Thursday, October 9, 2014

လုပ်ငန်းရှင်တစ်ယောက်၏ စွန့်စားမှုများ ခင်မောင်ညို (ဘောဂဗေဒ)

          လုပ်ငန်းရှင်တစ်ယောဖစ်ရေးအတွက်စိတ်ကူးယဉ်မနေကြပဲ သူ့တို့၏ဘဝမည်မျှခက်ခဲသည်ကိုလည်း သဘော ပေါက်သင့်သည်။

(၇)နှစ်အကြာကထိပ်တန်းကုမ္ပဏီတစ်ခုမှ ဂျိုးဂျုံးစ်အမည်ရှိ ဝန်ထမ်းတစ်ယောက်သည် မိမိကိုယ်ပိုင် လုပ်ငန်းကိုတည်ထောင်ရန်အတွက် အလုပ်မှနှုတ်ထွက်ခဲ့သည်။ သူအနေဖြင့် ကုမ္ပဏီဝန်ထမ်းဘဝကို စိတ်ပျက်ငြီးငွေ့ပြီး ၄င်း၏ကိုယ်ပိုင်အစွမ်းအစကိုလည်း စမ်းသပ်ချင်စိတ်ပေါ်ခဲ့ခြင်းကြောင့်ဖြစ်သည်။သို့သော် လုပ်ငန်းရှင်တစ်ယောက်၏ ဘဝ သည် သူထင်သည်ထက်ပိုမိုခက်ခဲသည်ကိုတွေ့ရသည်။ အားနည်းချက်တွေတစ်ပုံကြီးတွေ့ရသည်။အတားအဆီးများ၊ လမ်းဆုံး များတို့ကိုလည်း တွေ့ရသည်။ နေ့ချင်း ညချင်းကြွယ်ဝချမ်းသာခြင်းမဟုတ်ပေ။ ယခင်သူ၏လုပ်ငန်းရှင်က သူ့အတွက်ပေးထား ခဲ့သော အခွင့်အရေးများအားလုံးတို့ကို ဆုံးရှုံးခဲ့သည်။ အုပ်ချူပ်ပိုင်ခွင့်အစ၊ လူမှုရေးကွန်ရက်အဆုံး ဆုံးရှုံးသွားခဲ့သည်။ ယခင် က သူလုံးဝစဉ်းစားမထားသည့်ကိစ္စများအားလုံး မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ဆည်းပူးရသည်။
ထို့သို့လုပ်ဆောင်ရသည့် အခါဝန်ထမ်းအနေဖြင့်ဆောင်ရွက်သည့် အခွင့်အရေးများအလွန်ကြီးမားသည်ကို သဘောပေါက်သွားသည်။ယခုအခါ သူ့ ဘဝနှင့်ပတ်သက်၍ အစစအရာရာပူပန်နေရသည်။ ကားစရိတ်၊ အပေါင်ထားသောအိမ်အတွက် စရိတ်စသည်တို့ကိုအပင် ပန်းခံပြီး စဉ်းစားနေရသည်။ ဤသို့ဖြင့်သူသည် အရက်သောက်တတ်လာသည်။ နောက်ဆုံး၌ သူသည်မထင်မရှားအရက် သောက်သူများအသင်းဝင်ရောက်ခဲ့ရပြီး စီးပွားရေးလုပ်ငန်းကိုလည်းအောင်မြင်အောင်ဆောင်ရွက်နိုင်သည်။သို့သော် အခြား လုပ်ငန်းရှင်လောင်းလျာများအနေဖြင့် ထိုမျှလောက်ကံမကောင်းကြပေ။


          အများအားဖြင့်စွန့်စားတီထွင်လုပ်ငန်းရှင်များ၏ဘဝကို စိတ်ကူးယဉ်ကြသည်။ စီးပွားရေးပညာရှင် ပါမောက္ခများကထင်ရှားကျော်ကြားသောပါရမီရှင်များ မည်ကဲ့သို့စည်းမျဉ်း စည်းကမ်းများချိုးဖောက်ကာကမ္ဘာကြီးကိုပြောင်းလဲပစ်နိုင်ကြောင်းဟောပြောပို့ချကြသည်။ နိုင်ငံရေးသမားများကလည်း ၄င်းတို့ကို ဥစ္စာ၊ ဓနဖန်တီးသူများအဖြစ်ချီးကျူးကြသည်။ ၄င်းတို့ပိုင်ဆိုင်သော အိမ်ကြီး ယာကြီးများကို အားကျကြ၊ သရေကျကြသည်။သို့သော် လက်တွေ့တွင်ထိုမျှလောက် စိတ်ကူးယဉ်စရာမကောင်း၊ ပထမဆုံးလုပ်ငန်းကိုတည်ထောင်သောသူများသည်အချိန်ပြည့် စာချူပ်ချူပ်ထားသော ဝန်ထမ်းအလုပ်သမားတစ်ယောက် ကဲ့သို့ အလုပ်လုပ်ကြရသည်။လောင်းကစားစွဲနေသူတစ်ယောက်လို ငွေရေးကြေးရေးကိစ္စများကို ပူပန်နေရပြီး တစ်ဦးတည်း အထီးကျန်နေထိုင်ကြရသည်။လုပ်ငန်းရှင်တစ်ယောက်၏ ဘဝသည်အလွန်ခက်ခဲသည်။ လုပ်ငန်းခွင်နှင့် မိသားစုဘဝ မျှတ မှုမရှိ၊မိသားစုအတွက်အချိန်မပေးနိုင်၊ ဘဝတစ်သက်တာတွင် အပင်ပန်းဆုံးအလုပ်လုပ်ရသည့်အချိန်ဖြစ်သည်ဟုဆိုသည်။ အခြားလုပ်ငန်းရှင်တစ်ဦးကလည်း (၂)နှစ်ခွဲလုံးလုံးရုံးရှိဖျာပေါ်၌ အိပ်ခဲ့ရပြီးအဆင်သင့်အလွယ်တကူရရှိသောသရေစာများ ကိုသာ စားသုံးခဲ့ရသည်ဟုဆိုသည်။ လုပ်ငန်းရှင်ဘဝမှ ပညာရှင်ဘဝသို့ပြောင်းခဲ့သောသူကလည်းအသက်(၄၅)နှစ် အရွယ် ၌ နှလုံးရောဂါရရှိခဲ့သည်။ တစ်ဖက်၌သူသည် ကုမ္ပဏီတစ်ခုကိုအများပိုင်ကုမ္ပဏီတစ်ခုဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး အခြား ကုမ္ပဏီတစ်ခုကိုလည်း ရှင်သန်အောင်ဆောင်ရွက်နိုင်ခဲ့သည်။

          စတင်တည်ထောင်သောအမေရိကန်လုပ်ငန်းများ၏ တစ်ဝက်ခန့်သည်(၅)နှစ်အတွင်း ရပ်တန့်သွားကြသည်။ ကျန် သည့်လုပ်ငန်းအတော်များများကလည်းဆက်လက်ရပ်တည်နိုင်ခြင်းမရှိပေ။ အရင်းအနှီးအထောက်အကူရရှိကြသော စတင် တည်ထောင်သည့်လုပ်ငန်းများ၏(၄)ပုံ (၃)ပုံသည် ၄င်းလုပ်ငန်းတွင်မြှပ်နှံထားသောအရင်းအနှီးကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပေ။ အမြတ်ထွက်ရန်မဆိုထားနှင့် စတင်ချေးငှားထားသော အရင်းအနှီးကိုပင်ပြန်လည်ပေးဆောင်နိုင်ခြင်းမရှိကြပေ။(၂၀၀၀)ပြည့်နှစ်က ဝါရှင်တန်တက္ကသိုလ်မှ သုတေသီတစ်ယောက်က အမေရိကန်ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ၏ဝင်ငွေ ဖြန့်ဖြူးပုံကို နှိုင်းယဉ်လေ့လာပြီးနောက် လုပ်ငန်းရှင်များ၏ဝင်ငွေသည် (၁၀)နှစ်တာကာလအတွင်း၌ဝန်ထမ်းတစ်ယောက်၏ ဝင်ငွေထက် (၃၅)ရာခိုင်နှုန်းလျော့နည်းသည်ဟု သုံးသပ်ခဲ့သည်။

          အောင်မြင်မှုကြောင့်လည်းကွဲပြားသောဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ နှစ်ရှည်လများ လုပ်ရသောလုပ်ငန်းရှင်အနေဖြင့် အထီးကျန်မှုကိုရှောင်ရှားနိုင်သော အကောင်းဆုံးနည်းလမ်းမှာ မိတ်ဆွေတစ်ယောက်နှင့်ပူးတွဲတည်ထောင်ရန်ဖြစ်သည်။ သို့သော်ထိုသို့ တည်ထောင်သည့်အခါ၌လည်း အာဏာကိစ္စ၊ ရာထူးကိစ္စ၊ ငွေကြေးကိစ္စများအတွက်အငြင်း ပွားရ၊ ရန်ဖြစ်ကြရသည်။ စီးပွားရေးလုပ်ငန်း ကြီးပွားတိုးတက်လာသည့်အခါ အကောင်းဆုံးဖြေရှင်းသည့်နည်းမှာရင်းနှီးမြှပ်နှံ သူများကို ထပ်မံ၍ဖိတ်ခေါ်ပြီး စနစ်တကျစီမံခန့်ခွဲတတ်သောသူများကိုခိုင်းစေရန်ဖြစ်သည်။ သို့သော် ထိုသို့ဆောင်ရွက်သည့် အခါ၌ မိမိကိုယ်တိုင်ထိန်းချူပ်နိုင်ခြင်းမရှိတော့ပေ။မိမိ၏ကုမ္ပဏီများကို အများပိုင်ကုမ္ပဏီများအဖြစ်အသွင်ပြောင်းလဲသည့် အခါ လုပ်ငန်းကိုတည်ထောင်ကြသူအတော်များများသည်ဆက်လက်၍ အမှုဆောင်အရာရှိချူပ်အဖြစ် ထမ်းဆောင်နေကြဆဲ ဖြစ်သည်ကိုတွေ့ရသည်။

          သို့ဖြစ်၍ ပုဂ္ဂုလိကဘဝနှင့်လုပ်ငန်းဘဝကိုမျှမျှတတ ချိန်ဆသူများပင်လျှင် စီးပွားရေးလောက၏ အတက်အကျ များကြောင့် စိတ်ဖိစီးကြရသည်။သာမန်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဘဝကိုမျှမျှတတဖန်တီးနိုင်ခြင်း မရှိကြပေ။ ဂျွန်ဟော့ကင်းဆေးတက္ကသိုလ်မှပါမောက္ခတစ်ယောက်က လုပ်ငန်းရှင်များသည် ခွန်အားများ၊ မိမိကိုယ်မိမိယုံကြည်မှုများ ပြင်းထန်ကြသော်လည်း စွန့်စားရခြင်း၊ ဂဏှာမငြိမ်ရှိခြင်းတို့နှင့် တွေ့ကြုံရသည်ဟုသုံးသပ်သည်။အခြားသော သုတေသီများက လည်း ၄င်းတို့သည် အကောင်းမြင်လွန်းကြသည် အန္တရာယ်ရှိသည်ဟု ယူဆကြသည်။အခြားလုပ်ငန်းရှင်တစ်ယောက်သည် ဒေါ်လာသန်း(၅၀)ကို (၄)နှစ်အတွင်း ပြန်ပေးမည်ဟု ကတိပေးလျှင်သူကတစ်နှစ်ထပ်တိုးပြီး ရမည့်ဝင်ငွေကို တစ်ဆယ်နှင့် စား သည့် အလေ့အကျင့်ရှိသည်။ စွန့်စားတီထွင်သောဘဏ်လုပ်ငန်းများကလည်း ငွေချေးမည့်သူများသည် အကောင်းမြင်လွန်း ခြင်းဖြစ်သည် (သို့မဟုတ်)လုံးဝအမြင်မှားခြင်းဖြစ်သည်ကိုကိုယ်ရည်ကိုယ်သွေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှငွေချေးငှားလေ့ရှိ သည်။

          လုပ်ငန်းရှင်များ၏ အားနည်းချက်နှင့်ပတ်သက်၍မည်သို့ဆောင်ရွက်နိုင်မည်နည်း။ ကုမ္ပဏီကိုတည်ထောင် သူများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှုမှန်မှန်ပြုလုပ်ရန်၊ လေ့ကျင့်ခန်းလုပ်ရန်နှင့် သက်သောင့်သက်သာနေ တတ်ရန် အကြံပြုသည်။ ကိုယ်တိုင်ကအလုပ်ခွင်နှင့် ပုဂ္ဂိုလ်ရေးမျှတမှုရှိမရှိ သတိမထားမိသော်လည်း ခန္ဓာကိုယ်က သတိ ထားမိနိုင်သည်။သို့ဖြစ်၍ ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်မည့်သူများသည် လူမူရေးကွန်ရက်များ အလေးထားတည်ဆောက်ရန်အကြံပြုသည်။ လုံးဝအထီးကျန်နိုင်ပြီး အောင်မြင်မှုရရှိမည်ဟု ယူဆခြင်းသည် အန္တရာယ်ကြီးသောအမြင်လွဲမှားမှုဖြစ်သည် ဟု ယူဆသည်။ အားကိုးစရာမိတ်ဆွေများ ပြုပြင်အကြံပေးမည့်သူများလိုအပ်သည်။ နိုင်ငံပေါင်း(၄၆)နိုင်ငံ၌ အဖွဲ့ဝင်ပေါင်း တစ်သောင်းခန့်ရှိသည့် လုပ်ငန်းရှင်များ၏အဖွဲ့အစည်းက ၄င်းတို့၏စီးပွားရေးလုပ်ငန်းများနှင့်သာမကစိတ်ခံစားမှုနှင့် ပတ် သက်၍ပါ ပြောဆိုနိုင်သောအစည်းအဝေးများကို လုပ်ပေးသည်။ အခြားအမေရိကန်အကျိုးအမြတ်ကိုဦးမတည်သော၊ လုပ်ငန်းရှင်ဘဝကို အားပေးသောလုပ်ငန်းတစ်ခုကလည်း လုပ်ငန်းရှင်ဘဝတွင်ရှင်သန်နိုင်ရေးအတွက်အင်တာနက်မှ သင် တန်းများပေးသည်။
ကုမ္ပဏီကိုတည်ထောင်သူများအနေဖြင့်မည်သို့ကျရှုံးသည်၊ မည်သို့ဖြစ်နိုင်သည်ကို ပိုမို၍လက်တွေ့ကျကျ အကဲဖြတ် သင့်သည်။ စီမံခန့်ခွဲမှုစာပေများ၌လုပ်ငန်းရှင်များသည် ဆုံးရှုံးမှုကို အတွေ့အကြုံတစ်ခုအနေဖြင့် လက်ခံသင့်ကြောင်း အမြောက်အများရေးသားခဲ့သည်။ သို့သော်လည်း မျက်နှာကိုဖြတ်ရိုက်ခံရခြင်းသည်ပင်အတွေ့အကြုံတစ်ခုဖြစ်သည်။ မကြာခဏဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရသည့်လုပ်ငန်းရှင်များသည် ရင်းနှီးသူတစ်စုံတစ်ဦးဆုံးရှုံးခြင်း(သို့မဟုတ်) အိမ် ထောင်ကွဲခြင်းနှင့် အလားတူသောဝမ်းနည်းကြေကွဲမှုများနှင့် ရင်ဆိုင်ကြရသည်။အချို့က ဘဝကိုပြန်လည်တည်ဆောက် နိုင်ကြသည်။ သို့သော်လည်း မိမိတို့၏ဆုံးရှုံးမှုများကိုစွဲလန်းတမ်းတငိုကြွေးနေသူများလည်းရှိသည်။ ၄င်းတို့ဘဝကို မည်သို့ ပြုပြင်ပြီး အမှားယွင်းများမှသင်ခန်းစာယူမည်၊ ဆုံးရှုံးမှုများကိုပြန်လည်ရရှိရန် ကြိုးစားအားထုတ်မည်ကို လေ့လာ သင့်သည်ဟုပညာရှင်တစ်ယောက်ကဆိုသည်။ မြန်မြန်ဆန်ဆန် ကျဆုံးလျှင် မြန်မြန်ဆန်ဆန်ပြီး သွားသင့်သည်ဟုဆိုသည့်အပြောများသည် လက်တွေ့တွင်အားပေးရာမရောက်ပေ။

          ယခုအခါ လုပ်ငန်းရှင်ဘဝကို စိတ်ကူးယဉ်နေသူများသည် တစ်ဖက်တွင်၎င်းတို့၏ အောင်မြင်မှု များကို တန်ဖိုးနှိမ့်ချတတ် ကြသည်။ အောင်မြင်မှုအချို့ကိုသာအာရုံစိုက်နေလျှင် မနာလို၊ ဝန်တိုစရာဖြစ်လာမည်။ စီးပွားရေးလုပ်ငန်းတစ်ခုရှိပြီဆိုလျှင်ကိုယ်ကတည်ဆောက်ရသည်မဟုတ် အခြားသူများကဖြစ်မြောက်အောင်တည်ဆောက်ပေးသွားခြင်းဖြစ်ဟု အိုဘားမားကပြောဖူးသည်။ တစ်ဖက်၌ ဆုံးရှုံးမှုများကို ဥပေက္ခာပြုကာ ကြိုစားပမ်းစားပြန်လည်တည်ဆောက်မှုများကိုလည်းကြုံတွေ့ရ သည်။ လုပ်ငန်းရှင်လောင်းလျာများအနေဖြင့် လုပ်ငန်းတစ်ခုကိုမစတင်မီ တွေ့ကြုံရမည့် အန္တရာယ်များကိုပို၍ ချိန်ဆတတ်ရန် လိုသည်။ တစ်ဖက်တွင် လူအဖွဲ့အစည်းအနေဖြင့် ၄င်းတို့၏ဘဝကို သုညမှစ၍ တစ်စုံတစ်ရာဖြစ်ထွန်းပေါ်ပေါက်လာရန်ကြိုး စားအားထုတ်သူများကို ပို၍လေးစားရန်လိုအပ်သည်။                                                       (Economist.com)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...