Thursday, May 22, 2014

မပြောင်းချင်လို့မရ မောင်သက်မွန် ( ငါ န်း ဇွ န် )

May 20, 2014 at 7:30am

          ခရီးတစ်ခုကို ဖြတ်သန်းခဲ့တာ ၂၅ နှစ်ကြာခဲ့လေတော့နောက် ကြောင်းတွေ ပြန်စဉ်းစားမိတယ်။

          လွန်ခဲ့တဲ့ ၂၅ နှစ်က မိုးတွင်းကာလ မင်္ဂလာပွဲဆင်နွှဲတော့သင်္ကြန်တွင်း ဒုလ်္လဘရဟန်းခံရာက ထွက်လာတဲ့ သတို့ သား၊ ဧည့်ခံပွဲမှာ မိုးတိတ်ဖို့အရေးမိုးတားဂါထာတွေရွတ်လိုက်ရတာ။ အဲဒီတုန်းက မှန်တင်ခုံ တစ်လုံးအပါအ၀င် မင်္ဂလာဧည့် ခံပွဲစရိတ်က သုံးသောင်း(ကျပ်)လောက် ပဲ ကုန်ခဲ့တာ။ မန္တလေးက အဖေနဲ့ အမေ လိုက်လာကြတာတွေမှတ်မိပါတယ်။ပြီး တော့ မင်္ဂလာပွဲမှာ ကြားရတဲ့မင်္ဂလာမရှိတဲ့ စကားကတော့ အဲဒီတုန်းက ၁၉၈၈ ခုနှစ်အပြီးမှာခေတ် စားနေတဲ့ အတိုင်ခံ ရတယ် ဆိုတဲ့ သတင်းစကားကြားရတာပါ။ ဒီလိုနဲ့ နောက်ဆုံးနှစ်တိုးတစ်နှစ် (နှစ်နှစ် လား၊ သုံးနှစ်လား မသိ၊ တစ်ကြိမ်တိုး) နိုင်ငံခြား ပညာသင်သွားခွင့်တွေဘာ တွေအားလုံး ပိတ်သွားလိုက်တာပါပဲ။


          မင်္ဂလာဆောင်ပြီး နောက်တစ်ရက် မန္တလေးပြန်ကြမယ့်မိဘတွေအတွက် ဟင်းကောင်းကောင်းမချက် တတ်သေးတဲ့ အိမ်ရှင်မက ဟင်းတွေ ချက်ထည့်ပေး။ ပင်ပန်းပေမယ့်နောက်ရက် ကျောင်းပြန်တက်ကြ တော့ ခွင့်မယူလို့ အံ့သြကြတယ်။ ဘယ်ခရီးထွက်နိုင်လိမ့်မလဲ။မင်္ဂလာ ဆောင်တာတောင်  မနည်းဆောင်ရ တယ်။ အဲဒီအချိန်ကသတို့သမီး ဘက်ကလည်း ဘာမှ တတ်နိုင်ကြ တာမဟုတ်။

          မှတ်မှတ်ရရပြောရရင် ကိုယ်က စောစောနိုးတတ်တော့ထမင်းအိုး တစ်လုံးချက်၊ ဇနီးသည်က နောက်ကျနိုးတတ် တော့ သူနိုးရင်ဟင်းချက်။ တစ်သက်လုံးကမချက်ခဲ့ပေမယ့် ကိုယ့်အိုးကိုယ့်အိမ်နဲ့ကျတော့ဖြစ်အောင် ချက်ရတာပါ။ မချက် ချင်တဲ့အခါလည်းဆိုင်တွေနီးနေတော့ ၀ယ်စားလိုက်တာပါ။ ဟိုတုန်းက တစ် ယောက်တည်းဆိုတော့ ဘာတာဈေးမှာ ရောင်းတဲ့ ငါးကျည်းခြောက်ကြော် တစ်ထုပ်ဆွဲပြန်ရုံပေါ့။ နှစ်ယောက်ဆို တော့ နှစ်ထုပ်ဆွဲပြန်လာတာကွာတယ်လို့တပည့်ဟောင်း တစ်ယောက် က နောက်ပြောင်တာခံရတယ်။

          နောက်တော့ သမီးလေးရောက်လာ၊ သမီးနဲ့ဇနီးကိုယောက္ခမကြီးက ခေါ်သွားလေတော့ တစ်ယောက်တည်း ငေါင် စင်းစင်းနဲ့ ကျန်ရစ်ခဲ့ရတယ်။ တွေ့ချင်ရင်ညနေဘက်သွားတွေ့။ ပထမတော့လမ်းလျှောက်။ နောက်ဆိုက်ကားစီးချင်စီး။ တရုတ် စက်ဘီးလေးတစ်စီးတော့တော်တော်ကြာမှ ၀ယ်နိုင်ပါတယ်။
          ပြည့်ပြည့်စုံစုံ မဟုတ်ပေမယ့် သားအမိနှစ်ယောက်ကိုမိဘတွေက တာဝန်ယူထားတာဆိုတော့ ချို့ချို့တဲ့တဲ့ မရှိလှပါ ဘူး။ မိဘကျေးဇူးအပြင် ယောက္ခမကျေးဇူးလည်းကြီးတယ်လို့ ပြောရမှာပါ။ တစ်ဦးတည်းမွေးထားတဲ့ သမီးကလည်း ဆွေ တွေမျိုးတွေ မောင်နှမ၀မ်းကွဲတွေကြားမှာကြီးရတာဆိုတော့ တစ်ကောင်ကြွက် မဖြစ်ပါဘူး။ ဆယ်တန်းဖြေခါနီးအထိ အဘွား အိမ်မှာပဲနေတာပါ။သူ့ အချစ် တော် အဘိုးက သူငယ်ငယ်မှာဆုံး သွားလို့မြေးတွေငိုလိုက်ကြရတာလေ။

          အမေလုပ်သူ လေးနှစ်ခွဲလောက် ပညာသင်သွားတော့လည်းသမီးက နေတတ်ပါတယ်။ အဘွားတွေ၊ အဒေါ်တွေ၊ ဦးလေးတွေ ညီ၊ ညီမ ၀မ်းကွဲတွေနဲ့။

          အဲဒီအချိန်ကာလတွေတုန်းက ငွေကြေးသုံးစွဲရတာအတော်ကျပ် တည်းပါတယ်။ အပိုဝင်ငွေကလည်း များများစား စားမရှိဘဲကိုး။

          ဒီကြားထဲ တစ်သက်လုံးလုပ်ဖို့ ရည်စူးတဲ့ ကျောင်းဆရာကနေအရပ် ဘက်ပြောင်း၊ အသက် ၅၀ မှာ အငြိမ်းစားယူ၊ အလုပ် ၁ ခုကို ၃ နှစ် လောက်လုပ်လိုက်၊၂ နှစ်လောက် လုပ်လိုက်နဲ့ ပြောင်းရပြန်။

          အိမ်ထောင်ကျ၊ ကလေးရပြီး လွန်ခဲ့တဲ့သုံးလေးနှစ်လောက်အထိပေကပ်နေတဲ့ အိမ်ကနေ ဖယ်ရတော့ နှစ်ပေါင်းများ စွာ စုဆောင်းလာတဲ့ စာအုပ်စာတမ်းတွေကိုအတော်ရှင်း ယူရတယ်။ တက်္ကသိုလ်ဝင်းထဲက  အခန်းတစ်ခန်းမှာနေခွင့်ရတာ ကလည်း တစ်နှစ်လောက်ပါ။ နောက်တော့ အာဇာနည်ကုန်းနား ၂ နှစ် လောက်နေဖြစ်၊ အားလုံးလိုလိုကအငြိမ်းစား အရာရှိ တွေဆိုတော့ အပြောင်းအရွှေ့ အ၀င်အထွက် မရှိလှပါဘူး။

ဖြစ်မယ့် ဖြစ်တော့လည်းအိမ်ရာအသစ် ပြန်ဆောက်မှာမို့အားလုံးဖယ်ကြရပြန်ရော။ အခု ရန်ကင်းကဒီအခန်းကို ရောက်တာခြောက်လလောက်ရှိပြီ။ ဒီရက်ပိုင်းမှာအိမ်နီးချင်းတွေလေးငါးခြောက်ယောက်လည်း အ၀င်အထွက် ပြောင်းအလဲ ရှိတာတွေ့ရတယ်။ ကိုယ်ကပြောင်းလိုက်၊သူတို့က ပြောင်းလိုက်နဲ့။ ကိုယ်ကသာ အိမ်မှာနေနေရပေ မယ့် အစိုးရ၀န်ထမ်း ဇနီးသည်က မုံရွာတွေ၊မိတ်္ထီလာတွေကို သုံးနှစ် လောက် လှည့်ပြောင်းနေပြန်ရော။

          ၂၅ နှစ်အကြာမှာ လူမမာဖြစ် နေတာကတော့ တိုက်ဆိုင်တာပဲထင် ပါရဲ့။ တပည့်တွေကို “ငါက ကျန်း မာရေးဂရု စိုက်တယ်။ ကျန်းမာရေးက ငါ့ဂရုစိုက်တာမဟုတ်ဘူး””လို့ပြောမိ တော့ ““ကိုယ်ကတော့ ဂရုစိုက်ရမှာ မဟုတ်လား” လို့ ပြန် ပြောကြတယ်။ “အသက်ကပျင်းနေအောင် ရှည်မှာ” လို့ ပြောတဲ့သူတွေကိုတော့ မကျန်း မမာနဲ့ ရှည်ရမှာ ကြောက်ကြောင်းပြောမိတယ်။

          ပြောင်းချင်ချင်၊ မပြောင်းချင်ချင်၊ ကောင်းတာပဲဖြစ်ဖြစ်၊ဆိုးတာပဲ ဖြစ် ဖြစ်ပြောင်းနေတာပဲလေ။ မပြောင်း ချင်လို့မရ။  

မောင်သက်မွန်( ငါ န်း ဇွ န် )         

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...