မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက် (၁၉၄၈ မှ ၁၉၈၈) (အဆက်)
by cherrymyodaw on Wednesday, February 22, 2012 at 6:34pm
·
မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက် (၁၉၄၈ မှ ၁၉၈၈)
CASE STUDY OF MYANMAR POLITICS (1948 TO 1988)
လူမှုနိုင်ငံရေးတန်ဖိုး
တိုင်းပြည်တစ်ပြည်၏ စီးပွားရေး၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများမှာ သက်ဆိုင်ရာ
လူ့အဖွဲ့အစည်း၏ “လူမှုနိုင်ငံရေးတန်ဖိုး” (SOCIAL POLITICAL VALUE) နှင့်
နီးနီးကပ်ကပ်ဆက်စပ်လျက်ရှိသည်ဆိုသော ယူဆချက်တစ်ရပ်ရှိပါသည်။
လူမှုနိုင်ငံရေးတန်ဖိုးဆိုရာတွင် နိုင်ငံရေးဓလေ့သာမက “လူမှုရေးဓလေ့”
(SOCIAL CULTURE) ပါအကျုံးဝင်သည်။ မြန်မာ့နိုင်ငံရေးဓလေ့အကြောင်း
ရှေ့ပိုင်းတွင်ဖော်ပြခဲ့ပြီးဖြစ်ရာ မြန်မာ့လူမှုဓလေ့ကိုဆက်လက်ဆန်းစစ်ကြည့်ပါမည်။
လူမျိုးတိုင်းမှာပင် ၎င်းတို့၏ သက်ဆိုင်ရာကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် စီးပွားရေး
ဆက်ဆံမှုများအလိုက် မတူသော လူမှုဓလေ့များရှိကြသည်သာဖြစ်သည်။
မြန်မာ့လူမှုဓလေ့မှာလည်း ဖော်ပြခဲ့ပြီးသော နှစ်ပေါင်းရှစ်ရာကျော်ပဒေသရာဇ်သမိုင်း
နောက်ခံတွင် ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။
ဤအမြင်ဖြင့် မြန်မာ့လူမှုဓလေ့ကိုဆန်းစစ်ကြည့်လိုက်ရာ ထူးခြားလက္ခဏာသုံးရပ်ကို
အောက်ပါအတိုင်းတွေ့ရှိရပါသည်။
၁။ နှုန်းစံအခြေပြုချဉ်းကပ်နည်း (NORMATIVE APPROACH)
၂။ အလွန်တိုသော ယုံကြည်မှုအချင်းဝက် (VERY SHORT RADIUS OF TRUST) နှင့်
၃။ ပုဂ္ဂိုလ်ကိုးကွယ်မှု (PERSONAL CULT) တို့ဖြစ်သည်။
၁။ နှုန်းစံအခြေပြုချဉ်းကပ်နည်း
လူတို့၏ “စဉ်းစားတွေးခေါ်ပုံ” (WAY OF THINKING) တွင် စိတ်ကူးစံများကိုဗဟိုပြုသည့်
“နှုန်းစံအခြေပြုချဉ်းကပ်နည်း”နှင့် လက်တွေ့ဖြစ်ရပ်များကို အခြေတည်သည့်
“လက်တွေ့အခြေပြုချဉ်းကပ်နည်း” (PRAGMATIC APPROACH) ဟူ၍ ယေဘုယျအားဖြင့်
နှစ်မျိုးရှိနိုင်ရာ မြန်မာတို့မှာ ပထမနည်း (နှုန်းစံအခြေပြုချဉ်းကပ်နည်း)ကို ပိုအာရုံကျသည်ဟု
ယူဆနိုင်စရာရှိပါသည်။ ဥပမာ- နုအက်တလီစာချုပ်အရ ရရှိလာသော လွတ်လပ်ရေးကို
မိမိတို့စိတ်ကူးစံများဖြင့်သတ်မှတ်အကဲဖြတ်ပြီး “နိုင်ငံရေးအရလွတ်လပ်သော်လည်း
စီးပွားရေးအရမလွတ်လပ်” ဟု စွဲချက်တင်ကာ ငြင်းပယ်ကြသည်မျိုးဖြစ်သည်။
အလားတူပင် ဒီမိုကရေစီနှင့်ပတ်သက်လျှင်လည်း ဒီမိုကရက်တစ်နှုန်းစံများကိုသာ
ဗဟိုပြုစဉ်းစားလေ့ရှိပြီး လက်တွေ့ဒီမိုကရေစီရရှိရေး တစ်နည်း ဒီမိုကရက်တိုက်ဇေးရှင်းနှင့်
ပတ်သက်လျှင်မူ လက်တွေ့ကျကျစဉ်းစားဆုံးဖြတ်ဖို့ အာရုံမရခြင်းမျိုးဖြစ်ပါသည်။
ဤသို့ နှုန်းစံများအပေါ် အစွဲကြီးကြီးဆုပ်ကိုင်ထားလိုသည့် တိမ်းညွတ်မှုကို မြန်မာတို့၏
ဘာသာရေးယုံကြည်မှုတွင်လည်း တွေ့နိုင်သည်ဟု သဘောရပါသည်။
“ထေရ၀ါဒ ဗုဒ္ဓဘာသာချင်းတူပါလျက် သီရိလင်္ကာ၊ ထိုင်းနှင့် မြန်မာတို့မှာအာရုံညွတ်ပုံချင်း
မတူ”ဆိုသော လေ့လာချက်တစ်ခုရှိသည်။ သီရိလင်္ကာက “၀ိနည်း”၊ ထိုင်းက “သုတ္တန်”၊
မြန်မာက “အဘိဓမ္မာ”ကို ပို၍စုံရေမက်ရေရှိကြသည်ဟု အဆိုပါလေ့လာချက်ကဆိုပါသည်။
(စာရေးသူတို့ အထက်အညာကျေးလက်ဒေသများတွင် အဘိဓမ်္မာငြင်းခုံပွဲများ ယခုထက်တိုင်
အင်နှင့်အားနှင့် ရှိနေဆဲဖြစ်ရာ အထက်ပါအဆို မှန်နိုင်ကောင်းသည်ဟုထင်သည်။)
ပိဋကတ်သုံးပုံထဲမှာပင် မြန်မာဗုဒ်္ဓဘာသာဝင်များက အဘိဓမ္မာနှုန်းစံများအပေါ်
ပို၍အာရုံဖြန့်ကြက်လိုသည့်သဘောဟု နားလည်ရသည်။
ဤသို့ အဘိဓမ္မာအခြေခံတရားကိုယ်များကို လေးနက်စွဲမြဲလိုသည့် စိတ်အခံမှာအဆိုးဟု
မဆိုသာသော်လည်း တစ်မဂ်၊ တစ်ဖိုလ်ရရှိရေးအတွက် လက်တွေ့အားထုတ်ရသော
ဝိပဿနာကျင့်စဉ်ပိုင်းတွင်မူ အဟန့်အတားဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ဤသဘောကို
ကမ္မဋ္ဌနာစရိယဆရာတော်ကြီးများ မိန့်တော်မူလေ့ရှိသော “စာခံနေရင် ဉဏ်စဉ်တက်ဖို့ခက်”
ဆိုသည့် သြ၀ါဒစကားတွင် “ဆ၀ါး” နိုင်စရာရှိလိမ့်မည်ထင်သည်။ စာရေးသူဉဏ်မီသမျှ
ဆိုရလျှင် ၀ိပဿနာကမ်္မဋ္ဌာန်းမှာ ခန္ဓာ၏ပကတိအရှိ ဖြစ်ပျက်သဘာဝကို အရှိအတိုင်း
ရှုမှတ်စေခြင်းဟု သဘောရပါသည်။ ဤအတွက် ဘုရားပေးသောနည်းမှာ “သတိပဋ္ဌာန်နည်း”
တစ်နည်း-ထွက်သက်ဝင်သက်ကိုရှုမှတ်ဆင်ခြင်စေခြင်းပင်ဖြစ်သည်။
ဤနည်းဖြင့် သမာဓိထူထောင်ကာ ဉဏ်အလင်းပွင့်စေဖို့ ဖြစ်သည်။
အကယ်၍ တရားအားထုတ်မည့်ယောဂီမှာ အဘိဓမ္မာအစွဲကြီး သူဖြစ်လျှင် သူ့စိတ်က
ထွက်သက်ဝင်သက်ချည်တိုင်တွင် ကြာကြာမနေ။ သူဖတ်ခဲ့၊ မှတ်ခဲ့၊ စွဲလမ်းခဲ့သည်များတွင်
ချာချာလည်ကာ (လယ်တီက ဘယ်လို၊ မဟာစည်က ဘယ်သို့၊ မိုးကုတ်က ဘယ်ပုံ စသဖြင့်)
သမာဓိမထူထောင်နိုင်ဘဲ ခန်္ဓာ၏ပကတိအရှိကို မသိနိုင် မမြင်နိုင်၊မရှုမှတ်နိုင်ဖြစ်ရတော့သည်။
ဤသည်ကို ဆရာတော်ကြီးများက “စာခံ”သည်ဟုဆိုကြခြင်းဖြစ်ပါလိမ့်မည်။
မြန်မာ့နိုင်ငံရေးတွင်လည်း “စာခံ”ကြသည်များ မနည်းမနောရှိနေသည်ကို ဆင်ခြင်မိသည်။
မြန်မာ့နိုင်ငံရေးကို တစ်လျှောက်လုံးလို ဒုက္ခပေးနေသော “တရားသေ၀ါဒ” (DOGMATISM) မှာ
အဆိုပါ“စာခံ”မှု၏ အကျိုးဆက်ဖြစ်လေမည်လား စဉ်းစားဖို့ရှိသည်။
၂။ အလွန်တိုသောယုံကြည်မှုအချင်းဝက်
နှောင်းခေတ်ပညာရှင်များက “ယုံကြည်မှု” (TRUST) ကို “အချင်းဝက်” (RADIUS) ဆိုသော
သင်္ချာဝေါဟာရဖြင့်တွဲဖက်သုံးလာကြသည်။ (RADIUS OF TRUST) ယုံကြည်မှုအချင်းဝက်ဟု
တိုက်ရိုက်ဘာသာပြန်နိုင်ပါသည်။ ဆိုလိုသည်မှာ အချင်းဝက်ရှည်လျှင် စက်ဝိုင်းကျယ်မည်။
အချင်းဝက်တိုလျှင် စက်ဝိုင်းကျဉ်းမည်။ အချင်းဝက်မရှိလျှင်မူ စက်ဝိုင်းပင်မဖြစ်၊
အစက်အပြောက်မျှသာ ဖြစ်လိမ့်မည်ဆိုသော သဘောဖြစ်ပါလိမ့်မည်။ ဤအတိုင်းပင်
ယုံကြည်မှုကျယ်ကျယ်ထားနိုင်လျှင် တစ်နည်း-ယုံကြည်မှုအားကောင်းလျှင် လှုပ်ရှားခွင်
ကျယ်မည်။ ယုံကြည်မှုအားနည်းလျှင် လှုပ်ရှားခွင်ကျဉ်းမည်။ ယုံကြည်မှုမရှိလျှင်
လှုပ်ရှားခွင်ပင်ရှိလိမ့်မည်မဟုတ်ဟု နားလည်ရပါသည်။
မျက်မှောက်ခေတ်ပညာရှင်အများစုက ယုံကြည်မှုအားကောင်းမကောင်း တစ်နည်း-
ယုံကြည်မှုအချင်းဝက်အတိုအရှည်ကို သတ်မှတ်ပြဋ္ဌာန်းပေးသည်မှာ သက်ဆိုင်ရာလူမှုအုပ်စု၏
“လူမှုအရင်း” (SOCIAL CAPITAL) ဟုဆိုသည်။ တစ်ဖန်အဆိုပါလူမှုအရင်းမှာလည်း
စီးပွားရေး၊ပညာရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ဆက်စပ်နေသည်ဟု ဆိုပြန်ရာ
ယုံကြည်မှုကိစ္စမှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းဖြတ်သန်းခဲ့သော သမိုင်းနှင့်နက်နက်ရှိုင်းရှိုင်း
ဆက်စပ်နေသည်ကို သတိပြုဆင်ခြင်ကြဖို့ရှိသည်။
ခေတ်ပြိုင်လူမှုဗေဒပညာရှင် “ဒိုင်ယာဂိုဂမ်းဘက်”၏အလိုအရ မျက်မှောက်ခေတ်စုဖွဲ့မှုများတွင်
ယုံကြည်မှုအချင်းဝက်အတိုဆုံးမှာ မားဖီးယားလောကဟု ဆိုပါသည်။ ဤအဆိုကိုသူက
ပုံပြင်လေးတစ်ပုဒ်ဖြင့် ယခုလိုရှင်းပြသည်။ တစ်ခါသော် မားဖီးယားအဖွဲ့တစ်ခု၏
ဂေါ့ဒ်ဖားသားကြီးက သူ့အရိုက်အရာဆက်ခံရန်ရည်ရွယ်ထားသော ဆယ်နှစ်အရွယ်သားငယ်ကို
သစ်ပင်အမြင့်ကြီးတစ်ပင်ထက်သို့ တက်ခိုင်းသည်ဆို၏။ ထိုချာတိတ် သစ်ပင်ထိပ်ဖျား
ရောက်တော့မှ အဖေဖြစ်သူက-
“ကိုင်း ..ခုန်ချပေတော့သားရေ”
“ဟာ အဖေကလည်း အမြင့်ကြီးဗျ၊ သေမှာပေါ့”
“မင်းအဖေ ငါတစ်ယောက်လုံးရှိတယ်လေကွာ၊ ငါဖမ်းထားမှာ
ပေါ့။ ရဲရဲသာခုန်ချလိုက်””
အဖေ့စကားယုံပြီး ထိုကလေးခုန်ချလိုက်ရာ ဂေါ့ဒ်ဖားသားကြီးက လက်နှစ်ဖက်နောက်ပစ်ပြီး
ခပ်တည်တည်ကြည့်နေလိုက်သည်။ ပြီးတော့မှ နဖူးကွဲ ဒူးပြဲဖြစ်သွားသော သားငယ်ကို
ယခုလိုသြ၀ါဒခြွေသည်။
““မှတ်ထား၊ င့ါသား၊ မင်းအဖေအရင်းတောင် မယုံနဲ့””
ဤသို့ ဘယ်သူ့ကိုမှ မယုံခြင်းသည်ပင် မားဖီးယားလောက၏ ယုံကြည်မှုအချင်းဝက်ဖြစ်ပါသည်။
ဆိုခဲ့ပါ မားဖီးယားလောက၏ ယုံကြည်မှု အချင်းဝက်ထက် ပို၍တိုသော နောက်တစ်မျိုးရှိသေးသည်
ဟုဆိုလျှင် “ဒိုင်ယာဂို - ဂမ်းဘက်” တစ်ယောက်ဖျားသွားနိုင်လောက်သည်။
“အခြား တစ်ယောက်မဆိုနှင့် မိမိကိုယ်ကိုယ်ပင် အပြည့်မယုံနဲ့” ဆိုသော ယုံကြည်မှု
အချင်းဝက်မျိုး မြန်မာ့လူမှုဓလေ့တွင် ရှိသည်။ အောက်ပါ “မြန်မာ့ရိုးရာစကားပုံ” ကို
ဆင်ခြင်ကြည့်ပါလေ။
“ကိုယ်ကကျူး၊ ကိုယ့်ဒူးတောင်မယုံနဲ့”
ခေတ်သစ်မြန်မာ့နိုင်ငံရေး သမိုင်းတွင် မတွေ့ချင်အဆုံးဖြစ်သော
“ဂိုဏ်းဂဏ၀ါဒ” (FACTIONALISM) မှာ ဆိုခဲ့ပါ အလွန်တိုတောင်းသော ယုံကြည်မှုအချင်းဝက်နှင့်
နီးနီးကပ်ကပ် ဆက်စပ်လျက်ရှိသည်ဟုဆိုချင်ပါသည်။
၃။ ပုဂ်္ဂိုလ်ကိုးကွယ်မှု
မြန်မာ့ရိုးရာ ဇာတ်ပွဲများကို ကြည့်လိုက်လျှင် “ငိုချင်း” ဆိုသောဇာတ်ကွက်တစ်ခု မပါမဖြစ်သည်ကို
သတိပြုမိကြပါလိမ့်မည်။ မင်းသားသို့မဟုတ် မင်းသမီး သို့မဟုတ် နှစ်ယောက်လုံး
ဒုက္ခ ပင်လယ်ဝေ၍ ငိုချင်းချကြရသော ဇာတ်ခက်ပိုင်း၏ အထွတ်အထိပ် ဖြစ်ပါသည်။
သို့သော် ကိစ္စမရှိပါ။ အဆိုပါဇာတ်ခက်ပိုင်းလွန်သည်နှင့် မိုးပေါ်မှ သိကြားမင်းကြီး
ဆင်းလာကာ အစစအရာရာ အဆင်ပြေ ချောမွေ့စေပြီး ပျော်ရွှင်စွာဇာတ်သိမ်းကြရမည်သာဖြစ်သည်။
ဤသို့သော ဇာတ်ပွဲမျိုးနှင့် ကြီးပြင်းလာကြသော မြန်မာလူမျိုးတို့၏ စိတ်သန္တာန်တွင်
“သိကြားမင်းမျှော်ဝါဒ” (မသိမသာဖြစ်စေ) “ကိန်း” နေနိုင်သည်ဟုယူဆရပါသည်။
ဤစိတ်အစွဲသည်ပင် မြန်မာ့နိုင်ငံရေးဘ၀တွင်တွေ့ရလေ့ရှိသော သူရဲကောင်းကိုးကွယ်မှု၊
ပုဂ်္ဂိုလ်ကိုးကွယ်မှုများ၏ရေခံမြေခံတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
မြန်မာ့ပဒေသရာဇ်သမိုင်းကို ကြည့်လိုက်ပြန်လျှင်လည်း “မင်းလောင်း” တစ်ယောက်ယောက်
ဦးဆောင်သည့် မင်းဆက်ပြောင်းပုန်ကန်မှုများကို မကြာခဏဆိုသလိုတွေ့နိုင်ပါသည်။
သို့နှင့် အမျှလက်ရှိဘုရင်ကို မကျေနပ်သော လူအများ၏ရင်ထဲ အသည်းထဲတွင်
“မင်းလောင်းမျှော်” အလေ့အထများရှိနိုင်သည်။ ရှိလိမ့်မည်ဟု ယူဆရသည်။
ဤအချက်မှာလည်း ပုဂ်္ဂိုလ်ကိုးကွယ်မှု၏ နောက်ထပ်ရေခံမြေခံတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
နောက်ထပ် တွဲဖက်စဉ်းစားကြည့်သင့်သည့် ဆက်စပ်အခြေအနေတစ်ခုမှာ မြန်မာလူမျိုးတို့၏
သူငယ်ဘ၀အိပ်ရာဝင်ပုံပြင်များကို စိုးမိုးထားခဲ့သော ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုများပင်ဖြစ်ပါသည်။
ငါးရာ့ငါးဆယ်နိပါတ်ဝတ္ထုအများစုတွင် အကောင်းဟူသမျှ ကိုယ်စားပြုသော
ဘုရားအလောင်း (ဇာတ်လိုက်)နှင့် အဆိုးဟူသမျှ ကိုယ်စားပြုသော ဒေ၀ဒတ်အလောင်း (ဗီလိန်)
တို့သည်သာ လွှမ်းမိုးသော ဖြူ-မည်းဇာတ်ဆောင်နှစ်ဦးဖြစ်သည်။ အဆိုပါ ငါးရာ့ငါးဆယ်
ဇာတ်ကွက်များနှင့် ယဉ်ပါးခဲ့ကြသော မြန်မာတို့၏ ခေါင်းဆောင်မှုနှင့်ပတ်သက်သော
အမြင်တွင်လည်း ဆိုခဲ့ပါ ဖြူ-မည်း ဇာတ်ရုပ်အစွဲမှာ နက်နက်ရှိုင်းရှိုင်းနေရာယူထားလိမ့်မည်ဟု
ယူဆနိုင်စရာရှိပါသည်။
သို့နှင့်အမျှ ခေါင်းဆောင်တစ်ယောက်ကို ကြည်ညိုမိပြီဆိုလျှင် သာမန်ပုထုဇဉ် လူသားအဖြစ်ကိုကျော်၍
ဘုရားအလောင်းနှယ် ကိုးကွယ်သည့် အဆင့်သို့ရောက်တော့သည်။ သူဘာပဲလုပ်လုပ်
အပြစ်မမြင် ချစ်ခင်မြဲ ဖြစ်နေတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူတို့မုန်းသော၊ နာသော
ခေါင်းဆောင်ဆိုလျှင်လည်း သူဘာပဲလုပ်လုပ် ကောင်းကွက်မမြင်။ ဆိုးယုတ်မှု၏ သင်္ကေတ၊
ဒေ၀ဒတ်အဖြစ်သာ အရိုးစွဲကြတော့သည်။ အမှန်စင်စစ် အရိယာသူတော်စင်များမှလွဲ၍
အများစုမှာ ပုထုဇဉ်လူသားသာဖြစ်ပါသည်။ အနည်းအများ၊ အတိုင်းအဆကွာနိုင်သော်လည်း
အားသာချက်၊ အားနည်းချက် ရှိကြမည်သာဖြစ်ပါသည်။ သို့တစေ မြန်မာ့နိုင်ငံရေးတွင်
ဤလိုအကြားအမြင်မျိုးမှာရေပန်းမစားလှ။ “ချစ်လုံးလုံး၊ မုန်းလျားလျား” အမြင်ကသာ
လွှမ်းမိုးနေတတ်သည်။ မြန်မာ့နိုင်ငံရေးဘ၀၏ စရိုက်လက်္ခဏာဟူ၍ပင်ဆို နိုင်လောက်သော
ဂိုဏ်းဂဏ၀ါဒ ဆိုရာတွင် အိုင်ဒီအိုလိုဂျီ ဂိုဏ်းဂဏ၊လူမျိုးရေးဂိုဏ်းဂဏတို့သာမက
ပုဂ္ဂိုလ်ရေးဂိုဏ်းဂဏများရှိနေသည်မှာ အဆိုပါ လူမှုဓလေ့နှင့် ဆက်စပ်နေလိမ့်မည်ဟု
သဘောရပါသည်။
ရှေ့ပိုင်းတွင်ဖော်ပြခဲ့ပြီးသော မြန်မာ့နိုင်ငံရေးဓလေ့နှင့် ဆိုခဲ့ပါမြန်မာ့လူမှုဓလေ့တို့၏
အပေါင်းအစုသည်ပင် မြန်မာ့လူမှု နိုင်ငံရေးတန်ဖိုးဟု ဆိုရပါလိမ့်မည်။
သမိုင်းအရွေ့
သို့နှင့်တိုင် မြန်မာ့လူ့အဖွဲ့အစည်းမှာ ဆိုခဲ့ပြီးသော နှစ်ပေါင်းရှစ်ရာကျော် ပဒေသရာဇ်ခေတ်နှင့်
ရပ်တန့်သွားသည်တော့ကားမဟုတ်ပါ။ ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် စသဖြင့် အဆင့်ဆင့်ပြောင်းလဲဖြတ်သန်း ခဲ့ပြီး
ဖြစ်ပါသည်။ ဤသို့ဆိုလျှင် ပဒေသရာဇ်ခေတ်အလွန် နောက်ထပ်နှစ်ပေါင်းတစ်ရာကျော်အတွင်း
အစဉ်အလာ မြန်မာ့နိုင်ငံရေးဓလေ့နှင့် မြန်မာ့လူမှုဓလေ့ (တစ်နည်း -မြန်မာ့လူမှု နိုင်ငံရေးတန်ဖိုး)
တို့မှာ ဘယ်ရွေ့ဘယ်မျှ ပြောင်းလဲခဲ့ပါပြီနည်း၊ သို့မဟုတ် အခြေခံအရ မပြောင်းဘဲ
ဆက်လက်တန့်ခံနေပါသလော ... ၊ ဆက်လက်ဆန်းစစ်ကြည့်ဖို့လိုပါလိမ့်မည်။
၁။ ကိုလိုနီခေတ်
ကံမကောင်း အကြောင်းမလှစွာပင် မြန်မာ့လူ့အဖွဲ့အစည်းအနေနှင့် ခေတ်သစ်၏ အခြင်းအရာများ
(ပို၍တိတိကျကျ ဆိုရလျှင်ခေတ်သစ်နိုင်ငံရေးအတွေးအခေါ်များ) နှင့်ထိတွေ့ခွင့်ရသည်မှာ
ကိုလိုနီစနစ်မှ တစ်ဆင့်သာဖြစ်သည်။ ကိုလိုနီစနစ်နှင့်အတူ ကျွဲကူးရေပါ ပါလာသော
ပထမဆုံးခေတ်သစ်နိုင်ငံရေးအယူအဆတစ်ခုမှာ ယနေ့ထက်တိုင် တိုင်းပြည်အများ
လက်ခံကျင့်သုံးနေကြဆဲပါလီမန် ဒီမိုကရေစီစနစ်ဖြစ်ပါသည်။ သို့တစေ ဤစနစ်ကို
မြန်မာလူထုက ခံတွင်းမတွေ့။ ဤသည်မှာလည်း သူ့ဟာနှင့်သူ အဓိပ္ပာယ်ရှိသည်ဟူ၍သာ
ဆိုရပါလိမ့်မည်။ ပါလီမန်ဒီမိုကရေစီစနစ်ကို သယ်ဆောင်လာသူမှာ မိမိတိုင်းပြည်ကို
ကျွန်ပြုထားသော ကိုလိုနီနယ်ချဲ့သမားဖြစ်နေသည်ကတစ်ကြောင်း၊ ဤသို့သယ်ဆောင်လာသူ
ကိုယ်တိုင်က မရိုးသားသောကြောင့် တစ်ကြောင်းဖြစ်နိုင်သည်။ အမှန်စင်စစ် အင်္ဂလိပ်တို့
သယ်ဆောင်လာသော ပါလီမန်ဒီမိုကရေစီမှာ အင်္ဂလန်တွင် ကျင့်သုံးသည်မျိုးမဟုတ်။
ဘုရင်ခံက အာဏာပိုင်သော ပုံဖျက်ထားသည့် ဒီမိုကရေစီသာဖြစ်သည်။
သို့အတွက် မြန်မာ့ဟဒယနှင့် မတွေ့နိုင်သည်မှာ သဘာဝကျသည်ဟုဆိုရပါလိမ့်မည်။
ကိုလိုနီခေတ်ဦး မြန်မာတွေ ပထမဆုံးအာရုံကျသည့် နိုင်ငံရေးအယူအဆမှာ ယခုအခါ
တစ်ကမ္ဘာလုံးက ၀ိုင်းဝန်းဆန့်ကျင်နေကြသော “အကြမ်းဖက်ဝါဒ” ဟူ၍ပင်ဆိုရမလိုရှိသည်။
ထိုခေတ်မြန်မာမျိုးချစ်များအတွက် စံပြတော်လှန်ရေးသမားများမှာ မိုက်ကယ်ကောလင်းတို့လို
အိုင်ယာလန်သူပုန်တွေ ဖြစ်သည်။ “ရန်သူ၏ရန်သူမှာ မိမိအတွက် မိတ်ဆွေ” ဆိုသော
လောဂျစ်တွင် အခြေခံသည့် တိမ်းညွတ်မှုဖြစ်ပါလိမ့်မည်။ မြန်မာ့နိုင်ငံရေးဓလေ့လာ
ရယ်ဒီကယ်တူရူချက်နှင့် အဟပ်ညီသောကြောင့်လည်းဖြစ်နိုင်သည်။ ကိုလိုနီခေတ်ဦးက
ရှိခဲ့ဖူးသော နိုင်ငံခြားသား (အထူးသဖြင့် အင်္ဂလိပ်များ) ကို ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ဖို့
ရည်ရွယ်ဖွဲ့စည်းခဲ့ကြသည့် လျှို့ဝှက်အသင်းများမှာ ဤသဘောပင်ဖြစ်သည်။
ပြောရလျှင် ဒုတိယကမ္ဘာစစ်အတွင်း တစ်ကမ္ဘာလုံးက တောထုတ်ခဲ့ကြရသည့်
“ဖက်ဆစ်ဝါဒ” ကိုပင် စစ်ကြိုခေတ် နိုင်ငံရေးခေါင်းဆောင်အချို့ အားကျမျှော်လင့်ခဲ့ကြသည်များ
ရှိ သလောက်ရှိခဲ့ဖူးသည်။ “အာဏာရှင်” ဆိုသော ဝေါဟာရမှာ ယနေ့ ခေတ်တွင်
အနုတ်လက္ခဏာ အဓိပ္ပာယ်ထွက်သော်လည်း ထောင့်သုံးရာ ပြည့်အရေးတော်ပုံအတွင်းမှာပင်
ဤဝေါဟာရကို အားကျပါးကျ သုံးခဲ့သည်များရှိသည်။ ဥပမာ ကျောင်းသားခေါင်းဆောင်
ကိုလှရွှေ (စစ်ပြီးခါစက လေယာဉ်ပျက်ကျ-ကွယ်လွန်) ကို “အာဏာရှင်လှရွှေ” ခေါ်သည်မျိုး။
“အာဏာရှင်” အမည်ဖြင့် သီချင်းပင်ရှိခဲ့ဖူးသည်။ ဤသည်မှာလည်း ဆိုခဲ့ပါတစ်ကြောင်းစွဲ
လောဂျစ် နှင့် မြန်မာ့နိုင်ငံရေး ဓလေ့တို့နှင့် ဆက်စပ်နေပါလိမ့်မည်။
စစ်ကြိုခေတ် မြန်မာလူငယ်များ အညွတ်အနူးယုံကြည်စွဲလမ်းခဲ့ကြသည်မှာ “မခ်စ်ဝါဒ”၊
တစ်နည်း လက်ဝဲအိုင်ဒီအိုလိုဂျီပင်ဖြစ်ပါသည်။ ဤသည်မှာ ထိုခေတ် ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှု၏
သြဇာကြောင့် ဖြစ်နိုင်သလို မြန်မာ့လူမှုရေး၊ နိုင်ငံရေးဓလေ့များနှင့် ဆက်စပ်
နေသောကြောင့်လည်းဖြစ်နိုင်သည်။ မခ်စ်ဝါဒမှာ “လူတန်းစားမဲ့ ကွန်မြူနစ်လူ့ဘောင်” ဆိုသော
နှုန်းစံတစ်ခုကို ဦးတည်ထားသည်ဖြစ်ရာ မြန်မာတို့၏ နှုန်းစံအခြေပြုစဉ်းစားနည်းနှင့်
သဘောညီနေသည်။ ထို့ထက် ထိုခေတ် မခ်စ်ဝါဒီအများစု ရွေးချယ်ခဲ့ကြသော အကြမ်းဖက်
တော်လှန်ရေးသဘောတရားမှာလည်း ရယ်ဒီကယ်အစွဲသန်သော မြန်မာ့နိုင်ငံရေးဓလေ့နှင့်
စရွေးကိုက်နေသည်။
သို့တိုင်အောင် မခ်စ်ဝါဒအနေနှင့် မြန်မာ့နိုင်ငံရေးဓလေ့၏ “နိုင်ငံရေးနှင့် ဝေးဝေးနေလိုသော
တူရူချက်” ကို ကျော်နိုင်ခဲ့သည်ကိုမူ အသိအမှတ်ပြုရပါလိမ့်မည်။ ထိုခေတ် မြန်မာ့အမျိုးသား
လွတ်လပ်ရေးကြိုးပမ်းမှုကို အားသစ်စေခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။
သို့တစေ အစဉ်အလာ ရယ်ဒီကယ်တိမ်းညွတ်မှုကိုမူ မချေဖျက်နိုင်ရုံမျှမက ပိုမိုခိုင်မာအောင်
အားဖြည့်ပေးခဲ့သည်ဟု ယူဆရပါသည်။
၂။ ပါလီမန်ဒီမိုကရေစီခေတ်
လွတ်လပ်ရေးရပြီးသည့်နောက်တွင်ကား ဖဆပလ၏ ဦးဆောင်မှုဖြင့် ပါလီမန်ဒီမိုကရေစီစနစ်ကို
လက်တွေ့အကောင်အထည်ဖော်ခဲ့ကြသည်။ သို့ဖြစ်လင့်ကစား လွတ်လပ်ရေးသက်တမ်း
သုံးလမျှ မပြည့်တတ်သေးမီမှာပင် ပြည်တွင်းစစ်နှင့် တိုးခဲ့ရရာ ဒီမိုကရေစီရည်မှန်းချက်
ထင်တိုင်းမပေါက်ဖြစ်ခဲ့ရသည်။ အစိုးရရော၊လက်နက်ကိုင်အင်အားစုများကြားမှာပင်
“အပြုတ်တိုက်ရေးအယူအဆများ” အပေါ်စီးရလာခဲ့ရာ “ဆန့်ကျင်ဘက်များ အပြန်အလှန်
ဖယ်ထုတ်ရေး” ရယ်ဒီကယ်ရေစီးထဲတွင် ဒီမိုကရေစီအိပ်မက်တို့ ရေစုန်မျောခဲ့ရသည်။
သည်လိုနှင့် နောက်ဆုံး “စစ်ဘောင်” ကျယ်သတက် ကျယ်လာရာ “ဒီမိုကရေစီဘောင်” မှာ
တဖြည်းဖြည်း ကျဉ်းကျုံ့လာခဲ့ရာမှ အပြီးတိုင်ပျောက်ကွယ်သွားရလေတော့သည်။
ဤကာလအတွင်း နိုင်ငံရေးနှင့် ဝေးဝေးနေလိုသည့်ဓလေ့ကို ကျော်နိုင်ခဲ့သော်လည်း
ရယ်ဒီကယ်အစွဲကိုမူ မကျော်နိုင်ခဲ့ဟုဆိုရပါလိမ့်မည်။ ထို့ထက် မြန်မာ့လူမှုဓလေ့နှင့်
ဆက်စပ်နေသော တရားသေ၀ါဒ၊ ဂိုဏ်းဂဏ၀ါဒတို့၏ ဒဏ်သင့်မှုများကိုလည်း
မတွေ့ချင်အဆုံးဖြစ်ခဲ့ရပါသည်။
၃။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်
အတိအကျဆိုရလျှင် ၁၉၆၂ နောက်ပိုင်း တော်လှန်ရေးကောင်စီခေတ်နှင့် ၁၉၇၄ နောက်ပိုင်း
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဖြစ်ပါသည်။ ထိုခေတ် မြန်မာ့ခေါင်းဆောင်များက
ဈေးကွက်နှင့် ဒီမိုကရေစီကိုပယ်ပြီး စီမံကိန်းနှင့် တစ်ပါတီစနစ်ဘက် ဦးလှည့်ခဲ့ကြသည်။
ဦးဆောင်ပါတီမှလွဲ၍ မည်သည့်နိုင်ငံရေးပါတီမှ တည်ရှိခွင့်မရှိတော့သလို ဥပဒေတွင်း
နိုင်ငံရေးလှုပ်ရှားမှုများလည်း ဆုံးခန်းတိုင်သွားခဲ့တော့သည်။ ဤတွင် အများစုမှာ
နိုင်ငံရေးနှင့် ဝေးဝေးနေလိုသည့် တူရူချက်ထဲသို့ ပြန်ရောက်သွားခဲ့ပြီး အနည်းစု
(ကျောင်းသားလူငယ်အချို့) မှာ ရယ်ဒီကယ်ပြည်တွင်းစစ်ထဲသို့ ရောက်သွားခဲ့ရတော့သည်။
အချုပ်ဆိုရလျှင် နောက်ထပ်နှစ်ပေါင်းတစ်ရာကျော် ဖြတ်သန်းခဲ့ရသည့်တိုင်
ပဒေသရာဇ်ခေတ်တွင် သန္ဓေတည်အမြစ်တွယ်ခဲ့သော မြန်မာ့လူမှုနိုင်ငံရေးတန်ဖိုးမှာ
အခြေခံအရ ထူးထူးခြားခြား မလှည့်ပြောင်းနိုင်ခဲ့ဟု သဘောရပါသည်။
အဆိုးကျော့သံသရာ
ဆိုခဲ့ပြီသော မြန်မာ့လူမှုနိုင်ငံရေးတန်ဖိုးနှင့်အပြိုင် အလေးထားစဉ်းစားသင့်သည်ဟု
ယူဆရသော နောက်ထပ်ထူးခြားချက်တစ်ခုမှာ မြန်မာ့ခေတ်သစ်သမိုင်းတစ်လျှောက်လုံး
တစ်ဖက်သတ်ဆိုသလို တွင်ကျယ်လွှမ်းမိုးခဲ့သည့် အိုင်ဒီအိုလိုဂျီကြီးတစ်ခုအကြောင်းပင်ဖြစ်သည်။
နဂါးနီခေတ်မှစ၍ (ဆိုကြပါစို့) ယနေ့ခေတ်အထိ သြဇာကြီးဆဲဖြစ်သော လက်ဝဲအိုင်ဒီအိုလိုဂျီ
တစ်နည်း “မခ်စ်ဝါဒ” ကို ဆိုလိုပါသည်။ “လက်ဝဲရွှေခေတ်” ဟု ဆိုနိုင်လောက်သော
စစ်ကြိုခေတ်နှင့်စစ်ပြီးခေတ်အထိ ဤ၀ါဒအားကောင်းမောင်းသန်ရှိခဲ့သည်မှာ ဖွံ့ဖြိုးဆဲ
နိုင်ငံအားလုံးလောက်၏ အခြင်းအရာပင်ဖြစ်ရာ ထိုခေတ်မြန်မာခေါင်းဆောင်တော်တော်များများ
လက်ဝဲဘက်ညွတ်ခဲ့ကြသည်မှာ ဘာမှမဆန်းဟု ဆိုနိုင်စရာရှိပါသည်။ သို့တိုင်အောင်
လက်ဝဲရွှေခေတ်အလွန် ဘာလင်တံတိုင်းပြိုကျချိန်အထိ မြန်မာ့နိုင်ငံရေးဘ၀တွင်
ကားလ်မတ်အရိပ်မလွတ်တတ်သေးသည်မှာ ထူးခြားချက်ဟု ဆိုရမည်ထင်ပါသည်။
(မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားကြသော ပညာရှင်များ ဤထူးခြားချက်ကို
သုတေသနလုပ်ကြဖို့ကောင်းသည်။)
စာရေးသူဉာဏ်မီသလောက် စဉ်းစားမိသည်မှာ အဆိုပါထူးခြားချက်၏အကြောင်းရင်းခံများထဲမှ
တစ်ခုဟုဆိုနိုင်သည့် မြန်မာစာပေဖြစ်ပေါ်တိုးတက်မှု၏ ရိုက်ခတ်ချက်ဖြစ်ပါသည်။
စစ်ပြီးခေတ်မြန်မာစာပေကို ဦးဆောင်ပုံဖော်ခဲ့ကြသော စာရေးဆရာကြီးအများစုမှာ
စစ်နှင့်တော်လှန်ရေးများကို ဖြတ်သန်းခဲ့ကြသူများပီပီ မခ်စ်ဝါဒကို ဘ၀နှင့်ပုံ၍
ယုံခဲ့ကြသူတွေများပါသည်။ သူတို့၏ ကြိုးပမ်းအားထုတ်မှုကြောင့်ပင် မြန်မာစာပေလောကတွင်
လက်ဝဲစာပေခေတ် တစ်ခေတ်ထူထောင်နိုင်ခဲ့သည်။ သူတို့ကျေးဇူးကြောင့်ပင် နှောင်းခေတ်
လူငယ်များအတွက် အဆင်သင့်လေ့လာစရာ မြန်မာဘာသာပြန် လက်ဝဲစာပေများ
ရှိသလောက်ရှိခဲ့သည်။ သို့တစေ ဆန့်ကျင်ဘက်မှ နှိုင်းယှဉ်လေ့လာစရာ
(ဆိုကြပါစို့ - လက်ယာစာပေ) ကား မရှိ သလောက်ပင် ရှားပါးခဲ့သည်။
တစ်ခေတ်ကရှိခဲ့ဖူးသော သံရုံးဘာသာပြန်ခပ်ညံ့ညံ့များနှင့် အပေါစားကွန်မြူနစ်ဆန့်ကျင်ရေး
စာတိုပေစ အချို့သာရှိသည်။ သည်လိုနှင့် ၂၁ ရာစုဆန်းချိန်ရောက်တော့မှသာ
“ဈေးကွက်ဆိုတာ ဘာ”၊ “ဒီမိုကရေစီဆိုတာ ဘာ” စသဖြင့် ကကြီးခကွေးမှ
ပြန်စနေရတော့သည်။
အကျိုးဆက်ကား စစ်အေးခေတ်ကို ဖြတ်ခဲ့ရသော မြန်မာလူငယ်များအနေနှင့်
လက်ဝဲမှန်ပြောင်းတစ်လက်တည်းဖြင့်သာ လောကကြီးကို ကြည့်မြင်ရသလို
ဖြစ်နေတော့သည်။ မိမိကိုယ်ကိုယ် ဒီမိုကရေစီဘက်တော်သားဆိုသူများကိုယ်တိုင်က
စဉ်းစားတွေးခေါ်မှုအရာတွင် လက်ဝဲရယ်ဒီကယ်နည်းမှ ဖောက်မထွက်နိုင်ဖြစ်နေတော့သည်။
သိမှတ်စိတ်က လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေလက်တွေ့စဉ်းစားလုပ်ကိုင်
ဆုံးဖြတ်ရာတွင် လက်ဝဲအထိုင်ပေါ်မှ မရွေ့နိုင်ဖြစ်နေတော့သည်။ ဤသို့တစ်ဖက်သတ်တွင်
ကျယ်လွှမ်းမိုးခဲ့သော လက်ဝဲအိုင်ဒီအိုလိုဂျီနှင့် အစဉ်အလာစွဲခိုင်နေသော လူမှုနိုင်ငံရေး
ဓလေ့တို့ အပြန်အလှန်ကျေးဇူးပြုကြရာမှ မြန်မာနိုင်ငံရေးဘ၀တွင် “အဆိုးကျော့သံသရာ”
(VICIOUS CYCLE) တစ်ခုဖြစ်တည်လာရတော့သည်။
လူမှုနိုင်ငံရေးဓလေ့နှင့် မခ်စ်ဝါဒတို့တွင် တူညီစွာရှိနေသော ရယ်ဒီကယ်တိမ်းညွတ်မှုနှင့်
နှုန်းစံအခြေပြုစဉ်းစားနည်းတို့ အပြန်အလှန်ကျေးဇူးပြုကြရာမှ “တရားသေ၀ါဒ”
(DOGMATISM) ထွက်ပေါ်လာသည်။ တစ်ဖန် လူမှုနိုင်ငံရေးဓလေ့-လာ အားနည်းသော
ယုံကြည်မှုနှင့် ပုဂ်္ဂိုလ်ကိုးကွယ်မှုစိတ်အခံဖြင့် မခ်(စ်)၀ါဒကို အကောင်အထည်ဖော်ကြရာ
“ဂိုဏ်းဂဏ၀ါဒ” (င်္ခေအငသညေူငျာ) ပေါ်ထွက်လာပြန်သည်။ အဆိုပါ တရားသေ၀ါဒနှင့်
ဂိုဏ်းဂဏ၀ါဒတို့သည်ပင် မြန်မာ့နိုင်ငံရေးတွင် အကြိမ်ကြိမ်အခါခါ ထပ်ကျော့တွေ့နေရသော
အဆိုးကျော့သံသရာဖြစ်ပါသည်။ ယခုစာတမ်း၏ ကာလသတ်မှတ်ချက် (၁၉၄၈မှ ၁၉၈၈) အတွင်း
မြန်မာ့နိုင်ငံရေးဖြစ်စဉ်ဖြစ်ရပ်များမှာ ဆိုခဲ့ပါ အဆိုးကျော့သံသရာ နောက်ခံကားထက်တွင်
ပန္နက်တည်လှုပ်ရှားရသော ဇာတ်လမ်းရှည်ကြီးဟု သဘောရ စဉ်းစားမိပါသတည်း။
(ကျော်ဝင်း)
(ဆက်လက်ဖော်ပြပါမည်)

0 comments:
Post a Comment