လူပြိန်းတစ်ယောက်နှင့် အင်တာဗျူး
by Han Thit Nyeim on Wednesday, March 16, 2011 at 7:00am
ဖြေ။ ။ ဟုတ်ကဲ့ မင်္ဂလာပါဗျာ
မေး။ ။ အခုလို လူပြိန်းကြိုက် နာမည်ကျော်စာရေးဆရာကြီးကို မေးချင်တာက...
ဖြေ။ ။ လူပြိန်းကြိုက်လို့တော့ မပြာပါနဲ့ဗျာ၊ ကျုပ်စာဖတ်တဲ့သူတွေ အကုန် လူပြိန်းဖြစ်ကုန်ပါ့မယ်
မေး။ ။ အဲဒါ မဟုတ်လို့လားရှင့်
ဖြေ။ ။ ကျုပ်ကပြိန်းတယ်ဆိုတိုင်း ကျုပ်စာဖတ်သူတွေက ပြိန်းမလားဗျ
မေး။ ။ အင်း... ဒါဆိုရင် ဆရာ့ကို ဘယ်လိုများ ခေါ်ရပါ့မလဲရှင်
ဖြေ။ ။ စာရေးဆရာ လူပြိန်းကြီးလို့ပဲ ခေါ်ပါဗျာ...
မေး။ ။ လူပြိန်းဆရာကြီးလို့ ခေါ်မယ်ဆိုရင်ကောရှင်
ဖြေ။ ။ အာ... ဘယ်ဖြစ်မလဲဗျ...
မေး။ ။ ဘာဖြစ်လို့လဲရှင့်
ဖြေ။ ။ ဟာဗျာ... “ဆရာကြီး” ဆိုတဲ့ စကားလုံးနဲ့ “လူပြိန်း” ဆိုတဲ့ စကားလုံးဟာ ဆန့်ကျင်ဘက်တွေပါ၊ မတွဲကောင်းပါဘူးဗျာ...။
မေး။ ။ ဟုတ်ကဲ့ပါရှင်... ခုလို လူပြိန်းတွေရဲ့ အထင်ကြီး လေးစားခြင်း... အဲ... မှားလို့... လူပြိန်းအဖြစ် အထင်ကြီး လေးစားခြင်း ခံရအောင် ဘယ်လိုများ လေ့လာသင်ယူ အားထုတ်ခဲ့ရပါသလဲရှင်
ဖြေ။ ။ အင်း... ဒါက ပါရမီလို့ပဲ ဆိုရမှာပဲပေါ့ဗျာ... “ဘယ်သူမှ မွေးကတည်းက တော်လာ၊ တတ်လာတာ မဟုတ်ဘူး” ဆိုတာကို ကြားဖူးတယ် မဟုတ်လား။
မေး။ ။ ဟုတ်ကဲ့ရှင့်
ဖြေ။ ။ အဲဒီတော့ဗျာ... တတ်အောင်၊ တော်အောင် သင်ယူ လုပ်ယူလို့ ရမယ်ဗျာ။ ဒါပေမယ့် ပြိန်းအောင်၊ ပိန်းအောင်၊ ဖြိန်းအောင်တော့ လုပ်ယူလို့ မရတာ အမှန်ပဲ။ ဒါဟာ ပါရမီလို့ ပြောရင် လူတွေက လက်မခံချင်ကြဘူး။
မေး။ ။ မိဘ အသိုင်းအဝိုင်း၊ မျိုးရိုးစဉ်ဆက်နဲ့ သက်ဆိုင်တာမျိုးလားရှင်
ဖြေ။ ။ အနည်းနဲ့ အများတော့ သက်ဆိုင်ပါတယ်။ ဒါပေမယ့် ပြိန်းတဲ့ ကံဇာတာလည်း ရှိဖို့က လိုသေးတယ်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ ပုံသွင်းမှုလည်း ပါတာပေါ့ဗျာ။
မေး။ ။ ဒီတော့ သေချာအောင် ထပ်မေးချင်တာက လူပြိန်းဖြစ်အောင် သင်ယူလို့၊ ပုံသွင်းလို့ မရဘူးဆိုတာက တကယ်လားဆိုတာ...
ဖြေ။ ။ အာ... ဒီမယ်... သေချာအောင် ပြောမယ်။ ဂျီးနီးယပ်စ် ဖြစ်စေတဲ့ စာအုပ် ဘာညာတွေ ရှိချင် ရှိမယ်။ ပြိန်းတိန်းစေသော စာအုပ်တို့ လူပြိန်းဖြစ်နည်း သင်တန်းတို့ ဘာတို့ မရှိဘူး။
မေး။ ။ ဒါဆိုရင် ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ ပုံသွင်းမှု ဆိုတာက...
ဖြေ။ ။ အော်... တချို့မိဘတွေ က ကိုယ့်သားသမီးကို တော်စေချင်၊ ထက်စေချင်တယ်လေဗျာ။ ပြိန်းတိန်းတိန်း မဖြစ်စေချင်ဘူးလေ။ အဲဒီတော့ ပြိန်းမည့် မီးခဲ တရဲရဲက မပြိန်းပဲ ငြိမ်းသွားတာမျိုးပေါ့ဗျာ။ ဒါကြောင့် ပြိန်းဖို့ ကံတရားလည်း လိုတယ်လို့ ပြောတာပေါ့ဗျာ။
မေး။ ။ ဟုတ်ကဲ့။ တချို့က ပြောတယ်... ဟို အဆင့်မြင့်စာတွေရေးနေတဲ့ ဆရာကြီး၊ ဆရာမကြီးတွေပေါ့... သူတို့က လူပြိန်းကြိုက်ရေးတာများ အလွယ်လေးပါဆိုပြီးပြောကြတယ်။ အဲဒီ အပေါ်ကိုရော...
ဖြေ။ ။ လူပြိန်းကြိုက်လို့ မပြောပါနဲ့ဗျာ။
မေး။ ။ ဟုတ်၊ ဟုတ်ကဲ့။ လူပြိန်းတွေရေးတဲ့ စာတွေကိုပေါ့ရှင် အဲဒါမျိုးတွေ ရေးတာ အလွယ်လေးပါလို့ ပြောတာ
ဖြေ။ ။ အင်း... အဲဒီ ဆရာမကြီးတွေ ရေးတဲ့စာတွေကိုဖတ်ဖူးပါတယ်ဗျာ... ဘာတဲ့... လူတိုင်း နားမလည်ကြဘူး ဆိုလားပဲ...
မေး။ ။ ဟုတ်ကဲ့
ဖြေ။ ။ အင်းလေ... အဲဒါ ဘာခက်လို့လဲဗျ။ လူတွေ နားမလည်အောင်၊ မခံစားနိုင်အောင် ရေးတာများ ဘာခက်လို့လဲဗျ။ လူ မကြိုက်အောင် ရေးဖို့ဆိုတာက အလွယ်လေးပါဗျာ...။
မေး။ ။ ဟုတ်ကဲ့၊ ပြီးတော့ အဲဒီ ဆရာ့၊ ဆရာကြီး၊ ဆရာမကြီးတွေက ပြောတာပေါ့ရှင်။ လူပြိန်းတွေဟာဖြင့် ကိုယ့်ကိုယ်ကို ပြိန်းတယ်လို့ မသိဘူးပေါ့။ ပြိန်းတယ်လို့ ပြောရင်လည်း စိတ်ဆိုးကြတယ်ပေါ့... အဲဒီအပေါ်...
ဖြေ။ ။ ဟား... ဟား... ဟား၊ ကျုပ်က လူပြိန်းပေမယ့် ကိုယ့်ကိုယ်ကို ပြိန်းတယ်လို့သိတယ်ဗျ။ အဲဒါဟာ သူတို့က သိတာထက် ပိုတယ်ဗျ။ အဲဒါမျိုးပေါ့ဗျာ။
မေး။ ။ ဘယ်လိုမျိုးလဲရှင်
ဖြေ။ ။ အာ... အရက်မသောက်တတ်တဲ့သူက အရက်သမားလောက် အရက်အကြောင်း သိမလားဗျ။ လူပြိန်းအကြောင်းကို လူပြိန်းတွေလောက် ဘယ် ဆရာ့ဆရာမှ မသိပါဘူးဗျာ
မေး။ ။ အော်... ကိုယ့်ကိုယ်ကို ပြိန်းနေမှန်း မသိတဲ့ လူတွေကျတော့ကောရှင်...
ဖြေ။ ။ မသိတဲ့လူလည်း ရှိချင်ရှိမှာပေါ့ဗျာ။ ဒါပေမယ့် သိနေတယ်ဆိုရင်တော့ လိုင်းကြောင် မသွားဖို့လိုတယ်။ လူပြိန်းမှန်ရင် ကိုယ့်ကိုယ်ကိုယ် ပြိန်းတယ်လို့ သိနေတာက အကောင်းဆုံးပါ။ ပြီးတော့ ပြိန်းမှန်းလည်း ဝန်ခံရမယ်။ ဝန်ခံတယ်ဆိုတာ ဂျာနယ်တို့၊ ဖေ့စ်ဘွတ်ခ်တို့ကနေ ကျုပ် ပြိန်းနေပါပြီလို့ ကြွေးကြော်ခိုင်းတာမျိုး ဟုတ်ဘူးနော်။ ကိုယ့်ဘာသာ ပြိန်းမှန်းသိနေတာကို လက်ခံတယ်ဆိုတာကို ပြောတာ... ခု သူတို့က ပြိန်းနေပါလျက် သူများက လာပြောတော့လည်း လက်မခံချင်။ အဲဒါဆို သွားပြီ... လူပြိန်းယောင်တွေ ဖြစ်ကုန်ပြီ။
မေး။ ။ အဲလို ပြိန်းလည်း ပြိန်းတယ်၊ ဝန်လည်း မခံဘူးဆိုတဲ့သူတွေကို ဘယ်လို သတ်မှတ်ရပါမလဲရှင်
ဖြေ။ ။ ဟာဗျာ... ပြိန်းပါတယ်ဆိုမှပဲ နာတာရှည်လား လာလုပ်နေပြန်ပြီ။ ပြိန်းတယ်ဆိုကတည်းက ပြိန်းပြီပေါ့ဗျာ။ ဝန်ခံခံ မခံခံ ပြိန်းတာက ပြိန်းတာပဲ။ ဒီတော့ ပြိန်းတာကို ပြိန်းမှန်းသိဖို့က အရေးအကြီးဆုံးပဲ။ ဒါဆိုရင် လူပြိန်းစစ်သွားပြီ။
မေး။ ။ လူပြိန်းတွေထဲမှာ ဘယ်လိုအမျိုးအစား လူပြိန်းတွေ ရှိပါသေးလဲရှင်
ဖြေ။ ။ အင်း... လူပြိန်းဆိုကတည်း အကုန် အတူတူနဲ့ အနူနူချည်း ပါပဲဗျာ။ တကယ်လို့ အမျိုးအစား ခွဲချင်ရင်တော့ သူတို့ ဖန်တီးရာ အနုပညာနဲ့ ခွဲပေါ့ဗျာ။ ဂီတဘက်မှာ ပြိန်းတဲ့သူ၊ စာပေဘက်မှာ ပြိန်းတဲ့သူ၊ နိုင်ငံရေးမှာ ပြိန်းတဲ့သူ၊ ပန်းချီဘက်မှာ ပြိန်းတဲ့သူ။ အဲလိုပေါ့...
မေး။ ။ ဟုတ်ကဲ့
ဖြေ။ ။ အဲလိုမှ မခွဲချင်ရင် ဒီဂရီနဲ့... ပြိန်း၊ ပြိန်းတား၊ ပြိန်းတက်စ် ဆိုပြီး ခွဲချင်ခွဲပေါ့ဗျာ။ တကယ်က လူပြိန်းဟာ လူပြိန်းပါပဲ။ လူပြိန်းချင်း အတူတူ ပြောင်းတစ်လုံးပိုရှူတာတို့ တစ်မူးသာတာတို့ မရှိဘူးဗျ။ လူပြိန်းထက် ပိုပြိန်းတာ ဘာမှကို မရှိဘူးလို့သာ မှတ်ဗျာ။
မေး။ ။ ဟုတ်ကဲ့ပါ၊ လူပြိန်းဖြစ်ဖို့ ဘယ်လို ခံယူချက်မျိုး ရှိသင့်ပါသလဲရှင်။
ဖြေ။ ။ ခံယူချက်... ဟုတ်လား... မလိုဘူးဗျ။ လူပြိန်းဆိုတာ မွေးရာပါလေဗျာ။ ဗီဇစိတ်ဗျ။။။ အဲဒါကိုက ခံယူချက်ပဲ။ မွေးကတည်းက ပြိန်းလာတာ။ အရူးတွေ၊ အပေါတွေလို တရေးနိုးထဖြစ်တာမျိုး မဟုတ်ဘူး။ ဒါကြောင့် နေ့ချင်းညချင်း လူပြိန်းဖြစ်လာတာမျိုး ရှိခဲတယ်ဗျ။ မရှိသလောက်ပါပဲ။ ရှိရင်လည်း ဟန်ဆောင်ပြိန်းတဲ့လူပဲ ဖြစ်မှာ။ ဒါကြောင့် ဘာကြောင့်၊ ဘယ်လိုပြိန်းပြိန်း ရင်ဘတ်ထဲက တကယ်ခံစားပြီး ပြိန်းတာက အကောင်းဆုံးပေါ့ဗျာ။
မေး။ ။ ဟုတ်ကဲ့။
ဖြေ။ ။ ပြီးတော့ အဲဒီ လူပြိန်းတွေ အားလုံးက သင်ယူလို့ ဖြစ်လာတာ မဟုတ်ဘူးဗျ။ သင်ယူလို့ ဖြစ်လာတယ်ဆိုရင်လည်း ဒါဟာ ညာတာပဲ။ လူပြိန်းဖြစ်အောင် လုပ်ယူနေပါတယ်ဆိုရင်လည်း ဒါဟာ ညာတာပဲ။ လူပြိန်းဖြစ်အောင် ဖန်တီးလို့ မရသလို၊ ဖြစ်နေတာကို ပြောင်းလဲလို့လည်း မရပါဘူး။
မေး။ ။ ဟုတ်ကဲ့၊ လူပြိန်းဖြစ်ရခြင်းရဲ့ အားသားချက်၊ ကောင်းကွက်ကလေးတွေကော ရှိပါသလားရှင်။
ဖြေ။ ။ အင်း... “ဒီ အဗန်းတစ်ဂျစ်အော့ဖ်လူပြိန်း” ဆိုပါတော့... အင်း... ရှိတာပေါ့ဗျာ။ လူပြိန်းဆိုတော့ ဟို... ဆရာကြီး ဆရာမကြီးတွေလို အရာရာကို သိမနေဘူးလေဗျာ။ သိမနေတော့ နားလည်မနေတော့ ထစ်ခနဲရှိ စိတ်မဆင်းရဲရဘူးပေါ့ဗျာ။
မေး။ ။ ဟုတ်ကဲ့။
ဖြေ။ ။ နောက်ပြီးတော့ ကိုယ့်ကိုယ်ကို ပြိန်းမှန်းလည်း သိတယ်ဆိုပါတော့၊ တစ်ယောက်ယောက်က အသုံးမကျဘူး၊ ဘာညာလာအပြစ်တင်လည်း ကိုယ်က ပြိန်းနေတယ်ဆိုတာ သိတော့ ခံသာတယ်လေ။ မဟုတ်ဘူးလား။
မေး။ ။ ဟုတ်ကဲ့
ဖြေ။ ။ ပြီးတော့ လူပြိန်းဆိုတာ အရူးအပေါလိုမှ မဟုတ်ပဲ။ ဒီတော့ ကိုယ်ပြိန်းတယ်ဆိုတာ တော်ရုံလူ မသိပါဘူးဗျာ။ သိသွားတော့လည်း ဘာဖြစ်လဲ နဂိုတည်းက ပြိန်းနေတာပဲကိုး။ ဟို... ဆရာကြီးတွေမှသာ သူတို့ ဆရာလုပ်လို့ မဟန်ရင်ဖြင့် အရှက်ရကြ၊ မျက်နှာပျက်ရ၊ ခံစားလိုက်ရ... စုံနေတာပါပဲဗျာ။
မေး။ ။ ဟုတ်ကဲ့...
ဖြေ။ ။ ခင်ဗျားကို မေးမယ်ဗျာ။ ခင်ဗျားကို ဆရာလာလုပ်တဲ့လူနဲ့ နေချင်လား၊ ခင်ဗျားရှေ့ ပြိန်းတိန်းတိန်းလုပ်နေတဲ့လူနဲ့ နေချင်လား။
မေး။ ။ အင်း... အဲ...
ဖြေ။ ။ အဲဒါပြောတာ... လူတွေက သူများသာ ဆရာလုပ်ချင်တာဗျ။ ကိုယ့်ဆရာလုပ်တော့ မခံချင်ဘူး မဟုတ်လားဗျ။ ဒါကြောင့် “လူပြိန်း = လူပေါင်းများသူ” လို့ ပြောချင်တယ်။
မေး။ ။ အင်း... ခုမှပဲ ပြိန်းတာ မလွယ်မှန်းသိတော့တယ်။ ခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကို ဘာများ အမှာစကား ပြောချင်ပါသလဲရှင်
ဖြေ။ ။ လူပြိန်းဖြစ်ကို အားပေးကြပါ။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
0 comments:
Post a Comment