Friday, May 30, 2014

နေခဲ့ဦးတော့ ... ယုဇန

သံလျင်တံတား အမှတ် (၂) ဆီက
ဓါတ်ကြိုးကြီးတွေ ထမ်းထားတဲ့ တာဝါတိုင်များ
တိမ်မည်းတွေ ဖုံးလွှမ်းခံလိုက်ရတဲ့ လတစ်စင်းနဲ့အတူ
ဖဲကြိုးဝါတွေ မစည်းနှောင်နိုင်ခဲ့တဲ့ ယုဇန
နေခဲ့ဦးတော့ ယုဇန…
နေ… နေခဲ့ဦးတော့ …

ယုဇနဟာ စစ်သားတစ်ယောက်ရဲ့ ကျည်ဆန်တွေပဲ
ယုဇနဟာ ငြိမ်းချမ်းခြင်းရဲ့ အခက်အလက်တွေပဲ
ယုဇနဟာ ဆရာဝန်တစ်ယောက်လည်း ဖြစ်လေရဲ့
ယုဇနဟာ လူနာတစ်ယောက်လည်း ဖြစ်လေရဲ့
အပေါ်ယံ ရေပေါ်ဆီတွေ မလိမ်းခြယ်ပါဘဲ
ပကတိ သဘာဝတရားနဲ့ လှလွင်နေတဲ့ ယုဇန
နေခဲ့ဦးတော့ ယုဇန …
နေ… နေခဲ့ဦးတော့ …
ဟင်္သာတို့ရဲ့ နန်းတော်ရှေ့ တံခါးမှူးတစ်ယောက်ဟာ
မြင်းပျံကြီးကို စောင့်ခိုင်းထားတဲ့ ယုဇနရဲ့ ရင်ငွေ့မှာ
တစ်ဆယ့် တစ်လ ကြာ ခိုလှုံခဲ့ပေါ့
ယုဇနဟာ ဆက်သွယ်မှု ဧရိယာ ပြင်ပပဲ
ယုဇနဟာ အပျိုစင်တစ်ယောက်ရဲ့ ပြယုဂ်ပဲ
ယုဇနဟာ ဆိုက်ကားသမားတစ်ယောက်ဖြစ်သလို
ယုဇနဟာ တရားမ၀င် ဆိုင်ကယ်တစ်စင်းလည်း ဖြစ်လေရဲ့
ယုဇနဟာ ငွေစလေးတွေ ရှာဖွေရာ အဆောင်သူတွေပဲ
ယုဇနဟာ ပက်ကြားအက်တွေ ပြည့်နေတဲ့ တိုက်အိုကြီးတွေပဲ
နေခဲ့ဦးတော့ ယုဇန….
နေ… နေခဲ့ဦးတော့
စီးကရက်အငွေ့တွေ လေထုထဲ ပျံဝဲ
ပြည်တွင်းထုတ် အရက်သန့်တွေ အစာအိမ်ထဲ ပျော်ဝင်နေကြ
နေ့စဉ်ထုတ် သတင်းဂျာနယ်တွေ
မမိတမိ အင်တာနက်လိုင်းတွေဆီက
ဖဲကြိုးဝါတွေ ပျောက်ရှသွားတဲ့ ယုဇန
လမ်းဘေး ဈေးသည်တွေရဲ့ အော်ဟစ်သံတွေ
လိုင်းကားတွေ
ငါးရာကား တစ်ထောင်ကားတွေ
ရုံးသွား ရုံးပြန်တွေ တိုးဝှေ့နေကြ
ယုဇနဟာ ကဗျာဆရာ တစ်ယောက်ရဲ့ မရေးဖြစ်လိုက်တဲ့ ကဗျာတစ်ပုဒ်ပဲ
ယုဇနဟာ ပန်းချီဆရာ တစ်ယောက်ရဲ့ မသုံးဖြစ်လိုက်တဲ့ အရောင်တစ်ရောင်ပဲ
ယုဇနဟာ ငှက်တွေ အိမ်ပျော်နေကြတဲ့ သစ်ပင်တစ်ပင်ပဲ
နေခဲ့ဦးတော့ … ယုဇန
နေ… နေခဲ့ဦးတော့
ခြေလှမ်းတွေ ခါချလိုက်တိုင်းမှာ သံယောဇဉ်လက်ကျန်တွေကို
မသစ်လွင်တော့တဲ့ ပုဝါတစ်ထည်နဲ့ သုတ်ပစ်လိုက်
ထာဝရမှာခဲ့ချင်တာက သတ်ပုံတွေမှားမှားပြီး
ညရေးညတာတွေမှာ အိပ်မက်လှလှတွေ မက်မနေကြပါနဲ့
ထလော့ ယုဇန…
နိုးလော့ ယုဇန…
ဥယျာဉ်ပန်းမံတွေကို စောင့်ရှောက်ပါ
ကလေးသူငယ်တွေကို ချစ်မြတ်နိုးပါ
သစ်ပင်တွေကို မလိုအပ်ဘဲ မခုတ်လိုက်ကြပါနဲ့
ခင်ဗျားတို့နားက ပဲခူးမြစ်လမ်းပေါ်မှာ
နိုင်ငံခြားရောက်တော့မယ့် သစ်တုံးကြီးတွေကို သတိရကြပါ
နေခဲ့ဦးတော့ … ယုဇန
နေ… နေခဲ့ဦးတော့
အနောက်တောင်ထောင့်က မိုးတိမ်တစ်အုပ် ပြိုကျလာမယ့်တစ်နေ့
မုဂ်ဦးထိပ်မှာ ဖြစ်ဖြစ် ၊ ယုဇနလမ်းမှာ ဖြစ်ဖြစ်
ရတနာလမ်းကနေ .. မြမင်္ဂလာလမ်းမှာ ဖြစ်ဖြစ်
ကံမကုန်ရင် ငါတို့ တစ်နေရာရာမှာ ပြန်ဆုံကြမှာပေါ့။

ယုဇန ဥယျာဉ်မြို့တော် သို့ အမှတ်တရ ။

မန်းသား ကဗျာဆရာ

- ဗိုလ်နင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...