Saturday, March 19, 2011

Sanctions အပေါ် နိုင်ငံရေးပါတီများရဲ့ အမြင်

by cherrymyodaw on Tuesday, March 8, 2011 at 3:10am
 
(၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ စီးပွားရေး ပိတ်ဆို့မှု အပေါ် ပြည်တွင်း နိုင်ငံရေး သမားများရဲ့ အမြင် ဖြစ်ပါတယ်။)

(၁) အမျိုးသား ဒီမိုကရေစီ အင်အားစု ဦးခင်မောင်ဆွေ
ကျွန်တော်တို့လည်း ကုန်သွယ်မှု ပိတ်ဆို့မှုနဲ့ ရင်းနှီး မြှုပ်နှံမှု ပိတ်ဆို့တာကို ရုတ်သိမ်းပေးဖို့ လိုလားပါတယ်။ ပြည်သူတွေက တောင်းဆိုလို့တော့ မဟုတ်ဘူး၊ ပြည်သူတွေကို ထိခိုက်နေလို့ ရုတ်သိမ်း ပေးပါလို့ ဆိုတာ။ အာဆီယံ အသိုင်းအဝိုင်း မှာလည်း မြန်မာနိုင်ငံ ပါဝင်မှုက အရေးကြီး ပါတယ်လို့၊ အာဆီယံ အသိုင်းအဝိုင်းထဲမှာ နေရင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ အရည်အသွေး တောက်ပခွင့် ရတယ်။ ကုန်သွယ်ရေး၊ ပိတ်ဆို့မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပိတ်ဆို့မှုက ပြည်သူ အားလုံးနဲ့ ပတ်သက်တယ်။ ရင်းနှီးမြှုပ်နှံမှုကို ပိတ်ဆို့တယ် ဆိုရင် ရေနံ တူးတာတို့၊ ပက်စီကုမ္ပဏီတို့ ဟင်နီကင် ဘီယာ ကုမ္ပဏီတို့ အရင်းအနှီး ဒီမှာ လာမလုပ်တော့ ဘူးပေါ့။ အရင်းအနှီး လာမလုပ်ရင် တိုင်းပြည်က ပြည်သူတွေ အလုပ်အကိုင် မရတော့ဘူး။ ဒေါ်လာစား မဖြစ်တော့ ဘူးပေါ့။ ကုန်သွယ်ရေး ပိတ်ဆို့မှုမှာ ဆိုရင် ကျောက်သံ ပတ္တမြားတို့ အထည်အလိပ်တို့ ပို့ခွင့် မရတဲ့ အခါမှာ လူတွေ အလုပ်အကိုင် ရှားပါးပြီး ဝင်ငွေလည်း မရဘူး ဖြစ်မယ်။ ပြည်သူတွေကို ထိခိုက်နေတာ ဖြစ်လို့ ဒီနှစ်ခု ကိုတော့ ချက်ချင်း ဖယ်ရှား ပေးသင့်တယ်လို့ ကျွန်တော့်အမြင်ကို ပြောတာပါ။ ဒီပိတ်ဆို့မှု စတာက ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးကတည်းက စတာပဲ။
၁၉၉၅ မှာ အရှိန် တက်လာတယ်။ ဒီလို တောင်းဆိုမှုက ရုတ်သိမ်းသွား နိုင်အောင် စဉ်းစားဖို့ တောင်းဆိုတာပါ။ အထည်ချုပ်စက်ရုံတို့ ရေနံကုမ္ပဏီတို့ ပက်စီကိုလာတို့ ဘီယာကုမ္ပဏီတို့ အဲ့ဒါတွေ ဖြုတ်သွားတာက အရင်းအနှီး မြှုပ်နှံမှု မရလို့ရှိရင် နိုင်ငံသားတွေ လခစား မဖြစ်နိုင်တော့ဘူး။ ကျွမ်းကျင်မှု ရဖို့ အခွင့်အလမ်းလည်း ကုန်ဆုံးသွားတယ်၊ ရင်းနှီး မြှုပ်နှံမှုလည်း မရှိတော့ ဒီနိုင်ငံမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုလည်း ဆုံးရှုံးသွားတယ်။ ဒါတွေက ပြည်သူတွေကို တိုက်ရိုက် ထိခိုက်တာပဲ။ သွယ်ဝိုက်ပြီး ထိခိုက်တာက ကမ္ဘာ့ဘဏ်တို့ အာရှဘဏ် တို့က ငွေမချေးတဲ့ အတွက် ဗီယက်နမ်တို့ လာအိုတို့မှာ အတိုးနှုန်း နည်းနည်း လေးနဲ့ ဆိုင်းငံ့ကာလ ၁၅နှစ် အနှစ်၂၀ ပေးပြီး ချေးနေတဲ့ ဟာမျိုးတွေ မရတဲ့ အခါကျတော့ လမ်းတွေ ဖောက်တာ၊ တံတားတွေ ဆောက်တာ၊ ကျောင်းတွေ ဆောက်တာ ဒါတွေ မလုပ်နိုင်တဲ့ အခါကျတော့ ပြည်သူတွေ ထိခိုက်တာပေါ့။ Free Trade ရှိမယ်ဆိုရင် ဒီမှာလာပြီး ကားတွေ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ပေါ်လာမယ်၊ ကွန်ပျူတာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ပေါ်လာမယ် ဆိုရင် ပြည်သူတွေ လွယ်လွယ်ကူကူ တန်ဖိုး သက်သက် သာသာနဲ့ ကားတွေ စီးရမယ်၊ ကွန်ပျူတာတွေ ဝယ်နိုင်မယ်၊ ပြည်သူတွေကို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ မရလို့ Sanctions ထားတာဆိုရင် ဒီပြည်သူတွေ တစ်သက်လုံးပဲ နေရတော့ မှာလား။

(၂) ချင်း အမျိုးသားပါတီ ဦးဇိုဇမ်
တစ်နေရာနဲ့ တစ်နေရာ ဆန်ရှင်ကြောင့် ထိခိုက်တာ တွေလည်း မတူဘူး။ ပြည်မမှာ နစ်နာတာနဲ့ တိုင်းရင်းသား ဒေသမှာ နစ်နာတာ မတူဘူး။ ပြည်မက ကလေးတွေ နစ်နာတာနဲ့ တောင်ပေါ်က ကလေးတွေ နစ်နာတာ မတူဘူး။ သဘောကတော့ ဆန်ရှင် မရှိခင်တုန်းက ပစ္စည်းတွေက ပုံမှန် စီးဆင်းတာပေါ့။ ဥပဒေ - ရေပိုက် တစ်ပိုက်ကို ဒီအတိုင်း လွှတ်ပေး လိုက်လို့ရှိရင် စီးမြဲတိုင်း စီးမှာပဲ၊ ရေပိုက်ကို ပိတ်လိုက်ရင် မစီးတော့ ဘူးပေါ့။ တချို့က ဒီရေပိုက် မလာပေမယ့် မထိခိုက်ဘူး။ သောက်ရေသန့်တွေ၊ တခြား နေရာတွေ ကနေ မြစ်ရေ ချောင်းရေတွေ ရနိုင်တယ်။ တချို့ နေရာတွေ ကျတော့ ဒီရေပိုက်ကနေ ရေမလာခြင်း အားဖြင့် တော်တော် ထိခိုက်သွားတယ်။ ဥပမာ ကျွန်တော် တစ်ခု ပြောချင်တာ ကျွန်တော် ငယ်ငယ်က ကျွန်တော့် မိခင်နို့ သိပ်မထွက်ဘူး။ အဲတော့ ကျွန်တော် နို့မှုန့်နဲ့ ကြီးလာတာ၊ အဲ့တုန်းက ကျွန်တော်တို့ သုံးတဲ့ နှို့မှုန့်က ဟော်လန်တို့ ဒိန်းမတ်တို့ နယူးဇီလန်တို့ သြစတြေးလျတို့က လာတဲ့ နို့မှုန့် အစစ်တွေ၊ အခု ကျွန်တော့် ကလေးတွေ ခေတ်ကျ လို့ရှိရင် ဆန်ရှင်နဲ့ မီသွားရော၊ ကျွန်တော့် ကလေးတွေမှာ အငယ်ဆုံးလေးက ၂နှစ်ခွဲပဲ ရှိသေးတယ်။ မိခင်နို့ မထွက်တော့ နို့မှုန့်လည်း မယ်မယ်ရရ မရတော့ဘူး။ တရုတ် နို့မှုန့်တွေ သုံးရတယ်၊ စိတ်ချရတဲ့ နို့မှုန့်တွေ မဟုတ်ဘူး၊ မယ်လမင်း မှုန့်တွေ ရောထားတယ်။ ကျွန်တော့်ကလေး သုံးယောက်စလုံးရဲ့ သွေးသားထဲမှာ မယ်လမင်း အဆိပ်တွေ ဘယ်လောက် ထည့်မိလဲ ဆိုတာ ကျွန်တော် တော်တော် စိုးရိမ်နေရပါတယ်၊ အဲဒါ ဆန်ရှင်ကြောင့်ပဲ။ ဒါဆန်ရှင်ကြောင့် ကျွန်တော်တို့ လက်တွေ့ကျကျ ထိခိုက်နစ်နာတဲ့ အပိုင်းပဲ။ ဆန်ရှင်မှာ အပိုင်း ၃ပိုင်းလောက် ပိုင်းထားလို့ ရတယ်၊ ဆန်ရှင် လုပ်တဲ့ လူတွေကလည်း သူတို့ ဘာလို့ စီးပွားရေး ကစားလဲ ဆိုတော့ သူတို့ နိုင်ငံရေးကို လိုချင်တာ ရချင်လို့။ နိုင်ငံရေး ကစားရင်းနဲ့ စီးပွားရေးကို ကစားပြတာ။ နောက်ဆုံးကျတော့ မထိရောက်ရုံ မကဘဲနဲ့ နိုင်ငံရေးလည်း မရဘူး၊ စီးပွားရေးလည်း ထိခိုက်သွားတယ်။ သူတို့ ဆန်ရှင် ကစားခြင်းအားဖြင့် နိုင်ငံရေး တိုးတက်မှု ဘာမှမတွေ့ဘူး။ အကျိုးမရှိတဲ့ တိုးတက်မှုမရှိတဲ့ လုပ်ငန်းတစ်ခု ဆက်လုပ် တာ အလကားပဲ။ ကျွန်တော်တို့ ချင်းတောင်မှာ ထိခိုက်နေတာ ဆေးဝါးပစ္စည်းတွေ၊ နိုင်ငံခြားက ဆေးဝါးပစ္စည်း အစစ်တွေ ကျွန်တော်တို့ဆီမှာ မရတော့ဘူး။ အစတုန်းက ပေါချောင်ကောင်းလို့ ပြောတယ်၊ အခုတော့ ပေါချောင်ညံ့ ဖြစ်နေတဲ့ အရည် အသွေး မမီတဲ့ ဆေးဝါး ပစ္စည်းတွေ ကျွန်တော်တို့ဆီ ရောက်လာတယ်။ သုံးစရာ မရှိတော့ အဲ့ဒါတွေပဲ သုံးရတယ်။ အဲ့ဒါတွေ က လူတွေကို ထိခိုက်တယ်။ ဥပမာ- ကားဈေးကွက်ကို ဆန်ရှင် လုပ်ခြင်းအားဖြင့် ဝင်လို့လည်း မရဘူး၊ ဝယ်လို့လည်း မရ ဘူး။ အဲ့ဒါတွေက သိပ်ပြီး ကောင်းကျိုး မဖြစ်တာတွေ။ ရေပိုက်ပိတ် ထားတာ ဖွင့်လိုက်ရင် အားလုံး ကောင်းလာမယ်၊ ဒါပေမယ့် ကျွန်တော်တို့ မျှော်လင့်တာ မြန်မာပြည်ရဲ့ change ကို gradually change ပဲ ပြောင်းလဲ စေချင်တယ်။ ကောင်းသော ပြောင်းလဲခြင်း ဘက်ကို လားရာမူ စေချင်တယ်။ အပြောင်းအလဲ ဖြစ်ပြီဟေ့ ဆိုပြီး မကောင်းတဲ့ ပြောင်းလဲမှု ဆိုရင်လည်း ကျွန်တော်တို့ ဘက်က negative ပဲ။ အများပြည်သူ ထိခိုက် နစ်နာ တာတွေမှာ စပြီး လမ်းပွင့် စေချင်တယ် ဒါနဲ့ ပတ်သက်ပြီး ပြည်သူတွေက တောင်းဆိုလို့ ပြောတာတော့ မဟုတ်ပါဘူး။ ကျွန်တော့် မျက်မြင်ကိုယ်တွေ့ ကျွန်တော့် မိသားစုမှာ တွေ့မြင်ရတဲ့ ပြဿနာ အရ ပြည်သူတွေမှာ ဆန်ရှင်ကြောင့် ထိခိုက် နစ်နာမှုတွေ ရှိတယ်ဆိုတာ ပြောတာပါ။

(၃) ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ ဦးစိုင်းဆောင်ဆီ
ဒီကိစ္စက သက်ဆိုင်တဲ့ ပြည်သူတွေပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ အာရှနိုင်ငံ တွေပဲ ဖြစ်ဖြစ် ပိတ်ဆို့မှုရှိရင် အထိုက် အလျောက်တော့ ထိခိုက်မှုရှိတယ်။ ဒီ Sanctions လုပ်တာကြောင့် တကယ်ပဲ ပြည်သူ လူထုတွေ စီးပွားရေးကိစ္စ တွေမှာ အများကြီး ထိခိုက်ပါတယ်။ ဥပမာ- ကျောက်စိမ်းတို့ ဆိုရင် ပိုသိသာတယ်။ အထည်ချုပ်တွေ ကတော့ နည်းနည်းတော့ ပြန်ပွင့်လာပြီ။ Sanctions ကြောင့် ထိခိုက်လားဆိုရင် ထိခိုက်တာပေါ့၊ တိုက်ရိုက်သာ ဆိုရင် ကျွန်တော်တို့ ကြားနိုင်ငံ မလိုတော့ဘူး၊ ဒါက ကျွန်တော်တို့ တိုင်းရင်းသား တွေရဲ့ အမြင်ပေါ့။ ဒီ Sanctions ဆိုတာ ကလည်း ကျယ်ပြန့်တယ် ဆိုတော့ ကျွန်တော်တို့ အမြင်မှာ ဒီလိုတွေ မြင်လို့ ဒီလို ပြောတာပေါ့။ တကယ်တမ်း ယေဘုယျ သဘောမျိုးပဲ ကျွန်တော်တို့ ပြောလို့ရမယ်။ မူအားဖြင့်တော့ ဒီ့ထက် ပွင့်လင်းလာမယ် ဆိုရင် ပြည်နယ်တွေ မှာလည်း အခွင့်အရေးတွေ အများကြီး ရှိလာမယ်၊ အခွင့် အလမ်းတွေ ပွင့်လာရင် ပြည်သူ လူထုအတွက် အကျိုး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်မှာ ဆိုရင် ရှမ်းပြည် ထွက်ကုန် မှန်သမျှက Sanctions မပိတ်တဲ့ ဘက်ကို သွားတော့ ကြားပွဲစား နိုင်ငံကိုပဲ အားကိုးရတယ်။ များသော အားဖြင့် စင်ကာပူနဲ့ တရုတ်ကို အားကိုးရတယ်။ တကယ်ဆို ကျွန်တော်တို့ ဒေသထွက် အသီးအနှံ တွေက အဖြူ တိုင်းပြည်ကို ခရီးဆုံးရတယ်။ ကူးသန်း ရောင်းဝယ်ရေး ဆိုရင် ရှမ်းပြည်ကနေ ကျောက်စိမ်းတွေက တရုတ်ကို သွားတယ်။ ကျောက်မျက်ရတနာ တွေက တရုတ်ကနေ အနောက် နိုင်ငံတွေမှာ ခရီးဆုံးတယ်။ အဲ့တော့ ကြားနိုင်ငံ ခံလိုက်တဲ့ အခါကျတော့ ပြည်သူ လူထုက ရသင့် ရထိုက်တဲ့ ခံစားခွင့်ကို အဆုံးထိ မရဘူး။ ကျွန်တော်တို့ တိုင်းပြည်က အမှန်တကယ် ဆိုရင် တရုတ်၊ စင်ကာပူနဲ့ ယိုးဒယားကနေ တစ်ဆင့် ခံသွားရတာပဲ။ အဲ့ဒါတွေ မရှိဘူးဆိုရင် စိုက်ပျိုးရေး ထုတ်လုပ်တဲ့ ကုန်တွေမှာလည်း ဈေးအဆုံးထိ ရနိုင်တယ်။ ငွေလွှဲတဲ့ ကိစ္စတွေက ကျွန်တော်တို့နဲ့ တိုက်ရိုက် မဆက်ဆံရဘူး။ ကြားကိုပဲ အားကိုး နေရတယ်။ Sanctions ကြောင့် ကိုယ်ထုတ်လုပ် လိုက်တဲ့ ကုန်က ရသင့် ရထိုက်တဲ့ ဈေးမရဘူး ဆိုရင် ပြည်သူလူထု ထိခိုက်တာပေါ့။ ကျွန်တော်တို့ နားလည်တာ စီးပွားရေး က နိုင်ငံကို တည်ဆောက်တာပဲ။ စီးပွားရေး ကျဆင်းသွားရင် နိုင်ငံ တည်ဆောက် ရာမှာလည်း နှောင့်နှေးသွားမှာပဲ။ နိုင်ငံနဲ့ ဆက်နွယ်နေတဲ့ ပြည်သူ လူထုအရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အကုန် ထိခိုက်မှာပဲ။ ကျွန်တော်တို့တော့ အဲ့လိုပဲ မြင်တယ်။ ပြည်ထောင်စု ဆိုတဲ့ တိုင်းပြည် ဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းသား တွေရဲ့ အမြင်လည်း ပြောခွင့်ရှိတာပဲ။ နိုင်ငံရေးပါတီ တစ်ခုလည်း ဖြစ်တယ်၊ တိုင်းရင်းသားလည်း ဖြစ်နေတယ် ဆိုတော့ ကိုယ်မြင်တာ ပြောတဲ့ အချိန်မှာ ပတ်သက်တဲ့ လူက စဉ်းစား လိမ့်မယ်။ ကိုယ်က သိတာ နားလည်တာကို ပြောပြထားတာ၊ တစ်နည်းအားဖြင့် ပြောရရင် ဒီတိုင်းပြည်မှာ လူမျိုးပေါင်းစုံ နေထိုင်ပြီး ဒီတိုင်းရင်းသားတွေ ကလည်း သူတို့အမြင် သူတို့ ရှိပါလား ဆိုတဲ့ ပုံရိပ်လေးလည်း ကျွန်တော်တို့ ပြလို့ ရတာပေါ့။ ပြည်သူတွေက တောင်းဆိုလို့တော့ မဟုတ်ဘူး။ ဒီ စီးပွားရေး ပိတ်ဆို့မှုက ၁၉၉၇မှာ ပိုပြီး ပြင်းထန်သွား တယ်။

(၄) အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ ဦးဝင်းမြင့်
ဒီစီးပွားရေး ပိတ်ဆို့မှုကြီးက လုပ်သား ပြည်သူထံမှာ သဘောထား ရယူထား တာလည်း မရှိဘူး။ သာမန် ပြည်သူတွေက လည်း ဒီပိတ်ဆို့မှုကြီး အတွက် ထိခိုက်တယ်၊ မထိခိုက်ဘူး ဆိုတာ ဘယ်လိုမှ မပြောကြတော့ သူတို့ သဘောထားကို မသိရ တော့ ကျွန်တော်တို့ ပါတီအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောင်းတယ်၊ ဆိုးတယ်ဆိုတာ မပြောလိုပါဘူး။ ဒါပေမယ့် နိုင်ငံခြား ဆက်ဆံရေး မှာတော့ အမြဲတမ်း ဆက်ဆံရေး ရှိနေမယ်ဆိုရင် အကြိုက်ဆုံးပေါ့။

(၅) စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ
ကချင်ပြည်နယ် (စဒက) ဦးခက်ထိန်နန်
ကျွန်တော်တို့ ကတော့ စီးပွားရေး ပိတ်ဆို့မှုကို ပြန်ဖွင့်စေချင်တယ်။ နိုင်ငံနဲ့ ပတ်သက်တာက ပြည်သူနဲ့ ပတ်သက် တာပဲပေါ့။ နိုင်ငံကို ပိတ်ဆို့တာက ပြည်သူကို ပိတ်ဆို့တာပဲပေါ့။ ကျွန်တော်တို့ ပြည်သူတွေရဲ့ လူနေမှုဘဝမှာ အနည်းနဲ့ အများတော့ ထိခိုက် နစ်နာမှုတွေ ရှိတာပေါ့။ ဒီစီးပွားရေး ပိတ်ဆို့မှုက အတိုင်းအတာ တစ်ခု အထိတော့ ရှိမှာပါ။ ဒီ အတိုင်းအတာက ဘယ်လောက် ဆိုတာတော့ ကျွန်တော်လည်း သေချာ မပြောတတ်ဘူး။ ဒီပိတ်ဆို့မှုက ပြည်သူတွေကို ထိခိုက် နစ်နာမှု ရှိတယ်ဆိုတာ ကျွန်တော် လေ့လာမိသလောက် ဖတ်ရှုမိသလောက် ပြောရတာပါ။ စီးပွားရေး ပိတ်ဆို့ဖို့တော့ ပြည်သူတွေ မတောင်း ဆိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မြစ်ကြီးနားက ပြည်သူတွေ ခပ်များများက သူ့ဟာနဲ့သူ အေးအေးဆေးဆေး နေတတ်တာ များတော့ သူတို့တွေ အနေနဲ့ သိပ်များများ မမြင်ကြဘူး။

(၆) ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
ဒေါက်တာအေးမောင်
ဆန်ရှင် ဆိုတာကြီးကို ရုတ်သိမ်းပေးပါ၊ ချက်ချင်း ရုတ်သိမ်း ပေးပါလို့ မပြောပါဘူး။ ပြန်လည်သုံးသပ် ပေးပါလို့ မေတ္တာရပ်ခံ တာပါ။ ပြည်သူတွေ တောင်းဆိုလို့ တောင်းဆို ပေးရတာမျိုးတော့ မဟုတ်ပါဘူး။ ပြီးရင် တိုင်းရင်းသား တွေမှာ ထိခိုက် နေပါတယ်၊ ဟုတ်မဟုတ် ဆိုတာလည်း ပြန်လည် လေ့လာပါ။ တိုင်းရင်းသား ဒေသမှာ ကျွန်တော်တို့ဆီမှာ နည်းပညာ ထွက်ကုန်ဖြစ်တဲ့ ရေခဲနဲ့ ပတ်သက်တဲ့ ငါးလုပ်ငန်း ရှိတယ်။ ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ရေထွက်ကုန် ဥရောပတို့ အမေရိက တို့က ပိတ်ပင်တဲ့ အခါမှာ ထွက်ကုန်ကို ကျွန်တော်တို့ ပို့လို့ မရတော့ဘူး။ အဲ့ဒါ သွယ်ဝိုက်သော နည်းနဲ့ ကျွန်တော်တို့ကို ကန့်သတ် လိုက်တာပါ။ ဒီဘက်ကဟာတွေ အကုန်လုံးက ဘင်္ဂလားကိုပို့ ဘင်္ဂလားက ကျွန်တော်တို့ ပစ္စည်းတွေ အကုန်လုံးကို ပြည်တွင်းမှာ ထုတ်လုပ်သလို သူများ နိုင်ငံတွေ၊ အမေရိကလည်း ရောက်ချင် ရောက်သွားမှာပဲ။ အဲ့တော့ သူတို့က တစ်ဆင့်ခံ အကျိုး ခံစားကြတာပဲ။ ကျွန်တော်တို့ ဒေသခံရဲ့ တစ်ကယ့် အရင်းအမြစ်ကို ကျွန်တော်တို့ မခံစားရဘူး။ အဲ့လို့ သွယ်ဝိုက်သော နည်းအားဖြင့် ဆန်ရှင်က တိုင်းရင်းသား ဒေသတွေမှာ ထိခိုက်တယ်။ လာမယ့် ပါလီမန်မှာ အစိုးရသစ် ပေါ်လာတော့မယ်။ ဆန်ရှင်ကို ရုတ်သိမ်းပေးခြင်း အားဖြင့် အစိုးရရဲ့ ပုံသဏ္ဍာန်ကို ပြောင်းပေးနိုင်တယ်။ အစိုးရရဲ့ ပုံသဏ္ဍာန်မှာ အကုန်လုံး၊ မြင်သာ ထင်သာရှိတဲ့ ပုံသဏ္ဍာန်မျိုး ဖွဲ့စည်းလာအောင် လက်ရှိ ပုဂ္ဂိုလ်တွေကို တွန်းအား ပေးသလို ဖြစ်နိုင်တယ်။ ဒါကြောင့် ဆန်ရှင်ကို ရုပ်ပေးလိုက်ပါ။ လာမယ့်အစိုးရရဲ့ ပုံသဏ္ဍာန်ဟာ ပြောင်းသွား နိုင်တယ်။ ကျွန်တော် ကြိုတင်ပြီး နိမိတ် ဖတ်တဲ့ သဘောပါ။

(၇) မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ
ဦးငွေသိန်း
တိုင်းရင်းသား ပါတီငါးခု ထုတ်ပြန်လိုက်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လက်တွေ့ မြင်နေတာတွေ ကြောင့်မို့ တောင်းဆိုတာပါ။ ပြည်သူတွေက တောင်းဆိုခိုင်းလို့ မဟုတ်ပါဘူး။ ဥပမာ- စီးပွားရေး ပိတ်ဆို့တာက ပြည်သူတွေ အနေနဲ့ကျတော့ အဆင် မပြေဘူး ဆိုတာက ရင်းနှီးမြှုပ်နှံမှု လာလုပ်ချင်တဲ့ လူတွေရှိမယ်။ ဒါကို ဖွင့်ထားမယ် ဆိုရင် မွန်ပြည်နယ်က ပြည်သူတွေ အလုပ်ရမယ်။ လာမြှုပ်နှံတဲ့ အခါကျတော့ သူတို့ လုပ်ငန်းတွေကို အထောက်အကူ ပေးနိုင်မယ်။ စီးပွားရေး ဆိုတာက ကုန်သွယ်တာ၊ ရင်းနှီးမြှုပ်နှံတာ၊ စက်ရုံ လာတည် တာလည်းပါတယ်။ ဒါတွေ အားလုံးရှိရင် ကိုယ့်ပြည်နယ်မှာ လာပြီး ရင်းနှီးမြှုပ်နှံခြင်း အားဖြင့် လူတွေ အလုပ်ရမယ်၊ ကြီးပွားလာမယ်၊ တိုးတက် လာမယ်။ ဒါတွေ မရှိတဲ့အခါ ယိုးဒယား နိုင်ငံမှာ ကျွန်သွားလုပ်တဲ့ လူတွေက သန်းနဲ့ချီ ရှိတယ်။ အဲဒါဒီမှာ အလုပ်လုပ်ကိုင် စားဖို့ မရှိလို့။ တကယ်တော့ ဒီမှာ လယ်လုပ်လည်း မကိုက်၊ ကိုင်းလုပ်လည်း မကိုက်၊ ရာဘာခြံ ရှိတဲ့ လူပဲကိုက်တယ်။ ရာဘာခြံ ရှိတာတောင် ထွက်လာတဲ့ ရာဘာကို ဘယ်လိုလုပ်မယ်၊ ဘယ်ကိုပို့မယ်၊ ဘယ်ကို ရောင်းဝယ်မယ် ဆိုတာ အခက်အခဲ တော်တော်ရှိတယ်။ ဒီစီးပွားရေး ပိတ်ဆို့မှု ရုပ်လိုက်မယ် ဆိုရင် ပညာလည်း ရမယ်၊ အလုပ်လည်း ရမယ်၊ စီးပွားလည်း ရမယ်။ Tecgnology တွေလည်း ရမယ်။ ကျွဲကောခြံတို့၊ ရာဘာခြံတို့၊ ဒူရင်းခြံ တို့မှာ Technician တွေ သိပ်လိုတယ်။ သင်ပေးတဲ့ လူလည်း မရှိဘူး။ ကျွန်တော်တို့လည်း မလုပ်တတ်ဘူး။ နယ်စပ်မှာ ရှိနေတဲ့ ဟိုဘက်ကမ်းမှာ ရှိနေတဲ့ ရာဘာခြံနဲ့ ကျွန်တော်တို့ဆီက သိပ်မတူဘူး။ သူတို့ဆီက ထွက်တဲ့ ကျွဲကောသီး၊ ဒူးရင်းသီးက ပါကင်ထုပ်ပြီး လေယာဉ်နဲ့ ပို့လို့ရတယ်။ ဒီမှာ ထွက်တဲ့ဟာက ဘယ်ကို ပို့ရမှန်း မသိဘူး။ ဒီမှာကတော့ ပြည်သူတွေက အလုပ်မရှိ၊ အကိုင်မရှိ၊ ဟိုဘက် ကမ်း သွားရ၊ ဒုက္ခတွေ တော်တော် ရောက်ရတယ်။ ပိတ်ထား တာကလည်း ဘာမှ ထူးခြားမှု မရှိပါဘူး။ ၈၈ နောက်ပိုင်းက စီးပွားရေး၊ ပိတ်ဆို့မှု စတာပဲ။ ထိခိုက်တာက စိုက်ပျိုးရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ ပို့ဆောင်ရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ မှာလည်း ထိခိုက်တာပဲ။ နည်းပညာက သိပ်မှ မရှိတော့ လူတွေက လုပ်တော့ လုပ်တယ်။ စားလို့ မလောက်ဘူး။ ဒီတော့ မှောင်ခိုခေတ် ဖြစ်လာတယ်။ တရားမဝင်တဲ့ စီးပွားရေးတွေ လုပ်မှ ပိုက်ဆံ ရတော့တယ်။ မလုပ်သင့် မလုပ်ကောင်းဘူး ဆိုပေမယ့် လုပ်နေ ကြတာပဲ။ ခိုးသွင်း၊ ခိုးထုတ်ရင် ပိုပြီး ပိုက်ဆံရတယ်။ အထူးသဖြင့် မွန်ရွာတွေ ကရင်ရွာတွေမှာ ၉ တန်း ၁၀ တန်းနေတဲ့ လူငယ်တွေ သိမရှိဘူး။ လူငယ်တွေအားလုံး ဟိုဘက်ကမ်းကို သွား၊ အိမ်မှာဆို အဘိုးကြီး၊ အဘွားကြီးနဲ့ မူလတန်း ကလေးတွေပဲ ရှိတယ်။ ဒါပေမယ့် ဟိုမှာ သွားလုပ်တာ ပိုက်ဆံ ပိုရတယ်။ ဒီစီးပွားရေး ပိတ်ဆို့မှု တစ်ခုတည်း ကြောင့်တော့ မဟုတ်ဘူးလို့ ပြောလို့ရတယ်။ အကြောင်းပြချက် တစ်ခုလို့ပဲ ပြောလို့ရတယ်။ ဒီစီးပွားရေး ပိတ်ဆို့မှု တစ်ခုတည်း ကြောင့်တော့ မဟုတ်ဘူးလို့ ပြောလို့ရတယ်။ ရေလုပ်ငန်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီ အချို့ကို ပေးလုပ်ထားတယ် ဆိုပေမယ့် ဒီကုမ္ပဏီတွေ ကလည်း ကြည့်တယ်။ သူ့အတွက် အကျိုးအမြတ် မရှိဘူးဆိုရင် မဟုတ်တာလည်း အကုန်လုပ်တယ်။ လျှပ်စစ်၊ ရေ၊ တယ်လီဖုန်း၊ ကား စတဲ့ ပြဿနာတွေမှာ စီးပွားရေး ပိတ်ဆို့မှုကြောင့် အနည်းအကျဉ်း ဖြစ်ရင်ဖြစ်မယ်။ အကုန်လုံးဟာ စီးပွားရေး ပိတ်ဆို့ ထားလို့တော့ မဟုတ်ပါဘူး။ ဒီလို တောင်းဆိုရုံနဲ့ ပြေလည်မှု ရရင်လည်း ရခဲ့မယ်။ ဒီဘက်ကလည်း လွှတ်တော်က ပေါ်လာပြီ ဆိုရင် ပြည်သူ့ ဆန္ဒအတိုင်း အကောင်းဆုံး ဖြစ်လာဖို့က နိုင်ငံရေး သမားတွေ နိုင်ငံရေး ပါတီတွေမှာ တာဝန်ရှိတယ်။ ပြည်သူ တွေဆီက မြင်တွေ့ နေရတဲ့ အခြေအနေ အရ တောင်းဆိုတာပါ။

(ဇင်သီဟစုစည်းသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...