Saturday, September 13, 2014

ဝလုံးကလေးမှ ဝိုင်းအောင်မရေးနိုင်မီ "


လွန်ခဲ့သော အနှစ်(၂၀)
                              ယနေ့ခေတ်ကာလမှာ နည်းပညာတွေ တိုးတက်တဲ့ အလျောက် လူငယ်လူရွယ်တွေသာမက ငယ်ရွယ်လွန်းလှတဲ့  ကလေးတွေပါ နည်းပညာတွေ၊ စက်ပစ္စည်းတွေကို ကိုင်တွယ် အသုံးပြုနေကြတာ အသုံးပြုတတ်တာ ကြည့်ပြီး ကိုယ့်ကလေးတွေ ငယ်စဉ်ကတော့ ကလေးပီပီ ဖန်ခုန်တိုင်း၊ တူတူပုန်းတိုင်း ကစားကြတာ၊ ထုပ်ဆီးတိုး ဘောလုံးကန် စတာတွေသာ ကစားရင်း ကလေးဘဝ ဖြတ်သန်းခဲ့ရတာ သတိရမိပါတယ်။
          စာရေးသူရဲ့ သမီးကြီးဆိုပါက  လွန်ခဲ့တဲ့ အနှစ်(၂၀) ၊ သူ့အသက် (၄)နှစ်အရွယ် သူများတွေ ကျောင်းနေမှာမို့ စာတွေရေး နေတဲ့ အချိန်မှာ ဆော့တုန်း၊ တခြား  ကလေးမိဘတွေက စာတွေတတ်နေပြီလားလို့ မေးကြရင် စာရေးသူက အခုမှ (၄)နှစ်သာ ရှိသေးကြောင်း အသက်(၅) နှစ်ပြည့်မှ ကျောင်းစနေရမှာ ဖြစ်တဲ့ အကြောင်း ပြန်ပြောပါတယ်။ အဲဒီအခါ သူတို့က စာရေးသူကို အံ့ဩတကြီး ဖြစ်ကာ အခုခေတ်က ကိုယ်တို့ခေတ်လို မဟုတ်တဲ့ အကြောင်း အသက်(၃)နှစ်ကျော်ပြီ ဆိုတာနဲ့  စာစ သင်ကြတဲ့အကြောင်း၊ အသက်(၄)နှစ်လောက်ဆိုရင် သူငယ်တန်းဖတ်စာ ကုန်အောင် ဖတ်တတ်နေပြီ ဖြစ်တဲ့ အကြောင်း စာရေးသူကို ရှင်းပြပါတယ်။ အများတကာမိဘတွေ သားသမီးကို ဘယ်ပုံဘယ်လို ကျောင်းပို့တဲ့ အကြောင်း ပြောပြ ပါတယ်။ ဒါကို ကြားတဲ့ စာရေးသူရဲ့ ခင်ပွန်းက သူ့သမီးကို စာမသင်ဖို့တားပါတယ်။ ဘဝတလျှောက် စာသင်ရမယ့် အချိန်တွေ အများကြီး ဖြစ်လာမှာ ဒါ့ကြောင့် ကလေးဘဝက ပြန်မရဘူး၊ ကလေးလုပ်ရတဲ့အချိန်မှာ ဘာဖိအားမှ မပေးပါနဲ့၊ ဆော့ချိန်တန်ဆော့၊ စားချိန်တန်စားပါစေလို့ ပြောပါတော့တယ်။

 စာရေးသူလည်း စာတွေထဲမှာ ဖတ်ကြည့်တဲ့အခါ ကလေးတွေကို စာဖတ်ပြတာ၊ ပုံပြောပြတာ လသားကတည်က လုပ်ပေးလို့ရတယ်၊ ကလေးတွေရဲ့ အသိဥာဏ်က မှတ်နိုင်တယ်၊ လက်ခံနိုင်တယ်၊ (၃)နှစ်အရွယ်ကလေး တစ်ယောက်ဟာ ဘာသာစကား (၃)မျိုးလောက်ကို တတ်မြောက် လက်ခံနိုင်တယ်၊ ဒါပေမယ့် စာရေးဖို့ကတော့ စောလွန်းပါတယ်တဲ့၊ သူတို့ရဲ့ လက်ချောင်းကလေးတွေက အသက်(၅) နှစ်နဲ့ (၆) နှစ်အရွယ်မှာသာ စာရေးဖို့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်လို့ သိလိုက်ရပါတယ်။ ကလေးရဲ့ လက်ချောင်းတွေကို ခဲတံကိုင်နိုင်တဲ့ အကျင့် ရဖို့ဆိုရင် ပုံဆွဲတာ ၊ ဆေးချယ်တာ လုပ်ခိုင်းခြင်းက အကောင်းဆုံးပဲလို့ ဆိုထားပါတယ်။
ဒါ့ကြောင့် စာရေးသူရဲ့ သားသမီးတွေကို သူတို့ခေတ်နဲ့လည်း ကိုက်ညီအောင် ကျောင်းတက်ရတော့မယ် ဇွန်လမတိုင်မီ (၃)လအလိုမှာ စပြီး ဝလုံး ရေးတာ စသင်ပါတယ်။ ခင်ပွန်းဖြစ်သူက ကျောင်းရောက်ရင် ဆရာမက သင်ပေးမှာပေါ့၊ဘာလို့ကြိုပြီး သင်နေရတာလဲ စသဖြင့် ပြောတာ ကြားရတဲ့အခါ ကလေးတွေက ရောင့်တက်ပြီး မသင်ချင်ဘူး မရေးချင်ဘူး ဖြစ်ကြတာပါပဲ။ အဖေက သူတို့ဘက်က ပါတယ်ဆိုပြီး တနေ့  စာတစ်မျက်နှာ ရေးရမယ်လို့ ပြောပြီး စာရေးတဲ့အချိန်ရောက်လို့ ခေါ်တာနဲ့ အဖေ့မျက်နှာ လှမ်းကြည့်တော့တာပါပဲ။ ဒါ့ကြောင့် သူတို့အဖေ ညဖက်ဂျူတီကျတဲ့ အချိန်ကို စောင့်ပြီး သင်ရတော့တာ။ တပတ်မှာ (၃) ရက်လောက်ပဲ ညဂျူတီ ဆင်းရတာဆိုတော့ သမီးကြီးစာသင်ရတဲ့ အချိန်က တပတ်(၃) ရက်သာ ရပါတယ်။  အဲဒီ(၃)လ အတွင်း ကကြီးကနေ အ အထိပြီးအောင် သင်ရဖို့ အချိန်မနည်းလုရပါတယ်။ နေ့စဉ်အချိန်မှန် မဟုတ်တဲ့အတွက် အကျင့်မရပဲ စာသင်တော့မယ်ဆိုပါက တီကို ဆားပက်သလို တွန့်တွန့် နေတတ်ပါတော့တယ်။ မူကြိုမှာ ဆရာမက တခြားကလေးတွေ စာရေးနေပြီ သမီးအတွက် စာအုပ်ထဲ့ပေးလိုက်ပါ မှာတာကို သမီးအဖေက မရေးခိုင်းသေးဘူး၊ (၅) နှစ်ပြည့်မှ ရေးခိုင်းပြောထားတဲ့အတွက် မူကြိုဆရာမက တခြားကလေးတွေကိုသာ သင်ပါတယ်။ သမီးကြီးကို ဆော့ခိုင်းထားပါတော့တယ်။  ဒါ့ကြောင့် သူတို့ခေတ်တုန်းက ကျောင်းနေကာနီးမှ စာ ဆိုတာ စသိရတယ်။ ကလေးဘဝ ပြောင်းဆန်အောင် ဆော့ခဲ့ကြတယ်။

လက်ဦးဆရာ
               ကျောင်းတက်တဲ့အခါ ဆရာမတွေက ကိုယ်တွေ ငယ်ငယ်တုန်းကလို လက်ကိုင်ပြီး ရေးခိုင်းတာ၊ လက်ရေးလှအောင် ရေးခိုင်းတာမျိုး မရှိတော့ပါဘူး။ ဝလုံးကို ကျောက်သင်ပုန်းပေါ်မှာ ရေးပြပြီး တစ်မျက်နှာ ရေးခဲ့လို့ ရေးခိုင်းတော့ ကလေးတွေက  ဖတ်ကနဲ ရေးပြီးသူ့ထက်ငါ အလုအယက်  ဆရာမဆီ ပြကြတာပေါ့၊ ပြီးတော့ ကကြီး ၊ ခခွေး စသဖြင့် တစ်နေ့တစ်မျက်နှာ ရေးခိုင်းတော့တာပါပဲ။ အိမ်မှာလည်း တစ်မျက်နှာ ရေးခဲ့ဖို့ အိမ်စာ ပေးပါသေးတယ်။ အဲဒီမှာ ကလေးတွေက ကိုယ်တွေ ခေတ်ကထက် ပိုတော်တာ၊ ပိုသွက်တာ တွေ့ရပါတယ်။ ဒါပေမယ့် ဆရာမတွေ သတိမထားမိတာက ဝလုံးကို ဘယ်လို ဆွဲပြီး ရေးလာသလဲ ဆိုတဲ့ အချက်ပါပဲ၊ ကကြီးကိုရော ဘယ်လို ဆွဲပြီး ရေးလာသလဲ။ ဒါပေမယ့် ဆရာ/ ဆရာမတိုင်းကို မဆိုလိုပါ။ တစ်ချို့ဆရာမတွေက ကလေးရဲ့လက်ရေးကို မြင်တာနဲ့ ဆွဲတာမှားတာ သိပါတယ်။ တချို့က မသိပါဘူး၊ သေသေချာချာ မကြည့်တာလည်းပါပါတယ်။ ကျောင်းသားတွေ အများကြီးကို အမှတ်ခြစ်ပေးရတဲ့ အတွက် ဝလုံး ဖြစ်နေ ကကြီးဖြစ်နေရင် ပြီးရောဆိုပီး အမှတ်ခြစ်ပေးလိုက်တာပါ။ ဆိုးရွားတာကတော့ တစ်ချို့ဆရာမတွေက သိရက်နဲ့ရေးနည်းအမှန်ကို ပြန်မပြင်ပေးတဲ့ ဆရာမတွေပါ။ ပြန်ပြင်ပေးတဲ့ ဆရာမတွေကတော့ စိတ်ရှည်လက်ရှည်ပဲ ကလေးကို ဆရာမစားပွဲအနား ခေါ်ပြီး လက်ကို သေသေချာချာ ကိုင်ကာ ဒီလိုဆွဲရမယ်နော်လို့ ပြန်ရေးခိုင်းတတ်ပါတယ်။ ဒါပေမယ့် ရှားပါတယ်။ ဒါ့ကြောင့် စာရေးသူက စာရေးသူရဲ့ ကလေးတွေကို  ဆွဲနည်းမှန်အောင် ကိုယ့်ဘာသာပဲ သင်ပေးပါတယ်။
            အဲဒါနဲ့ ပတ်သက်ပြီး စာရေးဆရာ အောင်သင်းက ဆောင်းပါးတစ်ပုဒ်ရေးဖူးပါတယ်။ လက်ဦးဆရာ၊ ကန့်ကူလက်လှဲ့ စသဖြင့် ဆိုကြတာ ဆရာ/ ဆရာမတွေဟာ ကလေးတို့ရဲ့ ဘဝမှာ ပထမဦးဆုံး တွေ့ကြုံရတဲ့ သူစိမ်းတွေ ဖြစ်ပြီး ကလေးတွေကို အသိအလိမ္မာ ကြွယ်အောင် ပြောဆို သွန်သင်ရသူတွေ ဖြစ်တဲ့ အတွက် အင်မတန်မှ အရေးကြီးကြောင်း ရေးထားတာပါ။ ကန့်ကူလက်လှည့် ဆိုတဲ့ စကားအတိုင်းပဲ ဆရာ/ဆရာမတွေက ကလေးတွေကို ဝလုံးက စပြီး ဘယ်လို ဘယ်ပုံရေးရမယ်ဆိုတာ သင်ပြရတာပါ၊ အခုခေတ်ကတော့ လက်ကိုင်ပြီး သေသေချာချာ ရေးပြတာမရှိတော့ပါဘူး။ ဒါ့ကြောင့် လူငယ်တော်တော်များများရဲ့ လက်ရေးတွေကို ကြည့်လိုက်ရင် စာလုံးတွေ ရေးထားတာ မမှန်တာတွေ အများကြီး တွေ့လာနေရတယ်လို့ ဆိုထားပါတယ်။ ဆရာ / ဆရာမတွေ ရဲ့ သွန်သင်ပြသမှု လိုအပ်တာတွေ ထောက်ပြထားတဲ့ အဲဒီဆောင်းပါးလေးက တော်တော်ကောင်းပြီး အတုယူစရာကောင်းပါတယ်၊

ပုဗ္ဖာစရိယ မိနှင့်ဘ

                အရင်ခေတ်တွေတုန်းက ကျောင်းနေရတော့မယ့် အရွယ်ရောက်လာပြီဆိုပါက ကျောင်းအပ်ပြီး ဆရာမလက်ထဲ အပ်လိုက်တာပါပဲ။ မိဘတွေ ဘာမှ ပြန်လှည့်ကြည့်ဖို့ မလိုခဲ့ပါဘူး။ ဒါပေမယ့် ကိုယ့်သားသမီးတွေ ခေတ်ရောက်တဲ့အခါ မိဘတွေက မျက်လုံး ဒေါက်ထောက် ကြည့်နေရပါတော့တယ်။   စာရေးသူရဲ့ ကလေးတွေကို သူတို့ အတန်းပိုင်ဆရာမ တွေက အတန်းတစ်တန်း တက်သွားတိုင်း ကျောင်းဖွင့်စမှာ မေးတဲ့ မေးခွန်း ရှိပါတယ်။
" ဘယ်မှာ ကျူရှင်တက်သလဲ"
စာရေးသူရဲ့ ကလေးတွေက အိမ်မှာပဲ အမေသင်တယ်လို့ ပြန်ဖြေတော့ ဘာမှ မပြောတော့ပါ။
စာရေးသူက အဲဒီတုန်းက အလုပ်တစ်ဖက်နဲ့ပါ။ အလုပ်တစ်ဖက်၊ အိမ်မှုကိစ္စ တစ်ဖက်နဲ့ အင်မတန် အလုပ်များတဲ့ ကြားက တစ်နေ့ကို တစ်နာရီ ရအောင် ကလေးတွေကို စာသင်ပါတယ်။ အကြောင်းရင်း များစွာရှိပါတယ်။
တစ် ကျူရှင်ထားတယ်ဆိုတာ စာမလိုက်နိုင်တဲ့ ကလေးတွေသာ တက်ရတာလို့ ခံယူထားတာ၊  နှစ်- ကိုယ့်ကလေး စာလိုက်နိုင် မလိုက်နိုင်ကို ကိုယ်တိုင်ကိုယ်ကျ သိချင်တာ၊ သုံး- သူတို့ဘယ်နေရာမှာ အားနဲတယ်၊ ဘယ်နေရာမှာ ပိုထက်သန်တယ် ဆိုတာ သိချင်လို့ အကဲခတ်ခွင့်ရတာ၊ လေး-  စာသင်တာကို ကောင်းကောင်းလက်ခံနိုင်သလား လက်မခံနိုင်ပဲ အတင်းပင်ပန်းကြီးစွာ လိုက်နေရသလား၊ စသဖြင့် ကိုယ်တိုင် သိနေရလို့ပါ။

စာရေးသူရဲ့ နံပါတ်(၂) ကလေးဆိုပါက စာသင်ရင် သင်ခန်းစာကို တိုးတိုးပြီး တက်သွားလို့ရတယ်၊ တက်သွားသလောက် အမီလိုက်ယူနိုင်ပြီး အငယ်ဆုံးကျတော့ ခပ်ဖြေးဖြေးသွားရတာ၊ ရှင်းပြတာကို လက်မခံပဲ ကွန်ပလိန်းများတာ၊ အကြီးဆုံးကတော့ ဘာပြောပြော ခေါင်းငြိမ့်တတ်တာ၊ ပြီးတော့မှ ပြန်မေးရင် မသိတာ၊ အဲဒီတော့မှ တစ်ခေါက်ပြန်ရှင်းပြမှ အခုမှသိပြီလို့ ဆိုတတ်တာ စတာတွေကို အသေးစိတ်သိရပါတယ်။ ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ အနီးကပ်နေခွင့် ရတဲ့ အချိန်လည်း ဖြစ်နေတော့တာပါ။ ဒါ့ကြောင့် တစ်နေ့ကို တစ်နာရီ အချိန်ပေးပြီး သူတို့နဲ့အတူ စာကြည့်စားပွဲ ထိုင်ရပါတယ်။
             တချို့မိဘတွေကတော့ ကျူရှင်ထားမှ ပိုတတ်တယ်၊ ကျောင်းကသင်တာထက် ပိုသာတယ်လို့ သတ်မှတ်ကြဟန်တူပါတယ်။ တစ်ချို့မိဘတွေကတော့ တတ်တာမတတ်တာ ဂရုမစိုက်၊ အချိန်တန်ရင် စာမေးပွဲအောင်ဖို့ လိုရင်းလို့ ယူဆကြဟန်ရှိပါတယ်။ အဲလိုမိဘတွေက တစ်နှစ်တစ်ခါ အတန်းပိုင်ဆရာ ပြောင်းတိုင်း အတန်းပိုင်ဆရာတွေဆီမှာ ကျူရှင်အပ်ကြပါတယ်။ တကယ်တော့ ကိုယ့်ကလေးကို ကိုယ်ကိုတိုင် မသင်နိုင်ရင်၊ သင်ဖို့ အချိန်မပေးနိုင်ခဲ့ရင် ကလေးရဲ့အခြေအနေကို ကောင်းကောင်းသိတဲ့ ကျူရှင်မှာသာ ထားသင့်ပါတယ်။ ကလေးရဲ့အထာကို ကောင်းကောင်းသိတဲ့ ဆရာက ကလေးကို သင်ပေးရင် ပိုပြီးလွယ်ကူပါတယ်။ ကလေးလဲ မပင်ပန်းပါ။ တစ်နှစ်တခါ ပြောင်းတဲ့အခါ ဆရာနဲ့ကလေး အထာမကျယုံမက ကလေးအပေါ် နားလည်မှု လွဲတာတွေ ရှိတတ်ပါတယ်။ အမြဲတမ်း ထိတွေ့နေကျ ဆရာဖြစ်ဖြစ် မိဘပဲဖြစ်ဖြစ် ကလေးအပေါ်မှာ နားလည်စွာ ပြင်ပေးလို့ ရတာတွေရှိပါတယ်။

လက်ဦးဆရာမည်ထိုက်စွာကား ပုဗ္ဖာစရိ မိနှင့်ဘ
          
           ကလေးတစ်ယောက် စာလုံးတွေ စပြီး ရေးတတ်ဖို့နဲ့ မြန်မာဗျည်းအက္ခရာတွေကို မှန်ကန်အောင် ဆွဲတတ်ဖို့ ဆရာတင်မက မိဘကပါ ဝိုင်းဝန်း ကြည့်ရှုရမယ့် ခေတ်အခြေအနေမျိုးမှာ ကလေးရဲ့ အမူအကျင့်၊ စာရိတ္တ၊ ကိုယ်ကျင့်တရားကောင်းဖို့ဆိုတာ ဆရာနဲ့ မိဘတွေမှာ အလွန်ပဲ တာဝန်ရှိပါတယ်။ "မိဘဆရာပူးပေါင်း ကလေးပညာကောင်း" ဆိုတာ ပညာမှာ အတတ်ပညာသာမက အသိပညာကိုပါ ဆိုလိုပါလိမ့်မယ်။ ဥပမာ- ကျောင်းကနေ သူများ  ပစ္စည်းတစ်ခုခု အိမ်ကိုပါလာခဲ့ရင် မိဘက သိရပါမယ်။ ဘာ့ကြောင့်ယူလာရသလဲ ဆိုတာ သေချာမေးပြီး ကိုယ်တိုင်ကိုယ်ကျ ပြန်ပေးခိုင်းရမှာ ဖြစ်သလို ဆရာမကိုလည်း ပြောပြထားရမှာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရမယ့် အမူအကျင့်တွေဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်သားကို ရန်စတတ်၊ နောက်ပြောင်တတ်တဲ့ ကလေးမျိုးကိုလည်း ပျော်ရွှင်စရာနောက်ပြောင်တာထက် ပိုကဲလာရင်၊  ထိခိုက်သည်အထိ နောက်ပြောင်တာမျိုးဆိုပါက ဆရာဆရာမရော မိဘကပါ စောင့်ကြည့် ဆုံမပဲ့ပြင်ရပါမယ်။ အမြဲတမ်း တဖက်သားကို ရန်လို ရန်စနေတဲ့ ကလေးမျိုးကိုလည်း မိဘနဲ့တိုင်ပင်ပြီး ဆိုဆုံးမ ထိန်းသိမ်း ပဲ့ပြင်ရမှာသာ ဖြစ်ပါတယ်။
           အခုတလော အသက်(၂၀)ဝန်းကျင်လူငယ်တစ်ချို့( တချို့ဆို တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေပြီ) မူးယစ်ဆေးစွဲတာ၊ မူးယစ်ဆေးသုံးပြီး ရမ်းကားတာ၊ ဆေးကြောင်ပြီး လူသတ်တာ စတာတွေ ဖတ်ရ ကြားရတဲ့အခါ စိတ်မကောင်း အလွန်ဖြစ်ရပါတယ်။ မိဘတွေ အတွက်ရော ကာယကံရှင် လူငယ်တွေအတွက်ပါ နှမြောတသ ဖြစ်မိရပါတယ်။ ကိုယ့်ရဲ့ သားသမီး မူးယစ်ဆေးတစ်ခုခု သုံးနေတာကို မိဘက လုံးဝမသိတာလား၊ လုံးဝမသိတာဆိုရင်  တော်တော်လွန်လှပြီ လို့ပြောရမည်ပင်။ သိရက်နဲ့ လွှတ်ထားတာဆိုပါက ပိုတောင် လွန်လှချေပြီ။ သားသမီးကို ချစ်တာနှင့် နှစ်တာ လွဲနေတာလို့ ပြောရမည်။ ဒါ့ကြောင့် နောက်ဆက်တွဲ မလိုလားတဲ့ ဆိုးကျိုးတွေ ဖြစ်လာတာပင်။ ဖြေရှင်းရမည့် နည်းလမ်းရွေးပြီး အကောင်းဆုံးဖြစ်အောင် အဖြေရှာဖို့ လိုနေတယ်လို့ ထင်ပါတယ်။ ဆေးစွဲလို့ ဆေးသုံးလို့ ကျောင်းကနေ ရာသက်ပန် ထုတ်လိုက်တယ်ဆိုတာမျိုးက  ဆရာ/ဆရာမတွေဘက်က နည်းမှန်လို ကျင့်သုံးနေတာကြာပါပြီ။ ဆေးစွဲနေတာ ဆေးသုံးနေတာ သိပြီ၊ ဒီတော့  ဆေးဖြတ်ဘို့ နည်းလမ်းရှာ ၊ ဆေးဖြတ်တဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းနဲ့ဆက်သွယ် ဆောင်ရွက် ပြီးရင် ကျန်းမာအောင် အနားယူပြီး ကျောင်းပြန်တက်ပါ စသဖြင့် ဆွေးနွေးညှိနိုင်း ကြတာက  ကျောင်းသားအဖို့ နစ်နာမှုမရှိယုံသာမက သူ့ဘဝမှာ စာသင်ရအုန်းမည် ကျောင်းတက်လို့ ရသေးသည်ဆိုတဲ့ မျှော်လင့်ချက်ရှိနေနိုင်တာပင်။

         မူးယစ်ရမ်းကားတာမျိုးမဟုတ်ပဲ ဒေါသအလျောက် စိတ်အလိုလိုက်သည့် လူသတ်မှုတွေကလည်း မကြားဝံ့အောင်ပင်။ အများအားဖြင့် ချစ်သူသမီးရီးစား အကြား လူသတ်တဲ့အထိ ဖြစ်ကြတာတွေ  ကြားနေရပါတယ်။ လူတစ်ယောက်လုံး မပြောပါနဲ့ ခြင်တစ်ကောင်၊ ပုရွက်ဆိတ်တစ်ကောင် သတ်ဖို့တောင် ဝန်လေးကြတဲ့ မြန်မာလူမျိုးတွေ အတွက် နှလုံးတုန် ရင်တုန်ရတဲ့ အဖြစ်တွေပါပဲ။ လူတစ်ယောက်ကို သေအောင် သတ်ရဲတဲ့ စိတ်တွေ ဘာ့ကြောင့် ဖြစ်လာရသလဲ၊ မကြောက်မရွံ့ လက်မတွန့်ရလောက်အောင် သူတပါး အသက်ကို သတ်ရတာ ယဉ်ပါးနေတာလား၊ တွေးကြည့်တော့ ကလေးတွေ ငယ်စဉ်ကတည်းက တိုက်ကြ ခိုက်ကြတဲ့ ဂိမ်းတွေ ကစားတာ၊ လူတစ်ယောက်ကို ကိုယ်ကိုယ်တိုင် သေနတ်နဲ့ပဲ ဖြစ်ဖြစ်၊ လက်နက်တစ်ခုခုနဲ့ပဲ ဖြစ်ဖြစ် ပစ်လိုက် ခတ်လိုက်တာတွေက ကွန်ပျူတာနဲ့ ဂိမ်းကစားရင်း လူသတ်တာကို ယဉ်ပါးနေကြလို့ပဲ  ဖြစ်ပါတယ်။ ဒါ့ကြောင့် လူသတ်ချင်စိတ် ပေါက်လောက်အောင် ဒေါသဖြစ်စရာ ကြုံလာတဲ့အခါ လူသတ်ဖို့ ဝန်မလေးတော့တာ၊ လက်ရဲဇက်ရဲ ဖြစ်လာတာ ဖြစ်ပါလိမ့်မယ်။
      တခါတရံမှာ လူငယ်မပြောပါနှင့်၊ လူကြီးတွေတောင် စိတ်တိုဒေါသ ဖြစ်လာရင်  သတ်ပလိုက်မယ်ဘာညာ ရေရွတ်တတ်ပေမယ့် တကယ်တန်း သတ်ဖို့ဆိုတာ စိတ်တောင် မကူးကြပါဘူး။ ဒေါသဖြစ်လွန်းလို့ ပြောလိုက်ကြတာသာ ရှိတာပါ။ အခုက သတ်ချင်စိတ်ပေါက်အောင် စိတ်တိုတာနဲ့ ခြင်တစ်ကောင်ကို  ဖြတ်ကနဲ ရိုက်လိုက်သလို  လက်မြန်ခြေမြန် ဆိုတော့ စိုးရိမ်စရာ အခြေအနေ ဖြစ်နေတာ တွေ့ရပါတယ်။

အခုခေတ် ကလေးတွေက (၃)နှစ်သား အရွယ်ဆိုရင်ပဲ ကွန်ပျူတာကို ကောင်းကောင်း သုံးတတ်နေပြီ။ မိဘတွေကလည်း ကိုယ့်ကလေး ခေတ်မီတယ် ဆိုပြီး သဘောကျတတ်ပါတယ်။ တက်ဘ်လက်တို့ အိုင်ပက်တို့ဆိုလဲ လူကြီးတွေလိုပဲ သုံးတတ်ကြပါတယ်။ ကလေးဆိုတာက အတတ်မြန်တယ်၊ သူတို့ရဲ့ မူရင်းဇစ်မြစ်ကိုက သင်ယူချင်တဲ့ စိတ်တွေရှိတယ်၊ အတုမြင်အတတ်သင်ဆိုတာ ကလေးတွေမှအစစ်၊

             စာရေးသူ လသားအရွယ် ကလေးလေး တစ်ယောက်ကို  သတိထားမိတယ်။ ကွန်ပျူတာနဲ့ ကလေးသီချင်းတွေ ဖွင့်ပေးရင် သိပ်ကြိုက်တယ်။ သူ့အမေက ကလေးသီချင်းတွေ ဖွင့်ပြတော့ ကြာလာတော့ သီချင်းတွေကို သိလာတယ်။ ဘယ်လောက်သိလာ သလဲဆိုရင် သီချင်းမလာခင် တီးလုံးလာကတည်းက ဘယ်တီးလုံးဆို ဘယ်လို လိုက်လှုပ်ရတယ်ဆိုတာပါ  သိနေပြီး ဟန်ပြင်တယ်၊ သီချင်းရဲ့ တီးလုံးအတိုင်း လိုက်လှုပ်တတ်တယ်။ အဲဒါ (၆)လသား ကျော်ကျော်ပဲ ရှိသေးတော့ စာရေးသူတို့မှာ တအံ့တဩ။ သူ့ခေတ်နဲ့သူ လူဖြစ်လာရတယ်လို့သာ ကောက်ချက်ချမိတယ်။ စာရေးသူတို့ ကလေးတွေ ငယ်စဉ်ကတော့  ကလေးသိချင်းတွေ ပုံပြင်တွေကို အာပေါက်အောင် ဆိုပြ ပြောပြရတယ်။ ဆိုပါအုန်းဆို မောနေပေမယ့် ဆိုပြရတယ်၊ ပုံပြင်ကပြီးနေပြီ မအိပ်မချင်း ပြောအုန်း ပြောအုန်း ပူဆာရင် ပါးစပ်ပုံပြင်တွေ ဆက်တိုက် ဖြစ်လာတော့တာ၊ တခါတလေ ပုံပြင်က တိုလို့၊ အရှည်ကြီး ပြောပါလို့ ပူဆာရင် ပုံပြင်ထဲက "လူအ"ကြီး (၇)ယောက်က ကိုယ့်ပါးစပ်ထဲမှာ " အ" ခြင်း မျိုးစုံနဲ့ အနေရတော့တာ၊

 ကနေ့မိဘတွေက အိုင်ပက်လေး ဖွင့်ပြီး ကလေးရှေ့ ချထားပြီး  အိမ်မှုကိစ္စလုပ်စရာ ရှိတာ လုပ်နေလို့ရတယ်။ နည်းပညာတိုးတက်မှုတွေက လူတွေကို သက်သာစေတာ မှန်ပါတယ်။ ဒါပေမယ့် ဒီကလေးတွေကို မိဘက ဆက်ပြီး ကြည့်နေဖို့တော့ လိုပါတယ်။ သူတို့ဘာသာ ဂိမ်းတွေ ကစားလာတဲ့အခါ ဘယ်လို ဂိမ်းတွေ ကစားနေသလဲ၊ ရုပ်ရှင်တွေ ကြည့်နေတဲ့အခါ ဘယ်လို ရုပ်ရှင်တွေ ကြည့်နေသလဲ၊ မိဘက အကဲခပ်နေရမှာ ဖြစ်ပါတယ်။ တိုးတက်တဲ့ ခေတ်နဲ့အညီ နည်းပညာကို ကောင်းတဲ့ဘက်က အသုံးချနိုင်ဖို့၊ ကောင်းတဲ့ နေရာမှာ အသုံးပြုနိုင်ဖို့ မိဘနဲ့ ဆရာတွေမှာ တာဝန်ရှိလာပါတယ်။
 အရင်တုန်းက ဝလုံးကလေး ဝိုင်းအောင် ဘယ်လို ရေးရမလဲလို့ ဆရာမတွေက သင်ပေးသလို ၊ မိဘတွေကပါ သင်ပေးခဲ့ကြရတယ်။ ဝလုံးလေးကို အောက်ကနေစပြီးဆွဲရမယ်၊ အပေါ်ကနေဆွဲပြီး ရေးတဲ့အခါ ဝလုံးနဲ့တူတာပဲ ရှိတယ်၊ အဲဒါ ဝလုံး အစစ်မဟုတ်ဘူး၊ ဝလုံးအမှန် မဟုတ်ဘူးလို့  ပြောသလို  အခုခေတ်မှာတော့  အဝိုင်းကလေးတွေ လည်တာ စောင့်ကြည့်ရင်း ဘယ်ဟာအစစ်အမှန် ဘယ်လိုမျိုးကို ကြည့်ရမယ် စတာတွေ ပြောဖို့လိုအပ်နေပါပြီ။ ဝလုံးကလေးမှ ဝိုင်းအောင် မရေးတတ်ခင်ကတည်းက သုံးတတ် ကြည့်တတ်နေတဲ့ ခေတ်မီစက်ပစ္စည်းတွေကို တန်ဖိုးရှိတဲ့နေရာမှာ တန်ဖိုးရှိရှိ အသုံးချနိုင်ဖို့ မိဘနှင့်ဆရာတို့မှာ တာဝန်ရှိလာပြီလို့ မြင်မိပါတယ်။
ခိုင်ခိုင်စောလွင်
တေးရေး စောဘွဲ့မှုး၏ သီချင်းစာသားကို ခေါင်းစဉ်အဖြစ် အသုံးပြုထားပါသည်။

http://www.kaungkin.com/index.php?option=com_content&view=article&id=1585%3Astory&catid=35%3A2009-04-17-01-29-53&Itemid=61

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...