Tuesday, February 21, 2012

စာဖတ်တဲ့ ရွာသူကြီး

by Hla Shwe on Tuesday, February 21, 2012 at 10:08pm ·


ကျနော့် အဖေက ရွာသူကြီး။

ကျနော်တို့ရွာ ကအိမ်ခြေ ၂၀၀ ကျော်ကျော်လောက်ရှိတဲ့ အသင့်အတင့် ကြီးတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။ ၁၉၈၅ လောက်ကတည်းက တွဲဘက် အလယ်တန်းကျောင်း ရှိတယ်။ အဲဒီလို ရွာမျိုးမှာ ရွာသူကြီးဖြစ်ဖို့ဆိုတာ သိပ်လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။


ရွာသူကြီးဖြစ်ဖို့ ပထမ တချက်က ရွာဦးဘုန်းကြီးရဲ့ ထောက်ခံမှုက သိပ်အရေးပါတယ်။ တနယ်တကျေးက ဆရာတော် သမားတော်တွေလာရင် ဘာသာရေးအကြောင်း ၊ ဘရားဟော တရားတော်လာ နိပါတ်တော်တွေ၊ ခေတ်အဆက်ဆက် ရေးသွားခဲ့ကြတဲ့ ရခိုင်ရာဝင်တွေကို ဆွေးနွေးနိုင်မှ ရွာဦးဆရာတော်ဘုရားက မျက်နှာသာပေးတာပါ။ ဒါက စာပေဗဟုသုတ ဘက်က ပြည့်စုံရမယ့် အနေထားပါ။

ဒုတိယ အချက်က ရွာသူကြီး လုပ်မယ့်လူဟာ မိသားစုစားဝတ်နေရေး ပြေလည်တဲ့ သူဖြစ်နေရပါတယ်။ အကြောင်း ကိစ္စတခုခုကြောင့် ဆယ်ရက် တစ်ပတ် အိမ်ကခွာပြီး သွားလာနိုင်တဲ့သူ ဖြစ်ရပါမယ်။ နောက်ကြောမလုံတဲ့သူ မဖြစ်ရဘူး ဆိုတဲ့အချက် ဖြစ်ပါတယ်။
တတိယအချက်က ရိုးသားတဲ့သူ ဖြစ်စေရမယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဘယ်လောက်ဘဲ ဘာသာရေး၊ ရာဇ၀င် ဗဟုတ၊ စီးပွားရေး ပြေလည်နေပစေ၊ အကျင့်စာရိတ္တ မကောင်းပြန်ရင်လည်း လုပ်လို့မရပါဘူး။

နောက်ဆုံးအချက်က သတ္တိလည်း ရှိရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဘယ်လို သတ္တိမျိုးလဲဆိုတာ ရပ်ရွာလူထုအကျိုးအတွက် မကြောက်မရွံ့လုပ်ရဲ သတ္တိဖြစ်ပါတယ်။ ၁၉၈၈ မတိုင်မီကဆို ရပ်ရွာတွေမှာ ရွာသူကြီး တယောက်ဖြစ်ဖို့ ဒီနေ့ လွတ်တော် ကိုယ်စားလှယ်တွေထက် စံချိန်စံညွန်းတွေ မြင့်တယ်လို့ ပြောရပါတယ်။

အဖေရဲ့ ဗဟုသုတ ကြွယ်ဝပုံကို ကျနော်ကိုယ်တိုင် တွေ့ခဲ့ရပါတယ်။ ကျနော်တို့ ရွာသားအားလုံးက လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြတော့ လုပ်ငန်းအတွက် မရှိမဖြစ်က နွားတွေဖြစ်ပါတယ်။ တအိမ်ထောင် အနည်းဆုံး ၄ ကောင်ဆို တရွာလုံး ပေါင်းလိုက်ရင် ကောင်ရေ အနည်းဆုံး တစ်ထောင်လောက် ရှိပါတယ်။ နွားကောင်ရေ တစ်ထောင် စားဖို့အတွက် စားကျက်မြေက ရွာဘုံပိုင် မြေပြင်ကွက်လပ်ကြီး ဖြစ်ပါတယ်။ ဧက တော်တော် ကျယ်ဝန်းတဲ့ စားကျက်မြေပါ။ အဲဒီ စားကျက်မြေကို ရပ်ကွက်ကောင်စီ အတွင်းရေးမှူးဆိုတဲ့ ပုဂ္ဂိုလ်က မြေလွတ်မြေရိုင်း မထားရဆိုတဲ့ စနစ်အရ စားကျက်မြေ ဆယ်ဧက လောက်ကို လယ်မြေ ဖေါ်ထုတ်လိုက်ပါတယ်။ နှစ်ပေါင်း ထောင်ချီ ရှိလာတဲ့ ရပ်ရွာ လူမှုရေး ပဋိညာဉ်ကို ချိုးဖေါက်လိုက်တာ ဖြစ်ပါတယ်။ တခြားလိုချင်တဲ့ သူတွေကလည်း လုပ်လာနိုင်တဲ့ အနေအထားမျိုးကို တွေ့ရတဲ့ အတွက် အဖေက ရွာကိုယ်စား မြို့ပေါ် တရားရုံးကို တက်ပြီး တရားစွဲပါတော့တယ်။ ဒါပေမယ့် မဆလ ခေတ်ရဲ့ မြေလွတ်မြေရိုင်း ဥပဒေ ကြောင့် အဖေ ဦးဆောင်တဲ့ တရားလိုတွေ အရှုံးကြီးရှုံးခဲ့ရပါတယ်။

ဒါပေမယ့် အဖေက ဘာသာရေး စာပေတွေ၊ ရာဇ၀င်တွေလာ ဗဟုသုတ၊ နှင့် ဂါမပညပ်(ရပ်ရွာစည်းကမ်း) ကိုသေချာစွာ လေ့လာထားတဲ့ သူဆိုတော့ နောက်တမျိုးနဲ့ အနိုင်ယူလိုက် ပါတော့တယ်။ ကျနော်တို့ဆီမှာ ရွာထုံးတမ်း စဉ်လာဆိုတာရှိတယ်။ ရွာလူထု အများသဘောတူညီမှုနဲ့ ဆုံးဖြတ်ရင် ဘယ်သူမဆို လိုက်နာရပါတယ်။ ဒါကြောင့် အဖေက အုန်းမောင်းခေါက်ကာ ရွာလူထု အစည်းအဝေး လုပ်ပြီး တရားရှုံးတဲ့ အကြောင်းကို ပြောပြလိုက်တယ်။ ရှုံးပေမယ့် နောက်နည်းလမ်း အဆိုတခုကိုပါ တင်သွင်းလိုက်တယ်။

အဲဒီ အဆိုက ရွာလူထုအများစုရဲ့ သဘောထားကို မလိုက်နာတဲ့ သူတွေကို (မီး မယူ၊ ရေ မကမ်းရ) ဆိုတဲ့ ပြင်းထန်တဲ့ ရပ်ရွာ ဥပဒေ တခုဖြစ်ပါတယ်။ အဲဒီ ပြစ်ဒဏ် ခံရတဲ့သူတွေကို ဘယ်ရွာကမှ လက်မခံတော့ပါဘူး။ နာရေးဖြစ်ရင်တောင် ဘယ်ရွာက ဘုန်းကြီးမှ သရဏဂုံ တင်ခွင့် မရှိပါဘူး။ ဒီပြစ်ဒဏ် ခံရပြီး နောက်တလလောက် အကြာမှာ ကျေးရွာကောင်စီ အတွင်းရေးမှူးဟာ သူမှားကြောင်း ၀န်ခံပြီး၊ နွားသရေနဲ့ လုပ်ထားတဲ့ ဗုံကြီးကို ရှိခိုးကာ တောင်းပန်ရပါတယ်။

ဒီလိုအမှုမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်တာဟာ ကျနော့်အဖေက စာဖတ်တဲ့ ပုဂ္ဂိုလ် ဖြစ်နေလို့ထင်တယ်။ အဖေဟာ အားလပ်ချိန်တွေမှာ ဇိနတ္ထပကာသနီလို စာအုပ်မျိုးတွေ၊ ဇာတ်တော်ကြီးတွေ၊ ပေရွက်တွေပေါ် ရေးထားတဲ့ ဗဟုသုတ ဖြစ်ဖွယ်တွေကို အသေအချာ လေ့လာထားတဲ့အတွက် ရပ်ကျိုးရွာကျိုး အတွက်လိုအပ်တဲ့အခါ ထုတ်သုံးတာ ဖြစ်မယ်။

၁၉၈၈ မတိုင်မီက ကျနော်တို့ ဒေသမှာ နွေရာသီ ရောက်ပြီဆို အခါအားလျော်စွာ ဓါးပြတွေ သောင်းကျန်းတာရှိတယ်။ တနေ့ အဖေဟာ  အကိုတွေကို ခေါ်ပြီး တလုံးပေါက် သေနတ်ကို ဆွဲကာ ရွာအပြင်ကို ထွက်သွားပါတယ်။ ထွက်သွားလို့ သိပ်မကြာလိုက်ဘူး “ ဒိုင်း-ဒိုင်း” သေနတ်သံ နှစ်ချက်ကို ဆယ်မိနစ်လောက် ခြားပြီး ကြားလိုက်ရတယ်။ သိပ်မကြာခင်မှာဘဲ အကို၊ အဖေတို့ ပြန်ရောက်လာကြတယ်။ ကျနော်က “အဖေဘာဖြစ်လို့ သေနတ် ဖေါက်တာတုန်းလို့” မေးတော့
“အနီးအနား တောတောင်တွေမှာ လူဆိုးတွေ ရောက်နေသလိုလို ကြားတယ် ဒါကြောင့် ဒီကိုမလာနဲ့ လာရင် ငါနဲ့တွေ့မယ်လို့ သတင်း ပါးလိုက်တာလို့” ပြန်ဖြေတယ်။

ခုချိန်ပြန်စဉ်းစားတော့ ကျနော့်အဖေက ဒီနေ့ခေတ်နဲ့ ပြောရရင် Idealist ခေါင်းသမား။ ရန်သူနဲ့ ထိပ်တိုက် မတွေ့ဘဲနဲ့ ရန်သူ ဘေးကို ရှောင်သွားနိုင်အောင် လုပ်လိုက်တာဖြစ်တယ်။ အဖေက Balance of Power ကိုသိသလို ဖြစ်နေတယ်။ ဘယ်လူမိုက်မဆို အင်အားရှိတဲ့သူ၊ တကယ်လည်း လုပ်နိုင်တဲ့သူ ဆိုရင် ထိပ်တိုက် မတွေ့ရဲဘူး။ ကိုယ့်ရပ်သူရွာသား အပေါ်ကျလာမယ့် အန္တရာယ်ကို ကြိုတင် တွက်ချက်ပြီး ရှောင်လွဲနိုင်သူ ရွာသူကြီး ကျနော့်အဖေကို အခုနေစဉ်းစားကြည့်ရင် တော်တော်လေးစားမိတယ်။
ဥပုတ်နေ့ဆိုရင် အဖေက စာမတတ်တဲ့ ဥပုတ်သည်တွေကို ဇာတ်ကြီးဆယ်ဘွဲ့တို့ အခြားသော ဘာသာရေး စာပေတွေကို အသံကျယ်ကျယ်နဲ့ အော်ပြီးဖတ်ပြတတ်တယ်။ ဥပုတ်နေ့က အဖေ့အတွက် စာဖတ်တဲ့ ရက်ဘဲ။

ကျနော်ပြန်တွေးကြည့်တယ်။ အဖေရဲ့ တပတ် စာဖတ်တဲ့ အချိန်က အနည်းဆုံး ဆယ်နာရီလောက် ရှိမယ်ထင်တယ်။ ရွာသူကြီးလုပ်တဲ့ လူတယောက်က ဒီလောက်စာဖတ်ရင် လွတ်တော် အမတ်လုပ်မယ့် လူတွေ၊ ခေါင်းဆောင် လုပ်မယ့်သူတွေက ဘယ်လောက် စာဖတ်ရမလဲ။

အဖေက ရွာသူကြီးဆိုပေမယ့် ရပ်ရွာတွင်းလုပ်လေ့ရှိတဲ့ မင်္ဂလာပွဲတို့၊ အလှူပွဲဆို သိပ်သွားလေ့မရှိဘူး။ ရှောင်လေ့ရှိတယ်။ အဖေပြောတာက လူတယောက်ဟာ နေရာတကာ ပါနေရင် ကိုယ့်အတွက် မကျန်တော့ဘူးတဲ့။ ဆိုလိုတာက မိမိလုပ်နေတဲ့ အသိုင်းအ၀ိုင်းအပြင် လောကုတ်တရာ အတွက်ဆင်ခြင်နိုင်အောင်၊ လောကီကောင်းရာကောင်းကျိုး လုပ်နိုင်ဘို့ ပြင်ပ ဗဟုတသုတ ရှာဖွေရမယ်လို့ ပြောလိုတာပါ ။  အဖေက အချိန်ကို အင်မတန် လေးစားတယ်။ သားသမီးတွေကို ဆုံးမလေ့ရှိတာ အလိမ္မာ စာမှာရှိတယ်ဆိုတဲ့ စကားနဲ့ အမြဲဆုံးမလေ့ရှိပါတယ်။ စာများများ ဖတ်ဖို့ အားပေးလေ့ရှိတယ်။ “အဖေ အမြဲပြောလေ့ရှိတဲ့ စကားက ခေါင်းဆောင်လုပ်ချင်တယ်ဆိုရင် စာများများ ဖတ်ပါတဲ့” ။ ပြန်တွေးကြည့်ရင် ကျနော်အဖေရဲ့ အတွေးတွေက အချိန်ရဲ့ တိုက်စားမှုကို ခံနိုင်တဲ့ အတွေးတွေ ဖြစ်နေတယ်။

တလောက အနုပညာရှင်တဦးက လူလတ်ပိုင်းနိုင်ငံရေး သမားတွေ စာမဖတ်တာလို့ အားမလိုအားမရ ဝေဖန်တာကို တွေ့ရတယ်။ ခေတ်ကလည်း မမြဲတမ်းလေ့လာ သင်ယူနေရတဲ့ ခေတ်ဖြစ်နေတယ်။ မိမိကိုယ်ကို နိုင်ငံ့ခေါင်းဆောင်လို့ ထင်နေသူတွေသာ မဟုတ်ဘဲ နေရာ၊ ဒေသတ ခုခုရဲ့ ခေါင်းဆောင် ဖြစ်ချင်တယ်ဆိုရင် ခေတ်နဲ့လိုက်လျော ညီထွေစွာ စဉ်းစားနိုင်ရေး စာများများဖတ်ဖို့လိုတယ်။ တိုင်းပြည် ခေါင်းဆောင် ဖြစ်ချင်တဲ့သူဆို ပြောစရာကို မလိုတော့ဘူး။

ဒေသဆိုင်ရာမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးမှု တွေက ကျနော်တို့ကို စာနာမှာမဟုတ်ဘူး။ သနားပါတယ်ကွာ မင်းတို့က မကောင်းတဲ့ စနစ်အောက်မှာ နေခဲ့ရတဲ့လို့ နားလည်မှု ပေးမှာမဟုတ်ဘူး။ ဒီနေ့အခြေအနေ ပေးရင်ဒီနေ့လေ့လာသင့်တယ်။ မနက်ဖြန်ဆိုတာ ကျနော်တို့အတွက် စိန်ခေါ်တဲ့ နေ့တွေပါ။ ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်ကို Special Education Zone လုပ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်နေပြီ။ ဘာကြောင်းလုပ်မလဲ ဆိုတာ အိမ်နီးချင်း ကျနော်တို့တွေ စဉ်းစားသင့်တယ်။ အိမ်နီးချင်းတွေဟာ သူတို့ရဲ့ အနာဂါတ် အတွက် ပြင်ဆင်နေတာပါ။

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝန် ပြောသွားတာ သိပ်ကိုသတိထားရမယ့် အချက်တွေပါ။ မြန်မာနိုင်ငံကို ပြည်ပက စီးပွားရေးသမားတွေ အမဲဖျက်သလို ၀ိုင်းဖျက်ကြမှာကို စိုးရိမ်တယ်လို့ ပြောသွားတယ်။ ဒီလို လောဘသမားတွေ အမဲဖျက်တာကို ကာကွယ်ဖို့ ကျနော်တို့ရဲ့ လွတ်တော်တွင်း၊ လွတ်တော်ပြင်ပ နိုင်ငံရေးသမားတွေ၊ အတိုက်အခံ ခေါင်းဆောင်တွေ စာများများ ဖတ်သင့်ပါတယ်။

အိမ်နီးချင်း နိုင်ငံတွေနဲ့၊ ပြည်ပ နိုင်ငံ တော်တော်များများက ခေါင်းဆောင်တွေဟာ အချိန်ကို တန်ဖိုးထားတဲ့သူတွေ၊ မဟုတ်တဲ့ နေရာတွေသွားပြီး အချိန်ကုန်မခံဘဲ အချိန်ကို တန်ဘိုးရှိရှိ အသုံးချတာကိုတွေ့ရပါတယ်။ ကျနော်အဖေ ပြောသလိုမျိုး ပြောရရင်တော့ “ ခေါင်းဆောင် ဖြစ်ချင်တယ်ဆိုရင် စာများများဖတ်ပါ”။

မောင်ရမ္မာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...