ရင်သွေးငယ်တွေရဲ့ နှလုံးသားကို တီးခေါက်မိကြပါစေ
ဒီခေါင်းစဉ်လေးပေးပြီး ဆောင်းပါးလေးတစ်ပုဒ်ရေးဖို့
အတွေးရလာရသည့် မူရင်းအခြေခံကြသူဆရာမ ခင်ခင်ထူးအား ကျေးဇူးတင်ကြောင်းပြောချင်ပါသည် ။
ညက ဆရာမခင်ခင်ထူးရဲ့ စာပေဟောပြောပွဲ အခွေလေးကို နားထောင်မိရာက ဆရာမပြောသွားသည့် စကားလုံးများထဲမှ
ဒီဆောင်းပါးခေါင်းစဉ်လေးကို ရခဲ့ပါသည် ။ ဒီအတွက် ဆရာခင်ခင်ထူးအား လေးစားစွာဖြင့် အထူးပင်
ကျေးဇူးတင်ရှိကြောင်း ဒီဆောင်းလေးကနေ မှတ်တမ်းတင်ပြောကြားပါရစေ ဆရာမရှင့် ။
ရင်သွေးငယ်တွေရဲ့
နှလုံးသားကို တီးခေါက်ဖို့ မေ့နေကြမည့် မိဘတို့အား လှုပ်နိုးခြင်းအကျိုးငှာ ဤဆောင်ပါးလေးကို
ရေးသားလိုက်ရ ပါတော့သည် ။
ရင်သွေးငယ်တွေရဲ့
နှလုံးသားကို တီးခေါက်မိကြပါစေ ။
ကလေးဆိုတာ
ဖြူစင်ကြသူတွေပါ ။ ပုံသွင်းအရောင်ပြောင်းသူတွေရဲ့ လက်ထဲမှာ ကလေးငယ်တို့၏ လှပသော အနာဂတ်တွေရှိနေပါသည်
။ ကလေးသူငယ်တွေရဲ့ အနာဂတ်ကို အဓိက ချုပ်ကိုင်ထားသူတွေဖြစ်ကြသော မိဘဟူသော လူပုဂ္ဂိုလ်တို့သည်
အဓိကခရာကြပေ၏ ။လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာ စရိယ မိနဲ့ဖ ဆိုသည့် အနန္တော အနန္တ ငါးပါး
ဂိုဏ်းဝင် မိဘ တို့သည် ကလေးသူငယ်တွေ၏ အနာဂတ်ပုံဖော်ကြသူများပင်ဖြစ်ကြသည် ။ ပုံဖော်သူ၏
အတွေးအမြင် မှန်ကန်မှု့အပေါ်မူတည်ကာ ကလေးသူငယ်များ၏ အောင်မြင်ခြင်း ၊ ကျရှုံးခြင်း
အစရှိသည်တို့မှာ ရုပ်လုံးကြွလာကြရ၏ ။
မိမိဖြစ်ချင်တာတွေကိုသာ
စောင်းပေးပုံသွင်းနေကြသည့် တစ်ချို့သော မိဘတွေကို ကျွန်မမျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရဘူးပါ၏
။ ကျွန်မနေထိုင်ရာဇာတိမြို့နယ်လေး၌ ဆရာဝန်ဇနီးမောင်နှံရှိသည် ။ ထိုဇနီးမောင်နှံ၌ တစ်ဦးတည်းသော
သားကလေးတစ်ယောက်ရှိသည် ။ အချိန်တန်အရွယ်ရောက်လာသောအခါ သူတို့ဖြစ်စေချင်သည့် ပုံစံခွက်တစ်ခုထဲသို့
အတင်းသွတ်သွင်းကြပါတော့သည် ။ ကလေးမှာ မိဘတွေကို ချစ်ကြောက်ရိုသေသူမို့ စေလိုရာအတိုင်း စာကျက်ဆိုလျှင် ကျက်မည် ။ ဒါစားဆိုစားမည်
။ နာခံတတ်သူတစ်ဦးအဖြစ် နေလာလိုက်တာ ဘ၀တစ်ဆစ်ချိုးပြောင်းလဲပေးမည့် ဆယ်တန်းစာမေးပွဲကြီးကိုဖြေဆိုခဲ့ရချိန်အထိပါပဲ
။ ဆယ်တန်းအောင်စာရင်းတွေ ထွက်ချိန်မှာလည်းမိဘတွေ ဖြစ်စေချင်သည့် အတိုင်း ဂုဏ်ထူးတွေ
အများကြီးဖြင့် အောင်မြင်ခဲ့သည် ။ မိဘတွေ ဖြစ်စေချင်သည့် ဆန္ဒအတိုင်း ဆေးတက္ကသိုလ်သို့
သွားတက်ခဲ့ရပြန်သည် ။ ဒီမှာတင် ဇာတ်လမ်းကစပါတော့၏ ။ သားရဲ့ ဆန္ဒကိုဘယ်တုန်းကမှ မမေးခဲ့ဘူးသည့်
အကျိုးကျေးဇူးတွေပါပဲ။ သားဖြစ်သူ ဘာကိုဝါသနာပါသည် ။ ဘာဖြစ်ချင်သည်ဆိုတာကို လားလားမျှ
ဂရုမပြုဘဲ မိမိတို့ ဖြစ်စေချင်တာတွေကို အတင်းပုံသွင်းခဲ့သူတွေရဲ့ ရလာဒ်ကဖြင့် ရင်နာစရာ
ကောင်းလှပေသည် ။ သားဖြစ်သူသည် ဆရာဝန်ပညာရပ်အား လုံးဝစိတ်မ၀င်စားသူတစ်ဦးပါ ။ သူတက်ချင်သည့်ကျောင်းက
ရေကြောင်းသိပ္ပံ ဖြစ်သည် ။ သူ့လုံးဝစိတ်မ၀င်စားသော ဘာသာရပ်ကို လေ့လာသင်ယူနေရသည်မို့
စာထဲ၌ စိတ်ဝင်စားမှု့မရှိပေ ။ ဘယ်လိုဘဲ အာရုံတွေ နှစ်ကာ စာကို ကြိုးစားသင်ယူခဲ့သော်လည်း
စိတ်ဝင်စားနိုင်ခြင်း မရှိခဲ့ပါ။ မိဘတွေကိုပြောပြဖို့အတွက်လည်း မရဲသည်မို့ ကြိတ်မှိတ်ကာ
နေခဲ့ရသည် ။ ဒီအတွက် ရလာဒ်ကတော့ ဆေးကျောင်း၌ ဖြေဆိုရသော စားမေးပွဲများတွင် အကြိမ်ကြိမ်ကျရှုံးနေခြင်းကြောင့်
ဆေးကျောင်းမှအပြီး ထွက်လိုက်ရလေတော့သည် ။ ဒါဟာ ပုံသွင်းသူမိဘတို့၏ အတ္တကိုရှေ့တန်းတင်ခြင်း
၊ ရင်သွေးငယ်တွေရဲ့ နှလုံးသားကို တီးခေါက်မကြည့်ခြင်း အကျိုးကျေးဇူးတွေပါပဲ ။ ဆယ်တန်းအောင်စာရင်းထွက်ချိန်ကတည်းက
မိမိရင်သွေးရဲ့ ၀ါသနာ စိတ်ပါဝင်စားမှု့တွေကို မေးမြန်းဆွေးနွေးခဲ့မည်ဆိုလျှင် ခုလိုရလာဒ်ဆိုးတွေ
ပိုင်ဆိုင်ဖို့ အကြောင်းမရှိနိုင်ပါ။ ခုတော့ အချိန်တွေ ၊ ငွေတွေ အားလုံး အလဟာသတ်ဖြစ်ခဲ့ရလေသည်
။
မိဘနဲ့သားသမီး
နားလည်မှု့လွဲခြင်းဆိုသည့်အရာသည် မိသားစုတိုင်း၌ ရှိတတ်သည့် အရာတစ်ခုပင်ဖြစ်သည် ။
ထိုကဲ့သို့ နားလည်မှု့လွဲမှားချိန်တွေ၌ မိဘဖြစ်သူကလည်း ငါမိဘဘဲ ငါ့စေတနာကို သိရမည်
။ လိုက်ကိုလိုက်နာရမည်ဆိုသည့် အတ္တတွေကို ရှေ့တန်းမတင်သင့်ပေ ။ ဒီလိုပါပဲ ။ သားသမီးတွေ
အနေဖြင့်လည်း လူကြီးဆိုသည့် ပုဂ္ဂိုလ်တွေဟာ နေရာတကာ လိုက်လံချုပ်ချယ်နေကြတယ်ဆိုသည့်
တယူသန်အဆွဲတွေကို မထားကြပါနှင့် ။မတူညီတဲ့ ခေတ်ကာလတွေမှာ ရှင်သန်ကြီးထွားလာကြသူတွေမို့
လူကြီးတွေအနေနဲ့လည်း ခေတ်အမြင်တွေကို နားလည်ပေးဖို့
လိုအပ်သလို ၊ လူငယ်တွေ အနေနဲ့လည်း ခေတ်ဟောင်း၏ တန်ဖိုးရှိသော အနေထိုင် အပြောအဆို အတွေးခေါ်
တွေကို လေးစားလိုက်နာ တန်ဖိုး ထားရပေမည် ။
သားသမီးနဲ့
မိဘကြား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းသည် ကလေးသူငယ်တွေအား စိတ်ဝေဒနာတခုကို ပြင်းထန်စွာ
ခံစားခိုင်းစေခြင်းနှင့် အလားသဏ္ဍန်တူပေသည် ။ မိမိဖြစ်စေချင်တဲ့ အကြောင်းအရာ ၊ ဆန္ဒရည်ရွယ်ချက်တို့သည်
မိမိရင်သွေးငယ်၏ နှလုံးသား၌ လိုလားမှု့ရှိရဲ့လားဆိုသည်ကို တီးခေါက်ကြည့်ဖို့အထူးလိုအပ်လှပေသည်
။ ငါဖြစ်စေချင်တာက သူတို့အတွက် အမြင့်ရောက်ဖို့ ၊ သူတို့ကောင်းစားဖို့ ။ သူတို့ ဖြစ်ချင်တာတွေက
အလကားဘာမှ မဟုတ်တာတွေပါ ဆိုသည့် ပယ်ချမှု့တွေကို မိဘတော်တော်များများ လုပ်တတ်ကြပါသည်
။ မိဘတစ်ယောက်၏ စေတနာဆိုတာ မှန်ပေပါသည် ။ သို့သော် စေတနာဆိုသည်မှာ မထားတတ်လျှင် ဝေဒနာဖြစ်သွားတတ်ပြန်၏
။ နမူဆိုရလျှင် ကိုယ်က မိဘတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးဆေးတက္ကသိုလ်သို့
တက်စေချင်သည် ။ ဒါပေမယ့် ကလေးဖြစ်သူက ဥပဒေပညာရပ်ကိုဘဲ စိတ်ဝင်စားသည် ဆိုကြပါစို့ ။
ဆေးတက္ကသိုလ်မတက်ချင်လို့ သူကို အပြစ်ဆိုနေမည့်အစား သူ့တကယ်တက်ချင်နေသော ဥပဒေပညာကို
အမှန်တကယ် စိတ်ဝင်းစားသလားဆိုတာကို အရင်ဆုံးစမ်းစစ်ရမည် ။ ဟုတ်ပြီ ။ သူအမှန်တကယ် စိတ်ဝင်စားနေရိုး
အမှန်ဆိုလျှင် သူစိတ်ဝင်စားနေသည့် ဥပဒေပညာရပ်တွေကို အထူးချွန်ဆုံးတတ်မြောက်နိုင်အောင်
ကျွန်မတို့ မိဘတွေက မြေတောင်မြှောက်ပေးခြင်းဟာ အမှန်ကန်ဆုံး နည်းလမ်းတစ်ခုပေမည်ပေါ့
။
ကျွန်မဆိုလိုခဲ့သည်မှာ
သားသမီးများအား တရားလွန်မျက်စိမှိတ် အလိုလိုက်နေဖို့ ဆိုလိုခြင်းမဟုတ်ပါ ။ မိမိဆန္ဒ
တွေကို ဇွတ်ဖန်တီးပြီး သားသမီးတွေရဲ့ နှလုံးသားတွေကို တီးခေါက်ကြည့်ဖို့ မေ့နေမှာ ဆိုးခြင်းပါ
။ ကိုယ်ရဲ့ အတ္တကြောင့် သားသမီးတွေ လမ်းပျောက်သွားသူမဖြစ်ပါစေနဲ့ ။ ယေဘူယျအားဖြင့် မိဘဆိုသော
လူသားတို့သည် သားသမီးတွေထက် အရင်သေဆုံးပျောက်ကွယ်ရမည့်သူတွေပါ ။ ကျွန်မတို့ မရှိတော့မည့်
အချိန်၌ လောကအလယ် လမ်းပျောက်နေသူတွေ မဖြစ်ရလေအောင် မိဘဆိုမည်သော ကျွန်မတို့တတွေ အထူးဂရုပြုဖို့လိုအပ်ပါသည်
။ လမ်းပေါ်လျှောက်နေရင်း လမ်းပျောက်နေသည့် လူငယ်တွေအဖြစ် ကျွန်မတို့၏ သားသမီးတွေအား
မဖြစ်စေချင်ပါ ။ လေသည် ငြိမ်သက်နေသည့် ရေပြင်ကို လှုပ်ခတ်စေသလို ကျွန်မတို့ရဲ့ မိဘတွေရဲ့
စေတနာအမှားအတ္တတွေကြောင့် ရင်သွေးငယ်တွေရဲ့ ဘ၀တွေကို လှုပ် ခတ်မသွားရလေအောင် ကြိုးစားကြပါစို့လား
။ သူတို့လေးတွေ လျှောက်ချင်တဲ့ လမ်းလေးတွေကို ဘေးမသီ ရန်မခ လျှောက်လှမ်းနိုင်အောင်
ထိန်းကြောင်းရင်း တန်ဖိုးရှိလူသားလေးတွေကို မွေးထုတ်သူတွေအဖြစ် ဂုဏ်ယူနိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ရပါတော့သည် ။
ခိုင်လေး
( ရွှေတောင် )
မလေးစံတော်ချိန်
ညနေ 4.45
အင်္ဂါနေ့
။ 29.4.2014
ယဉ်ကျေးလိမ္မာ
ဂျာနယ်တွင် ပါဝင်သော ခိုင်လေး ဆောင်းပါးလေးပါ ။
0 comments:
Post a Comment