အရွယ်သုံးပါး ပညာရေး
by So Min Oo on Saturday, February 11, 2012 at 8:40am ·
'ပညာစုံတော့
ကြင်ရာပါ စုံရောပေါ့' ဆိုတဲ့ ရှေးက အရပ် ဆိုရိုးစကား တစ်ခု ရှိခဲ့သည်။ ယခု
ထိုစကားကို ရှေးကျ သော လူကြီးတို့ပင် မသုံးကြတော့ပေ။ သုံးဖို့လည်း
အရေးမပေါ်ဟု ထင်ပါသည်။
ယခုခေတ် လူငယ်တို့ အဖို့မှာ`ပညာစုံရန်´ တပင်တပန်း ကြိုးစားနေကြရသည်။ `ကြင်ရာစုံ´ဖို့မှာ ပညာမစုံခင်ကတည်းက ကျောင်းကြီး ကျောင်းငယ်မှာ ရှိနေခိုက်တွင် များသောအားဖြင့် (ရှေးအဆို) `ဒွယံ-ဒွယံ´ အတွဲလိုက် အတွဲလိုက် ဖြစ်နေကြလေပြီ။
ပညာစုံ မစုံ ဟူသောအချက်ကို တွေးမနေကြတော့ဘဲ ငယ်စဉ် အခြေခံ ပညာသင်ကျောင်း၌ ဘက်စုံပညာတက်၍ စာမေးပွဲအောင်ရန် ကြိုးစား နေကြရတော့သည်။ တက္ကသိုလ်သို့ ရောက်သောအခါ ဘက်စုံမှ ကြိုးစား နေကြရတော့သည်။ တက္ကသိုလ်သို့ ရောက်သောအခါ ဘက်စုံမှသည် တဖက်ဖက်သို့ ကူး၍ အဓိကဘာသာ အဖြစ်ယူ၍ သင်ကြရသည်။
ကြိုးစားလျှင် ကြိုးစားသည့်အားလျော်စွာ အဆင့်မြင့်မြင့် ဘွဲ့များ ရကြသည်။ ဆရာဝန်၊ အင်ဂျင်နီယာ စသည့် အတတ်ပညာပိုင်းတွင် ဘွဲ့ရပြီး နောက်ဘွဲ့လွန်၊ ထို့နောက် နိုင်ငံခြားဘွဲ့လွန် ပညာရပ်တို့ကို ဆက်လက်သင်ကြားရသူအချို့ ရှိသည်နှင့်အတူ သာမာန်ဘွဲ့ဖြင့် သက်ဆိုင်ရာ ပညာရှင်လုပ်ငန်းတို့ကို အသီးသီး ၀င်ရောက် လုပ်ကိုင်ကြသည်။ ၀ိဇ္ဇာ၊ သိပ္ပံ ဘွဲ့ရသူတို့သည် များသောအားဖြင့် ဘွဲ့ရပြီးနောက် ရရာ အလုပ် အကိုင်များကို ၀င်ရောက် လုပ်ကိုင်ကြသည်။ ဘွဲ့လွန် သင်တန်းသို့ တက်ရောက်သင်ကြားကာ မိမိတို့၏ဆိုင်ရာပညာကို အဆင့်မြင့်စေရန် ကြိုးပမ်းသူ အချို့လည်း ရှိပါ၏။
ပြီးလျှင် ပညာသင်ရေးကိစ္စပြီးပြီ။ စီးပွားရှာကြတော့မည်ဟူသော ရည်ရွယ်ချက် သဘောထားဖြင့် ကျယ်ပြန့်ရှုပ်ထွေးလှသော လူ့လောကထဲသို့ ၀င်ကြလေသည်။ ပညာသင်ခန်း အဆုံးသတ်ပြီဟူသော သဘောထားသည် ပျံ့နှံ့နေ၏။ ပညာဟူသည် တသက်လုံး ဆည်းပူးနေရမည်။ ပညာဟူသည် ကျောင်းငယ်/ကျောင်းကြီးမှာ သင်ကြားပြီးနောက် စာမေးပွဲ ဖြေဆို အောင်မြင်ခြင်း၌ အဆုံးသတ်သည်မဟုတ်။ တသက်လုံး လူလိုနေတတ်ဖို့အရေးတွင် အမြဲတမ်းအားသွင်းနေရသော စာတွေ့ လက်တွေ့တို့ကို လေ့လာဝေဖန်၍ အနှစ်သာရကို ထုတ်ယူရသော ဦးနှောက်အတွက် သြဇာဓာတ်၊ နှလုံးသားအဖို့ အာဟာရ ဟူသည် ပညာဖြစ်သည်။
ထို့ကြောင့် တသက်တာ ပညာရေးကိစ္စသည် လူ၏အထူးလိုအပ်သော ကိစ္စဖြစ်သည်ဟူ၍ သိရန်လိုအပ်၏။ ကျောင်းသင် ပညာရေးသည် လူ့ဘ၀ခရီးလမ်းကို အကြမ်းသဘော ခင်းပေးလိုက်သော အခြေခံမျှသာ ဖြစ်သည်။ ယင်းဖြင့် လမ်းချောမည် မဟုတ်ပေ။ လမ်းချောအောင် အမြဲတမ်း ဖြည့်တင်း ပြုပြင်ပေးနေရသည်။ လူ့ဘ၀ ခရီးလမ်းသည် ဆယ့်နှစ်ရာသီ ခံသော လမ်းမဟုတ်၊ အမြဲတမ်း ကြမ်းနေသည်။ ချောနေသည် ဆိုပါရင်လည်း တာတိုမျှသာ။ အမြဲတမ်း ပြုပြင်ဖြည့်တင်း နေပါမှ တော်ခါကျသည်။
`ဘက်စုံပညာ´ဟူသည် စာသင်ကျောင်း၌ အစမျှသာ ဆည်းပူးနိုင်သောပညာဖြစ်သည်။ လူ့လောကပြင်ကျယ်တွင် တဘ၀တာ နေနိုင်ရေး အတွက်လက်ပစ်ကူးရသည့်အခါမှ ဆည်းပူးရသည်။ ထိုအခါမှလည်း ထိုပညာကို အထူး လိုလေတော့ သည်။ `သည်ကွေ့ သည်တက်၊ ဟိုကွေ့ ဟိုတက်´ဖြင့် လှော်၍ ရေဆန်သွားရသော လူ့ဘ၀ခရီးတွင် ဘက်စုံပညာ တတ်ဖို့ အလွန် ပင်လိုအပ်သည်။
တသက်တာပညာရေးကိစ္စကို ကျောင်းသင်ပညာ စခန်းသိမ်းပြီးနောက်တွင် သတ်သတ်မှတ်မှတ် စတင် ဆောင်ရွက် သင့်ပေသည်။ ကျောင်းသင်ပညာတို့မှာ သိမှုတတ်မှုတို့ကို အစပျိုးပေးသော ပညာရပ်များဖြစ်သည်။ ထိုသိတတ်မှု အတွက် တသက်လုံး လေ့လာဆည်းပူးနိုင်မှ တကယ်တတ်သည်ဟု ခေါ်ဆိုနိုင်မည်။ ပမာဆိုရလျှင် သိပ္ပံပညာရပ်များကို ကျောင်း၌သင်ကြား၍ သတ်မှတ်ထားသော အဆင့်မီသဖြင့် စာမေးပွဲ အောင်မြင်ပြီးလျှင် သက်ဆိုင်ရာ ပညာဘွဲ့များရပြီ၊ သို့သော် သိပ္ပံပညာကို တကယ်တမ်း တတ်မြောက်ပြီဟု မဆိုသာပေ၊ သိပ္ပံပညာကို ဆက်လက် လေ့လာရ ပေဦးမည်။ သိပ္ပံပညာဘွဲ့ရသည့်တိုင်အောင် `သိပ္ပံပညာရှင်´ဟူသော ဂုဏ်ထူးဝိသေသကို ခံယူနိုင်ဦးမည် မဟုတ်ချေ။
ပညာဘွဲ့တို့ကို အကြောင်းအားလျော်စွာ အခါအခွင့်သင့်သည့်အလျောက် ရယူပြီးနောက် သင့်ရာသင့်ရာ သက်မွေးမှု လုပ်ငန်းတွင် ၀င်ရောက် လုပ်ဆောင်ကြသူတို့အဖို့ ပညာကိုဆက်၍ သင်ကြားရမည်ဟူသော အတွေးဝင်ခဲလှ၏။ ၀င်သည် ဆိုပြန်ပါလည်း `အချိန်မရှိဘူး´ဟူသော ဆင်ခြေကိုမိမိရှေ့တွင် တံတိုင်းအဖြစ် ကာထားတတ်ကြသည်။ အချုပ်မှာတော့ `ပညာသင်ဖို့မလိုတော့။ ပညာသင်တယ်ဆိုတာ အလုပ်ရဖို့ပဲ´ ဟူသော သာမာန်အတွေးမျိုး လွှမ်းမိုးနေ ချေသည်။
ထားပါဦးတော့။ ကျောင်းသင်ပညာရပ်များဖြစ်သော သိမှုတတ်မှုပညာများကို ဆက်၍လေ့လာဆည်းပူးခွင့်လည်း မသာလှ။ ဆည်းပူးလိုသော ဆန္ဒလည်းခန်းခြောက်နေလျှင် ရှိပါစေတော့။ သို့သော် ဘ၀အတွေ့အကြုံတွေကို သုံးသပ်ဆင်ခြင်၍ ဘ၀အမြင်၊ လောကအမြင် ကျယ်ပြန့်၍ လေးနက်ရင့်ကျက်သော အတွေးအခေါ်များ မိမိ၌ထွန်းကားလာလေအောင် ဗဟုသုတ ပညာကို ဆက်လက်ဆည်းပူးရန် အထူးလိုအပ် ပေသည်။
`ဗဟုသုတပညာ´ဆိုသည်မှာ လွန်စွာများပြားကျယ်ပြန့်လှပေသည်။ လေ့လာလိုက်စားသည့်တိုင်အောင် ပြီးပြည့်စုံပြီဟု မဆိုသာပေ။ `ပညာ တတ်သည်ဟုဆိုခြင်းသည် သိတန်သလောက်သာသိပြီး၊ မသိ မတတ်သည့် အစိတ်အပိုင်းမှာ အဆုံးအစ မရှိဟူ၍ သိခြင်းပင်ဖြစ်၏။´ ဟု တစ်ဦးသာပညာရှိက မိန့်ဆိုလေသည်။ လောက်လောက်ငှငှ မတတ်သူကသာ သူ့ကိုယ်သူ တတ်လှပြီထင်နေသည်။ ပညာများများ တတ်လေလေ မတတ်သေးမှန်း သိလေလေ ဖြစ်ရပေမည်။ ထို့ကြောင့်ပင် တကယ့် ပညာရှိသည် နိဝါက နိမာနတရား ရင်ဝယ်ထားသော ပုဂ္ဂိုလ်ဖြစ်သည်။
ဗဟုသုတရှာမှီးရာ၌ ပေါ့ပေါ့တန်တန် သဘောထားဖြင့် တွေ့ရာကြုံရာ စာတိုပေစတို့ကို ဖတ်လိုက်၊ ပစ်လိုက် ပြုလုပ် ခြင်းမျိုးသည် အရာ မရောက်ချေ။ အနောက်တိုင်းရှိ စာရေးဆရာအချို့သည် စိတ်ပညာ၊ စီးပွားရေးပညာ၊ နိုင်ငံရေး အတွေး အခေါ်သမိုင်း၊ ကမ္ဘာ့သမိုင်း၊ နိုင်ငံခြား စာပေစသည့် ဘာသာရပ်များကို တစ်မျိုးပြီးတစ်မျိုး စနစ်တကျ လေ့လာကြ သည်။ သက်ဆိုင်ရာ စာအုပ်စာတမ်းများကို အခြေခံမှ စ၍ အဆင့်မြင့်အထိ အစီအစဉ်ဖြင့် ဖတ်ရှုလေ့လာကြသည်။ မှတ်စုများ ထုတ်ကြသည်။ ထိုသို့ ဆည်းပူးမှုကို နေ့စဉ်အချိန်ပေး၍ ပြုကြ၏။
အချို့ကမူ အဘိဓာန်၊ ပညာစွယ်စုံကျမ်းများကို နေ့စဉ်နှင့်အမျှ လှန်လှောဖတ်ရှုလေ့လာကြသည်။ အင်္ဂလိပ်စာရေးဆရာကြီး အော်လ်ဒတ်စ်ဟတ်စလေ ဆိုရင် သွားလေရာတွင် ဗြိတိသျှပညာစွယ်စုံကျမ်း တစ်ဆယ့်ခြောက်တွဲတစ်စုံ ယူသွားပြီးလျှင် စာရေးရာ၌ သိလိုသောအကြောင်းအချက်တို့ကို ရှာဖွေ ဖတ်ရှုလေ့လာသည်။ အချိန်လွတ်တွင်လည်း အပျော်ဖတ်သဘောဖြင့် လှန်လှောဖတ်ရှုသည်ဟု သိရသည်။
ဗြိတိသျှ ၀တ္တုရေးဆရာကြီး ဆမ္မာဆက်မော်မ်သည် အချိန်လွတ်သည့်အခါတွင် အပန်းဖြေသဘောဖြင့် စုံထောက် ၀တ္တုများ ကိုဖတ်သည်။ စုံထောက်ဝတ္တုတန်ဖိုးကိုလည်း သူ့အတ္တုပ္ပတ္တိစာအုပ်တွင် ဖော်ပြသည်။ စုံထောက် ၀တ္တုများထဲတွင် လူတို့၏ စရိုက်သဘာဝနှင့် လောဘ၊ ဒေါသ တို့၏ တိုက်တွန်းပို့မှုကြောင့် အပြစ်ကြီးသော ရာဇ၀တ်မှုများ ကျူးလွန်မိပုံ၊ စိတ်ရောဂါ တစ်ခုခုကြောင့် ပြစ်မှုကျူးလွန်မိပုံစသည်တို့ကို တွေ့ရ လေရာ၊ ထိုအဖြစ်အပျက်များမှ ဘ၀သင်ခန်းစာများ ရနိုင်သည်။
သိပ္ပံနှင့်နည်းပညာတို့၏ တိုးတက်မှုကြောင့် လူ့လောက၌ အနေအထိုင်များ ပြောင်းလဲလျက်ရှိသည်။ အနေအထိုင် အခြေ အနေများ တနေ့ တခြားပြောင်းလဲခြင်းကြောင့် တန်ဖိုးများလည်း ပြောင်းလဲ လာကြသည်။ ရုပ်ပစ္စည်းများ တိုးတက် လာသည်နှင့် အမျှ စိတ်သဘောထားများ ပြောင်းလဲလာသဖြင့် လူ့အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ အခြေခံ ထုံးတမ်း နည်းလမ်း ဥပဒေတို့သည် ရွှေ့လျားသည်က ရွှေ့လျား၊ ပြောင်းလဲသည်က ပြောင်းလဲ၊ ပျောက်ပျက်၍ အသစ်အသစ်တို့ ၀င်လာ သည်လည်း ရှိ၏။
ယင်းသို့ ရုပ်ပိုင်းဘ၀၌ တိုးတက်မှုရှိသော်လည်း စိတ်ပိုင်းဘ၀၌ ရင့်ကျက်မှုအင်အား နည်းနေကြသည်။ လောကီစည်းစိမ် ပို၍ပို၍ ခံစားလိုသော လူသားတို့၏ ပင်ကိုတကိုယ်ကောင်းစိတ်သည်သာလျှင် တိုးတက်ကြီးမားလာချေသည်။ ထို့ကြောင့် သိမြင်တတ်သော သူတို့က ရုပ်နှင့်စိတ် ဟန်ချက်မညီလျှင် တဖက်စောင်းနင်းဖြစ်ကာ မှောက်နစ်ရန်ရှိမှသာလျှင် သိပ္ပံနှင့် နည်းပညာတို့က ပေးသော အကျိုး ကျေးဇူး တို့ကို ကျနစွာ အကျိုးရှိရှိ ခံစားနိုင်ကြမည်ဖြစ်လေသောကြောင့် စိတ်ဓာတ် ရင့်သန်ရေး၊ ရင့်ကျက်ရေးတို့ အတွက် ပညာသင်ကြားမှုကို တသက်တာ ဆောင်ရွက်သွားရမည်ဟု ဆိုနေကြသည်။
တသက်တာပညာရေးတွင် အတတ်ပညာများကိုချည်း သင်ကြားရုံဖြင့်မပြီးပဲ စရဏတရားတိုးတက်ဖွံ့ဖြိုးနိုင်ရန် ဒဿန စာပေများကိုလည်း လေ့လာရေးသည် အရေးပါလှကြောင်း သိမြင်လာကြ၏။ တနည်းဆိုသော် ဦးနှောက် ပညာရေးချည်း မဟုတ်ဘဲ နှလုံးသားပညာရေးကို အလေး ဂရုပြုရန် လိုအပ်ကြောင်းပင် ဖြစ်သည်။
ထိုသို့ ဦးနှောက်အဖို့ရော နှလုံးသားအတွက်ပါ ပညာရှာမှီးတတ်လေအောင် ကျောင်းကြီးကျောင်းငယ်တို့၌ ၀ိဇ္ဇာ၊ သိပ္ပံ ပညာရပ်များကို အချိုး ညီညီသင်ကြားကြစေသည်။ ထို့ပြင်လည်း အထက်တန်းပညာကို တက္ကသိုလ်၌ ယူနိုင်သည်ဟူသော ယူဆချက် သည် တဖြည်းဖြည်းပြောင်းလဲ လာပြီးလျှင် ပညာကိုကျောင်းတွင်းမှာသာမက ကျောင်းပြင်မှာလည်း ရှာဖွေ ဆည်းပူး နိုင်ရမည်ဟူသော အယူအဆသည် ထွန်းကားလာသည်။
ကျောင်းသင်ပညာကို ကျောင်းသားအရွယ်မှသာ ဆည်းပူးနိုင် သည်ဟူသော ထုံးစံကိုပယ်ဖျက်၍ သက်ကြီး တက္ကသိုလ် များ၊ စာပေးစာယူ၊ သင်ကြားမှုများ ပေါ်ပေါက် လာပြီးလျှင် သက်ကြီး ရွယ်အို တို့ပင်လျှင် လိုအပ်သော စာမေးပွဲ၌ အောင်မြင်လျှင် ပညာဘွဲ့များကို ရနိုင်လာ ကြသည်။ ပညာ သင်ကြားရာ၌လည်း စာတွေ့ချည်း မဟုတ်ဘဲ ကိုယ်တွေ့ ကိုလည်း အရေးပေးကြဖို့ လိုသည်။
ယနေ့ ပညာ အခရာ ဖြစ်လာချိန်တွင် ပညာ၏ သဘောတွင်လည်း အပြောင်းအလဲများ ရှိလာနေသည်ကို အထူး သတိချပ်ကြဖို့ လိုမည်။ ပညာရပ် တစ်ခု၏ အသုံးဝင်မှု သက်တမ်းမှာ ရှေးကလို ရာသက်ပန် ဖြစ်ချင်မှ ဖြစ်မည်။ နှစ်အနည်းလောက်သာ ခံချင်ခံမည်။ နောက်ထပ် ပညာသစ်တစ်ခုအတွက် ပညာဟောင်းက နေရာဖယ်ပေးရတာမျိုးတွေ ရှိလာနေသည်။
ဤအတွက် ‘စဉ်ဆက်မပြတ် ပညာရေး’ တို့၊ ‘တသက်တာ ပညာရေး’ တို့က ဆုံချက်ကျတဲ့ ပြဿနာ ဖြစ်လာရတော့သည်။ လောကနီတိ ဆုံးမသလို ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာ၊ တတိယ အရွယ် ဘာဝနာ ဆိုပြီး လုပ်နေလို့ မဖြစ်တော့။ ခေတ်ကိုက ‘အရွယ်သုံးပါး ပညာရေး’ ကို တောင်းဆိုနေသည်။ ဒါကို နားမလည်ရင် တောအဖိုးကြီး အဖွားကြီးသဖွယ် နေကြရမည်။ ပညာအတွက်ဆို ဘယ်အရွယ် ဖြစ်ဖြစ် ဦးနှောက် ခါးတောင်းကျိုက်ထားရမည်။
ဘွဲ့ရရေးသည် ပညာရေး၏ ပန်းတိုင် မဟုတ်။ အစပြုချက်သာ ဖြစ်သည်။ အဘိုးအဘွားများသည်လည်း သားသမီး မြေးမြစ်များနှင့်အတူ နှစ်ကျော့ပြန် သုံးကျော့ပြန် တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ ဖြစ်ကြရပိမ့်မည်။ ပညာရေးအပေါ် မူလလက်ခံထားတဲ့ အမြင် အယူအဆတွေ တစ်စုံလုံး ပြောင်းလဲကြဖို့ လိုအပ်နေပြီ။ ။
အေးကိုကိုအေး
Ref:www.maukkha.org
0 comments:
Post a Comment