ပျော်တော်ဆက် အပိုင်း(၂)
ခမ်းနားကြီးကျယ်လှသောအိမ်ကြီး၏ တိတ်ဆိတ်သော အခန်းတစ်ခုတွင် သူမနှင့်နောက်ထပ်ရွယ်တူ သုံးယောက်ထပ်တွေ့ရသည်။ အားလုံးငါးယောက်။ သူမနှင့်သူမ၏ သူငယ်ချင်းများအားလုံး၏ဘေးတွင် ကျွန် တော်တို့အရွယ် ကောင်လေးများနှင့်ပင်ဖြစ်သည်။ ကျွန်တော်အခန်းထဲဝင်လိုက်သည်နှင့် သူတို့မျက်ဝန်းများက ကျွန်တော်ထံသို့ဝဲပျံလာသည်။
“ဟာ အဘွားကြီး ရှင်ကအသစ်လေးပေါ့လေ။ဘယ်က ‘မ’ လာတာတုန်း”။ သူမကိုဦးတည်ပြောခြင်းကို သူမကဂရုမစိုက်ဟန်ဖြင့် “ ကလေးလာဆိုပြီး ” ကျွန်တော်ခါးကိုလာဖက်သည်။
အခန်းရှိယောက်ျားမိန်းမအားလုံးသည် အချိုးညီညီဟန်ချက်မပျက်
သီချင်းများနှင့်စီးမျှောနေကြသည်။ နေသားမကျခြင်းသည်
ကျွန်တော်တစ်ဦးတည်းအတွက်ဖြစ်နေလိမ့်မည်။ စိတ်ကျဉ်းကျပ်ပြီးပြန်ချင်နေသည်။
ထိုသို့ဖြစ်နေခြင်းကိုလည်း ထိုအမျိုးသမီးက ရိပ်မိပုံပေါ်နေသည်။
တန်ဖိုးကြီးအရက်ခွက်တစ်ခုကို ခပ်ရွရွကမ်းပေးသည်။
ကျွန်တော်ဘယ်သူကိုမှဂရုမစိုက်ဘဲနေနိုင်အောင် မူးသွားမှဖြစ်မည်။ ထိုနည်းတူ
အခြားအခြားသော မမ များကမ်းပေးသောခွက်များအားလုံးကိုသောက်လိုက်သည်။
သီချင်းသံနှင့်လိုက်ပြီးကနေကြသည့် ခန္ဓာကိုယ်အချိုးအဆစ်များကို အရက်တန်းခိုးဖြင့် ကြည့်ရှုခံစားမိ သည်။ သောက်ထားသည့်အရှိန်ဖြင့် ချွေးများကအနည်းငယ်စို့လာသည်။အမျိုးသမီး မမက “ ကလေးလေး အဆင်ပြေသလား… ငါ့ကလေးလေးကို အတင်းတိုက်နေကြတယ်။ လူအသစ်လေးပါလို့ပြောထားရဲ့သားနဲ့ ” ကျွန်တော် ရင်တော်တော်ပူလာသဖြင့် အပေါ်ဝတ်အကျီကို ဆိုဖာပေါ်ချွတ်လိုက်သည်။
“ အိုး…မိုင်ဂေါ့ တက်တူးတွေဘာတွေလည်းမရှိပါလား ” ကျွန်တော်စွတ်ကျယ်ကိုယ်ကြပ်အဖြူလေးကို တို့ထိပြီးသူမအလန့်တကြားရွတ်သည်။“ တစ်ကယ်လူရိုးလေးတစ်ယောက်ပါလား ” ကျွန်တော် အသိညဏ်တစ်ချို့သည် သောက်ထားသောအရက်အရှိန်ဖြင့်ပျောက်ဆုံးနေသည်။ ထိုသို့ဖြင့်အချိန်၏ရွေ့လျား တတ်သောညသည် နက်သထက်နက်လာလေပြီ။ လမ်းပျောက်နေသောပိုစိမ်းကြူးတစ်ကောင်သည် မာယာများ သောတောတောင်ထဲတွင်ပြန်စရာလမ်းကနတ္ထိ။
စူးရှသောအလင်းရောင်ကြောင့် မျက်စိကိုအသာဖွင့်ကြညိသည်။ ပထမဆုံးမျက်လုံးဖွင့်ဖွင့်ချင်း သတိထားမိသည်က ကျွန်တော်ကျောအောက်မှနူးညံသောအိပ်ရာ၏အထိအတွေ့။ “ အိုး….” ကျွန်တော် ထိပ်လန့်စွာရေရွတ်မိသော အချိန်တခဏတွင် တံခါးတစ်ချပ်ပွင့်လာသည်။ “ ကလေးလေး…နိုးပြီလား ” ပြုံးပြီးနုတ်ဆက်လာသော ထိုအမျိုးသမီးကိုတွေ့လိုက်သည်။ သွားပြီ….ကျွန်တော်၏ ဖြူစင်သော လိပ်ပြာ တောင်ပံနှစ်ဘက် အညိုရောင်အဆိုးခံလိုက်ရပြီထင်သည်။
အပြန်လမ်း၏တက္ကစီပေါ်တွင် ထိုမမထည့်ပေးလိုက်သော အထုတ်ကိုဖွင့်ကြည့်သည်။ ဆော့ပင် ဖြင့်ခပ်သော့သော့ရေးထားသော စာတစ်ရွက်နှင့်အတူ တစ်ထောင်တန်တစ်အုပ်။ ကျွန်တော်သိလိုက်ပြီ။ ကျွန်တော်ကို သူမတို့ ထုံစံအတိုင်း တန်ဖိုးသတ်မှတ်လိုက်ကြပြီ။ “ လိုအပ်လျှင်ဆက်သွယ်လို့ရအောင် ဖုန်းတစ်လုံးထည့်ပေးလိုက်တယ် ကလေးလေး…” မည်သို့သတ်မှတ်လိုက်မှန်းမသိသော အတိုင်းတာတစ်ခုတွင် ကျွန်တော်သည် သူတို့သတ်မှတ်သောအတန်းစားတစ်ခု၏ ဆော့ကစားခံရသောလိပ်ပြာတစ်ကောင် အဖြစ်သမိုင်းဝင်သွားပြီ။
အဆောင်ရောက်တော့ သူရထံဖုန်းဆက်ပြီး ရင်ဖွင့်မိသည်။ “ ဟာ မင်းကိုညကပြန်မပို့ပေးဘူးလား။ အေးကွာမပို့ပေးဘူး။ ငါဘယ်လိုဖြစ်သွားမှန်းမသိဘူးကွာ။ စိတ်အရမ်းညစ်နေတယ်သားကြီးရာ ” “ မညစ်ပါနဲ့ ကွာ ဘာရှော့မှမရှိဘူး။ သူသဘောကျလို့ မင်းကိုချုပ်လိုက်တာ။ ဒါဘဲလားသားကြီး သူဘာတွေ မင်းကိုပေးလိုက်သေးတုန်း ” “ အေးကွာ ဖုန်းတစ်လုံးနဲ့ငွေတစ်သိန်းပေးလိုက်တယ်။ သူလိုလျှင်ဆက်သွယ်လိုရ အောင်တဲ့ ” “ ဟာ မင်းကံကောင်းတယ်ကွ။ အဲဘွားတော်က တော်ယုံလူကိုမကျဘူး။ မင်းမို့လို့နေမှာ ငါတောင်မှအဲလိုမရဘူး ”
အလာပသလာပပြောပြီးချသွားသော သူရဖုန်းကို အဓိပ္ပါယ်မဲ့စွာကြည့်နေမိသည်။ သန့်စင်စွာမွေးမြူခဲ့ သောမိဘနှစ်ပါး၏ ကြည်လင်သောမျက်နာကိုပင် မျက်စိထဲတွင်ရဲရဲမတွေရဲ။ ပြုပြင်မရသောအမှားတစ်ခုသည် ဘ၀၏တစ်စိတ်တစ်ပိုင်းအား ခမ်းနားစွာစိတ်ဒုက္ခပေးလေပြီ။ ထိုသို့ဖြင့် မြောက်များစွာသောငွေတို့သည့်ကျွန် တော်ထံသို့ အတိုင်းအဆမရှိစွာဝင်ရောက်လာသည်။ သူမတို့ အသိုင်းဝိုင်းထက်တွင် နာမည်ကျော်ကြားလာခြင်းနှင့်အတူ အပျင်းတော်ဖြေ လိပ်ပြာလေးတစ်ကောင်ဖြစ်မှန်းမသိဖြစ်နေ၏။
ငွေကြေးအားလိုချင်တက်မက်သည့် စိတ်ဆန္ဒအားထိန်းချုပ်နိုင်စွမ်းနည်းပါသော ဒီအသက်အရွယ်တွင် ကျွန်တော်ဘ၀တစ်ခုကိုရင်းပြီ ငွေနောက်သို့ကောက်ကောက်လိုက်မိသည်။ တိုးပွားလာသော အဆောင်ယောင် အဆင့်တန်းများကြားတွင် ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာသည် တဖြေးဖြေးလျှော့ပါးလာနေသည်။ တစ်ခါတရံ မိဘနှစ်ပါးအား ငွေပို့ပေးလျှင်ပင် လိပ်ပြာမလုံတော့။ ကျွန်တော့်မေမေဖေဖေ မျိုရများခက်နေ မည်လားမသိ။
ကလေးလေး၊မောင်လေး၊သားလေ စသည့်ခေါ်သံပေါင်းစုံ၏အောက်တွင် အရှက်မဲ့သောအပြုံးတုဖြင့် ရှင်သန်နေရခြင်းသည် များစွာစိတ်ပင်ပန်းသည်။ ထိုအတွက်ရုန်းထွက်ရန် အခါခါကြိုးပမ်းသော်လဲ ငွေကြေး၏ကြီးမားသောစွမ်းအားကို မလွန်ဆန်နိုင်။ လွယ်လင့်တကူဝင်နေသော တစ်ရက်တာ၏ သိန်းဂဏန်းငွေကြေးများအပေါ် ကျွန်တော်တွယ်တာလာမိသည်။
အချစ်မလို အကြင်နာမလိုဘဲ ဖွေးကနဲ့ဖြန့်ကျဲလာသည့် ငွေကြေးပေါ်တက်မက်သော စိတ်ရိုင်းများကိုချွန်းအုပ်နိုင်စွမ်းကလည်းမရှိတော့။ ခေတ်ပေါ်အ၀တ်မျိုးစုံကြောင့် လက်တစ်ထောက်အရေပြားက ဂုဏ်တက်လာခြင်းနှင့်အတူ ယောက်ျား တစ်ယောက်မာန်များ၊ဟန်များ ကိုယ်စွမ်းကိုယ်စများကလည်း တစ်ပြိုင်နက် ကျဆင်းလာနေသည်ကို သိခွင့်ရသောအချိန်သည် ကျွန်တော်အတွက်များစွာနောက်ကျသွားသည်။
ငွေအတွက် ယောက်ျား၊မိန်းမ၊အပျို၊အအို မရွေးဘဲ သိက္ခာမရှိသောငွေကြေးနောက်ကျွန်တော်တ ကောက်ကောက်လိုက်နေမိသည်ကို နောက်တရမိသည်။ နောက်ပိုင်းထိုအသိုင်းဝိုင်း၏ နတ်ရုတ်တစ်ခု မျှဖြစ်လာပြီမှန်းလည်း မိမိကိုယ်မိမိသိသည်။ ကျွန်တော်၏အချိန်များကို ရောင်းကြသည်။ ၀ယ်ကြသည်။ ကျွန်တော်အားခေါ်ပြီး တစ်ခြားသူများအား ပျော်တော်ဆက်ပေးရန် အကျိုးဆောင်ကြ၏။ ထိုသို့ ဖြင့်ကျွန်တော်သည် ညပျော်သော ညဉ်ဌက်ဆိုးလေးတစ်ကောင်အဖြစ် ရေပေါ်ဆီအသိုင်းဝိုင်းတွင် ကျော်ကြား လာလေတော့သည်။
ထိုသို့ကျော်ကြားလာမှုနှင့်အတူ ဈေးကွက်တင်ကစားထားသော ကျွန်တော်၏တန်ဖိုးဖြတ်ခံရသည့် ရင်ခွင်တစ်ခု၏ ငွေကြေးကလည်းတရိပ်ရိပ်များလာသည်။ ကျွန်တော်နှင့်ပထမဆုံးတွေ့ဆုံခဲ့သော အမျိုးသမီးသည် တစ်ခြား သူများအား အကျိုးဆောင်ပေးခြင်းဖြင့် ကျွန်တော်ကသူတို့အမြင်တွင် အဖိုးတန်သော လိပ်ပြာညိုလေးတစ်ကောင်ဖြစ်နေပြီ။ ပြောင်းလဲသောဈေးကွက် တိုးတက်သောအတွေးများကြောင့် ကျွန်တော်ကိုယ်ခန္ဓာတွင်အရောင်စုံသော တက်တူးလေးများကလည်း ရုပ်လုံးပေါ်လာသည်။
“ ကလေးကိုမမက ချစ်လွန်းလို့ပြောတာ။ တက်တူးလေးထိုးလိုက်ပါ။အဲဒါမှ ပိုမိုက်သွားမှာ ” အကျိုးမျှော်သောစကာလုံးလှလှလေးများဖြင့် ကျွန်တော်စိတ်အားသိမ်းသွင်းနိုင်ခဲ့သည်။ ထိုသို့ဖြင့် ကျွန်တော် သည် ငယ်ရွယ်သော sexyကျသော ချစ်စရာ Cuteဖြစ်သောကောင်လေးဖြစ်လာ၏။ ထိုအမျိုးသမီး၏ အကွက်ရွေ့မူ အောက်တွင် တတိယလိင်စိတ်ပိုင်ရှင် အမျိုးသားများနှင့် ပတ်သက်စေခြင်းကလည်း တစ်မျိုးတစ်ဖုံပါဝင်လာ သည်။ ငွေကြေးဖြင့် ကျွန်တော်၏စိတ်အားကောင်းစွာ ထိန်းချုပ်ကစားနိုင်သောထိုအမျိုးသမီး၏ ကကွက်ဆန်း များ၌ ကျွန်တော်မျိုးစုံကကြိုးခုန်နေမိသည်။
ကျွန်တော်ထိုလောက၏ မာယာကစားကွင်းထက်တွင် ဆင်းသက်လာသည်မှာ သုံးရာသီပင် ပြောင်းလာသည်။ ကိုယ်ထက်ဆန်းသော ချောသော ဖြောင့်သော အမျိုးကောင်းသားလေးများကို သူတို့ထပ်မံ သိမ်းသွင်းနေကြပြန်သည်။ အခြားမည်သူကိုမှ ထိုသူတို့၏ ဒုတိယသားကောင်အဖြစ်မခံစေခြင်းသည် ကျွန်တော် ၏စေတနာအမှန်ပင်ဖြစ်သည်။
“ ညီ ဒီအလုပ်ကို မလုပ်ကြပါနဲ့။ ကိုတောင် ရုန်းထွက်လို့မရလို့နေနေရတာ။တစ်ခြားအလုပ်ကိုရိုးရိုးသား သားလုပ်ကြပါကွာ ” ကျွန်တော်ပြောသောစကားများကို ကောင်ငယ်လေးများက ငွေမျက်နာဖြင့် မမများထံ နားတော်သွင်းသောအခါ များစွာသောပြသာနာများသည် ကျွန်တော်ထံသို့ ဦးတည်လာသည်။
“ ဒီမှာ မိုးသက် မင်းကိုငါတို့က ပြုစုပျိုးထောင်လာလို့ ဒီလောကမှာ သုံးနှစ်သုံးမိုး လိပ်ပြာတစ်ကောင် လို ပျံသန်းနိင်ခဲ့တာ။ မင်းငါတို့ကျေးဇူးကန်းမဲ့အပြောမျိုးတွေမလုပ်ပါနဲ့။ မင်းဘ၀က ငါတို့လက်ထဲမှာ မင်းပုံတွေ မင်းအပြောတွေ မင်းအပြုအမူတွေအားလုံးငါတို့ဆီမှာနော် ။ ရုတ်ရုတ်မလုပ်နဲ့ မင်းဘ၀တစ်ခုလုံးမြောင်းထဲ ရောက်သွားမယ် ” အရင်လို့ ချစ်ခင်ယုယမှု စကားများသည် သုံးနှစ်အတွင်းပြောင်းလဲစိမ်းသက်သွားသည်။
အမျိုးမျိုးပြောင်းလဲလျှက်ရှိသော လူလောကလူသဘာဝတွင် အတ္တစိတ်တစ်ခုအား ကိုယ်ကျိုးတစ်ခုအတွက်အသုံးချသော လူတစ်စုကိုမျက်ဝါးထင်ထင်မြင်ခွင့်ရပြီ။
နုပျိုစဉ် လူပျိုရိုင်းဘ၀တုန်းက ပစာတောက်ပခွင့်ကိုသူတို့ပေးကြပြီ အသစ်အသစ်သော အကွက်ဆန်း များပေါ်ပေါက်လာတော့မှ ပုဆိုးကြမ်းကို လွင့်ပစ်ချင်နေကြပြီ။ ငွေအားလောဘတတ်မိသော စိတ်၏ပူလောင်ခြင်းကို အားဖြေသိမ့်ပေးနိုင်သော အရာကျွန်တော်ထံတွင်မရှိ။
ရရသုံးသုံးဖြုန်းခဲ့မိသော ငွေကြေးများကြောင့် စုမိဆောင်း မိလည်းမဖြစ်။ ဘ၀သည် အညိုရောင်မှ အနက်ဘက်သို့နည်းနည်းယွန်းလာနေသည်။ ယ္ခုဘ၀ထက် အနည်းငယ် တစ်ဆင့်နိမ့်လျှင် ကျွန်တော်ဘ၀သည် စင်တင်တေးဂီတ၏နောက်ကွယ်မှ အမျိုးသမီးငယ်များ၏ဘ၀နှင့် ကွာခြားမည်မထင်တော့။အခြားသောအလုပ်များကို လုပ်မည်ဆိုလျှင်လည်း ငွေကိုဖောသီစွာရခဲ့သော အလုပ်ကိုစွန့်လွတ်နိုင်ရန် ခက်ခဲ့လွန်းလှသည်။ ကျွန်တောနှလုံးသားက ငွေကြေးအဆိပ်သင့်နေပြီ။
စိတ်ညစ်ညစ်ဖြင့် အရက်ကိုနေ့စဉ်ရက်ဆက်သောက်ဖြစ်လာသည်။ ဘ၀အားသုညမှစသောအချိန်တွင် မည်သည့်လုပ်ငန်းကိုဖြစ်စေလုပ်လိုစိတ်ရှိပေမဲ့ အခြားအဆင့်တစ်နေရာမှာ အနည်းငယ်နိမ့်ပါးသောနေရာသို့ ဆင်းသက်ရမည်ကိုမူ လူအတ္တအရကြောက်သည်။ယခင်က စိမ်းသက်ခဲ့သော အကောင်းစားမိတ်ကပ်နံများကို ရွံရှာမူသည် ယခုအခါ တပ်မက်မှုအဖြစ်ပြောင်းလဲနေသည်။
ဒီနေ့ဟာ ကျွန်တော်ဘ၀အတွက်အရေးကြီးဆုံးနေ့ဖြစ်မယ်ဆိုတာကို ကျွန်တော်မသိခဲ့။ ဒါကြောင့် လည်း သူမခေါ်သောအချိန်တွင် အနည်းငယ်သောက်စားပြီး သွားတွေ့ဖြစ်သည်။
ခြေထောက်ကိုခပ်ရင့်ရင့်ချိတ် ပြီး ဘေးနားတွင်လူငယ်များနှင့်ထိုင်နေသော မမသည် “ ဒီနေ့မင်းကိုခေါ်တာနောက်ဆုံးဘဲ ကောင်လေး နောက် ရက်ကစပြီး မင်းနဲ့ဒို့ ဘာပတ်သက်မူမှမရှိတော့ဘူး။
ဇော်ညီညီ(နေပြည်တော်)
ဆက်လျှက်ဖော်ပြပါမည်။

0 comments:
Post a Comment