သားငယ်လေးနဲ့ တစ်မနက်
`` ဖေဖေ ဆိုင်ကယ်တစ်ပတ်လောက် စီးရအောင် ´´
`` ဟင်.. သား ကျောင်းရှိတယ် မဟုတ်လား ကျောင်းသွားဖို့ပြင်တော့လေ ဆိုင်ကယ် စီးဦးမလို့လား ´´
`` နှစ်ဝက်စာမေးပွဲဖြေနေတယ်ဖေဖေရဲ့ နေ့လည် တစ်နာရီမှလေ.. ဖေဖေနဲ့ သားနဲ့ ဆိုင်ကယ် မစီးရတာ ကြာပြီ သွားရအောင် ´´
`` ဟုတ်ပါပြီဗျာ.. လာသွားမယ် ´´
ကျွန်တော် သားငယ်လေးကို ရှေ့မှာ တင်ရင်း ဆိုင်ကယ်လေးနဲ့ ပွိုင့်ဘက်ကို ထွက်လာခဲ့တယ်၊
ပွိုင့်ဆိုတာက ကျွန်တော်တို့ ကော့သောင်းမြို့မှာပဲရှိတဲ့ မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံး ဘုရင့်နောင်အငူကို ပြောတာပါ၊ အရင်က ၀ိတိုရီးယားပွိုင့်လို့ ခေါ်တယ်လေ... နောက်တော့ ကိုလိုနီ အမည်တွေပြောင်းတော့ ဘုရင့်နောင် အငူလို့ အမည်ပြောင်းလိုက်တာ...
ကော့သောင်းဒေသခံတွေကတော့ နှုတ်ကျိုးနေလို့ ပွိုင့် လို့ပဲ အတိုကောက်ခေါ်ကြတယ်..။
အဲဒီဘုရင့်နောင်အငူမှာ မျက်နှာစာ သုံးခုပါတဲ့ အထိမ်းအမှတ် ရုပ်ထုအဆောက်အဦလေးတစ်ခု ထုလုပ်ထားတယ်... မျက်နှာစာ သုံးခုမှာတော့
- ပြည်မြန်မာ ရုပ်တုရယ်..
- တာဝန်ဆိုတဲ့ရုပ်တုရယ်...
- မွေခံထိုက်စေ ဆိုတဲ့ရုပ်တုရယ် ထုလုပ်ထားတယ်...။
အခုတော့ အဲဒီ အထိမ်းအမှတ်ရုပ်ထုအဆောက်အဦမှာ ကြွေပြားတွေ ခင်းပြီး စတီးလက်ရမ်းတွေ တတ်ဆင်ပေးထားတယ်... အပမ်းဖြေလို့လည်းရ... လေညင်းခံရင်း ကျွန်တွေနဲ့အတူ ပင်လယ်ပြင်ရဲ့ အလှတွေကိုလည်း ခံစားလို့ရတာပေါ့။
အရုပ်ကိုရောက်တော့ သားငယ်က အရုပ်တစ်ခုချင်းစီကို စေ့စေ့ကြည့်ရင်းမေးခွန်းတွေ ထုတ်ပါတယ်....။
ပြည်မြန်မာရုပ်ထု ဆိုတာက မြန်မာနိုင်ငံနဲ့တူအောင် ထုလုပ်ထားတဲ့ မိခင်တစ်ဦးက ကလေးငယ်လေးတွေကို ထွေးပွေ့ထားတဲ့ရုပ်တု...
မိခင် မြန်မာနိုင်ငံတော်ကြီးမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးစုကြီးတွေနဲ့ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြတယ်..
မိခင်ကြီးက ကိုယ့်သားသမီးတွေကို ချစ်ခင်မြတ်နိုးသလို နိုင်ငံတော်ကြီးကလည်း ပြည်ထောင်စုဖွား တိုင်းရင်းသားတွေကို ထွေးပွေ့ထားတဲ့သဘောလို့ ပြောပြလိုက်တယ်...။
နောက်တစ်ခုတ တာဝန်ဆိုတဲ့ ရုပ်ထု....
ကျောမှာ ဒဏ်ရာနဲ့ သွေးချင်းချင်းနီပြီး လဲကျနေတဲ့ ရှေးခေတ်မြန်မာ့ စစ်သည်တော် တစ်ယောက်က လက်ထဲက စာချွန်လွှာကို မြင်းပေါ်က စစ်သည်တော် တစ်ဦးကို လှမ်းပေးနေတဲ့ပုံ...
ဆိုလိုတာက နိုင်ငံ့တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ အသက်သေချင်သေပါစေ ပျက်ကွက်မှုမရှိစေရဘူး.... ကိုယ့်မထမ်းဆောင်နိုင်တော့ရင်လည်း အခြားတစ်ယောင်ကို လွှဲပြောင်း လက်ဆင့်ကမ်းပေးရမယ်... လက်ဆင့်ကမ်း ခံရသူကလည်း ကိုယ့်ရဲ့ မူလတာဝန် မဟုတ်သည့်တိုင် အရေးကြီးရင် ကြီးသလို ဦးစားပေးဆောင်ရွက်ရမယ်... တာဝန်ထမ်းဆောင်တဲ့ အခါမှာ အသက်ကိုတောင် ပေးဆပ်ရဲရမယ်လို့ အဓိပ္ပါယ်ရတဲ့ စကားတွေကို သားငယ်လေး နားလည်အောင် ရှင်းပြလိုက်တယ်..။
သားငယ်ကနားထောင်ရင်း လူကြီးလို ခေါင်းတဆတ်ဆတ် ညိမ့်နေလေရဲ့...။
နောက်ဆုံး တစ်ရုပ်ကတော့ မွေခံထိုက်စေဆိုတဲ့ ရုပ်ထုပါပဲ၊ ဒီရုပ်ထုကိုတော့ သားငယ်လေးက သေသေချာချာကြည့်တယ်... သဘောလည်း ကျတယ်... မေးခွန်းတွေလည်း အရင်ကထက် ပိုခဲ့ပါတယ်။
ကြံ့ခိုင်သန်မာပြီး ယောင်တုံးနဲ့ နှုတ်ခမ်းမွှေးနဲ့ ထိုင်နေတဲ့ အဘိုးက ကျောင်းဝတ်စုံလေး ၀တ်ထားတဲ့ သူ့မြေးကို ဟောင်းနွမ်းနေတဲ့ ဓါးတင်လက်ကို ပြနေတယ်.. မြေးဖြစ်သူကလည်း အဘိုးရဲ့ ဓါးကို တောင်းနေတဲ့ပုံလေး...
နောက်ခံမှာတော့ ရှေးရှေး မြန်မာ့တပ်မတော်သားတွေ တိုက်ပွဲဝင်နေတဲ့ပုံ...
နောက်ပြီး နယ်ချဲ့ အင်္ဂလိပ်ကို ဓါးနဲ့ တော်လှန်တိုက်ပွဲဝင်နေတဲ့ပုံ...
သူ့အောက်မှာတော့ ဖက်ဆစ်ဂျပန်ကို BIA စစ်သည်တော်တွေ တိုက်ခိုက်နေတဲ့ပုံနဲ့ အောက်ဆုံးမှာတော့ ၀ါဝင်းနေတဲ့ စပါးနှံနဲ့ ကျောက်သံပတ္တမြားတွေပါတဲ့ပုံလေး ထုဆစ်ထားတယ်..။
`` ဒါကဘာလည်းဖေဖေ.. ´´
``ဒါက ရှေးရှေးတုံးက စစ်သည်တော်တွေ သားရဲ့... ဖေဖေတို့ နိုင်ငံကြီးကို တည်ထောင်ခဲ့ကြတဲ့ သူရဲကောင်းတွေပေါ့... သားသိတယ်မဟုတ်လား... သားတို့ကျောင်းမှာ အသင်းတွေ ရှိတယ်လေ.. ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရာ၊ ဗန္ဓုလ ဆိုတာတွေလေ...´´
`` ဟုတ်.. သိတယ်... သားသားက ကျန်စစ်သား အသင်း´´
`` အင်းပေါ့သားရဲ့ အဲဒါဒီလို ဖေဖေတို့နိုင်ငံကို တည်ထောင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုထားတာလေ... တကယ်က ဒီလောက်ပဲ မဟုတ်ဘူး ဖေဖေတို့နိုင်ငံမှာသူရဲကောင်းတွေ အများကြီးပေါ်ထွန်းခဲ့တာ...´´
``ဟုတ်ဖေဖေ.. အောက်ကရော ဘာလုပ်နေတာလဲ ´´
`` ဒါက ဖေဖေတို့နိုင်ငံကို လက်နက်အားကိုးနဲ့ သိမ်းပိုက်အုပ်ချုပ်နေတဲ့ အင်္ဂလိပ် နယ်ချဲ့တွေကို ရတဲ့ လက်နက်နဲ့ ပြန်လည် တိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုပြီး လုပ်ထားတာ သားရဲ့´´
`` ဟုတ်လား... အင်္ဂလိပ်တွေက သေနတ်တွေနဲ့နော်... မြန်မာတွေမှာ သေနတ်မပါဘူး ဓါးတွေနဲ့ သူတို့ နိုင်လား´´
`` အင်း... လက်နက်ချင်းမတူတော့လည်း ဘယ်နိုင်မလဲ သားရယ်... အဲဒီလို ရသလို တော်လှန်နေရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ စနစ်တကျ ပြန်လည် တိုက်ခိုက်လိုက်တော့ နိုင်သွားတယ်လေ... ဒါကြောင့် အခုဖေဖေတို့ကို တခြားတိုင်းပြည်က ဘယ်သူမှ အုပ်ချုပ်လို့ မရတော့ဘူး...´´
`` အော်... သားတို့ကို ဆရာမကလည်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ခဏခဏ ပြောပြတယ်.. အာဇာနည်နေ့တုံးကလည်း ပြောပြတယ်ဖေဖေရဲ့´´
`` ကောင်းတာပေါ့သားရယ်... ´´
`` အောက်ကပုံကရော... ပုံနှစ်ခုက မတူဘူးနော်...´´
`` အောက်ကပုံက အင်္ဂလိပ် မဟုတ်တော့ဘူး... ဂျပန်ဖြစ်သွားပြီသားရဲ့၊ ဂျပန်တွေကိုလည်း ဒီလိုပဲ တိုက်ခိုက်ခဲ့ရတာ...´´
`` ဟင်.. အင်္ဂလိပ်တွေက ဘယ်ရောက်သွားလို့လဲ ´´
`` ဗိုလ်ချုပ်အောင်ဆန်းတို့က ဂျပန်နဲ့ ပေါင်းပြီး အင်္ဂလိပ်ကို တိုက်လိုက်တယ်... အင်္ဂလိပ်ပြေးတော့ ဂျပန်တွေက မပြန်ပဲ မြန်မာနိုင်ငံကို အုပ်ချုပ်ပြီး အင်္ဂလိပ်ထက် ပိုဆိုးအောင် မြန်မာတွေကို ရက်ရက်စက်စက်လုပ်တော့ ဗိုလ်ချုပ်အောင်ဆန်းတို့က ဂျပန်ကို ပြန်တိုက်ရတာပေါ့သားရဲ့...´´
`` လက်ပတ်လည်းပါတယ်နော် ဖေဖေ အဲဒါ ဘာလုပ်တာလဲ ´´
`` အင်း လက်ပတ်လည်း ပါတယ် ယူနီဖောင်းလည်း ပါတယ်... အင်္ဂလိပ်ကို တိုက်တုန်းက ရသလို ပြန်တိုက်ကြတာလေ... မအောင်မြင်ဘူး၊ နောက် ဗိုလ်ချုပ်တို့ ဦးစီးတော့ တပ်ဖွဲ့ ဖွဲ့လိုက်တယ် သားရဲ့ ဒါကြောင့် ယူနီဖောင်းလည်း ပါတယ်၊ ယူနီဖောင်း မရှိတဲ့သူကလည်း လက်ပတ် ပတ်ထားကြတယ်.. အရင်က စနစ်တကျ မရှိသေးဘူး... ဖက်ဆစ်ဂျပန်ကို တော်လှန်တော့ စနစ်တကျဖြစ်သွားပြီလေ...´´
`` အော်.. ဟုတ်ကဲ့ဖေဖေ... ဒီဘိုးဘိုးကရော ဘာပြောနေတာလဲ ´´
`` ဘိုးဘိုးက သူ့မြေးလေးကို လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းကို ပြောပြနေတာလေ...´´
`` သူ့မြေးကရော ကျောင်းဝတ်စုံနဲ့ ဘာအဓိပ္ပါယ်လဲ ´´
`` အဲဒါက ကလေးတွေဆိုတာ ပညာသင်ရမယ်.. ပညာတတ်မှ ဗဟုသုတစုံမယ်.. နားလည်မယ်.. သိမယ် အဲဒါကြောင့်ကလေးလေးကို ကျောင်းသားလေးအဖြစ် ထုထားတာ...´´
`` သူ့ဘိုးဘိုးကရော ဘာပြောနေတာလဲ ´´
`` သူ့ဘိုးဘိုးက သူတိုက်ပွဲဝင်ခဲ့တဲ့ ဓါးကိုပြပြီး လွတ်လပ်ရေးရဖို့အတွက် တိုက်ခဲ့ခိုက်ခဲ့ရတယ်.. လူတွေ သေကြတယ်.. ခြေတွေလက်တွေ ပြတ်ကြရတယ်... ဒါကြောင့် ငါ့မြေးတို့ခေတ်မှာ သူတစ်ပါး ပြန်ပြီး မအုပ်ချုပ်စေနဲ့... လွတ်လပ်ရေးကိုကာကွယ်ရမယ်... ငါ့မြေးလိုအပ်ရင် အဘိုးဓါးကိုပေးမယ် အခု ကျောင်းတက်ဦး၊ ပညာတတ်အောင် သင်ဦးလို့ပြောနေတာ...´´
`` ဟင် ဖေဖေကလည်း အခု ဓါးနဲ့ ခုတ်လို့ မရတော့ဘူးလေ... သေနတ်နဲ့၊ အမြောက်နဲ့၊ တိုက်လေယာဉ်တွေနဲ့ ပစ်ရမှာလေ... ရုပ်ရှင်ထဲမှာ မမြင်ဘူးလား... ဓါးနဲ့သွားခုတ်ရင် သေမှာပေါ့´´
`` ဟုတ်တယ်လေ သားရဲ့... ဘိုးဘိုးတို့ခေတ်ကတော့ ဟုတ်တာပေါ့ ဓါးပဲရှိတော့ ဓါးနဲ့ တိုက်ခိုက်ရတာပေါ့.... အခုခေတ်မှာတော့ သားပြောတာတွေနဲ့ ပစ်ရမှာပေါ့... အဓိကက အဘိုးဓါးကိုမြင်တိုင်း အဘိုးကို သတိရမယ်... အဘိုးကို သတိရရင် လွတ်လပ်ရေးရအောင် အဘိုးတို့ လုပ်ခဲ့ရတာတွေကို သတိရမယ်၊ လွတ်လပ်ရေးအတွက် သေခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ရတာတွေကို သတိရမယ်၊ တိုင်းတစ်ပါးသားတွေ နှိပ်စက်ညှဉ်းပန်း အနိုင်ကျင့်ခဲ့တာတွေကို သတိရမယ်... ဒါကြောင့် လွတ်လပ်ရေး မဆုံးရှုံးအောင် လုပ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်လေ သားရဲ့...၊ ဓါးကတော့ အခုသွားခုတ်ဖို့ မဟုတ်ဘူး... အမှတ်တရ ဂုဏ်ယူစရာ ပစ္စည်းပေါ့..၊ မြေးအနေနဲ့ အဘိုးအတွက် ဂုဏ်ယူပြီး အမြတ်တနိုး သိမ်းထားရမှာပေါ့´´
`` ဟုတ် သားသိပြီ... ဒါဆို ဒါကရော ဘာလဲ၊ စိန်တွေလည်း ပါတယ် ´´
သားငယ်က ပြောရင်း အောက်ဆုံးက ၀ါဝင်းနေတဲ့ စပါးနှံနဲ့ ကျောက်သံပတ္တမြားတွေပါတဲ့ပုံလေးကို လက်ညှိုးထိုးပြတယ်။
``ဒါကတော့ ဖေဖေတို့ နိုင်ငံမှာ ဆန်ရေစပါး ပေါကြွယ်ဝတယ်၊ သဘာဝ သယံဇာတတွေ ရွှေတို့၊ စိန်တို့၊ ပတ္တမြားတို့ပေါတဲ့ နိုင်ငံ၊ တန်ဘိုးရှိတဲ့နိုင်ငံဖြစ်တယ် လို့ ဖော်ပြထားတာသားရဲ့ ´´
`` ဟုတ်... သားတို့ကျောင်းမှာလည်း ဆရာမတွေက ပြောပြတယ်.. ကျောင်းသားတွေဆိုတာ နောင်တစ်ချိန်မှာ တိုင်းပြည်ကို ဦးဆောင်ရမယ့်လူတွေတဲ့.. စာကြိုးစားကြ၊ စည်းကမ်းရှိအောင်နေကြ၊ အချင်ချင်း ချစ်ချစ် ခင်ခင်နေကြတဲ့.. ကြီးလာတဲ့အခါ စစ်ဗိုလ်၊ ဆရာဝန်၊ အင်ဂျင်နီယာတွေ၊ အရာရှိတွေ၊ သူဌေးတွေ ဖြစ်ကြမှာတဲ့.. မြန်မာနိုင်ငံသားတွေဆိုတာ ကိုယ့်နိုင်ငံကို ချစ်ရမယ်.. တန်ဘိုးထားရမယ်တဲ့...´´
`` ဟုတ်လား.. ကောင်းတာပေါ့သားရယ်.. ဆရာမတွေပြောတာ မှန်တာပေါ့... သားကရော ဖေဖေတို့ နိုင်ငံကို သူများတွေ လာအုပ်ချုပ်ရင် ဘယ်လိုလုပ်မလဲ...´´
`` သားကတော့ သေနတ် မရှာပါဘူး.. ရှိတဲ့ ဓါးနဲ့ပဲ ခုတ်မှာပေါ့....´´
`` ဟင်.. တကယ်´´
`` တကယ်ပေါ့... သားသူငယ်ချင်းတွေကိုပါခေါ်မှာ...ဖေဖေလည်း လိုက်ရမယ်... သားသူငယ်ချင်းတွေရဲ့ အဖေတွေကိုလည်း ပြောပြပြီး ခေါ်မှာပေါ့... မမိုက်ဘူးလား ´´
`` ဟား.. မိုက်တာပေါ့ကွာ... ဒါပေမယ့် အခုတော့ မလိုသေးဘူး၊ လောလောဆယ် သား စာကြိုးစား၊ အတန်းကြီးလာရင် ဒီထက်ပိုပြီး သိလာလိမ့်မယ်... နော်...´´
`` ဟုတ်ကဲ့ပါ ခင်ဗျာ......´´
`` ဖေ့သားက လိမ်မာတယ်... ´´ ပြောရင်း ကြည်နူးခြင်းတွေနဲ့အတူ သားရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်မိတယ်။
လက်ပိုက်ပြီး ခေါင်းလေးညိမ့်ရင်း ပြန်ပြောလိုက်တဲ့ သားလေးကို မြင်ရတာ ကျွန်တော့်ရင်ထဲမှာ မနက်ခင်းကြီး လသာသွားသလိုပါပဲ၊
ဘာပဲဖြစ်ဖြစ် အလုပ်တွေနဲ့ မြုပ်နေရတဲ့ ကျွန်တော်.. မနက်ခင်း အချိန်တိုလေးကို သားအတွက် တန်ဘိုးရှိရှိ ပေးလိုက်ရတယ်...
တတိယတန်းပဲ ရှိသေးတဲ့ သားလေးက သူ့သူငယ်ချင်းတွေနဲ့ ပွိုင့်ကို ရောက်လာတဲ့ အခါ ကျွန်တော်ပြောပြတာတွေကို သူ ပြန်ပြောပြလိမ့်မယ်..။
ဒီခေတ်ကလေးတွေက ဥာဏ်ထက်ကြတယ်လေ...
(ကွန်ဆူးမား)(၁-၁၀-၂၀၁၄)

0 comments:
Post a Comment