Friday, May 23, 2014

ဆင်ကျုံးခံတပ် ( အင်းဝ )


Yannaung Soe's photo.
Yannaung Soe's photo.

ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်က အင်းဝမြို့ ဟောင်း တစ်ခွင်ကို ထပ်ရောက်ဖြစ်တော့ ဆင်ကျုံးခံတပ်ကြီး ဆီကို ရောက်အောင် သွားခဲ့ပါတယ် ။ အရင်ခေါက်တွေတုန်းကတခြားစိတ်ဝင်စားဖွယ်ကောင်း တဲ့ နေရာတွေ ကိုသွားပြီး လေ့လာရင်းနဲ့ အချိန်ကုန်ခဲ့တာမို့ အခုခေါက်ကျမှ ဆင်ကျုံး ခံတပ်ကြီးဆီကို အရောက် သွားခဲ့တာဖြစ်ပါတယ် ။
ဒီအခေါက်မှာတော့ တခြားနေရာတွေကို မသွားသေးဘဲ ဆင်ကျုံးခံတပ်ကြီးဆီကို အရင်သွားဖို့ အတွက် အင်းဝ နန်းမြို့ ဟောင်းကနေ အနောက်ဖက်စူးစူး လမ်းအတိုင်း ဆိုင်ကယ်တစ်စီးနဲ့ ထွက်လာခဲ့တယ် ။ အဲဒီလမ်းတစ်လျှောက် ထွက်လာခဲ့ရာမှာ လောကသရဖူဘုရားကြီး နဲ့ ဗားဂရာ ကျောင်းတော်ကြီးဝင်ရာလမ်းတို့ ကိုကျော်လာပြီးတဲ့ အခါမှာ ဆင်ကျုံးရပ်ကွက်လေးကို ရောက်ခဲ့ပါတယ် ။ ခံတပ်ကြီး ဆီကို သွားရာမှာ အဲဒီရပ်ကွက်ကို ကွေ့ပြီး သွားတဲ့ လမ်းက သိပ်ပြီးတော့ မကောင်းတော့ ရပ်ကွက်ထဲကနေဖြတ်ပြီး သွားခဲ့ပါတယ် ။ ရပ်ကွက် လူနေအိမ်တွေ အဆုံးမှာတော့ ဧရာဝတီမြစ်နဲ့ ကမ်းတစ်နေရာမှာ မြစ်ကမ်းနဖူးကို မေးတင်ပြီး တည်ဆောက်ထားခဲ့တဲ့ ဆင်ကျုံးခံတပ်ကြီးကိုတွေ့ ရပါတယ် ။
ဆင်ကျုံးခံတပ်ဟာ လေးထောင့် ပုံသဏ္ဍန်ဖြစ်ပြီး အကျယ်ဝန်း အားဖြင့် 5 ဧက အကျယ်လောက်ရှိမယ် ထင်ရပါတယ် ။ ခံတပ်ကြီးရဲ့ လေးမျက်နှာ ပတ်ပတ်လည်ကို ထုတည်ကြီးမားတဲ့ နံရံ နှစ်ထပ်နဲ့ ကာရံထားပြီး အတွင်းပိုင်းကိုတော့ ချိုင့်ဝှမ်းပုံစံဖြစ်ထားရှိပါတယ် ။ အတွင်းဘက်နံရံက ထုတည်ကြီးမားတဲ့ မြေသားနံရံကို ကွန်ဂရစ် မံထားတာ ဖြစ်တယ် ။ အတိုင်းတာ အားဖြင့် အတွင်းတံတိုင်း တစ်မျက်နှာရဲ့ အရှည် 293 ပေရှိတယ်လို့ ဆိုပါတယ် ။ ကွန်ဂရစ်မံထားတဲ့ အစိတ်ပိုင်းတွေက အခုနောက် ပိုင်းမှ ပြန်လည်မွန်းမံထားတာလည်း ဖြစ်နိုင်ပါတယ် ။ အတွင်းဘက် နံရံ အပေါ်နုတ်ခမ်းတွေ မှာ ရှေးခေတ်မြောက်ကြီးတွေကို ဧရာဝတီမြစ်ကြီးထဲ ဆန်ထက်လာမယ့် ရန်သူတွေကို ချိန်ရွယ်ထားတဲ့ပုံစံမျိုးနဲ့ ထားရှိတာတွေ့ခဲ့ ရပါတယ် ။ အပြင်ဘက် နံရံကိုတော့ အတွင်းနံရံ နဲ့ ပေ 31 ပေအကျယ် ကျုံးပတ်လည်ခံထားပြီး အုတ်အင်္ဂကတေ သီးသန့်နဲ့ လုပ်ထားတာတွှေ့ရပါတယ် ။ တစ်မျက်နှာအရှည် 355 ပေရှိတယ်လို့ သိရပါတယ် ။ ခံတပ်ရဲ့ မျက်နှာလေးဖက်မှ မြောက်ဖက် မျက်နှာကို ဧရာဝတီမြစ်ကမ်းနဖူးနဲ့ တစ်ပြေးတည်း မေးထင်လို့ ဆောက်ထားပါတယ် ။ အင်းဝမြို့ ဟောင်းဝန်းကျင်မှာရှိတဲ့ လေ့လာကြည့်ရှုစရာ နေရာတွေထဲမှာတော့ ဆင်းကျုံးခံတပ် တည်ရှိနေတဲ့ နေရာဟာ သဘ၀ရှုခင်း အလွန်ကောင်းပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာကောင်း တစ်ခု ဖြစ်ပါတယ် ။

ခံတပ်ကြီးရဲ့ အတွင်း အပြင် နံရံ တံတိုင်းကြီး နှစ်ခုကို ဆက်လျှက်သား ခင်းထားတဲ့ သစ်သား တံတားကိုတော့ ခံတပ်ကြီးရဲ့  အရှေ့ ဖက်မျက်နှာမှာ ထားရှိပါတယ် ။ တံတားရဲ့ အပြင်ဖက် ထိပ်မှာ ရှေးဟောင်းသုတေသနမှ ဆင်ကျုံးခ့တပ်နဲ့ ပက်သက်တဲ့ အချက်လက်တွေ ကိုရေးထိုးထားတဲ့ ကျောက်စာ အချပ်တွေကို စိုက်ထူထားတာလည်း တွေ့ ရပါတယ် ။
ဆင်ကျုံးခံတပ်ဆိုတာ အရင် ပထမအင်းဝ ခေတ်လောက်တည်းက ဆင်ကျုံးတည်ရှိရာ နေရာမှာ ခံတတပ်ကို ပြုလုပ်ထားတာ ဖြစ်လို့ ဆင်ကျုံးခံတပ်လို့ ခေါ်တာ ဖြစ်ပါတယ်တဲ့ ။ အရင်က ဒီခံတပ်ကြီး အကြောင်း ကြားဖူးကာစက အင်းဝမြို့ ဟောင်း မှာ တည်ရှိနေတာ ဖြစ်လို့ အင်းဝခေတ်ကတည်းက တည်ရှိနေတဲ့ ခံတပ်ကြီး ဖြစ်တယ်လို့ ကျတော် ထင်ခဲ့မိပါတယ် ။ တစ်ကယ်တော့ အဲဒီလို မဟုတ်ပါဘူး ။ မင်းတုန်း မင်းတရားကြီးက မြန်မာနိုင်ငံကြီးကို တစ်ဝက်လောက် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးတဲ့ နောက်မှ ထပြီး အပူတပြင်း တည်ဆောက်ခဲ့တာ ဖြစ်တယ် လို့ပြောရင် မမှားနိုင်ပါဘူး ။ အင်္ဂလိပ်တို့ ဟာ မြန်မာ နိုင်ငံကို စစ်နှစ်ကြိမ်ပြုပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး သိမ်းပိုက်ပြီးပေမယ့်လည်း နောက်ထပ် ကျန်ရှိနေသသေးတဲ့ အထက် မြန်မာနိုင်ငံ တစ်ခုလုံးကိုပါ သိမ်းပိုက်ဖို့အတွက် ဟန်ရေးတပြင်ပြင် လုပ်နေခဲ့တာကို မင်းတုံးမင်းကြီးက ရိပ်မိပုံရပါတယ် ။ ဒါကြောင့် ဒီဆင်ကြုံးခံတပ်ကြီးကို ခရစ်နှစ် 1874 ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်မှာပါ ။ ဆင်ကျုံးခံတပ်ကို တည်ဆောက်ရာမှာ ကင်းဝန်မင်းကြီး ဦးကောင်း ၊ ယောတွင်းဝန် ဦးဖိုးလှိုင်တို့က ကြီးကြပ်ကွပ်ကဲကြပြီး အီတလီလူမျိုး အင်ဂျင်နီယာ ကွန်တိုမိုတိုက ဦးဆောင်ကာ လေးနှစ်အကြာ တည်ဆောက်ခဲ့ကြတယ်လို့ သိရပါတယ် ။ ဆင်ကျုံးခံတပ်ဟာ ဧရာဝတီမြစ်ရဲ့  တောင်ဘက်မှာ တည်ရှိပြီး မြစ်မြောက်ဘက်ကမ်းက အစေခံ ခံတပ် နဲ့ မြစ်နောက်ဖက်ကမ်း မှာတည်ရှိတဲ့ သပြေတန်းခံတပ်တို့ နဲ့ ဖို ခနောက် ဆိုင် ( တတြိဂံပုံသဏ္ဍန် ) လျှက်တည်ရှိနေပါတယ် ။ အောက်ဖက်က ဆန်တက်လာတဲ့ ရန်သူ့ သင်္ဘောများကို ဖိုခနောက် ဆိုင်တည်ရှိနေတဲ့ ခံတပ်တို့က ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ဖို့ အတွက် ရည်ရွယ်ပြီးတည်ဆောက်ထားတယ် လို့ထင်ရပါတယ် ။
ကျတော်လည်း ဆင်ကျုံး ခံတပ်ကြီးဆီကို ရောက်တဲ့ အခိုက် ခံတပ်အုတ်တံတိုင်းကြီး အပေါ်မှာ အေးအေးလူလူထိုင်ပြီး တတိယ မြန်မာ အင်္ဂလိပ် တိုက်ပွဲအကြောင်းကို စာထဲမှာ ဖတ်ရှု လေ့လာဖူးခဲ့တာကို အခြေခံလို့ ပြန်တွေးတော နေမိပါတယ် ။ 1885 ခုနှစ် နိုဝင်ဘာလအတွင်း ဂျင်နရယ် ပရင်တာဂတ် ဦးဆောင်လာတဲ့ စစ်တပ်ကြီးဟာ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်မှာ ရှိတဲ့ ရေနံချောင်း ၊ ပုဂံ စရှိတဲ့ မြို့ များမှ ခံတပ်တွေကို တိုက်ခိုက်သိမ်းပိုက်ပြီး ဆန်တက်လာတဲ့ အချိန်မှာ ဒီဆင်ကျုံး ခံတပ်မှာ ရှိနေတဲ့ မြန်မာ စစ်သည် ရဲမက်များနဲ့ ရန်သူ အင်္ဂလိပ်တို့ကို တွန်းလှန်တိုက်ခိုက်ကြမယ့် မြန်မာ့ သွေးသောက်များက တိုက်ရေးခိုက်ရေး ဟန်တပြင်ပြင်နဲ့ ခံတပ်ကြီးဝန်းကျင်မှာ အလုပ်ရှုပ်နေကြမှာကို ကျတော့စိတ်ကူးနဲ့ ပုံဖော်ကြည့်နေမိပါတယ် ။ ကျတော့ အတွေးနဲ့အတူ စိတ်အာရုံထဲမှာလည်း ခံတပ်ကြီးရဲ့  အတွင်း ၊ အပြင် ၊ အပေါ်၊ အောက် နေရာတွေမှာ ကင်းစောင့်နေတဲ့ ရှေးမြန်မာ စစ်သည်တော်တို့ရဲ့ ပုံရိပ်တွေ ထင်ဟပ်လာသလိုလိုပါပဲ ။ တကယ်တော့ အဲဒါတွေဟာ သမိုင်းမှတ်တမ်းထဲမှာ ကျန်နေခဲ့ပါပြီ ။ ကျတော်တို့လည်း သူတို့ ရဲ့ ထင်ကျန်နေခဲ့တဲ့ သမိုင်းခြေရာတွေဆီကနေ သင်္ခန်းစာတွေလည်း ရပြီးခဲ့ပါပြီ ။ ခံတပ်ကြီး အရှေ့ မှာ ဖြတ်သန်း စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးကတော့ ဆက်လက် စီးဆင်းနေမြဲပါပဲ ။ ကျတော် ရောက်ရှိခဲ့တဲ့ အင်းဝမြို့ ဟောင်းက ဆင်ကျုံးခံတပ်ကြီးကတော့ သမိုင်းဝင် လေ့လာစရာနေရာ တစ်ခုအဖြစ်နဲ့သာ တိတ်ဆိပ်ငြိမ်သက်လျှက် ရှိနေပါတော့တယ် ။
16

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...