ကမ္ဘောဒီးယားက မြေသိမ်းခံရတဲ့သူတွေ နိုင်ငံတကာရာဇ၀တ်ခုံရုံးကိုတိုင်ကြား
ကမ္ဘောဒီးယားအာဏာရအထက်တန်းလွှာတွေရဲ့မြေသိမ်းခံရသူတွေက အခုလိုအဓမ္မမြေသိမ်းခံရတာကို လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ပြစ်မှုအဖြစ် နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC)က စစ်ဆေးပေးဖို့ အင်္ဂါနေ့ (အောက်တိုဘာ ၇) က တောင်းဆိုခဲ့ပါတယ်။
အစိုးရမူဝါဒတစ်ရပ်အနေနဲ့ ပြည်သူလူထုကို စနစ်တကျထိုးနှက်နေတာကို ကမ္ဘောဒီးယားလူ သိန်းပေါင်းများစွာ ခံစားနေရကြောင်း သည်ဟေ့ဂ်အခြေစိုက် ICC ကိုလျှောက်ထားတဲ့ တိုင်ချက်ထဲမှာ ရေးသားထားပါတယ်။
"အာဏာရအထက်တန်းလွှာတွေဟာ ဆင်းရဲသားကမ္ဘောဒီးယားတွေရဲ့ အဖိုးတန်မြေယာ ဟက်တာသန်းပေါင်းများစွာကို အမြတ်ထုတ်ဖို့၊ သူတို့အပေါင်းအပါတွေ၊ ပြည်ပရင်းနှီးမြှုပ်နှံသူတွေဈေးကစားဖို့အတွက် အဓမ္မသိမ်းယူပြီး ပြန်လည်ခွဲဝေကြတယ်"လို့် မြေသိမ်းခံရသူတွေရဲ့ကိုယ်စားလှယ်ရှေ့နေ ရစ်ချတ်ရော်ဂျာက လျှောက်ထားတဲ့တိုင်တန်းလွှာမှာ ရေးထားပါတယ်။
ကမ္ဘောဒီးယား ၇၇၀,၀၀၀ သို့မဟုတ် လူဦးရေရဲ့ ၆ % ခန့်ဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း နေရာဖယ်ပေးခဲ့ရပြီး အဲသည်အထဲမှာ ၂၀၁၄ ပထမသုံးလအတွင်း ဖယ်ပေးခဲ့ရသူ ၂၀,၀၀၀ လောက်ရှိကြောင်း အကူအညီပေးရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။ မြေဟက်တာ ၄,၀၀၀,၀၀၀ (ဧက ၁၀ သန်း)ထက်မနည်း အသိမ်းခံရပြီး သည်ပမာဏဟာ ကမ္ဘောဒီးယားမြေဧရိယာရဲ့ ၂၂ %ကို ကိုယ်စားပြုပါတယ်။ ဒီမြေတွေကို အမြတ်အစွန်းကြီးမားတဲ့ ရာဘာနဲ့ကြံစိုက်ခင်းတွေအတွက် သုံးလေ့ရှိပါတယ်။
"အာခံသူမှန်သမျှ သေနတ်နဲ့အပစ်ခံရတယ်၊ အဓမ္မကျင့်ခံရတယ်၊ မတရားအမှုဆင်ခံရတယ်" လို့ ရော်ဂျာက AFP ကိုပြောပါတယ်။ "လူအခွင့်အရေးချိုးဖောက်မှုတွေက သိပ်ကြီးမားပါတယ်။ ဒါတွေအားလုံးက လက်တစ်ဆုပ်စာလူ့မလိုင်တွေ ပိုချမ်းသာလာပြီး အာဏာကိုဆက်ထိန်းထားနိုင်ဖို့ပါပဲ"လို့ သူက ဆိုပါတယ်။ "မြေသိမ်းခံရသူတွေဟာ ပြန်ထူထောင်ရေးစခန်းတွေကို အပို့မခံရရင် သူတို့မှာ သွားစရာမရှိတော့ဘူး"လို့ သူက ပြောပါတယ်။
အခုတရားစွဲဆိုမှုမှာ ဘယ်သူတွေကို တရားစွဲမယ်ဆိုတာ ICC ရှေ့နေတွေကဆုံးဖြတ်ရမှာဖြစ်ကြောင်း တိုင်စာမှာ ရေးထားပြီး ကမ္ဘောဒီးယားတရားစီရင်ရေးစနစ်ဟာ စွပ်စွဲခံရသူဘယ်သူ့ကိုမှ တရားမစွဲတဲ့အတွက် ကြားဝင်ဆောင်ရွက်ဖို့ ကိစ္စဟာ ICC အပေါ်မှာ မူတည်ကြောင်း တိုင်စာမှာ ဖော်ပြထားပါတယ်။
ဘာသာပြန်…. စုပြည့်စုံ
Ref: AFP
ပုံ ( AFP) ။ ။ ကမ္ဘောဒီးယားက မြေယာသိမ်းယူမှုတစ်ခုကိုတွေ့ရစဉ်။
Ref: AFP
ပုံ ( AFP) ။ ။ ကမ္ဘောဒီးယားက မြေယာသိမ်းယူမှုတစ်ခုကိုတွေ့ရစဉ်။
0 comments:
Post a Comment