Saturday, March 19, 2011

ခေတ်မြစ် (River of Era)

 (မျိုးမြင့်ချို)

by Myo Myint on Saturday, March 19, 2011 at 7:34am

            “မြစ်တမြစ်မြစ်”ကို ပထဝီပေါ်တင်ကြည့်လျှင် သည်မြစ်ကြီးဘယ်ကစ။ ဘယ်တုန်းကစ။ ဘာတွေဖြစ်ခဲ့။ ဘယ်လိုစီးဆင်းသွား။ ဘယ်မြို့ဘယ်ရွာ ဘယ်နေရာတွေဖြတ်စီး။ ဘယ်နေရာမှာ ဘယ်လောက်ကျယ် ဘယ်လောက်ကျဉ်း။ ဘယ်လောက်ရှည်လို့ ဘယ်လိုဆုံး စသည်များထွက်လာမည်။

“မြစ်”ကို ခေတ်ပေါ်တင်ကြည့်လျှင် သည်မြစ်ကြီးနဲ့အတူ ဘာသမိုင်းတွေမွေးဖွားခဲ့။ ဘာသမိုင်းတွေ ချုပ်ငြိမ်းခဲ့။ ဘာသမိုင်းတွေ စီးဆင်းခဲ့။ ဘာသမိုင်းတွေ စီးဆင်းဆဲ စသည်များမြင်လာမည်။ 
  

“မြစ်တမြစ်”ကို ပထဝီပေါ်တင်ကြည့်သည်မှာ မြစ်၏ရုပ်ပိုင်းသဘောကို ထုတ်ယူလို၍ဖြစ်ပြီး၊  “မြစ်” ကို “ခေတ်” ပေါ်တင်ကြည့် သည်မှာ ခေတ်၏ “အရွေ့သဘော”ကို မြင်လို၍ဖြစ်၏။ ထို့ကြောင့်  “ပထဝီသဘောမြစ်” သည် “ခေတ်သဘောမြစ်” လိုမဟုတ်။ မတူနိုင်။ တူလို့မဖြစ်။ တူလို့လည်းမရ။ “ပထဝီမြစ်”တွင် အစရှိ၏။ အဆုံးရှိ၏။ “ခေတ်မြစ်” က ထိုသို့မဟုတ်။ လူ့သမိုင်းရှိသရွေ့ တည်၏။ သမနိရှည်၏။

ခေတ်တခေတ်သည် မြစ်တမြစ်မဟုတ်။ ခေတ်ကိုက မြစ်ဖြစ်၏။ မြစ်တွင်ဇာတိရှိ၏။ ဇာတိတွင် ရေတစက်ဖြင့်ချက်မြုတ်ရ၏။ ချက် မြှုတ်ရာမှခေါင်းချရာခရီးတွင် လက်တက်ပေါင်းများစွာကိုလက်ခံပြီး စည်စည်ပင်ပင်ရှင်သန်စီးဆင်း၏။ စီးဆင်းရာတလျှောက်တွင် ကြေသည့် နေရာကြေ၍  ကြမ်းသည့်နေရာကြမ်း၏။ ကြေကြေကြမ်းကြမ်းစီးဆင်းရင်း ကွေ့ကွေ့ကောက်ကောက်လည်းရှိရ၏။ မကွေ့မကောက်လျှင် မြစ် မမြည်တော့။ တခါတရံတွင်မြစ်သည် ဖြောင့်ဖြောင့်မြန်မြန်စီးလိုသဖြင့် မြစ်ကျိုးအင်းများထားခဲ့ပြီး ဆက်ထွက်ရတတ်သေး၏။ မြစ်မှန်လျှင် တကမ်းဖြိုပြီးတသောင်ထွန်းပေးရ၏။ သောင်ထွန်းရင်း ကျွန်းလည်းဖေါ်ရ၏။ ပေါ်သည့်ကျွန်းတိုင်းလည်း နုံးတင်မြေနုမဟုတ်တတ်။

မြစ်တွင် မြစ်ဗီဇသဘောရှိ၏။ ထိုဗီဇသဘောသည် ဇာတိတွင်ပြ၏။ ဇာတိပြရင်းဇာတိချုပ်ရ၏။ ဇာတိမချုပ်ခင် ဇာတ်ရုပ်ဖျောက်၏။ ဇာတ်ရုပ်ပျောက်မြစ်တမြစ်သည် နာမည်အမျိုးမျိုးချန်ခဲ့ပြီးမှ ပင်လယ်ဝတွင်ခေါင်းချ၏။ ခေါင်းချရုံဖြင့် “ဝိဉာဉ်” ကင်းပြီဟုမဆိုနိုင်။ မြစ်၏ဝိဉာဉ် သည် အလျဉ်စီးဆင်းနေသည့်ရေဖြစ်၏။ ရေမခမ်းသရွေ့မြစ်မကန်း။

ဧရာဝတီသည် “မြစ်” ဖြစ်၏။ “မြစ်တမြစ်”မဟုတ်။ ထို့ကြောင့် သူသည် “ခေတ်”လည်းဖြစ်၏။ သူ့ဝိဉာဉ်အလျဉ်သည် မကန်းသေး။ သူ့ဝိဉာဉ်တွင် ခေတ်အလျဉ်တို့အားသယ်ပိုးထားဆဲ။ ဧရာဝတီနှင့်အတူ ခေတ်တို့ စီးဆင်းနေဆဲ။

            မြစ်၏ခေါင်းချရာတွင် ပင်လယ်ကိုသန္ဓေတည်၏။ မြစ်ပေါင်းစုံဂဟေဆက်ရာမှ ပင်လယ်ကိုဖွားမြင်လာ၏။ သူက ရေစီးညင်သာသည့် မြစ် ရေစီးကြမ်းသည့်မြစ်ဟု မခွဲခြားပဲ ကြည်ကြည်ဖြူဖြူထွေးပွေ့ယူ၏။ “မြစ်ယဉ်” “မြစ်ရိုင်း”အားလုံးကို သူ့ထံတွင်ရောနှောခိုင်းပြီး၊ မြစ်တိုင်း၏ သမိုင်းကိုလည်း လက်ခံသိမ်းဆည်းပေးထားသေး၏။ “မြစ်” သည် “ခေတ်”ဟုဆိုလျှင် “ပင်လယ်”သည် “ခေတ်တို့၏သမိုင်း”။ ဗီဇသဘော အရပင်လယ်သည် တည်ငြိမ်အေးဆေးဟန်ရှိသော်လည်း ဝန်းကျင်၏စေ့ဆော်မှောက်လှန်မှုကြောင့် တခါတရံတွင် လှိုင်းထန်၏။

လူ့သမိုင်းသည် လှိုင်းထန်၏။ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်၊ အနှစ်နှင့်အကာ၊ အာဏာနှင့်ဖီဆန်မှု၊ ဖိစီးမှုနှင့်တွန်းလှန်မှု၊ ဓမ္မနှင့်အဓမ္မ၊ အသစ်အဟောင်းပဋိပက္ခ စသည်တို့ဖြင့် ဗြောင်းဆန်နေသည့် မြစ်တစင်းဖြစ်၏။  အစဉ်စီးဆင်းရင်း အဆက်မပြတ်ရှင်သန်နေ၏။ ခေတ်ဆိုသည့်မြစ်သည် “သမိုင်းခေတ်”များအားကျောပိုးပြီး “ခေတ်တို့၏သမိုင်း” သိမ်းဆည်းရာ ပင်လယ်သို့မျက်နှာမူ၏။ တရွေ့ရွေ့စီးဝင် နေ၏။ ပင်လယ်ရောက်လျှင် သမိုင်းခေတ်များဆုံမည်။ စုံလည်းစုံမည်။ သမိုင်းခေတ်များဆုံလျှင်၊ တစုံလုံးကိုမြင်ရ၏။ “ခေတ်မြစ်”နှင့် စီးနေဆဲတွင် သမိုင်းကိုဖြတ်ကြည့်ပါက “ခေတ်တဖြတ်အမြင်” သို့မဟုတ် “မြစ်တဖြတ်အမြင်”ဖြင့်သာ တင်းတိမ်စရာရှိ၏။

သမိုင်းကို “ခေတ်တဖြတ် (သို့)  မြစ်တဖြတ်အမြင်” သက်သက်နှင့်ကောက်ကိုင်ကြည့်ပါမူ ယူစရာ “သင်ခန်းစာ” တခုတည်းကိုသာ ပြေးမြင်မိ၏။ အမှန်က ခေတ်တိုင်းတွင် ယူစရာ “သင်ခန်းစာ”များရှိသလို “နမူနာ”များလည်းရှိ၏။ သင်ခန်းစာယူခြင်းမှာ ကောင်းသည့်အရာ ဖြစ်၏။ “နောင်ကို..အရင်လိုမမှားဖို့”ဖြစ်၏။  နမူနာကိုမယူနိုင်လျှင် နှုန်းစံတန်ဖိုးချိန်ဆဖို့ တိုင်းစရာမရှိသလိုဖြစ်တတ်၏။ “အရင်လို..နောင်ကို လည်းမှားတတ်” စရာရှိသေး၏။

ပင်လယ်ရောက်မှ တစုံလုံးကိုမြင်ရမည်ဖြစ်သော်လည်း ပင်လယ်ရောက်မှတစုံလုံးကိုကြည့်ရမည်ဟုမဆိုလို။ မြစ်တဖြတ်အမြင်ကို ပင်လယ်ပေါ်လှမ်းတင်ကြည့်နိုင်ပါမူ “သင်ခန်းစာ” ရော “နမူနာ” ပါ ခပ်ရေးရေးတော့မြင်နိုင်စွမ်းမည်ထင်၏။   
   
(မျိုးမြင့်ချို)
· · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...