Friday, February 10, 2012

ဒီမိုကရေစီအတွက် ရုန်းကန်ကြ (၅) မျိုးသန့်


by Myo Thant on Saturday, February 11, 2012 at 4:06am ·
 
ကျယ်ပြန့်များပြားလှသော လူ့လောကရေးရာကိစ္စများကို အစိုးရတရပ်ကဘဲ အရာရာကို ဆောင်ရွက်နေရုံဖြင့် မလုံလောက်နိုင်ကြောင်းကို နိုင်ငံရေးခေါင်းဆောင်တွေ၊ လူထု လူတန်းစားခေါင်းဆောင်တွေ တဖြည်းဖြည်း နားလည် သဘောပေါက် လာကြပါတယ်။ ထို့ကြောင့် ဒီမိုကရေစီစနစ်မှာ ပြည်သူရေးရာကိစ္စများကို တဘက်တလှမ်းမှာ အောင်မြင်စွာ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ဖို့အတွက် အရပ်သား လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဏသည် အရေးပါ လာဒါကို ယနေ့ခေတ်တွင် ပိုမိုထင်ရှားစွာ တွေ့ရှိရမှာပါ။

သမိုင်းကို ပြန်ကြည့်လျင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ၁၈၃၉ ခုနှစ်လောက် ကတည်းက ပေါ်ပေါက်လာတယ်လို ယူဆနိုင်ပါတယ်။
  အဲဒီ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ကျွန်စနစ်ဖျက်သိမ်းရေးလှုပ်ရှားမှု၊ အမျိုးသမီးများ၏ မဲပေးပိုင်ခွင့်နဲ့ ရွေးကောက်ပွဲတွေမှာ ရွေးချယ်ပိုင်ခွင့်အပါအ၀င် နိုင်ငံရေး၊ စီးပွားရေးဆိုင် အခွင့်အရေးများရရှိရေးလှုပ်ရှားမှုနှင့် ကမ္ဘာ့လက်နက်ဖျက်သိမ်းရေးဆိုင်ရာနိုင်ငံတကာညီလာခံ(နိုင်ငံပေါင်းချုပ်အသင်း၏ ဦးဆောင်မှုဖြင့် ၁၉၃၂-၃၄တွင်ကျင်းပ)အထိ အရေးပါလာခဲ့ပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းကြီးပေါ်ပေါက်လာရေး၏ အစဖြစ်လာတော့တယ်။

နှစ်ဆယ်ရာစုအရောက်တွင် အရပ်သားလူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် ပိုမို၍ ထင်ရှားလာပါတယ်။ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြဿနာများကို ထိရောက်အောင်မြင်စွာ မဖြေရှင်းနိုင်မှုများ ရှိလာ၍ နိုင်ငံတကာတွင် နိုင်ငံများအချင်းချင်းအကြား စာချုပ်တွေ ချုပ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ဖွဲ့စည်းလာကြပြီး၊ မိမိတို့ နိုင်ငံအတွင်းရှိ ပြဿနာများကို ကူညီ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ အရပ်သားလူ့အဖွဲ့အစည်းများ ဖွဲ့စည်းမှုတွေနဲ့အတူ နိုင်ငံအတွင်းမှာပါ ဒီလို အရပ်သားအဖွဲ့အစည်းများကို ဖွဲ့ခွင့်များပေးလာကြပါတယ်။ ဥပမာပြောရလျင်- လူသားချင်းစာနာထောက်ထားသော ကိစ္စတွေ၊ ဖွံ့ဖြိုးရေး အကူအညီတွေ၊ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကိစ္စတွေ စသည်တို့ကို အရပ်သားလူ့အဖွဲ့အစည်းတွေသည် အောင်မြင်စွာ ဆောင်ရွက်လာကြပါတယ်။


စနစ်တကျဖွဲ့စည်းထားရသော အရပ်သား အသင်းအဖွဲ့များ၊ အကျိုးဆောင်အဖွဲ့များသည်

အစိုးရအဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နေရမှာ ဖြစ်ပါတယ်။ ထို့အပြင် မည်သူ တစ်ဦးတစ်ယောက် (ဒါမှမဟုတ်) တခြား အဖွဲ့အစည်းတွေရဲ့ သြဇာလွှမ်းမိုးမှုများမှ ကင်းဝေးနေရမှာဖြစ်ပြီး၊ လူတိုင်း မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်များအရ လွတ်လပ်စွာ အဲဒီ အရပ်သား အသင်းအဖွဲ့အစည်းများ၊ အကျိုးဆောင်အဖွဲ့များတွင် ပါဝင်နိုင်ရပါမယ်။ ဥပမာပြောရလျင် ၄င်းအစိုးရမဟုတ်သော အဖွဲ့အစည်းများသည် သတင်းနှင့်မီဒီယာဌာနများ၊ သုတေသနနှင့် အခွင့်အရေးဆိုင်ရာ တောက်ခံပြောဆို ရပ်တည်ပေးနေသော အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ လူမှုရေးရာနှင့် ဘာသာရေးရာ အသင်းအဖွဲ့များ ဖြစ်ပါတယ်။

တစ်ခါတစ်လေမှာ ဒီမိုကရေစီစနစ်အတွင်းမှာပင်လျင် လူနည်းစုတွေ တစ်သီးပုဂ္ဂလတွေ၏ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များဟာ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒီအတွက်ကြောင့် အစိုးရမဟုတ်သော အရပ်သားလူ့အဖွဲ့အစည်းများက ၄င်းတို့၏  နစ်နာမှုများနဲ့ အခွင့်အရေးများအတွက် လူပ်ရှားပေးနိုင်လာဒါကို တွေ့ရှိ နိုင်ပါသေးတယ်။ ဒီမိုကရေစီအတွက် ဒီလို အရပ်သား လူ့အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်နဲ့ ဖွဲ့စည်းလာနိုင်ရေးသည် အဓိက လိုအပ်ချက်ဖြစ်လာပါတယ်။

အကြောင်းက အရပ်သားလူ့အဖွဲ့အစည်းများသည် လူမှုဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးများကို ပြည်သူလူထုအတွင်း (ဒါမှမဟုတ်) အစိုးရနှင့် ပြည်သူလူထုအကြားမှာ စပ်ဆက်ပေးနိုင်သောကြောင့်ဖြစ်ပါတယ်။ နောက်ပြီး အစိုးရနှင့် ပြည်သူအကြား အပြန်အလှန်ယုံကြည် နားလည်းမှုများကိုလည်း တည်ဆောက်ပေးနိုင်ပါတယ်။

ဒီမိုကရေစီစနစ်အတွင်းရှိ အရပ်သားအဖွဲ့အစည်းများကလည်း တရားဥပဒေများနှင့် လူတစ်ဦးချင်းအခွင့်အရေးများကို သိရှိနားလည်းပြီး၊ လေးစား လိုက်နာကြရပါတယ်။ နောက်ပြီး တစ်ခြားအဖွဲ့အစည်းများကို လေးစားမှု၊ စိတ်ဝင်စားမှုနှင့် ၄င်းတို့၏ ထင်မြင်ယူဆချက်များကို အလေးထား လေးစားရပါတယ်။ လူ့လောကအတွင်း မတူညီ ကွဲပြားခြားနားနေမှုများကို အသိအမှတ်ပြု သီးခံပြီး၊ အပြန်အလှန် အသိအမှတ်ပြု လေးစားတတ်မှုများရှိနေရမှာ ဖြစ်ပါတယ်။

အရပ်သားအဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးပါတီတွေ၊ အစိုးရအဖွဲ့အစည်းများနှင့် အဆက်အစပ်တော့ရှိနေတယ်။ သို့သော်လည်း ၄င်းအစိုးရတို့နဲ့ သီးခြားစွာ လွတ်လွတ်လပ်လပ်တည်ရှိ နေရပါမယ်။ အရပ်သားအဖွဲ့အစည်းများဟာ နိုင်ငံရေးအာဏာကို ရယူမယ့် အဖွဲ့အစည်းများ မဟုတ်ကြပေမယ့်၊ နိုင်ငံရေးကိစ္စတွေမှာ ဒီလူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဏက သိပ်ကို အရေးပါနေဒါကို တွေ့ရှိနိုင်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ အကြိုကာလများတွင် မဲဆန္ဒရှင်ပြည်သူတွေအပေါ် သြဇာသက်ရောက်နိုင်ပါတယ်။

ဒါပေမယ့် မကြာခဏဆိုသလို တစ်ချို့ အရပ်သားအဖွဲ့အစည်းများက လူတွေ၏ ဘ၀များနှင့် စဉ်းစားတွေးခေါ်များကိုပါ လွှမ်းမိုးထားပြီး သဘောထားကွဲလွဲမှုများကို စိတ်ရှည်စွာ လက်မခံနိုင်ကြပါဘူးဆိုလျင်၊ နောက်ပြီး နိုင်ငံရေးပါတီတွေနဲ. နိုင်ငံရေးလူပ်ရှားမှုတွေမှာပါ ပါဝင်ပြီးတော့ အစိုးရအပေါ် လွှမ်းမိုးနိုင်ရေးများကို လုပ်လာဒါတွေကိုပါ တွေ့ရှိတတ်ပါတယ်။ အဲဒီလိုမျိုးရှိလာလျင်တော့ ဒီလို အဖွဲ့အစည်းမျိုးကို အရပ်သားအဖွဲ့အစည်းရယ်လို့ မခေါ်ဆိုနိုင်တော့ပေ။ ဒီမိုကရေစီ တည်ထွန်းရေးအတွက်ပါ အထောက်ပံ့ မလုပ်ပေးနိုင်တော့ပါ။



အရပ်သားအဖွဲ့အစည်းများသည် ဒီမိုကရေစီတည်ဆောင်ရေးနှင့် တည်တံ့ရေးအတွက် ဘာများ လုပ်ပေးနိုင်ပါသနည်း။

(၁) ပထမဦးစွာပြောရလျင် အရပ်သားအဖွဲ့အစည်းများ အစိုးရ၏ အာဏာကို လိုသည်ထက် ပို၍ မသုံးမိစေရန် ကန့်သတ်ပေးနိုင်မှုနှင့် ထိန်းချုပ်ထား နိုင်ဒါကိုတွေကို လုပ်နိုင်ပါတယ်။ ဒီမိုကရေစီစနစ်မှာ သေချာဒါက အစိုးရလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်မှုနှင့် အာဏာဆက်တည်ရှိမှုတို့ လိုအပ်ပါတယ်။ ဒါပေမယ့် အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာနေလာခဲ့ရတဲ့၊ နိုင်ငံတွေမှာတော့ နိုင်ငံရေးသမားများနှင့် အစိုးရတာဝန်ရှိသူများကို သေချာစွာ လေ့လာစောင့်ကြည့်နိုင်သော နည်းလမ်း၊ စနစ်များရှိနေဖို့လိုအပ်ပါတယ်။

အရပ်သားအဖွဲ့အစည်းများတွင် လုပ်ကိုင်ဆောင်ရွက်ကြသူများအနေဖြင့် အစိုးရအဖွဲ့ဝင်များနှင့် အာဏာပိုင်များက အာဏာကို ဘယ်လို့ အသုံးပြုနေကြသည်ကို လေ့လာစောင့်ကြည့်ပြီး၊ အကယ်၍ အာဏာ အလွဲသုံးစားမှု ရှိလာလျင် လူသိရှင်ကြား ဖေါ်ထုတ်ကာ ပြည်သူ၏ စိုးရိမ်းများကို ဖွင့်ဟဖေါ်ပြပေးနိုင်ပါတယ်။ နောက်ပြီးတော့ သတင်းအချက်အလက်များ ရယူနိုင်ရေး၊ လွတ်လပ်သော သတင်း စီးဆင်းမှုများ ရှိနေစေရေးနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်နိုင်ရေးတို့အတွက် သြဇာသုံး၍ ဥပဒေတွေ တိတိကျကျ ပြဌာန်းစေနိုင်ပါတယ်။

(၂) အရေးကြီးသော နောက်အချက်တခုက အရပ်သားအဖွဲ့အစည်းများသည် အစိုးရအဖွဲ့ဝင်များနှင့် အာဏာပိုင်များ၏ အကျင့်ပျက် လဒ်စားမှုများ ရှိနေလျင် လေ့လာဖေါ်ထုတ်ကာ၊ သိက္ခာရှိရှိဖြင့် ပြည်သူတွေ၏ ယုံကြည်မှုများကို ပြန်ရရှိနိုင်အောင် ပြုပြင်ပြောင်းလဲများကို လုပ်လာအောင် သြဇာသုံး ဖိအားပေးနိုင်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေ မည်ကဲ့သို့ ပြဌာန်းထားပါစေ အရပ်သားအဖွဲ့အစည်းများက တက်ကြွစွာဖြင့် အဂတိလိုက်စားမှုများကို ကြိုးစားစွာ ဖေါ်ထုတ်ပြီး၊ ဟန့်တားနိုင်မှု မရှိလျင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေ အောင်မြင်မှုများ မရရှိနိုင်ပေ။

(၃) အရပ်သားအဖွဲ့အစည်းများသည် ပြည်သူများ၏ နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးများကို အားပေးနိုင်ပါတယ်။ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ လုပ်နိုင်ဒါနောက်တစ်ခုက ဒီမိုကရေစီနိုင်ငံမှာ ပြည်သူ့အများ၏ အခွင့်အရေးများနှင့် တာဝန်များကို ပြည်သူများအတွင်း အသိပညာ ဗဟုသုတများ ပြန့်ပွားလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးပြောဆိုမှုများကို သေချာစွာ အာရုံစိုက်လေ့လာရေး၊ မိမိတို့ ယုံကြည်သူများကို မဲပေးပြီး ရွေးကောက်တင်မြောက်လာနိုင်ရေး စသည်တို့ကို အားပေးနိုင်ပါတယ်။ ပြည်သူလူထုအတွင်း ဘုံပြဿနာများကို စုပေါင်းဖြေရှင်းလာနိုင်ရန်အတွက် အရည်အချင်း မြင့်မားလာစေရေး၊ ပြဿနာအရေးကိစ္စများကို အောင်မြင်စွာ ဖြေရှင်းနိုင်ရေး၊ အခြေအတင် အငြင်းအခုန်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးနှင့် မိမိတို့၏ အမြင်အယူအဆများ ဖေါ်ထုတ်ရေးများကို တိုးတက်ဖွံဖြိုးလာအောင် အားပေးဆောင်ရွက်နိုင်ပါတယ်။

(၄) အရပ်သားအဖွဲ့အစည်းများသည် ဒီမိုကရေစီ၏ အခြားသော တန်ဖိုးများဖြစ်သော သီးခံနိုင်မှု၊ အယူအဆ မျှမျှတတရှိမှုနှင့် ဆန်ကျင်ဖက် အမြင် မတူသော သူများကို လေးစားတတ်မှု စသည်တို့ကို တည်ရှိလာအောင် အားပေးနိုင်ပါတယ်။ လိုက်လျော ညီညွတ်အောင်ပြုလုပ်တတ်သော ယဉ်ကျေးမှုများသည် ခိုင်မာစွာ မရှိနိုင်သေးလျင်၊ ဒီမိုကရေစီကို တည်ရှိပြီး တည်တံ့အောင် မထိန်းထားနိုင်ပေ။ ၄င်းတန်ဖိုးများရရှိဖို့ဆိုဒါသည် သင်၍ သက်သက်ဖြင့်မရ၊ အတွေ့အကြုံများဖြင့် ယှဉ်ကာ လက်တွေ့မှာပါ အသုံးချတတ်ရပါမယ်။ အဲဒီလို လက်တွေ့ကြသော အလုပ်များကို ပြည်သူလူထုအကြား တိုးတက်ရှင်သန်လာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။

(၅) အရပ်သားအဖွဲ့အစည်းများသည် ဒီမိုကရေစီနှင့်သက်ဆိုင်သော ပညာပေးလုပ်ငန်းများကို ကျောင်းတွေမှာ ကျောင်းသားများကို ဗဟုသုတရရှိရန် လေ့ကျင့် သင်ကြား ပို့ချ နိုင်အောင် ကူညီနိုင်ပါတယ်။ ဒီမိုကရေစီကို စတင်ကျင့်သုံးလာသော နိုင်ငံတွေမှာ အာဏာရှင်စနစ်တွင် ရှိနေခဲ့သော အမှားများ၊ ရာဇာဝတ်မှုများကို လေ့လာ သင်ခန်းစာ ယူနိုင်ရေးနှင့် အခြားသော ဒီမိုကရေစီ ပညာရေးများကို သင်ရိုး ညွှန်းတမ်းများအဖြစ် ရေးဆွဲပြဌာန်းရပါမယ်။

နောက်ပြီး ဒီမိုကရေစီ၏ အခြေခံမှုများနှင့် တန်ဖိုးများကို ကျောင်းတွေမှာ သင်ကြားပို့ချနိုင်ရေးအပါအ၀င် ကျောင်းသားသမဂ္ဂတွေကို တည်ထောင်ပြီး၊ လူငယ်များကျောင်းသားဘ၀မှ စ၍ ဒီမိုကရေစီစံသော အလေ့အကျင့်များကို ရရှိနိုင်အောင် ဖန်းတီထားသော နေရာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအတွင်းရှိ တာဝန်ရှိသူများပါ ပူးပေါင်း လုပ်ဆောင်ရပါမယ်။ ဒါတွေဟာ အင်မတန် အရေးကြီးသော လုပ်ငန်းများဖြစ်ကြပါတယ်။  

အရပ်သားအဖွဲ့အစည်းများအနေဖြင့် အပြုသဘောဆောင်သော အဖွဲ့အစည်းများအဖြစ် ရပ်တည်ကာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သင်တန်းများ ပို့ချပေးနိုင်ရန်၊ ဒီမိုကရေစီရေး ဗဟုသုတများပြန့်ပွားလာအောင် အားပေး အားမြောက်လုပ်နိုင်ပါတယ်။

(၆) အရပ်သား လူ့ဘောင် အဖွဲ့အစည်းအတွင်း လူအမျိုးမျိုးတို့၏ စိတ်ပါဝင်စားမှုများသည် မတူညီ ကွဲပြားနေတတ်ပါတယ်။ ထို့ကြောင့် အရပ်သား အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုဒါဟာ ၄င်း အဖွဲ့ဝင်များရဲ့ စိုးရိမ်မှုတွေ၊ လိုအပ်ချက်တွေအတွက် အစိုးရအပေါ် သြဇာသုံး ဖိအားပေးပြီး ဖြေရှင်းလာရေးအတွက် လုပ်ရသော အရပ်သားလူ့အဖွဲ့အစည်းများဖြစ်ပါတယ်။

အရပ်သားလူ့အဖွဲ့အစည်းများကို အမျိုးသမီးများ၊ ကျောင်းသားများ၊ လယ်သမားများ၊ ပတ်ဝန်းကျင်စောင့်ရှောက်ကြသူများ၊ အလုပ်သမားများ၊ ရှေ့နေများ၊ ဆရာဝန်များ စသော လူတန်းစားအလွှာအလိုက် အသင်းအဖွဲ့များ သမဂ္ဂအဖွဲ့များ ဖွဲ့စည်းပြီး၊ ၄င်းတို့၏ အကျိုးအတွက် တခြားလူများ၏ အကျိုးကို မထိခိုက်စေဘဲ၊ လွတ်လပ်စွာ လှုပ်ရှားနိုင်ခွင့် ရှိရပါမယ်။ မိမိတို့၏ လူတန်းစာအလွှာလိုက် အသင်းအဖွဲ့များကို ဖွဲ့စည်းပြီး၊ မိမိတို့၏ စိုးရိမ်မှုများနဲ့ လိုအပ်ချက်များအတွက် လွတ်လပ်စွာ ဖြည့်ဆီဆောင်ရွက်ရပါတယ်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် အစိုးရ၏ မူဝါဒတွေအပေါ် သြဇာသုံး လှုပ်ရှားနေသော အဖွဲ့များ၊ အခွင့်အရေးဆိုင်ရာ လူပ်ရှားသော အဖွဲ့များနှင့် အခြားသော လူတန်းစားအလိုက် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ ဖြစ်သောကြောင့်- မိမိတို့၏ အမြင်အယူအဆများကို သက်ဆိုင်ရာ ပါလီမန်အတွင်း၊ ဒေသဆိုင်ရာ ကောင်စီအဖွဲ့အတွင်း (ဒါမှမဟုတ်) အခြားသော အစိုးရအဖွဲ့အစည်းအသီးသီးနှင့် လွှတ်တော်အတွင်း ကော်မတီ အသီးသီး ဆီသို့ ရောက်အောင် ပို့ဆောင်နိုင်ပါတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးကို ပြုလုပ်ပေးနိုင်ပြီး၊ အေဂျင်စီတွေကိုလည်း မိမိတို့၏ စိုးရိမ်မှုနဲ့ အကျိုးများအတွက် ၄င်းတို့၏ သြဇာကို သုံးချပြီး တိုက်တွန်နိုင်ပါတယ်။

အရပ်သားလူ့အဖွဲ့အစည်းများသည် ကြံရည်ဖန်ရည်ဖြင့် ပြုလုပ်တတ်ပြီး၊ သေချာစွာ ဖွဲ့စည်းထားရုံသာမက မိမိတို့၏ ဆန္ဒသဘောထားများ၊ ပြဿနာများကို ဖေါ်ထုတ် ဖြေရှင်းပေးနိုင်ပါတယ်။ တစ်ချိန်အခါက ဆိုလျင် သမိုင်းစဉ်တလျှောက်လုံး ဒီလို အရပ်သားတွေဟာ ဖိနှိပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ယခုအခါတွင် ဒီမိုကရေစီနိုင်ငံတွေမှာ ၄င်းတို့၏ အခွင့်အရေးများနှင့် အကျိုးများကို တိတိကျကျ သတ်မှတ်ပြီး ကာကွယ်လာကြဒါကို တွေ့ရပါတယ်။

(၇) အရပ်သား လူ့အဖွဲ့အစည်းများဟာ ဒီမိုကရေစီအတွက် အဓိက အင်အားတရပ်ဖြစ်ပါတယ်။ ကွဲပြားခြားနားနေသော လူမျိုး၊ ဘာသာ၊ သာသနာများကို မခွဲခြားဘဲ။ စုစည်းညီညွတ်စွာ အားလုံးကို လူသားအမြင်ဖြင့် ဆက်ဆံနိုင်ရေးအတွက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ တစ်ဦးနဲ့တစ်ဦးအကြား ယုံကြည်လေးစားဖြစ်လာရေးကို အားပေးနိုင်ပါတယ်။

အရေးကြီးသော အချက်တစ်ခုက လူတွေအကြားတွင် မတူညီ ကွဲပြားနေမှုများကို ခွဲခြားကာ ဆက်ဆံ နေလျင်- ဒါမှမဟုတ် ပဋိပက္ခတွေ ဆက်လက်ရှိနေလျင် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရေး၊ တည်ငြိမ်ရေးနှင့် တည်တံ့ရေးများကို မလုပ်နိုင်ပေ။ အဲဒါကြောင့် ဒီ လူမျိုး၊ ဘာသာ၊ သာသနာ မတူညီ ခြားနားနေသော သူများအချင်းချင်း ဘုံအကျိုးစီးပွားပေါ် အခြေခံပြီးတော့၊ အမျိုးသမီးများ၊ အနုပညာရှင်များ၊ ဆရာဝန်များ၊ ကျောင်းသား၊ အလုပ်သမားများ၊ လယ်သမားများ၊ ရှေ့နေများ၊ လူ့အခွင့်ရေးလှုပ်ရှားသူများ၊ ပါတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သူများ၊ အလိုက် အချင်းချင်း ချစ်ခင်ရင်းနှီးစွာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများရှိလာဖို့လိုအပ်ပါတယ်။ ၄င်းတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုရှိလာ လေလေ၊ ဒီမိုကရေစီအတွက် ပိုမို၍ အာမခံချက်ရှိလာလေလေဖြစ်ပါတယ်။ ဒီအတွက် အရပ်သားလူ့အဖွဲ့အစည်းကြီးများဟာ၊ ပိုမို တည်ငြိမ်ပြီး၊ ဖွံ့ဖြိုးတိုးတက်လာအောင်အားပေးနိုင်ပါတယ်။

(၈) အရပ်သား လူ့အဖွဲ့အစည်းများဟာ အနာဂတ်၏ နိုင်ငံရေးခေါင်ဆောင်များကို လေ့ကျင့်ပျိုးထောင်ပေးသော နေရာ တစ်ခုဖြစ်တယ်။ ထို့ကြောင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အခြားသော အရပ်သားလူ့အဖွဲ့အစည်းများသည် အစိုးရ အဆင့်ဆင့်များ အတွက် ရွေးကောက်ပွဲဝင်ပြီး၊ ဒေသဆိုင်ရာနဲ့ အစိုးရ၀န်ကြီးနေရာတွေမှ ပြည်သူ့အကျိုးနဲ့ အရေးကြီးသော ပြည်သူ့ရေးရာ ကိစ္စများကို လုပ်ဆောင်နိုင်သည့် မျိုးဆက်သစ်ခေါင်ဆောင်များကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ပါတယ်။

(၉) အရပ်သား လူ့အဖွဲ့အစည်းများဟာ တိုင်းပြည်အတွက် အရေးကြီးသော ကိစ္စရပ်များကို ပြည်သူလူထု သိရှိအောင်ဆောင်ရွက်နိုင် ပါတယ်။ လူထုသတင်းဌာနများအနေဖြင့်သာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ပြည်သူ့ရေးရာမူဝါဒများအတွက်  လူအများ စုပေါင်းဆွေးနွေးရာ နေရာတစ်ခုအဖြစ် ဖန်တီပေးနိုင်ပါတယ်။ ကျယ်ပြန့်များပြားသော သတင်းအချက်အလက်များကို ပြည်သူ့လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်သို့ အရောက် ပို့ဆောင်ပေးနိုင်ပြီး၊ တိုင်းပြည်၏ ပြည်သူများအားလုံးအထိပါ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

(၁၀) အရပ်သား လူ့အဖွဲ့အစည်းများသည် နိုင်ငံရေးပဋိပက္ခများတွင် နှစ်ဦးနှစ်ဘက်အကြား ငြိမ်းချမ်းရေး၊ ပြေလည်ရေးများဖြစ်လာအောင် စေ့စပ်ပေးနိုင်ပြီး၊ ပဋိပက္ခများကို ပြေလည်စွာ ဖြေရှင်းနိုင်အောင် အားပေးနိုင်ပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများဟာ အဆိုပါ ပဋိပက္ခများကို အောင်မြင်စွာ ဖြေရှင်းလာနိုင်ရေးအတွက် သင်တန်းများပို့ချပေးပြီး၊ နိုင်ငံရေးနှင့် အခြားသော ပဋိပက္ခများ ပပျောက်ရေးအတွက် နှစ်ဦးနှစ်ဖက်အကြား သဘောတူညီမှုရရှိပြီး၊ ပြန်လည် သင့်မြတ်ရေးကို ညှိနှိုင်းကူညီပေးနိုင်ပါတယ်။

(၁၁) အရပ်သား လူ့အဖွဲ့အစည်းများသည် ပုံမှန်ကျင်းပနေသော ရွေးကောက်ပွဲများကို မှန်ကန်မှုများ ရှိမရှိ လေ့လာစောင့်ကြည့်ပေးနိုင် ပါတယ်။ လိုအပ်ချက်က ရွေးကောက်ပွဲတွေကို မှန်ကန်မှုများ မရှိလျင်၊ ဒီအချက်ကို လေ့လာဖေါ်ထုတ်ပေးနိုင်မယ့်သူသည် သီးခြားလွတ်လပ်၍ ကြာနေသော သူများကသာ ဒီလို အလုပ်မျိုးကို လုပ်ရဒါဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတဖို့ အစိုးရ အာဏာရှိနေသော သူများက မဲရုံးတွေမှာ သီးခြားလွတ်လပ်ပြီး ကြာနေသော သူတွေကို လွတ်လပ်စွာ လေ့လာစောင့်ကြည့်ခွင့်များကို ပေးထားရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကို ကျင့်သားမရှိသေးသော နိုင်ငံတွေမှာ ရွေးကောက်ပွဲဝင်သော နိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲ၏ ရလာဒ်များသည် စိတ်ချယုံကြည်မှု ဖြစ်နိုင် မနိုင်ဆိုဒါကို လွတ်လပ်ပြီး၊ ကြာနေသည့် အရပ်သား လူ့အဖွဲ့အစည်းများက အဓိက စိစစ်ခွင့်ရှိဖို့နဲ့၊ ဒီလိုအရေးကြီးနေသော အလုပ်တို့ကို လုပ်ကိုင်နိုင်ဖို့ အရေးကြီးပါတယ်။

(၁၂) အရပ်သား လူ့အဖွဲ့အစည်းများသည် အစိုးရတွေနဲ့ ပဋိပက္ခဖြစ်လာဖို့ မဟုတ်ပါဘူး။ အရပ်သား လူ့အဖွဲ့အစည်းများသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများဆိုတိုင် အစိုးရကို ဝေဖန်ရမယ်၊ အစိုးရကို ဆန်ကျင်ရမယ်လို့မဆိုလိုပါဘူး။ တာဝန်ကျေသော၊ တာဝန်ခံသော၊ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသော၊ ပြည်သူ့အကျိုးကို စောင့်သိသော အစိုးရများဖြစ်လာစေရေးအတွက် အကူအညီပေးဖို့ဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေကိုလည်း မိမိ၏ နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များကို လက်တွေ့ကျကျ အသုံးချတတ်အောင် အားပေးရမှာ ဖြစ်သလို့၊ ဒီမိုကရေစနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် အရပ်သား လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် လွန်စွာမှ အရေးကြီးနေပါတယ်။


ဆက်ရန်...မျှော်.....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...