Sunday, March 6, 2011

ဦးလေးကိုဖထီး

(၁)
            “ကျနော်တို့ဖထီးကို ပိုက်ဆံတွေပို့ပို့ပေးနေလို့၊ ဖထီး အရက်တွေအများကြီးသောက်ဖြစ်သွားပြီး၊ ဖထီးကို သတ်လိုက်သလိုများဖြစ်သွားလား”ဆိုတဲ့ အမေရိကားရောက် ကိုစိန်ဒါးရဲ့စကားက ဖထီးရဲ့အကြောင်းတွေကို ကျနော့် အတွေးထဲ ဆွဲသွင်းစေခဲ့ပါတယ်။

ဖထီးကို ကျနော်တို့မမေ့ကြသေးပေမယ့် စကားလမ်းကြောင်းတွေမတိုက်ဆိုင်၊ အဖြစ်အပျက်တွေ မဟပ်စပ် ကြတော့လည်း မေ့မေ့ပျောက်ပျောက်ဆိုသလို ဖြစ်ဖြစ်နေကြတာပေါ့။ ဒါပေမယ့်လည်း မြန်မာ့နိုင်ငံရေးနဲ့ထိစပ်နေ သရွေ့၊ မြန်မာ့အငွေ့အသက်တွေနဲ့ မကင်းလွတ်သေးသရွေ့၊ အထူးသဖြင့် ကရင်အသိုင်းအ၀ိုင်းနဲ့ အလှမ်းမကွာသေး သရွေ့ ဖထီးဟာ ကျနော်တို့ရင်ထဲ အမြဲရှိနေမှာပါ။
            ဖထီးဟာ ကျနော်တို့ရဲ့မိဘ။ ကျနော်တို့ ပအိုဝ့်နယ်မြေရောက် တောခိုကျောင်းသားတစုရဲ့မိဘ။ ကျနော်တို့  ABSDF တပ်ရင်း (၆၀၁) ရဲ့ အဖေဆိုလည်းဟုတ်၊ အမေဆိုလည်းဟုတ်တဲ့သူပါ။ ရဲဘော်တွေဖျားနာရင် ဖထီး။ ရဲဘော် တယောက်နဲ့ တယောက်ရန်ဖြစ်ကြရင် ဖထီး။ ဖထီးက ကျနော်တို့အတွက် မရှိမဖြစ် ဖြစ်ခဲ့တယ်လေ။
            “ဖထီးကိုသတိရတယ်ဗျာ”

(၂)
            ကျနော် ပအိုဝ့်မြေကိုတောခိုခဲ့ပြီး အောင်ဟမ်းရိုင်းစခန်းကို ရောက်စကတည်းက အားလုံးထဲမှာ ဖထီးကိုပိုပြီး သတိထားမိတယ်။ အသက်ကြီးကြီး၊ ဆံပင်ရှည်ရှည်နဲ့ အလုပ်သမားဝတ်စုံ ဇင်ပြာကို အမြဲလိုလိုဝတ်ထားတဲ့ ဖထီးကို ပေါ့။ တစက်ကလေးမှ ငြိမ်နေတာကိုမတွေ့ရဘူး။ သူ့အစုနဲ့သူ တဲကလေးတွေဆောက်ပြီး တောတောင်ထဲ စခန်းချရုံနေ နေကြမယ့် ဖထီးက တဲတိုင်းကိုရောက်တယ်။ အငယ်ဆုံး ၈ - တန်း ကျောင်းသားလေးတွေစုနေကြတဲ့ မောင်မောင်တို့ ဆန်းသူရတို့တဲမှာ ဖထီးကိုအတွေ့များတယ်။ ဖထီးက ကလေးတွေကို ချစ်တတ်တာကိုး။
            နောက်တချက် အသိအမှတ်ပြုမိတာကတော့ မှတ်မှတ်ရရ။ ကျနော်တို့(၇)ယောက်က နောက်ကျပြီးမှ ရောက် ကြတဲ့ သူတွေဆိုတော့ အခက်အခဲကျော်တဲ့ လေ့ကျင့်ခန်းကိုမမှီလိုက်လို့ အားလုံးပြီးမှပြန်လုပ်ရတယ်။ အဲဒီနေ့က ပြေး လိုက်၊ လွှားလိုက်၊ ကျော်လိုက်နဲ့ ပင်ပန်းလိုက်တာ၊ ထမင်းကလည်း ဆာလိုက်တာ မပြောပါနဲ့တော့။ ညနေ သင်တန်း နားချိန်ရောက်လို့ တဲကိုလည်းပြန်ရောက်ရော စားစရာက ထမင်းပဲရှိတယ်လေ။ ဟင်းချက်ချိန်မရတော့လို၊ ရှိတဲ့ ထမင်းလေးကိုပဲ ဆားပုံပြီးစားရတော့မှာပေါ့။ ဒီအချိန်မှာ ၀ါးဆစ်ဗူးတခုကိုကိုင်ပြီး ရောက်လာသူက ဖထီး။
            “ကဲ … ဟော့ဒီမှာ အချဉ်ထောင်းလေး။ သူက ထမင်းတော်တော်များများကို ဆွဲခေါ်နိုင်တယ်နော်”တဲ့
ဖထီးရဲ့ အချဉ်ထောင်းက ဆီးဖြူသီးကို ပြုပ်ပြီး၊ စိမ်းစားငါးပိ၊ ငရုပ်သီးစိမ်းတွေနဲ့ ၀ါးဆစ်ဗူးထဲထည့်ထောင်း ထားတာ။ ကောင်းသလားမမေးနဲ့ ဆွေမျိုးမေ့တယ်ဆိုတာ ဒါမျိုးပဲထင်ပါရဲ့ ၊ တသက်မမေ့လောက်စရာပါပဲ။ ချဉ်၊ ငံ၊ စပ် လေးလေ။ ပြန်စဉ်းစားမိတိုင်း သွားရည်ယိုမိပါရဲ့။

(၃)
            မှတ်မိသေးတယ်။ ၁၉၈၉ မှာ ကျနော်တို့စစ်ကြောင်းထိုင်းနယ်စပ်ကို ပထမဦးဆုံး အကြိမ်ချီတက်စဉ်ကပေါ့။ အဲဒီအချိန် ဖထီးကတပ်စိတ်မှူး။ တပ်စိတ် တခုနဲ့တခု၊ တပ်စု တစုနဲ့တစု၊ တပ်ခွဲ တခွဲနဲ့တခွဲ စည်းကမ်းတို့၊ အလုပ်တို့၊ အမိန့်နာခံမှုတို့၊ လေ့လာမှုတို့ကို အားပြိုင်နေချိန်ပေါ့။ ဖထီးတပ်စိတ်မှာက လူပေတွေများတယ်။ ဒီပြင် တပ်စိတ်က လက်မခံချင်တဲ့ လူတွေလို့ပြောရင်လည်း မမှားဘူး။
            တည ရွာတရွာရဲ့ကျောင်းတကျောင်းမှာ ကျနော်တို့ နားကြတယ်။ ပင်ပန်းကြတော့ ကင်းစောင့်သူစောင့်ပြီး အိပ်ကြတာပေါ့။ တညလုံး ဘာမှမထူးပေမယ့် မနက်လည်းလင်းရော ပြဿနာသံကို ကြားရတာပဲ။ ဖထီးတို့တပ်စိတ် က ကိုစိန်ဒါး။ ကျောင်းနံဘေးမှာကပ်ပြီး အိမ်သာတက်လို့တဲ့။ ဒီပြင် တပ်စိတ်တွေက ၀ိုင်းပြောကြတာ။
            ဖထီးလည်းဒေါကန်တာပေါ့။ ၀ိုင်းပြောတာများတော့ ကိုစိန်ဒါးကို ခေါ်မေးလိုက်တယ်။ ကိုစိန်ဒါးလည်း ၀န်ခံ ပါတယ်။ ညကလည်းဖြစ်၊ ဒေသကလည်း စိမ်း၊ သူရဲကလည်း ကြောက်တတ်လို့တဲ့။ အားလုံးကြေလည်သွားကြပေမယ့် ဖထီးနဲ့ ကိုစိန်ဒါးတို့ရဲ့ စကားတွေက အားလုံးအတွက် အမှတ်တရ။ ကိုစိန်ဒါးကဆို လက်သန်းကလေးထောင်ပြရင်း…
            “တီးတီ … ကျနော် ချီး သေးသေးလေးပဲပါတယ်”တဲ့ …
            ဖထီးကတော့ ဘာမှ မပြောသေးဘူး။ မျိုသိပ်ထားပုံရတယ်။ ဒါပေမယ့် မကြာပါဘူး၊ ရှေ့ရွာတွေရောက်လို့ အရက်လေး တခွက်၊ နှစ်ခွက်လည်းဝင်ရော …
            “မင်းတို့ထိမ်းမရတဲ့ ကောင်တွေကျတော့ ငါ့တပ်စိတ်ကိုပို့တယ်။ တခုခုဖြစ်ရင် ဖထီးတပ်စိတ်က၊ ဖထီးတပ် စိတ်ကနဲ့။ စိန်ဒါး ချီးပါလည်း ဖထီး၊ လှမြင့်သန်း မူးလည်း ဖထီးဆိုတော့ မလွန်ဘူးလားဟေ့”တဲ့ …

(၄)
            ဖထီးက စကားအဆိပ်ရှိပုံရတယ်။ ဖထီးပြောတဲ့ စကားတွေဆို လူတွေသဘောကျကြပြီး၊ အားလုံးလိုက်သုံး ကြတဲ့အထိ ဖြစ်ဖြစ်သွားတတ်တယ်လေ။ ရှာရှာဖွေဖွေလည်း ပြောတတ်တယ်။ တကယ် …။
            ပအိုဝ့်ပြည်မှာ လှုပ်ရှားစကပေါ့။ အိမ်တအိမ်မှာ ဖထီးနဲ့အတူတည်းကြရင်း မတောက်တခေါက် ပအိုဝ့် စကားတွေနဲ့ အိမ်ရှင်တွေကို ဆက်ဆံရတာပေါ့။ အိမ်ရှင်အမျိုးသမီးက ဖထီးထက်တော့ ငယ်ပုံရပါတယ်။ ဒါပေမယ့် သွားတွေ သိပ်မရှိတော့ဘူးလေ။ ဒါကို ဖထီးက “မိုးဖြား ရှဲလွေမကို” (အမေ့သွားတွေဘယ်သွားလဲ) လို့ လှမ်းမေးလိုက် တယ်။  “မိုးဖြား” ဆိုတာကတော့ အမေပေါ့။ “လွေမကို”က ဘယ်သွားလဲပေါ့။ ဒါတွေက ပအိုဝ့်စကားတွေချည်းပဲ။  ရှဲ ဆိုတာကတော့ “သွား”ကို ဗန်းစကားအနေနဲ့ ညှပ်သုံးလိုက်တာလေ။ အဘွားကြီးခင်မျာ အတော့်ကိုဒုက္ခရောက် သွားတယ်။ ဖထီးစကားကို နားမလည်ရတဲ့အပြင်၊ နားလည်လိုက်တဲ့ ကျနော်တို့တဖွဲ့လုံးကလည်း ၀ိုင်းရယ်လိုက်ကြ တော့ ပိုဆိုးသွားတာပေါ့။ ကျနော်တို့လည်း အားတော့နာသွားမိပါရဲ့။ ဒါပေမယ့် ဖထီးစကားက ထိမ်းမရလောက် အောင် ရယ်စရာဖြစ်သွားခဲ့တာကိုး။
            သံလွင်ကမ်းနံဘေး ဟွေလမ်း၊ တာတမောဆိုတဲ့ ကရင်နီနယ်မြေက စခန်းတွေမှာ နေခဲ့ရစဉ်ကလည်းတမျိုး။ စိုင်းထီးဆိုင်ရဲ့ “သံလွင်ရေတွေခမ်းသွားမှ နီးကြမယ်”ဆိုတဲ့သီချင်းကို ဖထီးက “သံလွင်ရေတွေခမ်းသွားမှ အရိုး ကောက်မယ်”ဆိုပြီး ဆိုဆိုနေတယ်။ ရဲဘော်တွေ ပါးစပ်တွေထဲ ဒီသီချင်းရောက်သွားပြီး သံလွင်မြစ်ထဲ ရေသွားချိုးရင် တောင် ကျောထဲစိမ့်သလိုလို ဖြစ်ဖြစ်လာတယ်။ ခုတော့လည်း ဒီအဓိပ္ပါယ်က တမျိုးဆောင်နေသရောင်ရောင်။
            နောက်တခုက ကျနော်ရေးတဲ့ သီချင်းထဲက စာသားလေး။ “ပြည်သူကို ကူညီမယ်ဆို၊ မြန်ပြည်ကို ကယ်တင် မယ်ဆို” ဆိုတာကို ဖထီးက “ပြည်သူရေ ကယ်တင်ပါဦး၊ ပြည်သူရေ ကယ်တင်ပါဦး”ဆိုပြီး လုပ်ချလိုက်ပြန်ရော။ ဖထီးစကားက ဘယ်လောက်လွှမ်းမိုးသလဲဆိုရင် ကျနော့်သီးချင်းကိုဆိုရင် မူရင်းစာသားကိုမေ့ပြီး၊ ဖထီးစာသားကို ဆိုမိတော့တဲ့အထိပဲ။
            တပ်ရင်းက ရဲဘော်တွေဆိုရင်လည်း နာမည်ရင်းဆိုတာ မရှိတော့သလောက်ပဲ။ ဖထီးပေးထားတဲ့ နာမည်ပျက် တွေနဲ့ချည်းဖြစ်ကုန်တယ်။ တပ်ရင်းမှူး ကိုတိုက်မောင်းက အစ ဒိုက်ဦးသားမို့လို့ ဘဲချီး၊ ဘဲကင် ဖြစ်။ ….

(၅)
            ဖထီးပြောပြတဲ့ ဖထီးအကြောင်းကလည်း စိတ်ဝင်စားစရာ။
            ဖထီးနာမည်က စောသန်းစိုး။ မြစ်ဝကျွန်းပေါ်ကရင်။ RTC ကားမောင်းတယ်။ ငယ်ငယ်က ရုပ်ကချောချော၊ လက်ဝှေ့လည်း အထိုးကောင်းဆိုတော့ မိန်းမ(၃) ယောက်တောင်ရှိခဲ့ဆိုပဲ။ မိန်းမ(၃)ယောက်ရှိခဲ့လို့ ဖထီးကို မိန်းမပွေ တဲ့လူလို့ ကျနော်တို့က ထင်မိလိုက်တာ။ မဟုတ်ရပါဘူးဗျာ။ ဖြစ်ပုံက ဒီလို …။
            ဖထီး ပထမမိန်းမက ကျိုင်းတုံ၊ တာချီလိတ်ဖက်ကတဲ့။ ကရင်လူမျိုးပဲ။ ဖထီးက RTC ကားတွေနဲ့ အဲဒီကို မကြာမကြာ ရောက်တာပေါ့။ ဟိုမှာကလည်း ရှမ်းပြည်ဖြစ်တော့ ကရင်လူမျိုးက ရှားရှားပါးပါး။ ဒီလိုနဲ့ တွေ့ဆုံရင်းနှီး ကြရင်း ငြိသွားတာတဲ့။
            အိမ်ထောင်ပြုပြီး တပတ်လောက်အကြာမှာ ဖထီးက ရန်ကုန်ကိုဆင်းလာရတယ်။ နောက် … ရန်ကုန်ကပြန် အတက် လွိုင်လင်လည်းရောက်ရော ကျိုင်းတုံဖက်က ဆင်းလာတဲ့ ကောင်ဘွိုင်ယာဉ်တန်းနဲ့တိုးတော့ သတင်းရလိုက် တယ်။ ဖထီးအမျိုးသမီးဆုံးပြီတဲ့။ ဘာရောဂါမှန်းတောင် မမှတ်မိလိုက်ပါဘူးဗျာ။ ဖထီးရဲ့ပထမအိမ်ထောင်က တပတ် လောက်ပဲ ပေါင်းလိုက်ရတာပေါ့။ ဒီမှာတင်အသည်းကွဲရောဂါစရပြီး ဖထီးတယောက် အရက်သမားဘ၀ကို လုံးလုံး ရောက်ခဲ့ရတယ်ဆိုပါစို့။

            ဒုတိယအိမ်ထောင်ကတော့ ပထမအိမ်ထောင်ရဲ့အဆက်။ ပထမမိန်းမရဲ့ညီမပေါ့။ ဖထီးမူးမူးနဲ့ သူ့ယောက်ခမ တွေဆီ ပြန်ရောက်သွားတော့ သူ့မိန်းမအသုဘကို မမီလိုက်ဘူးလေ။ ဖထီးလည်း ရုပ်ရှင်တွေထဲကလို ပုလဲတွေဘာ တွေခ ပေါ့။ ဒါနဲ့ယောက္ခမတွေက သနားစိတ်တွေပိုပြီး နောက်ထပ်သမီးအငယ်တယောက်နဲ့ ထပ်ပေးစားလိုက်တာတဲ့။
            ဒုတိယအိမ်ထောင်နဲ့က ကလေး(၂)ယောက်ထွန်းကားခဲ့တယ်။ ဒါပေမယ့် စေတနာအကျိုးပေးလွဲတယ်လို့ ပဲပြောရမလားမသိပါဘူးဗျာ။ ဖထီးတယောက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးလိုက်တယ်လေ။ သူ့သူငယ်ချင်းတယောက်က စားစရာ၊ နေရာမရှိလို့ဆိုပြီး အိမ်မှာခေါ်ထားလိုက်တယ်တဲ့။ သူက မကြာမကြာခရီးထွက်နေရတော့ အိမ်မှာအဖော်ရှိ အောင်လို့ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတာပေါ့။ ဒီမှာတင် ပြဿနာတက်တော့တာပဲလေ။
            အိမ်ပတ်ဝန်းကျင်သတင်းတွေအရ ဖထီးဒုတိယအမျိုးသမီးနဲ့ ဖထီးသူငယ်ချင်းတို့ဖောက်ပြန်နေပြီတဲ့။ သေချာ အောင်စောင့်ဖမ်းတော့ မိသွားတယ်ဆိုပါတော့။ ဒီတော့မှ ဖထီးက သူ့မိန်းမကိုမေးတယ်တဲ့ …
            “ဒီအိမ်ပေါ်က မင်းတို့ဆင်းသွားမလား။ ငါ ဆင်းသွားရမလား”လို့ပေါ့။
            ဒီတော့ သူ့ဒုတိယအမျိုးသမီးကလည်း အေးအေးဆေးဆေးပဲပြန်ဖြေရှာပါတယ်။
            “ကျမတို့ကတော့ ဆင်းသွားဖို့ အစီအစဉ်မရှိဘူး”တဲ့ ပြီးပါလေရော။ ဖထီးတယောက် အိမ်ပေါ်က ကုပ်ကုပ် ကလေး အိတ်တလုံးဆွဲပြီး ဆင်းခဲ့ရတယ်တဲ့လေ။

            နောက်ဆုံးအိမ်ထောင်ကျတော့ တောင်ကြီးက။ သူ့သူငယ်ချင်းတယောက်ရဲ့အမ။ အပျိုကြီးတဲ့။ ဖထီးက တော့ “ကျဲကျဲ”လို့ခေါ်တယ်။ တရုတ်၊ ကရင် ကပြား။ “ကျဲကျဲ”နဲ့ရတဲ့ ဇာတ်လမ်းလေးကလည်း လှတယ်ဗျာ။ ရည်းစား စာပေးတဲ့အကြောင်းလေးလေ။ ဖထီးက ကြိုက်နေတာကြာပြီ။ မပြောရဲ၊ မစရဲတာနဲ့ပဲ ဇာတ်မျောဖြစ်နေတာ။ ထိမ်းမရ တဲ့ အဆုံး လူလစ်တဲ့အချိန်မှာ ကျဲကျဲရဲ့အင်္ကျီကိုဆွဲ ရည်းစားစာကို ရင်ဘတ်ထဲအတင်းဇွတ်ထည့်ပြီး ထွက်ပြေးခဲ့ရာက အဆင်ပြေသွားတာတဲ့။ ကံကောင်းလို့ အချုပ်ထဲမရောက်ခဲ့တာ။
            ဖထီး ၁၉၈၈ တောခိုပြီးနောက်ပိုင်း ကျဲကျဲကသားသမီး(၃)ယောက်ကို တယောက်ထဲရုန်းကန်ပြီး ကျွေးမွေး စောင့်ရှောက်ခဲ့တာ။ ဖထီးမဆုံးခင် ၂၀၀၅ ခုနှစ်မှာပဲ ဆုံးသွားတာလေ။ ဖထီးနဲ့ ရှေ့ဆင့်နောက်ဆင့်ပေါ့။ ဖထီးက သေမလိုဖြစ်ခဲ့ဖူးတာ ၃ ၊ ၄ ခါ။ လိပ်ခေါင်းရောဂါကြောင့် သွေးထွက်လွန်ပြီး ရှော့ဖြစ်တာက တခါ။ အရက်များပြီး အစာ အိမ်သွေးကြောပေါက်တာက တခါ။ လမ်းမှားပြီး ခွန်ဆာနယ်မြေတောထဲမှာ လမ်းလျှောက်မရလောက်အောင် ထမင်း သုံးလေးရက် ငတ်တာက တခါ။ နောက်ဆုံးအရက်ကြောင့်ပဲ ရင်ဘတ်ထဲ ပူတယ်၊ အောင့်တယ်နဲ့ အသည်းရောဂါ ဖြစ်ပြီး (ထိုင်းနိုင်ငံ၊ မဲဆောက်က ဆရာမ စင်သီတာမောင်ဖွင့်ထားတဲ့) မယ်တော်ဆေးခန်းမှာ ကျဆုံးရတာ။

(၆)
ခုတလောမှာ မြန်မာ့နိုင်ငံရေးအခြေအနေတွေ လှုပ်လှုပ်ရှားရှားဖြစ်လာတိုင်း ဖထီးကို ပိုပိုပြီးသတိရမိတယ်။ ဖထီးနဲ့ကျနော် ပြောဖြစ်ခဲ့တဲ့စကားလေးတွေရှိတယ်လေ။ ကျနော်တို့က တပ်မှာ အသက်အကြီးဆုံးတွေမဟုတ်လား။ တိုင်းပြည်အခြေအနေကောင်းလို့ ပြည်တွင်းပြန်ရောက်ရင် “ဘာတွေလုပ်စားကြမလဲ၊ ဘယ်လိုနေထိုင်ကြမလဲ” ဆိုတာ တွေနဲ့ပတ်သက်ပြီးပေါ့။ ကျနော့်က မိဘတွေကလည်း မရှိကြတော့၊ ညီအကိုမောင်နှမတွေနဲ့လည်း အဆက်အသွယ် မရှိ ဆိုတော့ … ။ ဖထီးကိုလည်း သူ့မိန်းမက လက်ခံမှာမဟုတ်ဘူး ဆိုတော့ …။ ဖထီးက …
            “ဖိုးခွါး၊ ဘာမှအားမငယ်နဲ့။ နေစရာက တောင်ကြီးဘောလုံးကွင်း ပွဲကြည့်စင်အောက်မှာ အခန်းတွေရှိသားပဲ။ နောက်ပြီး စားစရာသောက်စရာကလည်း ဘာခက်တာမှတ်လို့။ ငါတို့က လမ်းဘေးက တွေ့ကရာအသီးအရွက်တွေ ခူးပြီး စားတတ်နေပြီပဲ။ ဆေးလိပ်သောက်ချင်တယ်ဆိုလဲ ခုလို ၄ ၊ ၅ ၊ ၁၀ နှစ်က ဆေးလိပ်အဟောင်းတွေ လိုက်ရှာ သောက်နေစရာ မလိုတော့ဘူးလေ။ ဟို… လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ လပ်လပ်ဆပ်ဆပ်တွေ ကောက်သောက်လို့ကိုမကုန်ဘူး” တဲ့။
            တကယ်လို့များ ၂၀၁၀ ရွေးကောက်ပွဲအပြီး တိုင်းပြည်အကျိုးကြည့်မယ့် အစိုးရပေါ်လာလို့၊ ပြည်တွင်းပြန်ခွင့်ရ ရင်တောင် ဖထီးအကြံပေးသလိုပဲ နေထိုင်စားသောက်ရတော့မှာလား … ။

(၇)
            ဖထီးကို ဦးအောင်ကြည်ဆိုတဲ့ ဖထီးနဲ့ရွယ်တူ ရဲဘော်တယောက်က “ဦးလေးကိုဖထီး”လို့ ထူးထူးခြားခြား ခေါ်တယ်။ ရဲဘော် စိုင်းအောင်ဝင်းရဲ့အဖေ ပေါ့ထောက်ကလည်း “ဦးလေးကိုဖထီး”လို့ပဲ ခေါ်ခဲ့ဖူးတယ်။ “ဖထီး”က လည်း ကရင်လို ဦးလေး၊ “ပေါ့ထောက်”ကလည်း ရှမ်းလို ဦးလေးဆိုတော့ တယောက်ကိုတယောက် ဦးလေးနေကြ တာပေါ့။ အသက် ၆၀ ကျော်တန်းတွေရဲ့ ရင်ခုန်သံတွေလေ။ ခုဆို ကျနော့်အသက်ကလည်း ရာစုဝက် နီးနီး။
 ဒီအချိန်မှာ ရွှေပြည်တော်ဆိုတာကလည်း “မျှော်လေတိုင်းဝေး”။ တတိယနိုင်ငံဆိုတာကလည်း “ရေကြည်ထဲ က လရိပ်ကလေးလို”။ … ဆိုတော့ ဖထီးပြောခဲ့ဖူးသလို ကျနော်တို့အဖြစ်တွေက “ပြည်သူရေ ကယ်တင်ပါဦး” လို့ပဲ ပြောရတော့ မလိုလို ဘ၀။       ။

လူဗိုလ်

၇/၁၂/၂၀၀၉

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...