Sunday, February 19, 2012

အသိအမှတ်ပြုမှု ဆင်းရဲနေဆဲ မြန်မာ့ စာသင်ခန်းနှင့် လူ့အဖွဲ့အစည်း

by Hla Shwe on Wednesday, February 15, 2012 at 3:50pm ·


တွေးခေါ်ပညာရှင် ဟေဂယ်လ်က “အသိအမှတ်ပြုခြင်း” ကို အောက်ပါအတိုင်း ရေးသားထားပါတယ်။
“လူသားများသည် သိက္ခာရှိသော လူသားများအဖြစ် အသိအမှတ်ပြုခံရခြင်းကို လိုအင်ဆန္ဒ ရှိကြပေသည်။ ၄င်းဆန္ဒသည်ပင်လျင် ဂုဏ်သိက္ခာအတွက် သွေးစွန်းသော တိုက်ပွဲများကို ပေါ်ပေါက်စေသည်။ ၄င်းတိုက်ပွဲများမှ လူ့အဖွဲ့အစည်းတွင် သခင်နှင့် ကျွှန်လူတန်းစား နှစ်ရပ် ပေါ်ပေါက်လာခဲ့သည်။
သခင် ဖြစ်လိုသော သူများသည် သူ့တို့အသက်စွန့်ရမည်ကို ၀န်မလေးဘဲ၊ အသက်စွန့်ရမှာကို ကြောက်သော သူများသည် ကျွှန်များဖြစ်လာကြသည်” ဟု တွေးခေါ် ပညာရှင် ဟေဂယ်လ် မှတင်ပြခဲ့သည်။

ကျနော် စီဒီစီ ကျောင်းတွင် သမိုင်းနှင့် နိုင်ငံရေး သိပ္ပံဘာသာရပ်သင် ဆရာ လုပ်လာခဲ့သည်မှာ တနှစ်ပြည့်တော့မည် ဖြစ်သည်။ စီဒီစီ ကျောင်း Grade 12 (c) အခန်းတွင် နိုင်ငံရေး သိပ္ပံသင်ကြားရင်း ကျောင်းသားများနှင့် အသိအမှတ် ပြုခြင်း (Recognize) ဆိုင်ရာ ကိုအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ကျောင်းသားများနှင့် ဆွေးနွေးမှု ကိုအလွယ်တကူ ဖြစ်စေမည့် ကျောင်းသူ ကျောင်းသား အသိုင်းအ၀ိုင်းတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ် များကို ပုံမှန် ဆွေးနွေး ဖြစ်ကြသည်။

ဥပမာ “စာမေးပွဲ တခုတွင် အတန်းသားအားလုံး သုံည အမှတ် ရသည်” ဆိုသော ခေါင်းစဉ်ပင် ဖြစ်သည်။ သုံည အမှတ်ရသော အတန်းသား အားလုံး မှားသလား၊ (သို့) ၄င်းဘာသာရပ်ကို သင်သော ဆရာမှားသလား (သို့) မည်သူတွင် အားနည်းချက်ရှိသည် ဆိုသော အဆိုကို ကျောင်းသားများ တဦးချင်း ဖြေကြားရသော နိုင်ငံရေး သိပ္ပံ ဘာသာရပ် ဆွေးနွေးပွဲလေး ဖြစ်သည်။ ကျောင်းသား အများစု၏ အဖြေတွင် ဆရာမှားသည် ဆိုသော တူညီသော အဖြေကို ရရှိခဲ့သည်။ သင်ခန်းစာ ပြီးသွားသော အချိန်တွင် ဆရာတဦးဖြစ်သော ကျနော်နှင့် မိတ်ဆွေ ဆရာများ အတွက် တွေးစရာ အကြောင်း အရာတခု ပိုလာခဲ့ပါသည်။

ကျောင်းဆရာ တဦးအဖြစ် အသက်မွေးရင်း အခါအားလျော်စွာ စာပေ ရေးသားခြင်းဖြင့် ဘ၀ ၀မ်းရေးကို ဖြေရှင်းနေရသော ကျနော်သည်လည်း အသိအမှတ်ပြုမှုကို လိုလားတောင့်တနေသော သူဖြစ်သည်ကို ၀န်ခံလိုပါသည်။ ပြည်တွင်းတွင် ကဗျာဆရာတဦး၊ အယ်ဒီတာ လုပ်ခဲ့ပြီး ယခုအခါ နယူးဇီလန်တွင် နေထိုင်သည့် ဆရာခင်လွန်း (၀ါ) ဆရာ ဘဖေငြိမ်းမှ ကျနော်ရေးသော အက်ဆေး “ အမေနေ့အတွက် မှတ်စုလေး” နှင့် ဆောင်းပါး “ ဖြေသိမ့်လိုက်” ကောင်းမွန်ကြောင်း၊ “ ခင်ဗျားက တကယ့် စာရေးဆရာ ဖြစ်သွားပြီဗျာ” လို့ပြောလိုက်သောအခါ ကျနော့်ရင်ထဲတွင် အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်မိခဲ့ပါသည်။ ပုံမှန်အားဖြင့် အချက်အလက် အခြေခံ ဆောင်းပါးများသာ ရေးသားလေ့ရှိသော ကျနော်သည် မိမိကိုယ်ကို ယုံကြည်မှု မြင့်မားကာ အက်ဆေးများ၊ ရသစာပေများကို ပါရေးသား လာခဲ့သည်။ ဦးခင်လွန်း၏ အသိအမှတ် ပြုမှုသည် ကျနော့်ဘ၀၏ အချိုးအကွေ့ အချို့ကိုဖြစ်ပေါ်စေ ခဲ့ပါသည်။ အသိအမှန်ပြုခြင်း၏ အရေးပါမှု ကိုယ်တွေ့ ဖြစ်ရပ် ဖြစ်ကြောင်း တင်ပြခြင်း ဖြစ်ပါသည်။

တွေးခေါ်ပညာရှင် ဟေဂယ်လ် မှ လူသားတို့သည် အသိအမှတ်ပြုမှုကို ဆာလောင် မွတ်သိပ်နေသော သူများဖြစ်သည်။ အသိအမှတ်ပြုမှုကို  လိုလားသည့်အတွက် သွေးစွန်းသော တိုက်ပွဲများ ပေါ်ပေါက်ခဲ၊့ ပေါ်ပေါက်နေဆဲ ဖြစ်သည်ကိုတွေ့ရှိ ရပေမည်။ ဤကဲ့သို့ လူ့အဖွဲ့အစည်းအတွက် အရေးပါသော အသိအမှတ်ပြုခြင်း ဆိုင်ရာ ယဉ်ကျေးမှု မြန်မာ့ပညာရေးတွင် အဘယ်ကြောင့် မှေးမှိန်နေပါသနည်း။

ကျနော်တို့၏ မြန်မာ့ ပညာရေးလူ့အဖွဲ့အစည်းတွင် အသိအမှတ်ပြုမှု ဆိုင်ရာ ယဉ်ကျေးမှုကို မည်မျှထိ လုပ်ဆောင် နေသည် ကို ဆန်းစစ်လေ့လာသင့်ပေသည်။ ကျနော်၏ နိုင်ငံရေး သိပ္ပံအတန်းတွင် ဧည့်သည် ဆရာအဖြစ် လုပ်ခဲ့သည် အမေရိကန်နိုင်ငံက ဆရာတဦးမှ “ခင်ဗျားတို့ ကလေးတွေကို ဖြစ်သလို ပစ်ထားကြတာဘဲ၊ အသိအမှတ်ပြုမှု မရှိတဲ့ စာသင်ခန်းက ဘယ်လိုမှ ရလဒ်ကောင်းတွေ ထွက်မလာနိုင်ဘူး” ဟုကျနော့် ကိုထောက်ပြခဲ့ဘူးသည်။

အမေရိကန်တို့၏ စာပေသင်ကြားမှုဆိုင်ရာကို အသိမှတ်ပြုခြင်းနဲ့ တွဲထားကြောင်း ကလေးတွေ မိမိအပေါ် ယုံကြည်မှု ရှိလာအောင် စာသင်ခန်းတွင်းမှ လုပ်ပေးကြောင်း သူ၏ အတွေ့အကြုံကို ပြောပြခဲ့သည်။ ကလေးငယ် အယောက် (၂၀) ရှိသော စာသင်ခန်းတွင် အယောက် (၂၀) လုံးအတွက် လူ့အဖွဲ့အစည်းမှ အသိအမှတ် ပြုမှု ဆိုင်ရာ ဆုတံဆိပ်များကို ချိတ်ဆွဲထားကြောင်း ပြောဆိုခဲ့သည်။
ကျောင်းသား တဦးအဖို့ စာတော်ခြင်း၊ အားကစား တော်ခြင်းသာလျင် အသိအမှတ်ပြုသော ဆုတံဆိပ် ချီးမြှင့်သင့်သည် မဟုတ်ဘဲ ဘာသာရပ်အားလုံးတွင် ညံ့နေပြီး ကျောင်းမှန်သည့်၊ အတန်းတွင်း၏ သန့်ရှင်ရေး အပါအ၀င် လူမှုရေး လုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ဆောင်နေသည့် ကျောင်းသားအား အသိအမှတ်ပြုသည့် ဆုတံဆိပ် ချီးမြှင့်ရန် မသင့်တော်ပေဘူးလား။

Grade 11 (A) တွင် ကျောင်းသားများနှင့် အသိအမှတ်ပြုမှု ဆိုင်ရာကို ဆွေးနွေးကြည့်သော သူတို့၏ အတွင်းစိတ် သဘောထားကို တွေ့ခဲ့ရသည်။ “စာမေးပွဲ တခုတွင် အတန်းသားအားလုံး သုံည အမှတ် ရသည်” ဆိုသော ခေါင်းစဉ် အောက်တွင် ကျောင်းသားများ၏ တုန့်ပြန်မှု ကောင်းသည်ကို တွေ့ရသည်။ ကျောင်းသား အများစု၏ သဘောထားတွင် သုံည ရသည်အထိ သူ့တို့မညံ့ကြောင်းကို အချက်အလက်များဖြင့် ထောက်ပြပြောဆိုကြသည်။ အကယ်၍ သုံည ရခဲ့လျင် ဆရာနှင့် ကျောင်းသားများ အကြားတွင် နားလည်မှု တစုံးတရာ အကြီးအကျယ် လွဲနိုင်ကြောင်းကို ပြောဆိုခဲ့သည်။
Grade 11 (A) တွင် ကျောင်းသား (၂၀) ဦးရှိသည့်အနက် နှစ်ဦးသော ကျောင်းသားသာ ဘောလုံး အားကစား ထူးချွှန်မှုအတွက် အသိအမှတ်ပြုမှု၏ တစိတ်တပိုင်း ဖြစ်သော ဆုတံဆိပ်ကို ရရှိကြောင်း ပြောဆိုခဲ့သည်။ ကျန်သော ကျောင်းသား ၁၈ ဦးသည် မည်သည့် အသိအမှတ်ပြုမှုကိုမှ လက်ခံရရှိခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

Grade 12 (c ) အခန်းတွင် ကျောင်းသား ၂၄ ဦးရှိသည့်အနက် လူ့အဖွဲ့အစည်း၏ အသိအမှတ်ပြုမှုကို (၃) ဦးသော ကျောင်းသားသာ ရရှိခဲ့သည်။ တဦးက အမှတ်အများဆုံး ရသည့်အတွက်၊ နောက်တဦးက တပါးသူ၏ ပစ္စည်း ကောက်ရသည် ကို ပြန်လည် အပ်နှုံသည့်အတွက် အဖွဲ့အစည်း တခုမှ ချီးမြှင့်သည့် ဆုကို ရရှိခဲ့ပြီး၊ ကျန်နေသော ကျောင်းသား တဦးမှာ တရွာလုံးတွင် ဆယ်တန်းအောင်သောသူ တဦးတည်း ဖြစ်သည့်အတွက် ရွာမှပေးသည့် ဂုဏ်ပြုဆုတံဆိပ်ကို ရရှိခဲ့သည်။

အသိအမှတ်ပြုခြင်း ဆိုင်ရာကို မြန်မာနိုင်ငံရေး နယ်ပယ်တွင် ထည့်သွင်းစဉ်းစားကြည့်သည့် ကျနော့်မိတ်ဆွေ ဆရာဦးဝင်းမြင့်က “ကျနော်တို့ဟာ ငယ်ငယ်ကတည်းက အသိအမှတ်ပြုမှုကို အရမ်း မက်မောခဲ့ကြတယ်၊ အသိအမှတ်ပြုခြင်း ခံရတာကို မက်မောပြီး နိုင်ငံရေး ပါတီကြားလည်း အကွဲအပြဲ ဇာတ်လမ်းတွေ ပေါ်ပေါက်နေတယ်၊ ဘယ်ရာထူး၊ ဘယ်တာဝန်မရရင် မလုပ်ဘူးဆိုတဲ့ အပြုအမှု တွေက အသိအမှတ်ပြုမှုကို မက်မောတဲ့အတွက် ပေါ်ပေါက်လာရတာဖြစ်တယ်” ဟုပြောဆိုခဲ့သည်။ ဤကဲ့သို့ မက်မောခြင်း ဖြစ်ပေါ်လာရသည်မှာ ငယ်စတည်းက အသိအမှတ်ပြုသော ယဉ်ကျေးမှု မရှိခဲ့သည့် (သို့) အာနည်းခဲ့သည့်အတွက် ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

နိုင်ငံတနိုင်ငံ၏ ပညာရေး ပေါ်လစီကို မည်ကဲ့သို့ အကောင်အထည် ဖေါ်မည်၊ မည်သို့သော နိုင်ငံ့ သားကောင်းမျိုးကို မွေးထုတ်မည် ဆိုသော ရည်မှန်းချက်သည် အလွန်အရေးပါကြောင်း၊ နိုင်ငံ၏ ရည်မှန်းချက် ဘောင်အတွင်း တဦးချင်းဆိုင်ရာ အရည်အချင်းကို အသိအမှတ်ပြုမှု နည်းပါးသွားခြင်းသည် နိုင်ငံ့အနာဂါတ် မျိုးသစ်များအပေါ် ထိခိုက်နိုင်ကြောင်း ဆရာဦးဝင်းမြင့်မှ ထောက်ပြခဲ့သည်။
ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်း၏ အသိအမှတ်ပြုမှု ဆိုင်ရာယဉ်ကျေးမှုကို ပြန်လည် ဆန်းစစ်သော အခါ နိုင်ငံ့၏ရည်မှန်းချက် ဘောင်အတွင်း ဖြစ်လေ့ရှိခဲ့သည်ကို တွေ့ရသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်တွင် လူရည်ချွှန် ဟုခေါ်သော လူတန်းစားခွဲခြားသည့် ယဉ်ကျေးမှု တခုဖြစ်ပေါ်ခဲ့ပေသည်။

ဘောင်အတွင်းမှ အသိအမှတ်ပြုမှုကို ရရှိလိုသည့်အတွက် ကျောင်းသားများ အကြား အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။ တခါက ကမ္ဘာကျော် မဂ္ဂဇင်းတခုတွင် ရေစီးထဲ စီးမျောနေသည့် ခွေးကလေးတစ်ကောင်ကို ကယ်ဆယ်ခဲ့သည်ကို သူနေထိုင်ရာ ရပ်ကွက်မှ ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရသည့် ကလေးငယ်တဦးသည် နောင်တွင်အသက်စွန့်ခဲ့သည့် မီးသတ်သမား ဖြစ်လာသည်ကို ဖတ်ခဲ့ဖူးပါသည်။ အသိအမှတ်ပြုခြင်း၏ နောက်ကွယ်တွင် ကြီးမားသော ခွန်အားရှိသည်ကို သတိပြုမိစေလိုပါသည်။
ကျနော်တို့နိုင်ငံ၏ အနာဂါတ် ကံကြမ္မာကို ဖန်တီးမည့် ကလေးငယ်များအား သုံညရမှတ်ကို ပေးမည်လော (သို့) အသက်စွန့်ရဲမည့် ခွန်အားမျိုးကို ဖြစ်စေသည့် ဂုဏ်ပြုမှုမျိုးကို ပေးမည်လော စဉ်းစားသင့်ပေသည်။

ကျနော်တို့နိုင်ငံသည် အာရှတွင်ပင် သဘ၀သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံ ဖြစ်ပါသော်လည်း ကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံ၊ ကျန်းမာရေးစောင့်ရှောင့်မှု အနိမ့်ဆုံးနိုင်ငံ၊ ပြည်တွင်း စစ်အရှည်ကြာဆုံးနိုင်ငံ အဖြစ်စံနှုန်း အမျိုးမျိုးဖြင့် သတ်မှတ်ခံရသော နိုင်ငံ ဖြစ်ပါသည်။ ဖောဖောသီသီ သုံး၍ရသော၊ ငွေကြေးကုန်ကျမှုနည်းသည့်  “အသိအမှတ်ပြုမှု” ဆင်းရဲသော လူမျိုး မဖြစ်စေရန် အထူးအလေးထားသင့်ကြောင်း။ ။ ။

ဘာသာရပ် တခုတွင် အတန်းသားများ အားလုံး သုံည ရသည့် အတန်းပိုင်ဆရာ၏ ရင်တွင်း ခံစားချက်များ ဖြစ်ပါသည်။
လှရွှေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...