Wednesday, September 10, 2014

ဘဝထဲက စာမေးပွဲများ ခင်မောင်ညို (ဘောဂဗေဒ)


          ကျောင်းဆရာတစ်ယောက်ရဲ့ စွမ်းရည်နှင့်ပတ်သက်လို့ပြောရရင် ကျွန်တော် အညံ့ဆုံးကိစ္စကတော့ စာမေးပွဲစစ်တာပဲဖြစ်မယ် ထင်တယ်။ မေးခွန်းထုတ်ရမှာဝန်လေးသလို ဖြေထားတဲ့အဖြေလွှာကိုလည်း စိတ်ရှည်လက်ရှည်ဖတ်ရမှာကို တော်တော်ဝန် လေးတယ်။ဒါကြောင့်အများအားဖြင့် စစ်လို့လွယ်မဲ့၊ ဖြေလို့လွယ်မဲ့အကြောင်းအရာမျိုးကို ကြိုပြောထားတတ်ပါတယ်။စစ်တဲ့ အခါကျတော့လည်း (၁)မှတ်၊ (၂)မှတ်၊ တစ်ဝက်လို့ အမှတ်ပေးစည်းမျဉ်းချပေးပြီး စစ်ရတာမျိုးဆိုရင်စိတ်မရှည်တတ်ဘူး။ အမှတ်ပေးစည်းမျဉ်းအတိုင်းစစ်တယ်လို့ ဆိုပေမယ့် လူအပေါ်မှာလည်းမူတည်နေသေးတာဆိုတော့ အများအားဖြင့် ကိုယ့်ကပေးသင့်တယ်လို့ထင်တာ၊ ပေးလိုက်တာများပါတယ်။ “ဒီလိုဆိုလိုချင်ပုံရတယ်”လို့ တွက်ပြီးတော့ပေးလိုက်တာတွေလည်း ရှိတယ်။ ဒါပေမယ့် အတူတွဲပြီးစစ်တဲ့ ဆရာ/ဆရာမတွေဆိုရင်အသေးစိတ်ကြည့်ပြီးတော့ မပေးသင့်ဘူး၊ မတန်ဘူးနဲ့ မြင်ကြ တာရှိတယ်။ ဆိုလိုတာကအဖြေလွှာတစ်ခုတည်းသက်ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းနဲ့စစ်တာဆိုပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် အမြင်တူကြတာမဟုတ်ဘူးလို့ဆိုတာပါပဲ။


            စာမေးပွဲဖြေကြတဲ့အခါကျရင်လည်း အဲဒီလိုပဲ ကိုယ့်အကြိုက်ဆုံးအပုဒ်ကိုရွေးပြီး တစ်နာရီ၊ နှစ်နာရီလောက်လက်စွမ်းပြချင်ပြပြီး၊ ကျန်တဲ့အပုဒ်တွေကျတော့ အပုဒ်စေ့ရုံယုံလောက်ဝတ်ကျေတန်းကျေ ဖြေတတ်တာများတယ်။ အဲဒီအခါကျတော့ အမှတ်ကအကောင်းဆုံး မဖြစ်ဘူး။ ပြီးတော့(၈) ပုဒ်ထဲက (၅) ပုဒ်ဖြေရမဲ့ဟာ မျိုးမှာ (၈) ပုဒ်စလုံးကြိုက်ပြီး (၈) ပုဒ်စလုံးတို့တိ  တို့တိ ဖြေလိုက်တာ ရလဒ်ကတော့ ဘယ်တော့မှ အကောင်းစားအမှတ်၊အမြင့် စားအမှတ်ဆိုတာမျိုးရခဲတာပါပဲ။ ဒီသဘောကိုလည်း ကိုယ်ကသိနေတာပါ။ ပြီးတော့ထူးဆန်းတာကစာမေးပွဲဖြေပြီးရင် အဖြေ လွှာပြန်အပ်ရတာမျိုးကိုအတော်နှမြောတာ စာမေးပွဲခန်းထဲမှာ ကိုယ့်တွေးချင်တိုင်းတွေး၊ရေးချင်တိုင်းရေးတာတွေ ပြန်လိုချင် တဲ့စိတ်ဖြစ်တာများပါတယ်။

ပြီးတော့ဘဝတသက်တာမှာ၊ အမှတ်ရစရာတခုကတော့၊ စာမေးပွဲ မဖြေရင်၊ မကျဘူးလို့ အတွေးခေါင်ပြီး စာမေးပွဲတစ်ခုကိုရှောင်ခဲ့တာမှာ၊ တကယ်တမ်းကျတော့ မအောင်ခဲ့တာပါ။

 အခုစာမေးပွဲမဖြေတာတွေလည်း ကြာပါပီ။ သူများတွေ စာမေးပွဲဖြေတဲ့အခါတွေမှာအသံတွေ လည်း အမျိုးစုံကြားရတယ်။ ဟိုတုန်းကတော့အဆောင်မှာဆိုရင် ကျောင်းသားတွေက တစ်ပုဒ်၊နှစ်ပုဒ်လောက်ရတယ်ဆိုရင် ကို ရလှပီဆိုပြီးတော့ ဝမ်းသာအားရပြန်လာတဲ့အချိန်မှာ ကျောင်းသူတွေက(၅) ပုဒ်အပြည့်မရ၊ (၄) ပုဒ်လောက်ရတယ်ဆိုရင် မဖြေနိုင်ကြဘူးလို့ ပြောကြတယ်။ အဲဒီတော့ ဖြေနိုင်တယ်၊ မဖြေနိုင်ဘူးဆိုတာလည်းကိုယ်ဖြစ်ချင်တာ၊ ကိုယ့်ရဲ့မျှော် မှန်းချက်နဲ့ ကိုယ့်ရဲ့စွမ်းရည်အပေါ်မှာမူတည်နေတာဆိုတာကိုတွေ့ရတယ်။

ဒီဖက်ခေတ်မှာ စာမေးပွဲဖြေပြန်လာတဲ့သူတွေကိုမေးလိုက်ရင် ဖြေနိုင်တယ်လို့ပြောကြတာများပါတယ်။ ဒါကလည်း ကိုယ့်အတိုင်းအတာနဲ့ကိုယ်ပါပဲ။ကိုယ့်ဖာသာကိုယ်ရေး ဖြေချင်တာဖြေလာတာကို စစ်တဲ့ဆရာ၊ ဆရာမက တော်တော်သည်းညည်းခံပြီး စစ်ပေတော့။အမှတ်ပေးစည်းမျဉ်းနဲ့ဆိုရင်လည်း အမှတ်ပေးစည်းမျဉ်းထဲဝင်ရင် အမှတ်ပေးမှာပေါ့။ မဝင်ရင်ဘယ်လောက်တော်နေနေ မရဘူးလေ။ အများနဲ့စစ်တယ်ဆိုတာ အမှတ်ပေးစည်းမျဉ်းကလည်း ရှိနေသေးတယ်။ စာမေးပွဲစနစ်ဟာအား နည်းချက်တွေရှိနေတယ်ဆိုပေမယ့် အခုထိတော့ စာမေးပွဲစနစ်ထက် ကောင်းတဲ့စနစ်မတွေ့ရသေးပါဘူး။
ခက်တာက ကိုယ် ဖြေချင်သလို၊ ဖြေနိုင်သလိုဖြေလာတဲ့သူတွေကကိုယ့်ကိုကိုယ်အမှတ်တွေအများကြီးရမယ်လို့ ထင်တဲ့ကိစ္စပါပဲ။ ကိုယ် ဖြေနိုင်တိုင်း၊ ဖြေတတ်တိုင်းလည်းအမှတ်ရတာမဟုတ်ပါဘူး။ တတ်တဲ့သူတိုင်းမဖြေတတ်သလို ဖြေတဲ့သူတိုင်းလည်း အမှတ်ရ တာမဟုတ်ပါဘူး။ကိုယ့်ကိုကိုယ်အထင်ကြီးထားပေမယ့် မအောင်တာမျိုးတွေတွေ့ရပါတယ်။

တစ်ခါက ရေးဖြေစာမေးပွဲပြီးတော့ အများအားဖြင့်ရေးဖြေထဲကရာခိုင်နှုန်းတစ်ခုလောက်ယူတယ်။ ဥပမာ အားဖြင့် (၂၅)ရာခိုင်နှုန်းလောက်ယူမယ်၊ (၁၅) ရာခိုင်နှုန်းလောက်ယူမယ်ပေါ့။အမှတ်အနည်းအများအပေါ်မူတည်ပြီးတော့ ယူကြတာ။ အဲဒီရေးဖြေအောင်တဲ့သူအထဲမှ နှုတ်ဖြေစာမေးပွဲစစ်တဲ့အခါမျိုးကျတော့ပိုပြီးတော့ အကျဉ်းအကြပ်ဖြစ်သွားပီ ရေးဖြေအောင်ရုံနဲ့ နှုတ်ဖြေအောင်မယ်လို့ ပြောလို့မရတော့ဘူး။ရေးဖြေအောင်တဲ့သူတွေအထဲမှ (၂၅) ရာခိုင်နှုန်းဖြစ်ချင်ဖြစ်မယ်၊ (၃၀) ရာခိုင်နှုန်း ဖြစ်ချင်ဖြစ်မယ်ဆိုတော့(၃၀) ရာခိုင်နှုန်းဆိုရန် သုံးယောက်မှတစ်ယောက်၊ (၂၅) ရာခိုင်နှုန်းဆိုရင် လေးယောက်မှတစ်ယောက်ခေါ်တော့မှာကိုး။
ရေးဖြေအောင်တာနဲ့ နှုတ်ဖြေကျတော့ အောင်မယ်လို့မပြောနိုင်ပါဘူး။ဒါကြောင့် ကြားထဲက လုပ်စားတဲ့သူတွေ ပေါ်လာတယ်။ တချို့ဆို ရေးဖြေတောင်မဖြေရသေးဘူး ပြောပေးပါ၊လုပ်ပေးပါဆိုပြီးတော့ အောင်သွယ် တော်လုပ်ကြတာတွေ များလာတယ်။ တကယ်ကျ ရေးဖြေမအောင်တော့ပြန်ဘူး။
ရေးဖြေ မအောင်၊ အောင် ဆိုတာလည်း ကြိုပြီးတော့ဆုံးဖြတ်နိုင်ပါတယ်။စာမေးပွဲဖြင့်နီးနေပီ၊ ဘာကျက်ရမှန်းမသိဘူး၊ စာကြည့်ချိန်မရဘူးဆိုရင် ဒါဆိုရင်တော့ ကျဖို့ရရာခိုင်နှုန်းတော်တော်လေးများလာပါတယ်။

နှုတ်ဖြေမှာကျတော့ အမှန်ကတော့ နှုတ်ဖြေစစ်တဲ့သူတွေရဲ့လက်ထဲမှာကရေးဖြေကို ကြည့်ထားပြီးသား။ ဒါပေမယ့် ရေးဖြေမှာအရည်အချင်းရှိသလောက် မပေါ်တဲ့သူဖြစ်မှလားလို့ စဉ်းစားစရာရှိတယ်၊ ကျန်နေတာမျိုးရှိတယ်။ တကယ်တမ်းပြောရရင် ရေးဖြေအမှတ်စဉ်လိုက်ကတည်းကို က ကိစ္စပြတ်နေပြီးသားပါ။ ဒါပေမယ့်လည်း ရေးဖြေတော်ပေမယ့် တကယ် တကယ်ကျတော့ပြောလို့၊ ဆိုလို့၊ သင်လို့၊ ကြား လို့ရနိုင်တဲ့သူ ဟုတ်၊ မဟုတ်သေချာအောင် ခေါ်ပြီးတော့ကြည့်တဲ့သဘောပါပဲ။အဲဒီတော့ ရေးဖြေမှာဟုတ်သလိုလိုထင်ရပေ မယ့် တကယ် တကယ်နှုတ်ဖြေကျတော့ နှဖူးတွေ့၊ ဒူးတွေ့တွေ့ရတဲ့အခါမှာ မပြောနိုင်၊ မဆိုနိုင်တဲ့သူတွေ တွေ့ရတယ်။ ရေး ဖြေမှာ အားနည်းသယောင်ရှိပေမယ့်တကယ် တကယ်နှုတ်ဖြေကျတော့ သွက်သွက်လက်လက်၊ ချက်ချက်ချာချာရှိတဲ့ သူ တွေလည်း တွေ့လာရတယ်။တကယ် တကယ်ရည်မှန်းချက်ရှိတဲ့သူတွေက နှစ်ပေါင်းများစွာ ပြင်ဆင်ကြ၊ ကြိုးစားကြတာတွေ လည်းတွေ့ရတယ်။ရေးဖြေလိုကိစ္စများမှာဆိုရင်တောင်မှ (၂) နှစ်၊ (၃) နှစ် ကြိုးစားကြတာတွေ့ရတယ်။ နှုတ်ဖြေမှာလည်းတစ်နှစ်မဟုတ် တစ်နှစ်မအောင်မချင်းကြိုးစားကြတာတွေ တွေ့ရတယ်။ ရှေ့မှာ သင်တန်းပြီးတဲ့သူတွေကိုကြည့်တဲ့အခါကျရင် သင်တန်းပြီးသွားတဲ့သူတွေက ဘယ်သူနဲ့မှ အဆက်အသွယ်ရှိလို့မဟုတ် ကိုယ့်အစွမ်းအစ၊ကိုယ့်အရည်အချင်းနဲ့ ဘယ်သူ့မှပေးစရာမလို၊ အပေးအကမ်းမရှိဘဲနဲ့ အသိအကျွမ်းလည်းမရှိဘဲနဲ့အောင်မြင်ခဲ့တဲ့သူတွေ အများကြီးရှိတာကိုတွေ့ရပါတယ်။

ဒါပေမယ့် စာမေးပွဲဖြေတဲ့သူတိုင်းလည်းရေးဖြေမအောင်ကြသလို ရေးဖြေအောင်တဲ့သူတိုင်းလည်း နှုတ်ဖြေ မအောင်တဲ့အခါကျတော့ ဒီကြားထဲမှာလုပ်စားစရာ ဝင်ပေးမယ်၊ လိုက်ပေးမယ်၊ ပြောပေးမယ်ဆိုပြီးတော့ ပွဲစားတွေပေါ်လာတာပါပဲ။

ကိုယ့်ကိုကိုယ်စိတ်မချ၊ ကိုယ့်ကိုကိုယ်မယုံကြည်တဲ့သူတွေက ပွဲစားကိုအားကိုးပြီးတော့ သူတို့ပြောပေးမယ်၊ ပြုပေးမယ်ဆိုတာကို ယုံကြည်ကြ၊ အားကိုးကြတာတွေများပါတယ်။ကိုယ်ကတော့ ကိုယ့်ကိုလာပြောတယ် ပြောပေးပါ၊ ဆိုပေးပါ၊ လုပ်ပေးပါဆိုကတည်းကိုက အောင်စာရင်းကတစ်ခါတည်းထုတ်ပေးလိုက်ပါတယ်။ ပြောရတာအားနာလို့သာ ထုတ်ပြောမနေပေမယ့် အဲဒီလိုသူများလိုက်ပြောမှဖြစ်မယ်ဆိုတဲ့သူမျိုးဟာ မအောင်သင့်ဘူး၊ ကျသင့်တယ်၊ လက်မခံသင့်ဘူးလို့ အစောကြီးကတည်းကယုံကြည်ထားလိုက်ပါတယ်။ အများအားဖြင့်လည်း ကိုယ့်ဆုံးဖြတ်ထားတာ၊ ကိုယ်တွက်ဆတာမှန်ပါတယ်။ကိုယ့်ကိုကိုယ်မယုံကြည်ကြ၊ အားမကိုးကြရင် အောင်မြင်မှုဆိုတာ အခုသေချာဖို့ ခက်သလို၊ နောင်လည်းရဖို့ခက်တယ်လို့မြင်ထားပါတယ်။ တချို့ကလည်း စောစောကပြောသလို ယုံကြည်မှု လွန်ကဲနေတာ ကိုယ်ရေးနိုင်တယ်၊ကိုယ်ဖြေနိုင်တယ်၊ ကိုယ်ပြောနိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တကယ်တကယ်ကိုယ် နဲ့ပြောကြည့်လိုက်အခါကျတော့အပြင်မှာတောင်မပြောနိုင်၊ မဆိုနိုင်တဲ့သူတွေဆိုတော့ပွဲထဲမှာ နှဖူးတွေ့၊ ဒူးတွေ့ကြရင်ပိုပြီး တော့ အခြေအနေက ဆိုးနိုင်ပါတယ်။

ကိုယ့်ကို လာပြောကြ ဆိုကြတဲ့သူတွေကိုကိုယ်ကလည်း ဘယ်သူမျှ ပြောပေးနိုင်တာမျိုး မဟုတ်ပါ။ မပြောကောင်း ပြောကောင်း ပြောရရင်၊ကိုယ့်လာပြောတဲ့သူတွေ၊ မတော်တဆ စာမေးပွဲအောင်သွားရင်၊ ကိုယ်ပြောပေးလို့၊ လုပ်ပေးလို့အောင်သွားတယ်လို့တောင်၊ ထင်မှာစိုးရပါသေးတယ်။ သူ့ဖါသာသူ အောင်ချင်လဲ အောင်သွားတာပါပဲ။စာမေးပွဲ မအောင်ဘူးဆိုတာနဲ့ အောင်တဲ့သူတွေက ပေးထားသလိုလို၊ လိုက်ထားသလိုလို၊ ကိုယ်ကမပေးလို့ မလိုက်လို့ လိုလိုနဲ့ ကိုယ်ညံ့တာ ထည့်မပြောကြတော့ဘူး။

နောက်ထပ်စဉ်းစားစရာတစ်ခုကတော့ ကိုယ့်ထက်ကြိုးစားတဲ့သူ၊ကိုယ့်ထက်တော်တဲ့ သူ၊ ကိုယ့်ထက်အဆင့်သင့်ဖြစ်တဲ့သူတွေ အများကြီးရှိတယ်ဆိုတာ သိဖို့ကောင်းပါတယ်။ကျတော်တို့ ကျောင်းသားဘဝတုန်း က နယ်မှာတော့ ပထမဆုံး၊ ထိပ်ဆုံးဆိုတဲ့သူတွေအောင်ပြီးတော့တက္ကသိုလ်ရောက်လာကြတာပါပဲ။ ရောက်လာတဲ့ သူတွေအထဲမှာမှ ကိုယ်ကနောက်ပိတ်ဆုံးမှ ဝင်လာတာရှိတယ်။မဝင်တာလည်းရှိတယ်။ ထိပ်ဆုံးမှာ ရောက်သွားတဲ့ သူကတော့ နည်းနည်းပါပဲ။ ဒီလိုပါပဲ တက္ကသိုလ်အနေဘွဲ့ရတဲ့အခါမှာလည်း တက္ကသိုလ်မှာကျန်ရစ်ခဲ့တဲ့သူကနည်းနည်းလေး ပါပဲ။ အများအားဖြင့်ကတော့ကိုယ့်အရပ်၊ ကိုယ့်ဒေသကိုယ် ပြန်ကြတာ၊ လုပ်ငန်းခွင်ထဲဝင်ကြတာ များပါတယ်။ အဲဒီတော့ ဘယ်နေရာမှာဆိုငါ့ထက်သာတဲ့သူ တော်တဲ့သူရှိနေတယ်ဆိုတာ သိထားဖို့လိုပါတယ်။ အဲဒါဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်ချက် လွန်လွန်းတာ၊ မျှော်လင့်ချက်ကြီးမားတာ၊ မျှော်လင့်တဲ့အတိုင်း၊ ယုံကြည်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာစိတ်ဆင်းရဲ မဟုတ်တော့ပါဘူး။

တကယ်တော့ စာမေးပွဲဆိုတာလည်း ဘဝမှာအားလုံးကြုံတွေ့ကြရတာပါပဲ။စာမေးပွဲတစ်ခုကို ဘယ်လို ရင်ဆိုင်သလဲ၊ ဘယ်လို ရလဒ်တွေ  ထွက်လာသလဲဆိုတာထက် ဘဝကို ဘယ်လိုရင်ဆိုင်သလဲ၊ ပြင်ဆင်သလဲ ဘယ်လိုရလဒ်တွေရမလဲဆိုတာ စာမေးပွဲရလဒ်တွေကိုကြည့်ပြီးတော့တစ်စိတ်တစ်ဒေသအနေနဲ့ တွက်ဆနိုင်တယ်လို့ ကိုယ့်ရဲ့အတွေ့အကြုံအရနားလည် သဘောပေါက်မိပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...