Friday, March 18, 2011

စစ်ဘက်အုပ်ချုပ်မှု နိဂုံး၊ လမ်းပေါ်နိုင်ငံရေး နိဂုံး၊ လစ်ဘရယ်ဝါဒ နိဂုံး

ရန်-ငါအတွေးအခေါ်ဟောင်းများ နိဂုံး

နိုင်ငံရေး မဂ်ဆိုက်သူသာ နိုင်ငံရေးကို နားလည်သည်

နည်းနည်းတော့ ကြီးကျယ်သွားမည်။ နိုင်ငံရေး မဂ်ဆိုက်သူသာ ဉာဏ်ပညာဖြင့် ယနေ့ မြန်မာ့နိုင်ငံရေးကို နားလည်နိုင်ပါမည်။ ခံစားမှု အီမိုးရှင်း ဝါဒကို ကိုင်စွဲ ထားသမျှ ဘယ်တော့မှ မြန်မာ့နိုင်ငံရေးကို သဘောပေါက်မည် မဟုတ်။ မြန်မာ့နိုင်ငံရေး ရေစီးသည် အများ သိကြတဲ့အတိုင်း ဖြောင့်စင်းရိုးရှင်း စီးဆင်းလာခဲ့သည် မဟုတ်။ ပြည်ပနိုင်ငံ အချို့ ၏ ထိပါးနှောင့်ယှက် သြဇာပေး စစ်ရေးကျူးကျော် နိုင်ငံရေး ဝင်ရှုပ် သပ်လျှိုသွေးထိုး မြှောက်ပင့် မီးရှို့ ပေးခဲ့ကြတာ ဗူးပေါ်သလို ပေါ်ခဲ့ကြပြီးပြီ။ (ပြီးခဲ့တဲ့ အတိတ်ကိုသာ ရည်ညွှန်းခြင်း ဖြစ်ပါသည်) တစ်ခါ လစ်ဘရယ် ဒီမိုကရေစီ၊ ကွန်မြူနစ် အမျိုးမျိုး၊ ဆိုရှယ်လစ် အမျိုးမျိုး၊ ပြည်တွင်းစစ်၊ တစ်ပါတီစနစ် စုံတကာ့စုံ ပလုံပလုံ ရေမြုပ်များပမာ။ ယခု ဘာမှ အရာမထင် မရှိတော့။ အဲဒီ သမိုင်းများကို လွမ်းချင်သေးလို့လား။ ကျွန်တော်ဖြင့် မလွမ်းလောက်လို့ မလွမ်းတော့ပြီ။


တစ်ခါ မြန်မာ့ နိုင်ငံရေးမှာ မခံချင်စိတ် (ကလေး) တစ်ခုနှင့်၊ မတရားဘူး ဘာဘူး ညာဘူးလောက်နှင့်၊ ရန်တုံ့ပြန်ချင် စိတ်လောက်နှင့် အမုန်းအာဃာတ တိမ်သလ္လာဖုံး ဉာဏ်ပညာ လိမ္မာပါးနပ်မှု မသုံးနိုင်ကြသော ကိုရွှေ ပညာတတ် များလည်း နိဂုံး ရောက်တော့မည်။ ပြီးခဲ့သော အတိတ်သည် (လေ့လာလိုက လေ့လာပါ)။ သို့သော် ဘာမှတော့ အသုံးမတည့် လောက်တော့ပါဘူး။ ယနေ့သည် Web 2.0 ခေတ် ဖြစ်၏။ Web 1.0 ခေတ်က ပြီးခဲ့ပြီ။ မကြာခင် Web 3.0 လာနိုင်သည်။ ကမ္ဘာကြီးကို လည်းကောင်း၊ ကမ္ဘာကြီး၏ အနာဂတ်ကို လည်းကောင်း အဓိက အခြေခံ ကျကျ ပုံလောင်း နေသော အရာသည် ပြောင်းသွားပြီ။ သမိုင်းကို ပုံသွင်းခဲ့သည် ဆိုသော အရာတို့လည်း ပြောင်းလဲကုန်ပြီ။ ၁၈၄၈ က စကော့လူမျိုး ဒဿန ပညာရှင်ကြီး သောမတ်ခ် ကာလိုင်းက သမိုင်းသည် မဟာပုဂ္ဂိုလ် တို့၏ အတ္ထုပ္ပတ္တိဟု ပြောခဲ့၏။ ဂျာမန် ဒဿန ဆရာကြီး နီရှေးက ဟီးရိုး စူပါမင်းတွေက ကမ္ဘာကို ကိုင်လှုပ်သည်ဟု ရေးခဲ့၏။ ကားလ်မတ်က လူထုက သမိုင်းကို ဖန်တီး သည်ဟု ရေးခဲ့သည်။ ခရစ်ယာန် ပညာရှင်များကတော့ ဂေါ့ဒ်ကသာ သမိုင်းကို ပြဋ္ဌာန်းကြောင်း ဟောကြသည်။

အထက်ပါ အယူအဆ အားလုံးကို ဖြိုလှဲ ချပစ်လိုက်သော အယူအဆ တစ်ရပ် ပေါ်လာသည်။ ယင်းမှာ ကမ္ဘာကြီးနှင့် ကမ္ဘာကြီး၏ အနာဂတ်ကို သန်းနှင့်ချီသော ဝက်ဘ်တူး လူသားတွေက ပုံလောင်းနေသည်။ ကွန်ပျူတာ အင်တာနက် ဝက်ဘ်ဆိုက်တွေနှင့် ချိတ်ဆက် အလုပ် လုပ်သူတွေ သန်းကုဋေ ရှိလာပြီ။ ယင်းက ကမ္ဘာကို ပုံလောင်းနေပြီ။ ဉာဏ်ပညာ စူးရောက်သော ခေတ်ဟု ခေါ်နိုင်သည်။ သို့သော် ခက်နေသည်မှာ John Maynard Keynes ဂျွန်မေးနတ်ကိန်း ပြောခဲ့ သလိုပင်။ အခက်အခဲဟာ အတွေးအခေါ် စိတ်ကူးသစ်ထဲမှာ မဟုတ်၊ အဟောင်းက မလွတ်မြောက် နိုင်ခြင်းသာ ဖြစ်သည်။ “The difficulty lies not in the new idea, but in escaping from the old ones.”

ယနေ့ ကျွန်တော်တို့ ပဒေသရာဇ် ပုဂ္ဂိုလ် ကိုးကွယ်မှု အဟောင်းစိတ်ဓာတ်၊ တစ်ပါတီ အာဏာရှင် ဗိုလ်ကျဝါဒ စိတ်ဓာတ်၊ ငါနှင့်မတူ ငါ့ရန်သူ ကွန်မြူနစ် လက်ဝဲရန်/ ငါစိတ်ဓာတ်... တွေးထောင့် ရေးထောင့် ရှုထောင့် မြင်ထောင့်တို့ကို စွန့်ပစ်ရန် လိုပါမည်။ (နည်းနည်းမှ လုံးဝ) စွန့်နိုင်သူ နိုင်ငံရေးမဂ်ဉာဏ် ဆိုက်ပါမည်။ ထိုနိုင်ငံရေး မဂ်ဆိုက်သူသာ ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေကို လွယ်ကူ ရှင်းလင်းစွာ ပကတိကို ပကတိ အတိုင်း၊ အရှိကို အရှိအတိုင်း ရှင်းရှင်းကြီး မြင်ရမည် ဖြစ်သည်။

Whispering Campaign (အကွက်ချ၍ မဟုတ် မတရား တီးတိုးဝါဒဖြန့် တိုက်ပွဲဆင်ခြင်း) တွေမှာ ပြောဆိုရေးသား နေကြသလို မြန်မာ့နိုင်ငံရေးသည် အဆိုးဘက်သို့ ရွေ့သွားသည်ဟု ကျွန်တော် မယုံကြည်ပါ။ မြန်မာ့ နိုင်ငံရေး အကောင်းဘက် ဆီသို့ ရွေ့သွားပြီဟု ကျွန်တော် မြင်ပါသည်။ နိုင်ငံရေး မဂ်ဆိုက်ပြီးသူတိုင်း မြင်နိုင်ပါသည်။ မဟုတ်လျှင် မမြင်နိုင်ပါ။ အလွန်လည်း လွယ်၍/ အလွန်လည်း ခက်နေသော ကိစ္စဟု ကျွန်တော် ယူဆပါသည်။ ဒီမိုကရေစီသည် ယဉ်ကျေးမှုကောင်း ဖြစ်သည်။ လူ့အဖွဲ့အစည်း အကောင်းကိုသာ လိုပါမည်။ အကျိုးမဲ့ ဆုတ်ယုတ် နောက်ပြန် အနှောင့်အယှက် ယဉ်ကျေးမှု ဟောင်းများကို ဆက်၍ လက်ခံမထား သင့်တော့ပါ။ ဆရာ ဦးသိန်းဖေမြင့်က နေရစ်တော့ ခေတ်ဟောင်းဟု စာအုပ် ရေးဖူးပါသည်။ နေရစ်တော့ မြန်မာ့ နိုင်ငံရေး ခေတ်ဟောင်း။

back to square ဒုံရင်းနောက်သို့ မပြန်ပြီ

ယခုအခါ လွှတ်တော် နိုင်ငံရေး ပေါ်ပြီ။ ဒုံရင်းဟောင်း (အားလုံးသို့) ပြန်မသွားတော့။ ဘာဒုံရင်းတွေလဲ။ ရှင်းပါသည်။ ဟိုတုန်းက လွှတ်တော်မျိုး တွေဆီ ပြန်မသွားတော့ပါ။ အရင် အိုင်ဒီအိုလိုဂျီတွေ၊ အရင် အဆောက်အအုံ ဟောင်းတွေကို ဘာတစ်ခုမှ မသုံးတော့ပါ။ ယခင် လမ်းစဉ်တွေ အားလုံး စခန်းသိမ်း မီးငြိမ်းပြီ။ အဲဒီမှာ လစ်ဘရယ်ဝါဒ (အနောက် ဒီမိုကရေစီ စံသက်သက်) လည်း ပါသွားပြီ။ လစ်ဘရယ် ဝါဒ နိဂုံး ချုပ်ပြီ။ လစ်ဘရယ် ဝါဒ=စစ်ဘက် (တပ်မတော် ) မှ မပါဝင် မပတ်သက်ခြင်း။ ယခု တပ်မတော် ပါဝင်သော စစ်ဘက် /အရပ်ဘက် တန်းတူလက်ခံသော ဝါဒနှင့် စစ်ဘက်လမ်းညွှန် ဒီမိုကရေစီ ပေါ်လာပြီ။ အချိုးကျ ဥပဒေက သတ်မှတ် ပေးထားပြီး ဖြစ်သည်။ ယာယီမဟုတ်၊ ထာဝရ သဘောဆောင်သည်။ ပဲ့ကိုင် ဒီမိုကရေစီ ဟုလည်း ခေါ်နိုင်သည်။ ယင်းမှ... လမ်းပေါ် နိုင်ငံရေး (လှုပ်ရှားတက်ကြွ သူတို့ နိုင်ငံရေး) မဆီမလျော် ဖြစ်ကာ နိဂုံးချုပ် သွားပြီ။ ယနေ့ မြန်မာ့လွှတ်တော် နိုင်ငံရေးသည် လစ်ဘရယ်ဝါဒ နိဂုံးနှင့် တက်ကြွ လှုပ်ရှားသူများ နိုင်ငံရေး နိဂုံးကို ပေါ်ပေါက် ထင်ရှားစေခဲ့ပြီ။ ထို့ပြင် စစ်ဘက် တစ်ဦးတည်း စစ်အုပ်ချုပ်ရေး ပုံစံလည်း အဆုံး နိဂုံးချုပ် စေပြီ။ ယနေ့သည် စစ်ဘက် အရပ်ဘက် ပါဝါမျှဝေမှု ပုံစံသစ် အခင်းအကျင်း အင်စတီကျူးရှင်း များကို ထင်ရှားစွာ မြင်ရပြီ။ နိုင်ငံရေး (မြန်မာ့နိုင်ငံရေး) ပုံစံသစ် ဟူသည် အင်စတီကျူးရှင်း (တပ်မတော်၊ လွှတ်တော်) =“နိုင်ငံရေး အဖွဲ့အစည်းများ” ဟု အဓိပ္ပာယ် ထွက်သည်။ ဤသည်ပင် မြင်ရတော့မည်၊ မြင်ရတော့သည့် နိုင်ငံရေး အခင်းအကျင်း သစ်ဟု ယူဆနိုင်သည်။

လက္ခဏာနှစ်ရပ် one to two

ယနေ့ မြန်မာ့နိုင်ငံရေးသည် ယခင်လွှတ်တော် ဟောင်းများဆီ ပြန်လှည့်သွားခြင်း မဟုတ်မူဘဲ တစ်ချိန်တည်းမှာ one to two ဖြစ်သွားသည်။ စစ်ဘက် -အရပ်ဘက်၊ တပ်သား- အရပ်သား အာဏာရမှု မျှဝေသော ပုံစံသစ်၊ ယင်းကို တွေ့ရသည်။ တွေ့ရတော့မည် ဖြစ်သည်။ သီအိုရီအရ ယင်းသည် ချောမွေ့ သိမ်မွေ့မည်ဟု ယူဆစရာ အကြောင်း ရှိသည်။ အကြောင်းမူ ခေတ်ပြိုင် နိုင်ငံရေးသည် အင်စတီကျူးရှင်း နိုင်ငံရေး ဖြစ်သောကြောင့်ပင်။ အင်စတီကျူးရှင်း ကတော့ သုံးခု ရှိသည်-
(၁) တပ်မတော်
(၂) လွှတ်တော်
(၃) နိုင်ငံရေးပါတီများ
ဤသုံးရပ်ကြား ဆက်ဆံမှု သစ်သည် မြန်မာ့နိုင်ငံရေးကို ပြဋ္ဌာန်းပေတော့မည်။ စာအုပ်ကြီးများ အလိုအရ သမိုင်းလိုအပ်ချက် အခြေခံ သုံးသပ်မှု မဟုတ်တော့နိုင်။ အမေရိကန် အင်္ဂလန် ဘင်သံ မဟုတ်တော့နိုင်။ ရိုးမခေါ်သံလည်း မဟုတ်တော့နိုင်။ ဘဝဟစ်တိုင် ရန်/ငါ ငိုချင်းချ ကြိမ်းဝါးသံလည်း မဟုတ်တော့နိုင်။ လမ်းဘေး စောစောက Whispering Campaign လက်ဖက်ရည်ဝိုင်း ဘီယာဝိုင်းမှ အော့အန်သံများလည်း မဟုတ်တော့နိုင်။ သမိုင်း(ဟောင်း)က စကား မပြောတော့နိုင်။ ယနေ့ ဇာတ်ကောင်သစ်များ၏ တီထွင်မှု ကပြမှု အသုံးတော်ခံမှုကသာ အဓိကစကား ပြောတော့မည်။

ကျွန်တော်၏ ဆောင်းပါးများ၌ ကျွန်တော် ရေးခဲ့သလို ကျွန်တော်သည် ပဲခူးရိုးမ ဗကပ လက်နက်ကိုင် (ပြည်တွင်းစစ်) အတွေ့အကြုံ ရှိသူပီပီ အကြမ်းပတမ်းမှု၏ အနိဋ္ဌာရုံများကို မျက်ဝါးထင်ထင် သိမြင်ပြီးသူ ဖြစ်ပါသည်။ ယင်းသည် နိုင်ငံရေး မဂ်ဆိုက်ခြင်းဟု ယူသော် ရပါသည်။ မယူတတ်လျှင်တော့ မရပါ။ နိုင်ငံရေးသည် မဖြစ်နိုင်တာ လုပ်၍မရပါ။ ဖြစ်နိုင်ခြေကိုသာ မှန်း၍ လက်တွေ့ လုပ်ရပါမည်။ ထို့ပြင် အောက်ပါ ကျမ်းကိုး စကားကိုး စာကိုး များကိုလည်း ရိုးသားမှုနှင့် ဖော်ပြခွင့် ပြုစေပါသည်။

၁။ Guide ရှေ့ဆောင် အင်္ဂလိပ်- အင်္ဂလိပ်- မြန်မာ အဘိဓာန်
၂။ ဒုံရင်းသစ် မဟုတ်သော ပါဝါမျှဝေမှု (မောင်စူးစမ်း၊ မြန်မာပို့စ် ဇန်နဝါရီ ၂၆/၂ဝ၁၁)
၃။ ဝမ်းတူတူးဖြင့် နိုင်ငံရေး ပြောင်းလဲခြင်း (မောင်စူးစမ်း၊ The VOICE ဇန်နဝါရီ ၃၁/၂ဝ၁၁)
၎။ အတွေးအခေါ် ဟောင်းများ စွန့်ခွာခြင်း (နေဇင်လတ်၊ ရန်ကုန်တိုင်းမ် ဇန်နဝါရီ ၂၇/၂ဝ၁၁)

စာကြွင်း
ရန်ကုန်တိုင်းမ် ဇန်နဝါရီ ၂၇ မှာ ဆရာ မောင်စူးစမ်းက ပြောင်းလဲလိုက်တဲ့ ခေတ်ကို ကြည့်မြင်ရာမှာ မဇ္ဈိမပဋိပဒါ နည်းကိုသာ သုံးဖို့၊ အစွန်း မရောက်ဖို့၊ ယေဘုယျ ကမ္ဘာ့ စံနှုန်းကြီးတွေနဲ့ မကြည့်ဖို့၊ အယူစွဲ မသန်ဖို့၊ တရားသေ ပုံသေ မကြည့်ဖို့၊ မလွန်မကျွံဖို့၊ နေရာတိုင်း အချိန်တိုင်း မှန်ဆိုတာကြီးနဲ့ မကြည့်ဖို့ သတိ ပေးထားတာ ဖတ်ရပါသေးသည်။

စိုးမြင့်သိန်း

ယောက်ျား၏ ပို့စ်မှ တဆင့်ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...