိသည့် အတိုင်း မြင်ခြင်း ဖြစ် သည်။ မရှိသည့် အရာကို မရှိသည့် အတိုင်း မြင်ခြင်း ဖြစ်သည်။ ဘဝ၌ သုခပန်း ပွင့်လျှင် စိတ်ရွှင်လန်း ချမ်းမြေ့မှု  ဖြစ်ပေါ်မလာဘဲ နေမည် မဟုတ်ပေ။



ဓမ္မပဒ၌ ~
“ကာမဂုဏ် အာရုံ အရသာ၌ အကောင်းကို ကြည့်နေသော ဣနြေ္ဒများကို ထိန်းချုပ်ခြင်း မရှိသော၊ ခဲဘွယ် ဘောဇဉ် စားသုံးရာ၌ အတိုင်းအရှည် ပမာဏ မသိသော၊ ပျင်းရိသော၊ လုံလဝီရိယ ကင်းမဲ့သော သူကို ‘မာရ’ သည် လေမုန်တိုင်းက သစ်ပင်ခြောက်ကို လဲကျသွားအောင် ပြုလုပ်သကဲ့သို့ လဲကျသွားအောင် ပြုလုပ်လိမ့်မည်”

“မာရ” ( မာရ်နတ် ) သည် ကာမဒေဝ ၊ကာမဂုဏ် အာရုံ ကို တင်စားသော နတ်ဒေဝတာ တစ်ပါး အဖြစ် ဗုဒ္ဓ အသုံးပြုသော ဝေါဟာရ ဖြစ် သည်။ ယင်း စကားလုံးသည် စိတ်ဝင်စား စရာ ကောင်းသော စကားလုံး ဖြစ်သည်။ ‘ရာမ’ ( YAMA ) ဟုသော စကားလုံးကို စကား လိမ်ဖြင့် ဗြောင်းဗြန် ပြုလျှင် ‘မာရ’ ( MAYA ) ကို ရရှိသည်။ စိတ်၏ အခြေအနေ နှစ်မျိုးနှစ်စားသာ ဖြစ်သည်။ ‘မာရ’ ဩဇာ ရှိသော စိတ်နှင့် ‘ရာမ’ လွှမ်းမိုးမှု ခံ ရသော စိတ်တို့ ဖြစ်ကြသည်။ တနည်း ဆိုလျှင် ~ အတွင်း သန္တာန်ဘက်သို့ လှည့်ဝင်လျှင် ‘ရာမ’ ဘက် သွားခြင်း ဖြစ်ပြီး ၊ အပြင်ဘက်သို့ လှည့်လျှင် ‘မာရ’ ဘက်သို့ သွားခြင်း ဖြစ်သည်။

ခြောက်သယောင်း ဖြစ်နေ၍ ခုခံအား မရှိသော သစ်ပင်ကို လေမုန်တိုင်းက လဲကျသွားစေနိုင်သကဲ့သို့ ခုခံအား မရှိသော ယောင်္ကျားကို ‘မာရ’ က လဲကျသွားအောင် ပြုလုပ်နိုင်သည်။ ကာမဂုဏ် အာရုံ နတ်ဒေဝါသည် အင်အား ကြီးမားသည် မဟုတ်။ သင်က ခုခံ အားနည်းနေခြင်း သာ ဖြစ်သည်။ အကယ်၍ လဲကျသွားသည် ဆိုလျှင် ကာမဂုဏ် အာရုံ နတ်ဒေဝါ၏ စွမ်းအားကြောင့် မဟုတ်၊ မိမိ ၏ ခုခံ အားနည်းသောကြောင့်သာ လဲကျသွားခြင်း ဖြစ်သည်။ ခြောက်ပြီး အမြစ်ပြုတ်နေသော သစ်ပင်နှင့် တူသည်။ ခုခံအားနည်းနေသော၊ အိုမင်း ရင့်ရော်နေသော သူသည် လေမုန်တိုင်း တိုက်ခတ်လာလျှင် ခံနိုင်မည် မဟုတ်ပေ။ လဲကျသွားလိမ့်မည်။ လေမုန်တိုင်း မတိုက်ခတ် လာလျှင်လည်း လဲကျမသွားဘဲ မနေပေ။ စင်စစ် လေမုန်တိုင်းမှာ အယောင်ဆောင် အကြောင်းပြ မျှသာ ဖြစ်သည်။ မိမိ စိတ်နှလုံး သက်သာအောင် အကြောင်းပြခြင်း မျှသာ ဖြစ်ကြောင်း သိနားလည်ထားရန် လိုအပ်သည်။ အကယ်၍သာ တစ်စုံတစ်ခုက တွန်းမလှဲ ပါဘဲနှင့် အလိုလို လဲကျသွားသည် ဆိုလျှင် ပို၍ စိတ်မကောင်း ဖြစ်ရပေလိမ့်မည်။ လေမုန်တိုင်း တိုက်ခတ်မလာသော်လည်း လဲကျသွား ရခြင်းသည် မိမိ၏ ကိုယ်ခံအားနည်းခြင်း ကြောင့်သာ ဖြစ်ကြောင်း သိရှိထားရန် လိုပါသည်။ အခြား အင်အားကောင်း သူ ပေါ်ပေါက်လာ ရန် မလို၊ အကြောင်းလည်း မရှိ။

တကယ်စင်စစ် လည်း သင့်ကို လဲကျသွားအောင် ပြုလုပ်နိုင်သော ကာမဂုဏ် အာရုံ နတ်ဒေဝတာ တစ်ဦးဦးအဖြစ် မည်သူမျှ ရှိမနေပေ။ သင်ကိုယ်တိုင် လဲကျသွားခြင်းသာ ဖြစ်သည်။ ခုခံအားနည်းနေခြင်းသည် သင့်အကြောင်းသာ ဖြစ်သည်။ မရှိသည့် အရာကို အားကုန် သုံး၍ ရှာ ရင်း တဖြည်းဖြည်း တစစ ကိုယ်ကိုယ့်ကိုယ် အားအင် ကုန်ခမ်း ဆုတ်ယုတ်သွားစေသည့် အတွက်ကြောင့် သာ ဖြစ်သည်။ မရှိ သည့် အရာကို အချည်းနှီး အလဟဿ ပြု၍ ရှာဖွေ နေသည် ဖြစ်၍ မည်သည့် အရာကိုမျှ မရရှိခဲ့။ ထို့ကြောင့် မိမိ ကိုယ်ကိုယ် မိမိ ယုံကြည်မှု ပျက်ယွင်းသည်။ မိမိ ဘဝ ထောက်တိုင်တို့ ချိနဲ့ ယိမ်းယိုင်ရသည်။ တစ်သက်တာလုံးတွင် အောင်မြင်မှု မရရှိပါက ယုံကြည်မှု ပျောက်ကွယ် သွားရသည်မှာ ဓမ္မတာ ပင် ဖြစ်သည်။ ယုံကြည်မှု ပျောက်သော ကြောင့် ယိမ်းယိုင် တုန်လှုပ်မှု ဖြစ်ရသည်။

ဗုဒ္ဓ ဟောကြား ရာတွင် ‘ကုသီတံ ဟိန ဝီရိယံ’ ဟု ပါရှိ၏။ ပျင်းရိခြင်းသည် ထိန်းချုပ်မှု ကင်းသော ဘဝ၏ အကျိုးဆက် ဖြစ်သည်။ ဣနြေ္ဒများ ထိန်းချုပ်မှု မရလျှင် မရသလောက် ~ ကာမဂုဏ် အာရုံများ၌ အရသာ ခံသည်။ ယင်း အရသာခံလျှင် ခံသလောက် အတိုင်းအတာ ပမာဏ တစ်ခုဖြင့် ပျင်းရိမှု ဖြစ်ပေါ်သည်။ စင်စစ် ပျင်းရိခြင်း၏ အဓိပ္ပာယ်မှာ မိမိ၏ ဘဝ စွမ်းအင် လျော့တိ လျော့ ရဲ ဖြစ်နေကြောင်း ပြဆိုခြင်း သာ ဖြစ်သည်။ မိမိ ဘဝ စွမ်းအင်သည် မိမိ အတွင်းသန္တာန် ၌ ပင် တိုက်ခိုက်တွန်းလှန်နေရကြောင်း သတိ၊ အချက် - ပေးခြင်း ဖြစ်သည်။ ပျင်းရိခြင်းသည် မိမိကိုယ်မိမိ စစ်တိုက်နေခြင်း တစ်မျိုးပင် ဖြစ်သည်ဟု ဆိုရပေမည်။

ယင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သော ‘ဝီရိယ’ ၏ အဓိပ္ပာယ်မှာ မိမိ၏ ဘဝစွမ်းအင် ဂီတသံစဉ်ကို အညီအမျှ စီးဆင်းခြင်း ဖြစ်ပါသည်။ မိမိ ၏ ဘဝ အသံ အားလုံးကို သံစဉ် တစ်ခု အတွင်း၌ ချည်နှောင်ထားသည်။ ထိုအခါ သင်သည် စုဆောင်းသိုမှီးထားသော စွမ်းအင် ပိုင်ရှင် တစ်ဦး ဖြစ်လာသည်။ မိမိ ၏ အတွင်းသန္တာန် တွင် အလွန်အမင်း လတ်ဆတ်မှု ရှိလာသည်။ ဘဝ ခွန်အား ပေါ်ပေါက်လာသည်။ ထို့နောက် သက်ဝင်လှုပ်ရှားသူ တစ်ဦး ဖြစ်လာတော့သည်။

ယင်းသို့ မဟုတ်ပါက လူတို့သည် အသက်မသေခင်ကပင် သေလွန်ပြီး ဖြစ်ကြသည်။ တကယ်သေခြင်းသည် အချိန်ကြာမြင့် စွာ ဖြတ်သန်းပြီး မှ ဖြစ်ပေါ်လာသော အရာ ဖြစ်ပြီး၊ မိမိ မသိနားမလည်မှုကြောင့် အချိန်အစောပိုင်း ကတည်းက သေဆုံး ပြီး ဖြစ်နေ ကြသည်များ ဒုနဲ့ ဒေး ရှိပါသည်။

ဗုဒ္ဓရှင်တော် ချပြသည့် ဥပမာ၌ ~
“လေမုန်တိုင်း တိုက်ခတ်လာပြီးလျှင် ငြိမ်သက်သွားသည်။ ယင်း အခိုက်တွင် ရှိသည့် ဟိမဝန္တာတောင်သည် ယိမ်းယိုင် လှုပ်ရှား သွားခြင်း မရှိ။ သင်၏ အတွင်း သန္တာန်၌ ရှိသော ဟိမဝန္တာတောင်သည်လည်း ငြိမ်းအေးနေသော ၊ ထိန်းချုပ်ထားပြီး ဖြစ်သော အခြေအနေမျိုး ဖြစ်သင့်၏”

စင်စစ် ဟိမဝန္တာတောင်သည် အလွန် တန်ဖိုးကြီးမားသော ကျောက်တောင်ထွတ်၊ တောင်ထိပ်ဖြစ်ပြီး၊ ဤဥပမာ တွင် သင်္ကေတ တစ်ခု အဖြစ် တည်ရှိသည်။ ဥပမေယျမှာ ~ သင်သည် အတွင်းအဇ္ဈတ္တသန္တာန်၌ ယိမ်းယိုင်လှုပ်ရှားခြင်း မရှိသော အခါ၊ သင့်ကို မည်သည့် အရာဝတ္ထုကမှ ယိမ်းယိုင်လှုပ်ရှားသွားအောင် မပြုလုပ်နိုင်။ သင့်ကို မည်သည့် အရာကမှ ယိမ်းယိုင်လှုပ်ရှားအောင် မပြုလုပ်နိုင်သော အခါ တောင်ထွတ်တောင်ထိပ်ကဲ့သို့ တည်တံ့ခိုင်မြဲမှုကို ရ၏။ လေမုန်တိုင်း ပျောက်ကွယ်သွားသော်လည်း သင်သည် ယခင်အတိုင်း ရပ်တန့် တည်မြဲ တည်ရှိနေတော့၏။

စင်စစ် ယင်းအချိန်တွင် ရှိသော သင့်ကို လေမုန်တိုင်းက လတ်ဆတ် စင်ကြယ်သွားအောင်ပင် ပြုလုပ်သွားနိုင်သေးသည်။ သင့်ကို ပြိုလဲ သွားအောင် မပြုသည့် အပြင် ဖုန်များ၊ အမှိုက်သရိုက်များကိုပင် တံမြက်စည်း လှည်းကျင်း ပေးသွားလိမ့်မည်။ သင်သည် ပို၍ သစ်လွင် လန်းဆန်း လာနိုင်သည်။

သင်လမ်းလျောက်သွားသည် ဆိုပါစို့။ မိန်းမပျိုတစ်ယောက် သင့် အနီးအပါးမှ ဖြတ်လျောက်သွားသည်။ ယင်းမိန်းမပျို၏ အလှ၌ ရှိသော ဘဝ အလျင်တစ်ခု၊ လှိုင်းတစ်ခုက သင့်အနီးမှ ဖြတ်လျောက်သွားသည်။ ထိုအချိန်၌ ကာမဂုဏ် အာရုံ၌ အရသာ ရှိသည် ဟု မှောက်မှားသော စိတ်ထား ပေါ်ပေါက် ပါလျှင် သင် လှုပ်ခတ်သွားလိမ့်မည်။ စင်စစ် မိန်းမ ဖြတ်လျောက်သွား သည် ဖြစ်စေ ၊ ယောင်္ကျား ဖြတ်လျောက် သွားသည် ဖြစ်စေ ~ သစ်ပင်ခြောက်ကို မုန်တိုင်းက လှုပ်အောင် လုပ်နိုင်သကဲ့သို့ ~ သင့်ကို လှုပ်အောင် လုပ်လိမ့်မည်။ သင်လဲကျလုနီးပါး ဖြစ်သွားနိုင်သည်။ သို့မဟုတ် ~ လဲကျသွားမည်။ ထိုအခိုက်သည် သင့်အတွက် ကံဆိုး မိုးမှောင် ကျသော အဖြစ်အပျက် ဖြစ်ပါလိမ့်မည်။

အကယ်၍သာ
  • သင် ထိန်းချုပ်မှု ရှိနေလျှင်
  • ငြိမ်းချမ်းမှု ရှိနေလျှင်၊
  • ငြိမ်သက်မှု ရှိနေလျှင်
  • လှုပ်ရှား ယိမ်းယိုင်ခြင်း မရှိလျှင်၊
  • သင်၏ဘဝ၌ ဘာဝနာ အနည်းအကျဉ်းမျှပင် ဖြစ်စေ ကျင့်ကြံ ပွားများထားမည် ဆိုလျှင်၊
  • စိတ်ငြိမ်းအေးရာသည် မည်သည့်အရာ ဖြစ်ကြောင်း အနည်းအကျဉ်းမျှ ဖြစ်စေ နားလည်သိရှိထားလျှင် ~
ထိုခဏ၌ မိန်းမပျို အလှ တစ်ပါး ဖြတ်လျောက်သွားသည် ဖြစ်စေ၊ ယောက်ျားပျို တစ်ပါး ဖြတ်လျောက်သွားသည် ဖြစ်စေ အရေး ကိစ္စ မရှိပေ။ ဂရုပြုစရာ လိုအပ်မည် မဟုတ်ပေ။ မိမိ အတွင်း သန္တာန် သည်  ဘာဝနာ အခြေခံ အပေါ်သာ ရပ်တည်နေနိုင်ပါမူ ~ မိန်းမပျို၏ အလှသည် ( ဝါ ) ယောင်္ကျားပျိုသည် သင့်ကို စင်ကြယ် သွားအောင်၊ လန်းဆန်း၊ လတ်ဆတ် သွားအောင် ပြုလုပ်နိုင်သည် ကိုပင်  တွေ့ရပေ လိမ့်မည်။

လေမုန်တိုင်း ထွက်ခွာသွားပြီ။
သစ်ပင်၌တင်နေသော ဖုန်မှုန့်များကို လေအလျဉ်၊ ရေအလျဉ်တို့က ဆေးကြောပစ်လိုက်သည်။
သစ်ပင် သည် ပို၍ လတ်ဆတ် သန့်ရှင်းသွားသည်။


......................
Ref:
  • ဆရာပါရဂူ - သနန္တန ဓမ္မ
  • Osho - the Dhammapada : the Way of Buddha
.......................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
........................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...