ကျနော့ ဥယျာဉ်တော် သို့ အဝင်
ကျနော် သူ့မျက်လုံးကို စိုက်ကြည့်တော့ - ပြာဝင်းလဲ့ရောင် မြင်ရတယ်။ အပြာ ဟာ ကောင်းကင်။ ဝင်းလဲ့မှုက ကြယ်စင်။ ကောင်းကင်နဲ့ ကြယ်စင် ဆိုတာ မြေလွှာပေါ်က ခြေတစ်ဖက် ကြွရင် လှလှပပ ကကြတဲ့ ကညာပျိုတွေ ဖြစ်တယ်။ စည်းလိုက် ဝါးလိုက် ဂီတရဲ့ အလစ် အငိုက် မှာ ခြေဖမိုးသားလေး လက်လို့။
ကျနော် သူ့ရင်ထဲကို စိုက်ကြည့်တော့ - နူးညံ့ရွှန်းစိုနေတာ တွေ့တယ်။
နူးညံ့မှုက မေတ္တာ။ ရွှန်းစိုမှု က အကြင်နာ။ မေတ္တာ နဲ့ အကြင်နာ ဟာ
ရင်နှစ်လွှာကြားက ပန်းစုံပွင့်တဲ့ ပျိုးခင်းဥယျာဉ်ပဲ ဖြစ်တယ်။ လေညှင်းပဲ
သုတ်သုတ်၊ လေပြင်းပဲ ဆွေဆွေ မွှေးရနံ့တွေ သီနေအောင် လွင့်လာတတ်ကြတာ ချည်းပဲ။
မြတ်နိုးစိတ်နဲ့ ကျနော် ပျိုးသူ - တူးဆွ ပေါင်းသင် ပုံဖော်လို့။
ဒီကနေ့ဟာ ကောင်းကင်နဲ့ ကြယ်စင် - မြေပြင်ပေါ် ကြွေကြတဲ့ နေ့ ဖြစ်ပါတယ်။ ယုံချင်ယုံ မယုံချင်နေပါပဲ မိတ်ဆွေ -- ရှင်သန်တဲ့ နား - ရွှင်လန်းတဲ့ နှလုံး - အေးမြတဲ့ အသံသာတွေကြောင့် အဆွေ နားထောင်ကြည့်ရင် ကြားရပါလိမ့်မယ်။ မြန်မာ့စောင်းသံ၊ တံတျာတေချိုး၊ အစပျိုးနေတဲ့ လက်စမ်းသံတွေကိုလည်း ကြားရမယ်။ ထင်းရှူးပင်တွေ ယိမ်းက၊ ကောင်းချီးဩဘာသံလည်း ကြားရမယ်။ ဟိုအဝေးနားက ကြင်ဖော်မောင်နှံ ငှက်ကလေးတွေ တေးသီနေကြတယ်။ အဲ့ဒါကိုလည်း ကြည်ကြည်နူးနူး မိတ်ဆွေ ကြားရပါလိမ့်မယ်။ မေတ္တာနဲ့ အကြင်နာ ပန်းပေါင်းစုံကလည်း တသင်းသင်း၊ သစ္စာစကားသံနဲ့ မြဲမြံတဲ့ လက်ဖဝါးချင်းဟာ - တညှင်းညှင်း ချစ်တင်းဆိုလို့ တည်နေသေးတယ်။
ကျနော် ဆိုတဲ့ သစ္စာကို ဒီနေရာမှာ ပျိုးခဲ့ပါတယ်။ ဒီပျိုးဥယျာဉ်မြေမှာ ကျနော် ရှင်သန်လို့၊ ဒီပန်းရနံ့ကို ကျနော် ရှူရှိုက်တယ်။ ဒီမြေမှာ ဘဝဆုံးတိုင် ခေါင်းချပစ်လိုက်မယ်လို့။
............................................
To My Beloved, Ma, Lin Lin Latt
Dec 31, 2012 at 9:00 PM

0 comments:
Post a Comment