မြန်မာတို့၏ရည်မှန်းချက်လွန် ထားဝယ်စီမံကိန်း မရေရာမှုကြုံနေ
(Reuters မှ 3 February 2012 ရက်စွဲပါ Myanmar's ambitious Dawei project faces uncertainty ကို ဘာသာ ပြန်ဆိုသည်)
အင်ဒိုချိုင်းနား၏ ကမ္ဘာလုံးဆိုင်ရာ ဂိတ်ပေါက်အသစ်ဟု အကောင်အထည်ဖော်သူ လုပ်ငန်းရှင်များက ကြေညာနေကြသော မြန်မာနိုင်ငံ တောင်ပိုင်း ထားဝယ်မြို့အနီးမှ ရည်မှန်းချက်ကြီးလွန်းသော ဒေါ်လာ ၅ဝ ဘီလျံတန် စီမံကိန်းကြီး၏ လတ်တလော မြင်နိုင်သောအရာများမှာ ဖုံထူထူ လမ်းများနှင့် ယာယီရုံးခန်းများသာ ဖြစ်ပေသည်။
မြန်မာတောင်ပိုင်းကမ်းရိုးတန်းဒေသမှ မြေဝိုင်းများကို အရှေ့တောင်အာရှ၏ အကြီးဆုံးစက်မှုဇုန်အဖြစ် အသွင်ပြောင်းမည့် ထိုင်းနိုင်ငံ၏ အင်အားကြီး ဆောက်လုပ်ရေးကုမ္မဏီ အီတာလျံထိုင်း၏ ခြေလှမ်းကျဲသော အစီအစဉ်များ အပေါ် အထူးမေးခွန်းထုတ်စရာများ ပတ်လည်ဝိုင်းလျက်ရှိသည်။
"ဒီမှာတော့ စီမံကိန်းနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုက တော်တော်လေးကို နည်းလွန်းပါတယ်။ သူတို့ကသာ (ထိုင်းကုမ္မဏီများ) စီမံကိန်းကို ရှေ့ဆက်ဖို့ အမှန်တကယ် ယုံကြည်ချက် ရှိတယ်ဆိုရင် ကျွန်တော်တို့အများစုက ဝမ်းသာရမှာပါ" ဟု စီမံကိန်းနှင့်ထိစပ်နေသော မောင်းမကန်ကမ်းခြေမှ ကုန်သည် ကိုကျော်နိုင်ဦးက ပြောသည်။
အဆိုပါမှတ်ချက်သည် ဒေသခံအခြားရွာသားများနှင့် စီးပွားရေးအကဲခတ်များသာမကဘဲ အစိုးရအဖွဲ့ကိုပင် ကိုယ်စားပြုထင်ဟပ်နေသည်ဟု ဆိုနိုင်သည်။ လူဦးရေသန်း ၆ဝ ၏ သုံးပုံတစ်ပုံမှာ တစ်နေ့ဝင်ငွေ ၈ဝဝ (၁ ဒေါ်လာ) ပင် မပြည့်သော နိုင်ငံမှ ထားဝယ်မြို့သည် ယင်းစီမံကိန်း၏ပမာဏနှင့် ရည်မှန်းချက်များအပေါ် များစွာ စိတ်ဝင်စား တက်ကြွလျက် ရှိသည်။ စူပါဟိုင်းဝေးလမ်းများ၊ သံမဏိစက်ရုံများ၊ ဓာတ်အားပေးစက်ရုံများ၊ သင်္ဘောဆိပ်များ၊ ရေနံချက်စက်ရုံများ၊ စက္ကူနှင့်ပျော့ဖတ်စက်ရုံများ ပါဝင်သော ရေနံဓာတုစက်မှုဇုန်သာမက ဂေါက်ကွင်း ၂ ကွင်းနှင့်အပန်းဖြေဟိုတယ်ပါ ထည့်သွင်းထားသော အစီအစဉ်များ အားလုံးသည် ကြီးထွားနေသော တရုတ်နှင့် အိန္ဒိယ အင်အားကြီးနှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အထိုင် ချထားခြင်းပင် ဖြစ်သည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး အထူးစီးပွားရေးဇုန်ကို ယခင်တပ်မတော်အစိုးရဟောင်းက သဘောတူလက်မှတ်ထိုးခဲ့ပြီး တစ်နှစ်သို့ ကြာလာချိန်တွင် ဗြိတိသျှကိုလိုနီဟောင်းနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အနောက်နိုင်ငံ sanctions များ ရုတ်သိမ်းမည့် အလားအလာများ ထွက်ပေါ်နေသော်လည်း ထားဝယ်စီမံကိန်းမှာမူ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။
ယခုအချိန်ထိ အီတာလျံထိုင်းကုမဏီအနေဖြင့် ထိုင်းနိုင်ငံနှင့် ဆက်သွယ်သော ကီလိုမီတာ ၈၀၀ ကျော် လမ်းကြမ်းဖောက်လုပ်ပြီးနောက် ကားလမ်းများ၊ တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်များ၊ ဆိပ်ကမ်းနှင့် အဆောက်အဦးများ စသော စီမံကိန်းပထမအဆင့် တည်ဆောက်ရေးအတွက် ဒေါ်လာ ၈.၅ ဘီလျံမျှသာ မတည်ရန်ပုံငွေ ရရှိထားသည်။
အီတာလျံထိုင်းကုမဏီအမှုဆောင် အရာရှိများက ယခုနှစ်ကုန်တွင် မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက် ရှာတွေ့ရန် မျှော်လင့်ထားကြပြီး ယခုလအတွင်း တောင်ကိုရီးယားမှ ရင်းနှီးမြှုပ်နှံသူများထံ စီမံကိန်းအလားအလာများ ရှင်းလင်းတင်ပြရန် စီစဉ်နေကြသည်။ မြန်မာစွမ်းအင်ဝန်ကြီး ဦးသန်းဌေးက "ထားဝယ်ထက် ပိုမိုမြန်ဆန်စွာ တိုးတက်နေသော အခြားအထူးစီးပွားရေးဇုန် နှစ်ခုမှာ ရန်ကုန်အနီးသီလဝါနှင့် တရုတ်ပိုက်လိုင်းစီမံကိန်းများ၊ ရေနက်ဆိပ်ကမ်းများ အပြီးသတ်လုနီးနေပြီဖြစ်သော ကျောက်ဖြူတို့ဖြစ်သည်" ဟု Reuters သတင်းဌာနသို့ ယခင်အပတ်က ပြောကြားခဲ့သည်။
"ထားဝယ်ဇုန်ထက် ကျောက်ဖြူက ပိုပြီးတော့ မြန်နေပါတယ်။ အခုဆိုရင် ကျောက်ဖြူဒေသကို လျှပ်စစ်မီးပေးဖို့ ကျွန်တော်တို့စဉ်းစားနေပါပြီ" ဟု ယင်းကဆက်လက်ပြောသည်။
အစိုးရက ဇန်နဝါရီ ၁ဝ ရက်တွင် ထားဝယ်ဒေသမှ ၄ဝဝဝ မီဂါဝပ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုကို သဘာဝပတ်ဝန်းကျင် အကြောင်းပြချက်ဖြင့် ရုတ်တရက် ရပ်ဆိုင်းလိုက်သောကြောင့် လျှပ်စစ်ဓာတ်အားကိစ္စမှာ ထားဝယ်စီမံကိန်း၏ ပြဿနာများတွင် ထိပ်တန်းဦးစားပေး ဖြစ်လာခဲ့သည်။
အီတာလျံထိုင်း၏ အမှုဆောင်ဒါရိုက်တာ ဆုမ်ချက်သီနာပေါင်က ဇန်နဝါရီ ၂၃ တွင် Reuters သို့ ပြောကြားရာတွင် ယင်းတို့၏ စီးပွားဖက် ဓာတ်အားထုတ်လုပ်သူ ရတ်ချနာပူရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဦးပိုင်လီမိတက် (RATC-BK) သည် ကီလိုမီတာ ၅ဝ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်း၍ သဘာဝဓာတ်ငွေ့အသုံးပြုခြင်း အပါအဝင် လောင်စာဆီသုံး ထုတ်လုပ်မှုပုံစံတစ်မျိုးကို သုံးလအတွင်း စဉ်းစားဆုံးဖြတ်မည်ဟု ဆိုသည်။
သို့သော် စွမ်းအင် ဝန်ကြီးဦးသန်းဌေးက သဘာဝဓာတ်ငွေ့ အသုံးပြုမည့်ကိစ္စကို အတည်မပြုပေးဘဲ စီမံကိန်းအတွက် လျှပ်စစ်မီး ပေးရမည့် ကိစ္စက ယခုထိ မသေချာသေးဟုလည်း ပြောသည်။
နိုင်ငံတွင်း မီးလင်းရေးကိစ္စများကိုပင် နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့သော မြန်မာနိုင်ငံတွင် ရန်ကုန်နိုင်ငံတကာ လေဆိပ်အပါအဝင် နိုင်ငံတစ်လွှား အမှောင်ကျမှုများ မထူးဆန်းသောကြောင့် စက်မှုဇုန်အနေဖြင့် ကိုယ့်အားကိုယ်ကိုး လှုပ်ရှားရပေလိမ့်မည်။
ကြိုတင်လေ့လာမှုအဆင့်မျှသာ ပြုလုပ်ရသေးသော ရတ်ချနာပူရီကုမ္မဏီအပေါ် အထက်ပါပြဿနာကြောင့် ဖိအားများ ကျရောက်လျက်ရှိသည်ဟု နိုဝင်ဘာ ၁၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။
ထားဝယ်စီမံကိန်း၏ အနာဂတ်ကို အခြားဝန်ကြီးဌာနများက ဆုံးဖြတ်ကြလိမ့်မည်ဟု ထုတ်ဖော်ပြောဆိုသော ဦးသန်းဌေးက အစိုးရ ဆက်လုပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ ယင်း၏ အမြင်ကို ပြောကြားရာတွင် "အရင်အစိုးရက လုပ်ခဲ့တဲ့ ကန်ထရိုက်စာချုပ်အတိုင်း မဖြစ်နိုင်တော့ဘူးလို့ မှန်းဆပါတယ်" ဟု ဆိုသည်။
ထားဝယ်စီမံကိန်းအနှစ် ၆ဝ လုပ်ကိုင်ခွင့်ကို လွန်ခဲ့သော ၁၄ ရက်က ရရှိထားသော အီတာလျှံထိုင်း ကုမ္မဏီကမူ အထက်ပါ မှတ်ချက်များကို ပယ်ချလျက် ရှိသည်။
အမှုဆောင်ဒါရိုက်တာဆုမ်ချက်က "စီမံကိန်းက ရှေ့ဆက်သွားနေပါတယ်။ ပြန်လှည့်လို့မရတော့ပါဘူး။ သူတို့ပြောချင်တာ ပြောလို့ရပေမဲ့ နောက်ဆုံးပိတ် ဆုံးဖြတ်ချက်ကတော့ မြန်မာသမ္မတကြီး ဦးဆောင်တဲ့ အထူးကော်မတီအပေါ် မူတည်ပါတယ်" ဟု Reuters သတင်းဌာနက ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
အီတာလျှံထိုင်းက ရရှိထားသော အင်အားကြီးမြန်မာလုပ်ဖော်ကိုင်ဖက်မှာ စီမံကိန်း၏ လေးပုံတစ်ပုံကို ရယူထားသော Max Myanmar Group အကြီးအကဲ ဦးဇော်ဇော်ဖြစ်၍ ယင်းသည် မြန်မာအစိုးရနှင့်နီးစပ်သူဖြစ်သည်။
၂ဝဝ၇ နိုဝင်ဘာ ၁၅ ရက်က အမေရိကန်သံတမန်ဆက်သွယ်ရေး ကေဘယ်တွင် နောက်တက်လာမည့် ဝေမျှစားဖက် လုပ်ငန်းရှင်အဖြစ် ဖော်ပြခံရသော ဦးဇော်ဇော်သည် ယခုအခါ မြန်မာနိုင်ငံ၏ ဩဇာကြီး လုပ်ငန်းရှင်တစ်ဦးဖြစ်နေပြီဖြစ်သည်။
ယခုအချိန်တွင် ထိုင်းနိုင်ငံ၏ ထိပ်တန်း Bangkok Bank က ထားဝယ်ဓာတ်အားပေးစီမံကိန်းကို ငွေကြေး ထောက်ပံ့လျက်ရှိပြီး Siam Commercial Bank က စီမံကိန်းတစ်ခုလုံးကို ရင်းနှီးငွေ ပံ့ပိုးပေးနေသည်ဟု သိရှိရသည်။
အီတာလျံထိုင်းက အလားအလာကောင်းသော လုပ်ဖော်ကိုင်ဖက်များအဖြစ် သတ်မှတ်ထားသာ ကုမဏီများတွင် မလေးရှား Petroliam Nasional Bhd၊ ဂျပန် Mitsubishi Corp၊ Mitsui Co. နှင့် Sumitomo Corp၊ တောင်ကိုရီးယား POSCO တို့ပါဝင်ကြသည်။
ဂျပန်ကုန်သွယ်ရေးဝန်ကြီး ယူကီရိုအီဒါနိုကလည်း ယခင်လက ခရီးစဉ်များအတွင်း ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ မြန်မာအစိုးရ၊ ထိုင်းအစိုးရတို့နှင့် အသီးသီး ဆွေးနွေးသွားခဲ့သည်။
ဂျပန်ဝန်ကြီး အီဒါနိုနှင့် တွေ့ဆုံခဲ့သော ဆုမ်ချက်က "ဒီစီမံကိန်းက ကြီးပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း တော်တော် စိတ်ဝင်စား နေကြပါတယ်" ဟု ပြောကြားခဲ့သည်။
ထားဝယ်ဒေသသည် ထိုင်းနိုင်ငံ မော်တော်ကားစက်ရုံများအတွက် အစိတ်အပိုင်းထုတ်လုပ်သော ဂျပန်ကုမဏီများအတွက် အလားအလာ ကောင်းသလို ထိုင်းကုမ္မဏီများအတွက်လည်း ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းမည့်အလားအလာရှိသည်ဟု ရှုမြင်ကြကြောင်း သိရသည်။ ဆုမ်ချက်က ထိုင်းနိုင်ငံသို့ ဖောက်လုပ်သောကားလမ်း အပါအ၀င် အခြေခံအဆောက်အဦးများကို ၃ နှစ်အတွင်း အချောသတ်ပြီးစီးရန် မျှော်လင့်ထားပြီး အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမှ ဘန်ကောက်နှင့် အရှေ့တောင်အာရှဒေသသို့ တင်ပို့သည့် ကုန်စည်များကို မလက္ကာရေလက်ကြားကို ရှောင်လွှဲပြီး ထားဝယ်မှတဆင့် မြန်ဆန်စိတ်ချစွာ ပို့ဆောင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။
စတော့ရှယ်ယာ ပွဲစားများကလည်း မရေရာသောလေသံကို ထုတ်ဖော်လာကြသည်။ စင်ကာပူ စတော့ ကုမဏီ DBS Vickers Securites က စွန့်စားရမည့် အချက်များကို မီးမောင်းထိုးပြသည်။
"မြန်မာနိုင်ငံအတွက် စီးပွားရေးအလားအလာတွေ ဆောင်ကြဉ်းလာတယ်ဆိုပေမယ့် စီမံကိန်းက မြေစမ်းခရမ်းပျိုး အဆင့်မျှသာ ရှိသေးတဲ့အပြင် စွန့်စားမှုတွေ ပတ်လည်ဝိုင်းနေပါတယ်။ မီဂါဝပ် ၄၀၀၀ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ရုတ်တရက်ရပ်ဆိုင်းလိုက်မှုကြောင့် အီတာလျံထိုင်းအတွက် ငွေကြေး ကူညီမယ့် မဟာဗျူဟာစီးပွား ဖက်တွေ ရရှိဖို့ ခက်ခဲသွားပါတယ်" ဟု စတော့ကုမဏီက သုံးသပ်ထားသည်။
ထို့အပြင် စီမံကိန်းအတွက် ငွေကြေးရန်ပုံငွေ တိုးလာရန် စီမံကိန်းနယ်မြေအတွင်း မြေရောင်းရန် စီစဉ်ခြင်းမှာလည်း အကောင်းဖက်က ရှုမြင်ဆောင်ရွက်မှုသာဖြစ်ကြောင်း ဝေဖန်ထားပြီး၊ မဟာဗျူဟာမြောက် စီးပွားဖက်နှင့် ငွေကြေးအကူအညီမရပါက အီတာလျံထိုင်း၏ တစ်နှစ်တာအတွင်း စတော့ရှယ်ယာဈေးကွက် ဈေးနှုန်းမှာ အခြေအနေမကောင်းပဲ 0.1 ရာခိုင်နှုန်းမျှသာ မြင့်တက်ခဲ့သည်ဟု သိရှိရသည်။
ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနမှ စီးပွားရေးသုတေသနဌာန ဒါရိုက်တာ ကာနစ်ဆမ်ဆူဘန်က "ထားဝယ်စီမံကိန်းသည် အစိုးရ၏ ကြီးကြီးမားမား ပါဝင်ပတ်သက်မှု သို့မဟုတ် နိုင်ငံပိုင်ကုမဏီများ၏ ပူးတွဲရင်းနှီးမြုပ်နှံမှုတို့ကို လိုအပ်လိမ့်မည်"ဟု ရိုက်တာသို့ ပြောကြားသည်။
မြန်မာစွမ်းအင်ဝန်ကြီး ဦးသန်းဌေးကမူ "မိမိတို့ အစိုးရသည် ပုဂ္ဂလိကပိုင် ပိုမိုပါဝင်မှုကို အားပေးရန် ဆန္ဒရှိသည်"ဟု ပြောကြားထားသည်။ "မြန်မာနိုင်ငံမှာ ရေနံချက်စက်ရုံတွေ ဖြန့်ဖြူးရေးကိစ္စတွေကို ပုဂ္ဂလိကပိုင်းက ပိုမိုကိုင်တွယ် ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ဒီကိစ္စတွေကို အာရုံစိုက်နေရလို့ ထားဝယ်မှာ ပါဝင်ပတ်သက်ဖို့ အစီအစဉ်မရှိသေးပါဘူး"ဟု ယင်းက ဆိုသည်။
ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် ရေနံဓာတ်ငွေ့ကုမဏီကြီးများဖြစ်သော PTT Exploration နှင့် PTTE-BK တို့သည်လည်း ထားဝယ်တွင် ပါဝင် ပတ်သက်ရန် အနည်းငယ်သာ စိတ်ဝင်စားကြောင်း ပြသထားကြသည်။
Macquarie University မှ မြန်မာ့စီးပွားရေးရာ ကျွမ်းကျင်သူ ရှောင်တာနဲလ်က "ထားဝယ်နဲ့ ပတ်သက်လို့ ပြောဖို့ သိပ်ကို စောလွန်းနေပါတယ်"ဟု မှတ်ချက်ပေးထားသည်။

0 comments:
Post a Comment