ဲမြန်မာပြည်က ဝန်ထမ်းများနှင့် ကျွန်မ
ကျွန်မ Cosmetic Company ကို အလုပ်လာလျှောက်တဲ့ Sales Promoter လေးတွေကို
အင်တာဗျူးပြီးလို့ Training စပေးတဲ့ နေ့မှာတင် ... ကျွန်မ (၃၀)မိနစ်လောက်
စကားရပ်ပြောတယ်။
Company Sales Promoter တစ်ယောက် အနေနဲ့...
လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ...
ဆောင်ရန်ရှောင်ရန်တွေ ..
သိသင့်သိထိုက်တာတွေ ...
Products တွေ အကြောင်း..
Customer Service ဆိုတာ ဘာလဲ .. သိအောင်ပြောပြတယ်။
ဝန်ထမ်းတစ်ယောက်ချင်းစီကို ကျွန်မ ရောင်းတဲ့ ပစ္စည်း One Set (200,000Ks) ဖိုးလောက် Free ပေးတယ်။ ကျွန်မ ပစ္စည်းကလွဲပြီး အခြား Product Brand လိမ်းတာ တွေ့ရင် ဒဏ်ရိုက်တယ်။
သူတို့လိမ်းထားတဲ့ မိတ်ကပ် နှုတ်ခမ်းနီ Eyeshadow ဘာအရောင်လဲ ဘာနံမည်လဲ ဘာအမျိုးအစားလဲဆိုတာ ရှောင်တခင် အမြဲစစ်မေးလေ့ရှိတယ်။
တစ်ရက်မှာ .. စိန်ဂေဟာ (ပြည်လမ်း) အရောင်းကောင်တာမှာ Posting ချပေးထားတဲ့ အရောင်းဝန်ထမ်းလေးကို တော်ဝင်စင်တာမှာ ခေါင်းသွားလျှော်ရင်း ကျွန်မ မန်နေဂျာနဲ့ ကျွန်မ ဝင်စစ်တာ ... နှုတ်ခမ်းနီ ပန်းရောင်ပေါ်မှာ Lip gloss အပြောင်ထပ်ဆိုးထားတယ်။ ကျွန်မ ပစ္စည်းတွေထဲ အဲလောက် စိုရွှဲပြီး ပြောင်နေတဲ့ Lip gloss မရှိတာ ကျွန်မသိတယ်။ သူ့ကိုကျွန်မ တိုးတိုးလေး ကပ်မေးလိုက်တယ်။ (ဘေးနားမှာလည်း အခြား Brand Counter တွေ အများကြီးက အရောင်းကောင်မလေးတွေက ကျွန်မ လာတာနဲ့ အာရုံစိုက်ပြီး အကဲခတ်နေကြတယ်)
နှုတ်ခမ်းနီက ဘယ်ဟာကို ဆိုးထားတာလဲ ?
ကျွန်မ မေးလိုက်တဲ့ အချိန်မှာပဲ .. သူ မျက်စိမျက်နှာပျက်ပြီး ... ဟို .. ဟို .. Nivea Lip Gloss ဆိုးထားတာပါ မမသက် ... (ကျွန်မ သူတို့တွေရဲ့ နှုတ်ခမ်းနီ အရောင်ကို မြင်တာနဲ့ ဘာအရောင် ဘာအမျိုးအစား ဆိုးထားတယ် .. ကျွန်မ ပစ္စည်း ဟုတ်တယ် မဟုတ်ဘူး တန်းသိတယ်)
အိုကေ ... မနက်ဖြန် ရုံးခန်းကို လာတွေ့ပါ .. ဘာကြောင့်ခေါ်တယ်ဆိုတာ သိတယ်နော်။
ရန်ကုန်မြို့မှာ ရှိသမျှ Shopping Mall အတော်များများမှာ ကျွန်မပစ္စည်းတွေ အရင်က တင်ရောင်းခဲ့တယ်။ ဒါကြောင့် ကားတစ်စီးနဲ့ ကြုံတဲ့အချိန်တိုင်း Surprise Check အမြဲဝင်စစ်တယ်။
နောက်တစ်ယောက် ... Uniform အဖြစ် ကုမ္ပဏီက ဆင်ထားတဲ့ ဖိနပ်ရှူးအမဲရောင်ကို မစီးဘဲ .. အညိုရောင် စီးထားတယ်။ ကျွန်မ သူ့ကိုမေးတယ် ..
ဖိနပ်က ဘာလို့ အမဲရောင် မဖြစ်တာလဲ .. ?
မနက်က စီးလာတဲ့ အဝတ်အစားက အညိုရောင်ဖြစ်နေလို့ ဖိနပ် ၂ရံ မသယ်ချင်လို့ပါ မမသက်
အေးး .. ဟုတ်ပြီ ... လစာထဲကနေ ဒီနေ့ တစ်ရက်စာ ဖြတ်မယ်။ ကျေနပ်လား ?
အရောင်းဝန်ထမ်းတွေကို မျက်တောင်အတု ကျွန်မ မတပ်ခိုင်းဘူး။ မျက်တောင်အစစ်တွေဟာ မျက်တောင်အတုအလား ဖြစ်နေအောင် ပြင်ခိုင်းထားတယ်။
ဘာလို့လဲ .... ဆိုတော့ ..
Mascara ရောင်းတဲ့ အလှကုန် Brand ပါဆိုမှ မျက်တောင်အတုတပ်ထားမှတော့ Mascara ရဲ့ ရှည်လျားကော့ညွတ်ပြီး ထူထဲသော ထူးခြားချက်ကို ဘယ်လိုသိတော့မလဲ ။။။ မျက်တောင်တုတပ်ချင်ရင် အလုပ်ချိန်မှာ မတပ်နဲ့ ... ကိုယ်ပိုင်အချိန်မှာ တပ်ပါလို့ ပြောထားတယ်။
မျက်နှာအပေါ် ဆံပင်အုပ်နေတာမျိုး ၊ ဆံပင်တွေ အတွန့်အလိမ်တွေ ကွေးကောက်ပြီး မျက်နှာပေါ် ကျနေတာမျိုး ကျွန်မလက်မခံဘူး။
အကြောင်းရင်းကတော့ မျက်နှာကို ထင်ရှား မြင်သာပေါ်လွင်အောင် ဖြီးလိမ်းခြယ်သ ပြထားဖို့အတွက် မိတ်ကပ်ရဲ့ အလှ နဲ့ မျက်နှာဟာ ထင်ရှားနေရမယ်။ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖီးဖို့ အမြဲပြောတယ်။
တစ်ရက်မှာ .. ကျွန်မ ဝင်စစ်တော့ ... ဆံပင်အလိမ်အကောက်တွေ ဖုတ်သိုက်နဲ့ အရောင်းဝန်ထမ်းမလေးကို တွေ့တယ်။
ဆံပင်စီးမလား .. အလုပ်ထွက်မလား .. လို့ ကျွန်မ ကပ်မေးခဲ့တယ်။
သူရယ်နေတယ် ... ကျွန်မ ပြန်လာခဲ့တယ်။
နောက်တစ်ရက် .. ကျွန်မ သူ့ဆီ ထပ်သွားတယ်။ ဆံပင်မစီးထားဘူး။
ကျွန်မ မန်နေဂျာကို ပြောလိုက်တယ်။ လကုန်ရင် လစာပေးပြီး အပြီးထုတ်လိုက်တော့လို့။
အသက်ငယ်ငယ်နဲ့ လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေတဲ့ မိန်းမဖြစ်လို့ထင်တယ်။
မြန်မာပြည်က ဝန်ထမ်းတွေကလည်း ဇ လေးတွေတော့ စမ်းကြတယ်။
တစ်ခွန်းပဲ ပြောလိုက်တယ်။
အလုပ်သမားပါးဝလို့ သူဌေးလုပ်နေတာပါ... လို့
"သမီးဆိုး"

0 comments:
Post a Comment