Thursday, February 9, 2012

အသက်တစ်ရာ၊ အိမ်ထောင်သက် ၈၂ နှစ် ချစ်နေကြဆဲ အဘိုးအဘွား စုံတွဲ

by General Knowledge on Thursday, February 9, 2012 at 11:33am ·

Posted by AF



 လီယွန်နယ်  နှစ်၉၉ နဲ့ အယ်လင်ဘပ်စ်တွန် ၁ဝဝ နှစ်တို့သည် လွန်ခဲ့သော ၈၂ နှစ်ခန့်   သူတို့နှစ်ဦး စတင် တွေ့ရှိချိန်က ကဲ့သို့ပင် မခွဲနိုင် မခွာရက် ဖြစ်နေကြကြောင်း သိရသည်။
  “ကျွန်တော်တို့ ဘယ်တုန်းကမှ ခွဲသွားဖို့ မတွေးဘူး။ ပြီးတော့ ဘယ်သူကမှလည်း ခွဲချင်စိတ်ရှိမှာ မဟုတ်ဘူး” ဟု  ခင်ပွန်းဖြစ်သူ  လီယွန်နယ်က ပြောပြသည်။


“ကျွန်တော်တို့က မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့တယ်။ လက်ထပ်ပြီး ချိန်ကျတော့ ခင်ပွန်းကောင်း၊ ဇနီးကောင်းတွေ  ဖြစ်လာတယ်၊ ဆွတ်ပျံ့ဖွယ် ညနေစာစားဖို့၊ ဘင်ဂိုကစားနည်းကို  ဆော့ဖို့  ညနေခင်းလေးတွေကို  ကျွန်တော်တို့  ဖန်တီးခဲ့ကြတယ်” ဟု  လီယွန်နယ်က ဆိုပါသည်။

 လွန်ခဲ့သော ဆယ်စုနှစ် ရှစ်ခုအတွင်း တွင် အဘိုးအိုနှင့် အဘွားအိုတို့ တစ်ညထက် ပို၍ ခွဲမနေဖူးခဲ့ပေ။ ကံအားလျော်စွာပင် TV မှ ရွှင်မြူးဖွယ် အစီအစဉ်များ၊ ဘင်ဂိုကစားနည်း၊ ဖဲကစားခြင်း၊ ပဟေဠိများနှင့် ဝတ္ထုဖတ်ခြင်း တို့တွင်လည်း ဝါသနာ တူညီနေကြသည်။ သူတို့နှစ်ဦးမှာ ၁၉၃ဝ ပြည့်နှစ်တွင် စတင် တွေ့ဆုံခဲ့ကြသည်။ ထိုနှစ်မှာ  ဥရုဂွေးဘောလုံးအသင်း ပထမဆုံး ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့သည့်နှစ်၊ ဟူးဗားဆည်စီမံကိန်း စတင် တည်ဆောက်သောနှစ်၊ ရုပ်ရှင်စတား ကလင့်အိစ်ဝုဒ်နှင့် စတိဖ်မက်ကွင်းတို့ မွေးဖွားခဲ့သော နှစ် ဖြစ်သည်။

လာမည့် မတ်လတွင် အသက်ရာပြည့်ပြီ  ဖြစ်သော သူတို့ နှစ်ဦးစလုံးမှာ လန်ဒန်အရှေ့ပိုင်းတွင် ကြီးပြင်း လာခဲ့ပြီး မြောက်ပိုင်းရှိ ဟင်နလေဝါယာစက်ရုံတွင် အလုပ်လုပ်ရင်း  တွေ့ရှိခဲ့ကြသည်။  အယ်လင်မှာ မက္ကင်းနစ်တစ်ဦး  ဖြစ်ပြီး အလုပ်သင် အင်ဂျင်နီယာ လီယွန်နယ်ဆီမှ နည်းပညာဆိုင်ရာ အကူအညီများကို ရံဖန်ရံခါ တောင်းခဲ့ရကာ  သူ့အနေနှင့် အကူအညီ ပေးရသည် ကိုလည်း  ပျော်ရွှင်နှစ်သက်မိသည်။  “အယ်လင်ရဲ့ အရုပ်ကလေး” ဟု ချစ်စနိုး  ခေါ်လေ့ရှိသော လီယွန်နယ်က “သူမက ချစ်ဖို့  ကောင်း တယ်၊ သူမ အကူအညီ တောင်းလာမယ့် အချိန်ကိုပဲ တောင့်တ  နေမိတယ်” ဟု ပြောပြသည်။

“ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ကောင်းတယ်၊ ချိန်းတွေ့ပြီး မကြာမီ စုံတွဲဖြစ်လာခဲ့တာပဲ” “ကျွန်တော်တို့  လက်ထပ်မလို့  ကြံထားတာပဲ၊  ဒါပေမဲ့  မဖြစ်ခဲ့ဘူး”  ချိန်းတွေ့ပြီး ခြောက်နှစ်အကြာ ၁၉၃၆ ခု၊ ဇူလိုင် ၁၈ ရက်နေ့ကျမှ သူတို့ ပလမ်စတိရပ်ကွက်တွင် လက်ထပ်နိုင်ခဲ့ကြသည်။ ထို့နောက် ၄၈ နှစ်တိုင်တိုင် လန်ဒန်မြို့တွင် နေထိုင်ခဲ့သည်။  ဒုတိယကမ္ဘာစစ်အတွင်းတွင် လီယွန်နယ်မှာ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပြီး ၁၉၃၉ မှ ၁၉၄၅ ခုနှစ် အထိ လန်ဒန်မြို့တစ်ဝိုက် ဂျာမန်တို့၏  ဗုံးဒဏ်ကြောင့် ပျက်စီးမှုများကို ပြုပြင် မွမ်းမံရာတွင် တာဝန်ထမ်းဆောင် ခဲ့ရသည်။  စစ်အပြီးတွင် ခရော့စ်၊ ဘလက်ဝဲလ်၊ နက်စတယ် စသော ကုမ္ပဏီများတွင် လုပ်ခ တစ်ပတ် သုံးပေါင်နှုန်းဖြင့် အလုပ် လုပ်ခဲ့ရသည်။ သူတို့တွင် တစ်ဦးတည်းသော သမီး စင်ဒီကို မွေးဖွားခဲ့ပြီး ယခုအခါ စင်ဒီမှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။ နက်စတယ်တွင် နှစ်ပေါင်း ၄ဝ ခန့်အလုပ် လုပ်ခဲ့ပြီး အသက် ၆၄ နှစ်တွင် အငြိမ်းစား ယူခဲ့သည်။

ထို့နောက် ဖောက်စတုန်း၊ ထိုမှ ယခုနေထိုင်ရာ  ကင့်ပြည်နယ်သို့   ပြောင်းရွှေ့ လာခဲ့သည်။ တစ်ပတ် တစ်ခါ လာရောက် အကူအညီ  ပေးသော စေတနာ့ဝန်ထမ်း တစ်ဦးရှိပြီး သူတို့နှစ်ဦး အပြန်အလှန် စောင့်ရှောက်ကြသည်။ အယ်လင်မှာ အသက် ၉ဝ နှစ် အရွယ်တွင် အူမကြီးကင်ဆာရောဂါ  ခံစားခဲ့ရသည်။ သူမမှာ ကင်ဆာဆေးသွင်း ကုသရန် သို့မဟုတ် ဓာတ်ကင် ကုသရန်မှာ အိုမင်း လွန်းနေပြီ ဖြစ်သော်လည်း နောက်ဆုံးတွင် ကင်ဆာအကြိတ်ကို ခွဲစိတ်ဖယ်ရှားနိုင်ခဲ့သည်။

ယခုအခါ သူမသည်  ပုံမှန်အတိုင်းဖြစ်ရန် ရုန်းကန်ရင်ဆိုင်နေရသည်။ မြေးလေးဦးရှိသော ဘိုးဘွားစုံတွဲမှာ ပုံမှန်ထက် ကျန်းမာသန်စွမ်းလျက် ရှိသည်။
“ကျွန်မတို့  တစ်ဦးကိုတစ်ဦး  အရင်ကထက်  ပိုချစ်လာတယ်၊  ဆက်လည်း ချစ်သွားဦးမယ်” ဟု အယ်လင်က ထပ်ပြောပြခဲ့သည်။


ကျော်ရဲလင်း
Ref: dailymail

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...