Wednesday, February 22, 2012

တွေ့သမျှ ၊ မြင်သမျှ ၊ ဥါဏ်မှီသမျှ တင်ပြပါရစေ အပိုင်း ( ၂) (က)

by Bo K Nyein on Thursday, February 23, 2012 at 6:30am ·
အပိုင်း(၂) (က)
နိုင်ငံရေး ကြားကာလ စပ်ကူးမတ်ကူးကာလ

ဦးသန်းရွှေ ဆွဲသွားတဲ့ မာစတာပလင် မှာ အပိုင်း (၃) ပိုင်းပါတယ်လို့မြင်မိတယ်
          (၁) နိုင်ငံရေး ကြားကာလ (Political Transition Period)
          (၂) စီးပွားရေး အသွင် ကူးပြောင်းကာလ ( Economic Transition Period)
          (၃) အမျိုးသား ငြိမ်းချမ်းရေး ကာလ (Ethic Transition Period)

ဒီအချိန်ပိုင်း (၃) ခုဟာ တစ်ခုပြီးမှ တစ်ခု ဖေါ်ဆောင်ဖို့ မဟုတ်။ တစ်ခုနဲ့ တစ်ခု ဆက်စက်နေတှဲ့အတွက် တစ်ခုဖေါ်ဆောင်ရင်း နောက်တစ်ခု ဖေါ်ဆောင်ရမဲ့ staggered development လို့ဆိုချင်တာပါ။

ပထမ ကာလ က ၂၀၁၀ ရွေးကောက်ပွဲ အလွန် ဒီမိုကရေစီ ပုံဖေါ်ကာလ လို့ပြောလို့ရနိုင်တယ်။ ဒါကို နိုင်ငံရေး ကြားကာလ လို့လဲပြောနိုင်တယ်ထင်ပါတယ်။

လက်ရှိကာလ

လက်ရှိဖြတ်သန်းနေရတာ ဒီကာလပါပဲ။ အထိန်းအချုပ်များတဲ့ စစ်အာဏါရှင် ဘ၀ကနေ ထိန်းချုပ်မှုတွေကို တဖြည်းဖြည်းလျော့လာတဲ့ ၊ ဒီမိုကရေစီ ပုံသဏ္ဍန်ကို တဖြေးဖြေး ပြန်ဖေါ်တဲ့ကာလပါ။
လူ့လောကမှာ အခြေအနေ (State) တစ်ခုကနေ ၊ နောက် အခြေအနေ (State) တစ်ခုကို ကူးပြောင်းလျင်တောင် ချက်ချင်း မပြောင်းနိုင်ပါ။ ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြကြတော့ ရေဖြတ်လိုက်တယ်။ Choice က နှစ်ခုပဲရှိတယ်။ ကိုယ့် urine ကိုယ်ပြန်သောက်မလား အုပ်နံရံကိုခေါင်းနဲ့ ဆောင့်မလားပဲ။ ကျောင်းသားတွေကို ဟီးရိုးအဖြစ်မခံဖူး ၊ အသေမခံဖူး ဆိုတာ တွက်ထားပြီးသား။ ဒါကြောင့် အုတ်နံရံကို ၀င်ဆောင့်လိုက်တော့ ထင်တဲ့အတိုင်း သတိပြန်ရလာတော့ ရေလာပြန်ချပေးတယ်။ ချက်ချင်းမသောက်နိုင်ဖူး။ ဖြေးဖြေးချင်း တစ်စက်ချင်းချ ယူရတယ်။ ဒါကြောင့် ဖြေးဖြေးချင်း ဆိုတဲ့ ဝေါဟာရ ကို လက်တွေ့ ခံစားမှုက သင်ပေးခဲ့သည်ပါ။

ရွေးကောက်ပွဲလုပ်တယ်။ ဒီမိုကရေစီ မဏ္ဍိုင်တွေပေါ်လာတယ်။ ဒေါ်စုကိုလွှတ်ပေးတယ်။ NLD ကိုမှတ်ပုံတင်ခွင့်ပေးလာတယ်။ တိုင်းရင်သားအဖွဲ့တွေနဲ့ ဆွေးနွေးလာတယ်။ ပြည်ပရောက် အတိုက်ခံတွေကို ပြန်လာခွင့်ပြုတယ်။ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ အုပ်စုကိုလွှတ်ပေးတယ်။ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးတယ်။ NLD ရုံးတွေပြန်ဖွင့်ခွင့်ပြုတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကိုဝင်ခွင့်ပြုတယ်။ မီိဒီယာ ထိန်းချုပ်မှုတွေ လျော့လာတယ်။ ဒေါ်စု စည်းရုံးခွင့်ရတယ်။ ဒါတွေအားလုံးဟာ နိုင်ငံရေး တိုးတက်မှုတွေပဲ။ ဒါပေမဲ့ တဖြေးဖြေး ပဲပြောင်းလာနိုင်တယ်။

ဒေါ်စု ကို လွပ်လွပ်လပ်လပ် စည်းရုံးခွင့်ပြုတာ ၊ ပြည်သူက မြုံ့လုံးကျွပ် ၊ ရွာလုံးကျွပ် ကြိုတာတွေမြင်ရတော့ အားရရုံ မက ဒီမိုကရေစီခေတ်ကို ပြန်သတိရမိတယ်။ လွမ်းရတာ အနှစ် ၄၀ မကတော့။

ဒီတိုးတက်မှုတွေက တဆင့် အနောက်နိုင်ငံနဲ့ ဆက်ဆံရေးတွေ ပွင့်လာပြီး စီးပွားရေးပိတ်ဆို့မှုတွေဟာ လျော့နည်းလာရာက ဖြေးဖြေးချင်း ပွင့်လာမှာပဲ။

ဒေါ်စုဟာ အခရာ

ဒီနေရာမှာ ဒေါ်စုဟာ အခရာကျ လာတယ်။ အစိုးက အုပ်ချုပ်မှု အာဏါရှိတယ်။ အများယုံကြည်မှု Credibility မရှိဖူး။ ဒေါ်စုက အုပ်ချုပ်မှုအာဏါမရှိဖူး။ ဒါပေမဲ့ Credibility အပြည့်ရှိတယ်။ အုပ်ချုပ်မှု အာဏါ မရှိသော်ငြား လည်း သြဇာရှိတယ်။ အရှိန်ရှိတယ်။ အကယ်တော့ (အရှိန်)  နဲ့ (သြဇာ) ဆိုတာက (အာဏါ) အမျိုးအနွယ်ပါပဲ။ Political Capital အပြည့်ရှိတယ်။ စစ်အစိုးရ တဖြစ်လဲ ၊ အရပ်သားအစိုးရ ကလည်း ဖြေးဖြေးချင်း ဆုတ်ပေးရတာပဲ။ ၀ုန်းဝုန်းတိုင်းတိုင်းဆုတ်ရင် ဖရိုဖရဲဖြစ်နိုင်တယ်။ စစ်ပွဲ တိုင်းမှာ ဆုတ်ရင်တောင် ဖရိုဖရဲမဖြစ်ရအောင် ခြေစောင့်တပ်က နောက်မှာ စောင့်ကျန်ခဲ့ပြီး အကာ အကွယ်ပေးရတာပဲ။ အားလုံးလက်နက်တွေပြစ်ချပြီး ပြေးလို့မှမရတာ။ စစ်ဗိုလ်ချုပ် တစ်ယောက် စစ်တိုက်တော်မတော် ဆုတ်စစ်ကိုကြည့် ရတယ်လို့်တောင် ပြောတဲ့သူတွေရှိတယ်။ ဦးသုဝေက နအဖ အစိုးရဟာ ဆုတ်ပေးတာလို့ ဆိုတော့ ဥါဏ်မမှီတဲ့ သတ္တိခဲ အတိုက်အခံကြီးတွေက ၀ိုင်းပြောလိုက်ကြတာ။ (သတိ) ရှိရမှာက စစ်ဗျူဟာမှာ Tactical retreat နဲ့ Strategic retreat ဆိုတာရှိစမြဲ။ ဆုတ်တယ် ဆိုတိုင်း စစ်ဗျူဟာမှာ (ရှုံး) လို့ချည်းဟု တရားသေတွက်၍ မရ။

လက်ဝဲစွန်းအတွေး

လက်ဝဲစွန်း အတွေးအခေါ်အရ လက်ဦးမှုရရမည် ဆိုသည့် အမြင်အတိုင်း ဦးနေ၀င်း ငြိမ်းချမ်းရေးခေါ်တော့လည်း အခြေအနေမကောင်း၍ မတတ်သာလို့ခေါ်ရပါသည်ဟု ၀ါဒဖြန့်ကြသည်။ မိမိ ၀ါဒဖြန့်မှုကို မိမိတို့ပြန်ယုံကာ မိမိတို့လုပ်ရမည့် အလုပ်ကိုမလုပ်ပဲ အချင်းချင်းနှိပ်ကွပ် သတ်ဖြတ်နေကြရာ တပ်မ (၇၇) ကထိုးစစ်ဝင်လာတော့ ဖင်သနီလန်အောင် ပြေးကြရရင်း ဥက္ကဋ္ဌကြီး ခမြာ ကိုယ်ရံတော်တပ်သား ရဲ့ကွပ်မျက်ခြင်းကိုခံလိုက်ရရှာသည်။ အောက်ခြေနဲ့ သိပ်နီးစပ်သွားလေသည်လားမသိနိုင်။ ဥက္ကဋ္ဌသစ်က ဥက္ကဋ္ဌဟောင်း အသတ်ခံရသည်မှာ ကောင်းသည်ဟုကြိမ်းဝါးလိုက်သေးသည်။ နိုင်ငံရေးမှာ အရှိကိုအရှိအတိုင်းမြင်တတ်မှသာ (အသိ) မှန်နိုင်မည်ကို သတိပေးလိုခြင်းပါ။ မြင်လိုရာ ကို မြင်ရလေအောင် လိမ်ညာမှုနှင့် ၀ါဒဖြန့်ချီမှုကို ဦးစားပေးလာသောအခါ ပြည်သူပြည်သူ ၊ လူထုလူထု ဟု တစာစာကျွေးကျော် လာသော ပါတီကြီးကို အောက်ခြေလူထုကြီးကပဲ အရှင်လပ်လပ် မြေမြုပ် သဂြိုလ် လိုက်ကြရာ ယနေ့ အထိ ယူဂျီတွင်းအောင်းနေကြသည်မှာ အနှစ် (၂၀) ကျော်ခဲ့ပြီ။ ဤဖြစ်စဉ်ကို သတိမမေ့ဖို့ လိုပါသည်။

အတိုက်ခံအင်အား နဲ့

ယနေ့ အတိုက်အခံနိုင်ငံရေးကို ကြည့်ပါလျှင် (နေ) နှင့် (လ) လို အရေးပါသူ ခေါင်းဆောင် နှစ်ဦးသည်သာ အဓိက ကျသည်ဟု မြင်မိပါသည်။ ဒေါ်စုသည် ယုံကြည်ချက်ကို ဦးထိပ်ထား၍ ဒီမိုကရေစီ ပန်းတိုင်ကို မမှိတ်မသုံ ဦးတည်ခဲ့သည်။ ခေါင်းဆောင်ကောင်း ဟူသည် တိုင်းပြည်အကျိုးကိုသာ ဦးထိပ်ထားရမည်။ မိမိခံစားမှု (emotion) ၏လွှမ်းမိုးခြင်း မခံနိုင်။ ဒေါ်စုသည် ဒီပဲရင်း အဖြစ်အပျက် အပေါ် စိတ်မကွက်ခဲ့သလို အခြေအနေနှင့် အချိန်အခါကို နားလည်သော (အသိမြင့်) ခေါင်းဆောင်ဖြစ်သည်။ မင်းဒယ်လားကဲ့ သို့ အခွင့်အရေးကို လက်ရဖမ်းဆွဲရဲသည်။ တော်ရုံတန်ရုံ သတ္တိမဟုတ်။ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် ၈၈ မျိုးဆက်ခေါင်းများသည် လည်း ဒေါ်စုကဲ့သို့ ယုံကြည်မှုကို ဦးထိပ်ထားသော ခေါင်းဆောင်များဖြစ်ကြသည်။ ပြည်သူက လေးစားလက်ခံသည် မှာထင်ရှား သည်။ ဒေါ်စုက အင်အယ်ဒီကို ဦးဆောင်ကာ လွှတ်တော်အတွင်း ၀င်အရွေးခံကာ ဒီမိုကရေစီ အရေးကို အတွင်းစည်းမှ ၀င်အဖြေရှာမည်။ ၈၈ မျိုးဆက်ခေါင်းဆောင်တွေက ဒေါ်စုကို ထောက်ခံသည်။ သို့သော် အပြင်စည်းမှ ပံ့ပိုးပေးကြမည်။ လက်တွေ့ဆန်သော နိုင်ငံရေး ရပ်တည်မှုဟုဆိုချင်သည်။ ဟန်ချက်ညီလျှင် (အင်အား) ဟုသတ်မှတ်နိုင်သည်။

အစိုးရ အတွင်းတွင်လည်း ဤ (အင်အား) ကိုစိုးရိမ်သူများ ရှိကြမည်သာ ဓမ္မတာဖြစ်သည်။ စနစ်တစ်ခု မှ နောက်စနစ် သစ်သို့ပြောင်းတိုင်း စိုးရိမ်သူများ ရှိကြမည်မှာ သဘာဝတရားဟုပင် ဆိုနိုင်သည်။ သိပ္ပံပညာမှာတောင် Inertia ဆိုတာကို နားလည်ရတာပဲ မဟုတ်ပါလား။ သို့သော် ဤ (အင်အား) ကို အန္တရာယ်ဟု မမြင်သူများလည်းရှိကြသည်။ ဦးတည်ချက်ခြင်း တူလျှင် (အင်အား) ဆိုသည်မှာ အပေါင်းလက္ခဏာ လာဖြစ်သည်။ ဦးတည်ချက်ချင်း ဆန့်ကျင်မှသာ အနှုတ်လက္ခဏါ လာဖြစ်နိုင်သည်။ ဥပမာ surfing ဟုခေါ်သော ပင်လယ်ရေလှိုင်းစီးခြင်းတွင် ပင်လယ်လှိုင်း အတိုင်း လိုက်စီးခြင်းကြောင့် လှိုင်းသည်ကြောက်စရာ မဟုတ်တော့။ လှိုင်းကြီးလေ ရင်ခုန်စရာဖြစ်လာရသည်။ surfing တွင် balance သည်အရေးကြီးသည်။ balance နိုင်သူအဖို့ ဘာမှပူစရာမရှိတော့ပါ။ ထိုမှ ပြည်သူအတွက် တိုင်းပြည်အတွက် ဟု ဦးတည်ချက် တူသွားပါလျှင် ရင်ခုန်စရာပင် ဖြစ်လာနိုင်စရာဖြစ်လာပါသည်။ ဒီမိုကရေစီ လှိုင်းကို တိုင်းပြည်အတွက် အတူမစီးနိုင်ဖူးလား။

နှစ်ပါးသွား

ဤကြားကာလ တွင် အခြေခိုင်ခိုင်ချနိုင်မှ အပေါ်ထပ် အဆောက်အအုံခိုင်မည်မဟုတ်ပါလား။ အတိုက်ခံဖက်တွင် ဟန်ချက်ညီရန် လိုသလို သဏ္ဍန်မတူသူ လူနှစ်ဦး (က)ကြရာတွင် ဟန်ချက်တွင်သာမက (ခြေခွက်) ပါညီရန် လိုလာတော့သည်။ အင်္ဂလိပ်စကားမှာ “It take two to tango” ဆိုသည့်စကားရှိသည်။ အက ဆိုသည် မှာ တဦးထဲ မက ကြ ၊ အဖေါ်လိုသည်ဟု ဆိုလိုသည်ပါ။ ဤနေရာတွင် အတွေး တစ်ခုကို တင်ပြဆွေးနွေးပါရစေ။ နိုင်ငံရေး လောကမှာ စနစ် (System) ဆိုတာ အရေးကြီးပါသည်။ ထို့ကြောင့် နိုင်ငံရေး သားကောင်များစွာသည် အသက်ပေး၍ မိမိယုံကြည်ရာ စနစ် ကိုဖေါ်ဆောင်ဖို့ ကြိုးသားကြသည်ပါ။ လူတော် ၊ လူကောင်း ဆိုသည်မှာ (စနစ်) အောက်တွင် ရှိပါသည်။ ဥပမာ ပဒေသရာဇ်စနစ် အောက်မှာ မင်းဆိုးမင်းညစ်များ ရှိသလို မင်းကျင့်တရားနှင့် အညီအုပ်ချုပ်သော မင်းကောင်း များလည်း ရာဇ၀င်မှာ ရှိခဲ့ဖူးပါသည်။ စနစ်ဆိုးသည်မှာ တပိုင်း (လူ) ဆိုးသည်မှာ တပိုင်း ၊ မတူတာလေးကို (သတိ) ပြုစေချင်သည်ပါ။ စနစ်ဆိုး အောက်မှာ ရှင်သန်ရတိုင်း (လူ) ဆိုးသည်ဟု ရောမတွေး စေချင်တာပါ။ စတာလင် ၊ ပေါလ်ပေါ့ နှင့် မော် တို့လို လူသတ်သမားတွေရှိ သလို ဂေါ်ဘချော့ ၊ တိန်လျောက်ပိန် ၊ ချောင်အင်လိုင်း ၊ လီနင် တို့လို တိုင်ပြည်ကိုချစ်သော လေးစားစရာ ခေါင်းဆောင်တွေ လည်း ရှိကြပါသေးသည်။ နောက် Human Psycho တစ်ခုမှာ လူ (မဆိုး) သော်လည်း စနစ်၏ ဖိနှိပ်မှုကြောင့် (လူကောင်း) စိတ်ကလေး ခေါင်းမထောင်နိုင်သည့် အခါတွေရှိ နိုင်ပါသေးသည်။

Reformers ဆိုတာ

အထူးသဖြင့် မည်သည့် အာဏါရှင်စနစ်အောက်မှာ မဆို မင်းအမှုထမ်း ဆိုသည်မှာ ကိုယ့်ကိုယ်နှင့် သူများစိတ်ဖြစ်တတ်ပါသည်။ ကိုယ်စိတ်နှင့် ကိုယ့်ကိုယ် ဖြစ်ခဲ့လျှင်လည်း အခန့်မသင့်လျှင် ခေါင်းပြတ် နိုင်သည်မဟုတ်ပါလား။ သို့သော် အာဏါရှင်၏ အာဏါစက် မှာလွပ်မြောက်ခဲ့သည် ရှိသော် မိမိ၏ ဗီဇ လူကောင်းစိတ်တွေပေါ်လာတတ်ပါသည်။ စတာလင်၏ဖိနှိပ်မှု အောက်တွင်ပြားပြားဝပ်ခဲ့ရသော ခရုးရှက် ခမြာ သူအာဏါရလာတော့ reformer ဖြစ်ခဲ့ရသော်လည်း ပစ္စည်းမဲ့အာဏါရှင်စနစ် အောက်ကရုန်း မထွက်နိုင်ခဲ့ရှာ။ ဂေါ်ဘာရှော့ (Gorbachov) လက်ထက်ရောက်မှ ရုန်းထက်နိုင်ကြတာကိုး။
ထို့နည်းတူစွာ မော်၏လက်မအောက်မှ တိန်လျောက်ပိန် နှင့် Supremo တိန်လျောက်ပိန်တို့ မတူတော့ပါ။ အာဏါရှင်၏ အာဏါစက်မှ လွပ်မှ စိတ်လွပ်ကိုယ်လွပ်တိုင်းပြည် အတွက် လုပ်နိုင်တော့သည်ကိုး။

မိမိလက် မိမိခြေ ဖြစ်လာသောအခါ Human Psycho အရ မိမိ Identity ၀င်လာကြသည်။
ထိုအခါ လူတွေ၏ လုပ်ရပ်သည်ပြောင်းလဲလာ တတ်ပါသည်။ အားလုံးကို မဆိုလိုပါ။ ဖြစ်တတ်သူများ (ရှိ)နိုင်သည်ကိုထောက်ပြ လိုသည်ပါ။
နောက်ခေါင်းဆောင်တိုင်းဟာ နိုင်ငံဥလျောင် အဆင့် ၊ နိုင်ငံတော်အဆင့် ရောက်လာတဲ့ အခါ legacy ဆိုတဲ့ (မိမိသမိုင်း) ကို သတိ ရှိလာတတ်ပါတယ်။
ဒီနေရာမှာ (သတိ) ရှိဖို့က (အသိ) ကလိုအပ်လာပါတယ်။ ဥါဏ် ဆိုသည်မှာလည်း (အသိစွမ်းအား) ကလာသည်ပဲမဟုတ်ပါလား။
(အသိ) ရှိတာကြောင့် (သတိ) ရှိပြီး တိုင်းပြည်ချစ်စိတ်ရှိတဲ့သူ ဟာ ကိုယ့်ခြေကိုယ့်လက်ဖြစ်လာသည့်အခါ .. တိုင်းပြည်ချစ်စိတ် ပြန်ခေါင်းထောင်လာလျှင် … တိုင်းပြည် အတွက်ကျန်ခဲ့ချင်သည်။
ခရူးရှက် ၊ တိန်လောက်ပိန် ၊ ဂေါ်ဖီချော့ တို့ ရာဇ၀င် တင်ခဲ့ကြတာ ဤနည်းအတိုင်းပင်ဖြစ် သည်ဟုသုံးသပ်လို့ရနိုင်ပါသည်။

ထို့ပြင် ခေါင်းဆောင် ပီသသောခေါင်းဆောင် တွေမှာ ရှိတတ်သော အရည်အချင်းတစ်ခုနှာ မိမိယုံကြည်ရာကို အခြေအနေပေးပါက သတ္တိရှိရှိ ဦးစီးခေါင်းဆောင် ရဲ ခြင်းပင်။ မြန်မာစကားတွင်လည်း (ကြောက်လျှင်လွဲ ရဲမှမင်းဖြစ်) ဆိုသောစကား ပင်ရှိသည်မဟုတ်ပါလား။ ထို့ကြောင့် (မလှုပ် - မရှုပ် - မပြုတ်) တည်းဟူသော (မဆလ) စိတ်ဓါတ်ဖုံးလွှမ်းထားသော လောကကြီးတွင် တိုင်းပြည်အတွက် စေတနာရှေ့ထားကာ ပြပြင်လိုသော reformers များကိုကျေးဇူးတင်ရပေမည်သာ။ အဆိုးမြင်ဝါဒကိုသာ လှုန့်ဆော်ရန် (သိ) သော တဖက်စွန်းဝါဒီများအဖို့ ကတော့ အထက်ဖေါ်ပြပါ (အသိ) သည် အလွန်ဖေါက်ပြန်သော (အသိ)။ ရန်သူကိုအားပေးသော သစ္စဖေါက် (အသိ) ဟု ရန်-ငါ-စည်း အစွဲ နှင့် စွပ်စွဲကြမည် မှာမြေကြီးလက်ခပ် မလွဲနိုင်။ သို့သော် ထိုထိုသော စွပ်စွဲချက်များကို ကြောက်နေ၍ မရ။ ထိုထိုဤဤသော တော်လှန်ရေးသမား သတ္တိခဲများ ဦးဆောင်သော ရဲရဲနီတော်လှန်ရေး တောင်ပေါ် (၁၄)ရွာ ၊ ဖြတ် (၄) ဖြတ်အောက်တွင် ဇီဝိန်ချုပ်ခဲ့ရသည်မှာ အခြေနေမှန်ကို သုံးသပ်နိုင်စွမ်းမရှိ ၊ Reality ထက် Rhetoric ကိုအားပေးရင်း ရွာလည်ခဲ့ကြရသည်မှာ လူတိုင်း အသိ။ နောက်ဆုံး ဖြုတ်-ထုတ်-သတ် နှင့် ရာဇ၀င် သိမ်းခဲ့ကြရသည်။ Proven True Record ရှိပြီးသား။ မှုစရာ မလိုတော့ဟု ထင်မိသည်။ ဒင်းတို့ ဥါဏ်မရှိ၍ ပါတီပျက်ခဲ့ရသည်မှာလည်း ရာဇ၀င် အရ ညာမရတော့။

စာရေးသူက အရှိကိုအရှိ အတိုင်းသုံးသပ်တတ် စေချင်သည်။ ရှေ့လျောက်ရမည် လမ်းသည် ပန်းခင်းသောလမ်း မဟုတ်။ အန္တရယ်ပေါင်းစုံတွေ့ နိုင်သည်။ (သတိ)ရှိရမည်ကို သိဖို့လိုသည်။ သို့သော် တိုင်းပြည် အတွက် စွန့်စားရန် မကြောက်သင့် ။ (ဥါဏ်) ရှိလျှင် ပြသနာကို မဖြေရှင်း နိုင်စရာ မရှိ။ ဒို့ ခေါင်းဆောင် အသက်ရှိစဉ် လက်ဆွဲခေါ်ချင်သူတွေကို လက်တွဲပြီး တိုင်းပြည် အတွက် မလျောက်ရဲ ဖူးလား။ ထါဝရနိဗ္ဗန် ဆိုတာသေချာမှ ဒီမိုကရေစီ ဆိုပြီ (စ) အော်ကြရမှာလား။ ဒေါ်စုတောင် Risk ယူပြီး လျှောက်ရဲရင် ဒို့ပြည်သူတွေ ကရော ဘာကြောင့် Risk မယူရဲကြရမှာလဲ။ အမှားတွေ့ရင် ပြင်မယ်။ အခက်တွေ့ရင် ၀ိုင်းကျော်ကြမယ်။ နဲနဲလွဲသွားရင် ပြန်တဲ့ …. မှားမှာအကိုကြောက်စရာ (မရှိ)။ အမှား မရှိသူ ဟာ (အလုပ်) မရှိ သူလို့သာမှတ်။ မှားရင် ပြင် ၊ လဲ သွားရင် ပြန်ထ။ တိုင်းပြည် အတွက် ညီညီညာညာ လျှောက်ကြရင် ၊ တနေ့တလန် ပုဂံဘယ်ပြေးမှာလဲ။

Reformers တွေအတွက် အန္တရယ်။

Reformers တွေအတွက် အန္တရယ် မရှိဖူးလားမေးရင်။ ရှိတာပေါ့။ န၀တ - နအဖ ခေတ်မှာ Loyalty ကို Corruption နဲ့ ၀ယ်ယူပြီး Corruption ကို Currency အဖြစ် အသုံးကြပြီး အုပ်ချုပ်သူ လူတန်းစား ကိုဖေါ်ထုတ်ရတာကိုး။ အစိုးရက အားလုံးကို regulation နဲ့ ထိန်းချုပ်ထားတယ်။ ဒီ ထိန်းချုပ်မှုအောက် မှာ လုပ်ပိုင်ခွင့်ပေးလိုက်တော့ အဆမတန် (အမြတ်) ရကြရော။ ဥပမာ ဒီနယ်မှာ သစ်ခုတ်ခွင့် ၊ ကားတင်သွင်းခွင့် ၊ မိုဘိုင်းဖုးန်လျှောက်ခွင့် ဆိုတဲ့ လုပ်ပိုင်ခွင့် လိုင်စင် တွေရသူဟာ အမြတ် အများကြီးရ ချမ်းသာလာတော့ လုပ်ပိုင်ခွင့် ကို ချပေးတဲ့ အာဏါကိုင်ထားတဲ့ အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးတွေ လူတန်းစား နဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ နီးတဲ့ ခရိုနီ (Crony) လူတန်းစားတွေ ကြီးပွားတဲ့ Crony Capitalism ဟာကြီးထွားလာခဲ့ရတာပဲ။ အာဏါရှင်ဆိုတာ ပြန်မေးရင်တောင်ကြိုက်တာမဟုတ်ဖူး။ တသက်လုံး ခါးထောက် အမိန့်ပေးစားလာတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို လွှတ်တော်မှာ ဘယ်ကိစ္စကတော့ ဘယ်အခြေမနေ ရောက်ပြီလဲဗျို့ လို့မေးလာရင် မခံနိုင်တဲ့ ဗိုလ်ချုပ်တွေလည်း ရှိသလို ၊ ခေတ်ပြောင်းသွားပြီ မေးကြပါဆိုတဲ့ ဗိုလ်ချုပ် ဟောင်းတွေလည်းရှိ တာပဲပေါ့။ ဦးရွှေမန်း ပေးသွားတဲ့ ပထမဦးဆုံးသော သတင်းစားရှင်းလင်းပွဲ ဟာ သမာသမပ် ကျကျ ကြည့် နိုင်ရင်အဆင့်ရှိတယ် လို့သုံးသပ် လို့ရတယ်။

ရသမျှ အခွင့်အရေးနဲ့ တချက်လွှတ် အာဏါ ကိုရ သလောက် ကိုင်တွယ်ထားချင်တဲ့ သူတွေလည်းရှိမှာပဲပေါ့။ ဒါဟာ လောကသားတို့ရဲ့ ဓမ္မတာပဲ။ ရထားတဲ့ အခွင့်အရေး ကို ပြန်ပေးရမယ် ဆိုတာတကယ် တော့ လွယ်တဲ့ အလုပ်မှ မဟုတ်တာ။ ဒီတော့ကာ လူ့သဘာဝ အရ အပြောင်းအလဲ ကိုလက္ခံသူတွေနဲ့ အပြောင်းအလဲ ကို မလိုလားတဲ့ သူတွေရဲ့ အားပြိုင်မှု ဟာ အစိုးရ အတွင်းမှာ ရှိလာတာ မထူဆန်းပါဖူး။ ပါတီ ရှိရင် အာဏါပါလာရင် power struggle နဲ့ factional politics ဆိုတာ ရှိကြစမြဲပဲ။ ဒီမိုကရေစီ ထွန်းကားလည်း ပျောက်သွားမယ် မထင်ပါနဲ့။ (လူ) ဆိုတာရှိနေသမျှ (အာဏါ) လုပွဲဆို တာရှိနေဦးမှာပဲ။

လက်တွေ့ကျဖို့သာ လိုတာပါ။

ဒီလို စနစ်နဲ့ ခေတ်အပြောင်းမှာ မိမိကောင်းစားရေးထက် တိုင်းပြည်ကောင်းစားရေးကို အလိုရှိတဲ့ သူတွေပေါ်လာတာကို လက်ကမ်းမကြို ပဲ အတိပ်ဟောင်းကိုပဲ ဆွဆွပြီး ဒါဖြစ်မှလုပ်မယ် ဒါရှိမှ လုပ်မယ်ဆိုတဲ့ တောင်းဆိုချက်တွေဟာ လက်ဝဲစွန်း ဇီးရိုးဆမ်းဂိန်း အတွေးအခေါ် ကရုန်းမထွက်နိုင်လို့သာမှတ်ပါလေ။ မိမိလိုချင်သမျှ ကိုလုပ်နိုင်တာ တော်လှန်ရေးအောင်မြင်မှသာလုပ်နိုင်တာ။
၈၈ နောက်ပိုင်း န၀တ-နအဖ ခေတ်တွေမှာ ထောက်လျောက် တော်လှန်ရေး လုပ်ဖို့အကောင်းဆုံးခေတ်တွေပဲ။ တော်လှန်ရေးဆိုတာ ဖိနှိပ်မှုများလေ နာကြီးမှုများလေ ကောင်းလေပဲ။ ဘယ်တော်လှန်ရေး သမားကြီးတွေ ဘာများဦးဆောင်နိုင် စွမ်းဆောင်နိုင်ခဲ့ကြလို့လဲ။ ဒီမိုကရေစီ သမားကြီးတွေ (ပြင်ပကအများလို့မှတ်ပါ) ဒေါ်စုထမိန်အောက် ကဒို့အရေး .. ဒို့အရေး..အော်ကြရင်း ..အနှစ် (၂၀) ငွေရှာစားခဲ့ကြသူ ကအများစု မဟုတ်ဖူးလား။ အဖေတရုတ်ကြီးက ငွေရော စစ်လက်နက်ပစ္စည်းမကျန် (လူ) ပါပေးတာတောင် (နိုင်) အောင်မတိုက်နိုင်တဲ့ ၀ါဒစွဲ လက်ဝဲအရည်းကြီးတွေလည်း နောက်ဆုံး သူတို့ပြောပြောနေတဲ့ အောက်ခြေ လူထုကြီးကပဲ ၀ိုင်းတော်လှန်လိုက်လို့ တဖက်ကမ်း တရုတ်ပြည်ကိုလက်ပစ်ကူးပြေးကြရတယ် မဟုတ်လား။ နောက်ဆုံး တွင်းအောင်းရတဲ့ တော်လှန်ရေး မြေကြွက်ကြီး တွေ ဘ၀က ရုန်းမထွက်နိုင်ပဲ အနှစ် (၂၀) ကြာတာတောင် မြေပေါ်ပြန်တက်နိုင် လို့လား။ ယူဂျီ ဆိုတာ ပြောရေးဆိုခွင့် ရှိသူကြီးရဲ့ ဟိုဖက်ကလှည့်ငို ၊ ဒီဖက်ကလှည့် ငိုရ တဲ့ ခွန်နှစ်ထွေမင်းသမီး ငိုသံတွေ နဲ့ ဘ၀ပြောင်း အလံဖြူ အဟောင်း မောင်စူးစမ်း ၊ သခင်တင်မြ ၊ ဦးချစ်လှိုင် တို့ကို ကလော်ကလော်ဆဲ တာက လွဲလို့ ဘာများ ထူးထူးခြားခြား လုပ်ပြနိုင်ခဲ့လို့လဲ။ နအဖ အမြီးလုပ်ပြမှ ထွက်ထွက် ဟောင်ရတဲ့ ဘ၀က ကျော်နိုင်ခဲ့ကြလို့လား။ လေထဲတိုက်အိမ်ဆောက်တဲ့ (လေ)တော်လှန်ရေး သက်သက် ဘ၀က လှမ်းတက်နိုင်ကြလို့လား။

တော်လှန်မှ ရမယ်ဆိုတဲ့ ဆရာကြီးတွေ Syria မှာ ဘာကြောင့် လက်တွေ့ သွားကူရင်း အတွေ့အကြုံ မရှာကြတာလဲ။ ဒါနှစ်ပေါင်း ၁၀၀ - ၂၀၀ မှ တစ်ခါ ရနိုင်တဲ့ အခွင့်အရေးလေ။ ၁၉၅၀ခုနှစ်တွေက နိုင်ဂျီးရီးယားက (အာဂျာလာ) ဆိုတဲ့ ကျောင်းသား ရန်ကုန်လာရင်း အမေရိကန် သံရုံးကို ဆန္ဒပြရာက နံမည်ကျော်ခဲ့ဖူးတယ်။ အာဂျင်တီးနားက ဆရာဝန် (ချေ) ဆိုတာလည်း Cuba တော်လှန်ရေးမှာ ပါဝင်းရင်း ကမ္ဘာကျော်ခဲ့တာပဲ မဟုတ်လား။ အာရပ်နွေဦးကို ခေါင်းဆောင်ခဲ့သော မြန်မာ လက်ဝဲ သူရဲကောင်းကြီး ၊ ခေတ်သစ်လက်ဝဲသု န္တရ ၊ ဆိုပြီး ရာဇ၀င်မှာမကျန်ခဲ့ချင်ဖူးလား။ အာရပ် အတွေ့ အကြုံတွေ မြန်မာပြည် ယူလာ ၊  တော်လှန်သောတပ်မတော်ကြီးထောင် ၊ ကြီးမားသော တော်လှန်ရေး စစ်ပွဲကြီးတွေ နွှဲပြီး မဟာတော်လှန်ရေးကြီးကို ဆင်နွှဲကြရအောင်။ အချိန်သိပ် မရှိတော့ဖူး ဆရာ ကြီးတို့ရေ။ ဆီးရီးယားနဲ့ ရီမန်ပဲ ကျန်တော့တယ်။ တစ်ခုတော့ ရှိတယ် ဒီအာရပ်ကြီးတွေက ဘာသာရေးအရ လည်လှီးတာ လက်ရင်နေပြီ ဆိုတော့ ၊ ထောင်ထောင်နဲ့ အာဂျယ်အာဂျယ် သွားလုပ်ရင်တော့ လည်ပင်းပြတ်ပြီသာမှတ်။

နိုင်ငံရေး နဲ့ စီးပွားရေး

တကယ်တော့ လုပ်တတ်ရင် နိုင်ငံရေးဆိုတာက တည်ငြိမ်မှု Stability ကိုပေးတယ်။ စီးပွားရေး က လူနေမှု တိုးတက်ရေးကိုပေးတာပါ။ ဒီမိုကရေစီ က (ပါဝင်မှု) ကိုပေးတယ်။ ဥပဒေ က မျှတမှုကို ထိန်းပေးတယ်။ ဒီအချက် တွေကို ဟန်ချက်ညီညီ ဦးဆောင်ပေးနိုင်ရင် တိုင်းပြည် တိုးတက်တာနဲ့ အမျှ ပြည်သူ တွေလည်း စီးပွားရေး အဖူးအပွင့် တွေကို ခံစားနိုင်ရင် လူဖြစ်ရကျိုးနပ်ပြီပေါ့။ Representative Democracy ကိုယ်စားပြုဒီမိုကရေစီမှာ မိမိတို့မြိုနယ် ၊ တိုင်း ၊ ပြည်နယ်တို့ကိုကိုယ်စားပြုမဲ့ သူတွေကို ပြည်သူတွေကရွေးချယ်ခွင့်ရှိပြီး ပြည်သူတွင်း ၊ နိုင်ငံတွင်းက ပြဿနာ ၊ လူမှုရေး ပြဿနာ တွေကို လူကြီးဆန်ဆန် ပါလီမန် အတွင်းမှာ ရှင်းဖို့ ကြိုးစားကြတာကြောင့် ယျေဘူရ အားဖြင့် ဒီမိုကရေစီ စနစ်ဟာ နိုင်ငံရေးတည်ငြိမ်မှု ကိုဖေါ်ထုတ်ပေးနိုင်တယ်။ တိုင်ဝမ်တို့ ကိုရီးယား တို့ ပါလီမန် အမတ်အချင်းချင်း ထိုးကြကြိပ်ကြတဲ့ အဖြစ်အပျက်တွေရှိပေမဲ့ လမ်းပေါ်မှာရှင်းရတာထက်စာရင် အများကြီး သက်သာပါသေးတယ်။ တဖက်ကပြန်စဉ်းစားကြည့်ရင် ပါလီမန်ဆိုတာ လမ်းပေါ်က ပြဿနာတွေကို လမ်းပေါ်မှာ မရှင်းစေပဲ အိနြေ္ဒရှိရှိ ပါလီမန်အတွင်းမှာ ရှင်းစေတဲ့ စနစ်ပါပဲ။

Representative Democracy ကိုကျင့်သုံးတဲ့ ဒီမိုကရေစီစနစ်က တည်ငြိမ်မှု Stability ကိုတဖက်ကပေးသလို ၊ တခြားတဖက်ကလည်း အားလုံးကိုပါဝင်ခွင့် ပေးအောင်ကြိုးစားပေးနိုင်တဲ့ အတွက် Credibility ကိုဖေါ်ဆောင်ပေးနိုင်တယ်။ လက်ရှိမြန်မာနိုင်ငံမှာ ထူုးခြားတဲ့ အချက်ကတော့ အနှစ် (၂၀) ကျော်ကျော် ယုံကြည်မှု အပေါ်ရဲရဲကြီးရပ်ရဲခဲ့တဲ့ သတ္တိကြောင့် ကမ္ဘာကပါ လေးစားရတဲ့ ဒေါ် အောင်ဆန်းစုကြည်လို ဒီမိုကရေစီ အိုင်ကွန်ရှိနေတဲ့ အတွက် ၊ ဒေါ်စု ဟာ အများယုံကြည်တဲ့ Credibility တရားသူကြီးလာဖြစ်တယ်။ ဒါကြောင့် ဒေါ်စုဟာ သိကြားမင်းရဲ့ ၀ရဇိန်လက်နက် လို တန်ခိုး ထက်တဲ့ လက်နက်လာဖြစ်တယ်။ ဒါကြောင့် သုံးတဲ့သူရော တောင်းတဲ့သူပါ (သတိ) ရှိဖို့လိုလာတယ်။ ဓါးသိုင်းမှာ ကစားကွက်နိုင်ရသလို ဒီနေရာမှာ လည်း နှစ်ဖက်လုံး ကစားကွက် ညီဖို့လိုအပ်လာပါတယ်။
လက်ရှိဒေါ်စုရဲ့ ရွှေ့ကွက်တွေကို လေ့လာသုံးသပ်ရင် ဒေါ်စု နိုင်ငံရေးနားလည်တယ်ဆိုတာ ရှင်းပါတယ်။

ဒီမိုကရေစီ အရေး နဲ့ တိုင်းရင်းသားအရေး

မြန်မာနိုင်ငံရဲ့ နောက်ထူးခြားတဲ့ တချက်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖေါ်ထုတ် ရုံနဲ့ မရ တိုင်းရင်းသားပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မှ တည်မြဲတဲ့ ရေရှည် ငြိမ်းချမ်းရေးကိုရနိုင်မယ်။ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ကြတော့ နာကျည်းမှုတွေရှိတယ်။ ဒီအဖုအထစ်တွေကိုကျော်လွှးပြီးရင် နောက်ဆုံး တိုင်းရင်းသားတွေအပေါ် မျှတမှု ကိုပေးနိုင်တာ Constitution အရပဲ ရှိတယ်။ ဒါကြောင့် ပထမ အဆင့်က အပြစ်အခပ်ရပ်ဆဲ ဒုတိယအဆင့်က ဆွေးနွေးပြီးရင် နောက်ဆုံးအဆင့် က ပါလီမန်ထဲမှာ ဆွေးနွေးကြပြီး Constitution နဲ့ အာမခံချက် ကိုဖေါ်ထုတ်ကြရမှာပဲ။ Constitution မှာ Forms and Structure တွင်မကပဲ အရေးကြီးတဲ့ Essence ပါဖို့လို့တယ်။ ဒါမှလည်း Equality ကို အာမခံ နိုင်မှာ။

ဆက်လက်ဖေါ်ပြပါမည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...