Thursday, May 22, 2014

လိင်အင်္ဂါ ကြီးအောင် ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သော ဆိုးကျိုးများ




Published by: Ko Lu Phyu Chaw on 7th Feb 2012 | View all blogs by Ko Lu Phyu Chaw

အမှန်က ရှေ့မှာလည်း လူတော်တော်များများ ရေးခဲ့ကြပြီးပြီမို့ ဒီအကြောင်းကို ရေးဖို့ စိတ်ကူး မရှိပါဘူး။ ဒါပေမယ့် ပြည့်ပြည့်စုံစုံ မရှိသေးဘူး (အဓိက ဖြစ်လာနိုင်တဲ့ အန္တရာယ်) လို့ ယူဆတာကြောင့် ကိုယ်တွေ့ သိရှိထားတာလေးရယ်၊ ဖတ်ဖူးပြီး သိမ်းထားတဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ယောက်ျား မှန်ရင် စိတ်အ၀င်စားဆုံး ကိစ္စဟာ ရှိရင်းစွဲ လိင်အင်္ဂါထက် ကြီးမားစေရေးပါပဲ။ ဒီကိစ္စရပ်ဟာ ကြီးကြီးငယ်ငယ် အရွယ်မရွေး ဘယ်တော့မှလည်း မရိုးနိုင်တဲ့ ကိစ္စတစ်ရပ်ပါ။
ကျားဆိုတာက ကိုယ့်စိတ်လုံခြုံမှုအတွက်ရယ်၊ ကိုယ့်ကို စွဲစေချင်တာရယ်၊ ဂုဏ်ယူချင်တာရယ်ကြောင့် ကြီးချင်တတ်ကြတာမို့ မကြီးရ မနေနိုင် ကြီးအောင် လုပ်မှာပဲလို့ ဆုံးဖြတ်ထားရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့သာ ဆွေးနွေးတိုင်ပင်ပြီး ပြုလုပ်သင့်ပါတယ်။

တော်ကြာ ထိုင်နေကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို လုံးဝ သုံးမရတော့တာတို့၊ ပုံသဏ္ဍန် ပျက်သွားလို့ လူမြင်မခံရဲတာတို့ ဖြစ်ရင် လူဖြစ်ရှုံးခြင်း၊ သိမ်ငယ်စိတ် ၀င်ခြင်း အစ အစရှိသော လူမှုရေး ဒုက္ခများကို ခံစားရမှာ ဖြစ်လို့ပါပဲ။

အထူးသဖြင့် အရှက်အကြောက် ကြီးတဲ့သူဆိုရင် အိမ်ထောင်မပြုရဲတော့ခြင်း၊ လိင်ဆက်ဆံဖော် များတတ်တဲ့သူတွေဆိုရင် လူပေါင်းစုံနီးပါး ခဏခဏ ပြရမှာမို့ ပုံသဏ္ဍန်ပျက်လို့ မဖြစ်နိုင်ပါဘူး။ သေးတာ၊ အနေတော်ဖြစ်တာကို ပြရတာက ပုံပျက်တာထက် စာရင် အများကြီး ကောင်းပါတယ်။ 
တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ ရေးသားချက်ကို မဖော်ပြမီ ဆေးထိုးခြင်းရဲ့ ကောင်းကျိုးမရှိ ဆိုးကျိုးသာ ရှိတာကို အရင်ဆုံး ပြောပြချင်ပါတယ်။
ကျွန်တော် သိတဲ့ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ဖူးတဲ့ သူငယ်ချင်း တစ်ယောက်ဆိုရင် သူ့လိင်အင်္ဂါဟာ လှလှပပနဲ့ တန်းဝင် အရွယ်အစားပါ။ ဒါပေမယ့် စိတ်ကို အလိုလိုက်တာရယ်၊ လက်တည့်စမ်းချင်တာရယ်ကြောင့် လိင်တံမှာ ဆေးထိုးခဲ့တယ်။
ဆေးထိုးပြီး ၂ ပတ်အကြာမှာ လိင်တံက အရေပြားဟာ ယောင်ပြီး မာခဲလာတာ ဘာနဲ့တူသလဲဆိုရင် သီဟိုဋ်စေ့ကို ထုတ်ယူရတဲ့ သီဟိုဋ်သီး အမှည့်ကို မြင်ဖူးကြမယ် ထင်ပါတယ်။ သီဟိုဋ်စေ့ကို ကွမ်းသီးခေါင်းလို့ သဘောထားရင် နီရဲ သို့ နီညို မှည့်တင်းပြီး ဖောင်းကားနေတဲ့ အစေ့အောက်က အသီးကို လိင်တံအနေနဲ့ မြင်ကြည့်လိုက်ပါ။ တော်တော့်ကို ကြည့်ရဆိုးပါတယ်။
ဆိုးရုံပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ပြင်ပက ထိုးသွင်းတဲ့ သံလွင်ဆီ သို့ မုန်ညင်းဆီ သို့ အဆီတစ်ခုခု သို့ ဆီလီကွန် အစရှိတို့ကို Foreign Body လို့ခေါ်ပြီး လူ့ကိုယ်ခန္ဓာက ဓါတ်နဲ့ မတည့်တာကြောင့် ဝေဒနာရှင်ဟာ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခဲခြင်း စတာတွေကို မခံနိုင်အောင် ခံစားရတယ်။
လိင်အင်္ဂါ ယောင်ပြီး နာကျင်နေတာကို ရှက်လို့ ကြိတ်ကုတဲ့သူတွေ၊ အချိန်မီ ဆေးရုံ (အထူးသဖြင့် Urologist သို့ Plastic Surgeon နဲ့) မပြတဲ့သူတွေဆိုရင် ကွဲထွက်ပြီး အခြေအနေ အရမ်း ဆိုးဝါးတတ်ကြတယ်။
အများအားဖြင့် Dose များခြင်း၊ အရေပြားတင်မကပဲ အသားထဲထိ ထိုးသွင်းမိခြင်း၊ ဓါတ်မတည့်ခြင်းတွေကြောင့် ဖြစ်တတ်ကြပါတယ်။
အဲ့လိုတွေ ဖြစ်လာရင် အများအားဖြင့် Steriod ဆေးဝါးကို အမြဲ စွဲသောက်ရပြီး ရေရှည်မှာ အရိုးပွခြင်း၊ သွေးကျဲစေခြင်း၊ သွေးတိုးစေခြင်း၊ မျက်နှာအသား ဖောသွပ်စေခြင်း၊ အစာချေစနစ် အားနည်းစေခြင်း အစ အစရှိသော ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။
ထို့နောက် မခံနိုင်တဲ့အဆုံး ဆေးရုံကို ရောက်ရှိလာတဲ့ လူနာတွေရဲ့ လိင်အင်္ဂါ အရေပြားကို ဆရာဝန်တွေက ငါးရံ့ခြောက် ခွဲသလို ခွဲပြီး အရေပြားထဲမှာ ရှိတဲ့ မလိုလားအပ်တဲ့၊ သူတို့ထိုးထားတဲ့ အရာတွေကို တတ်နိုင်သလောက် ကုန်စင်အောင် ခြစ်ထုတ်ပေးပြီး ပြန်ချုပ်ပေးရပါတယ်။ မေ့ဆေး သို့ ထုံဆေးပြယ်ချိန်မှာ ဘယ်လောက်နာကျင်မလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ပြီးရင် အနာမကျက်မချင်း ပတ်တီးလဲချိန်မှာ နာကျင်မှု၊ နာ့စ်ကို ကျားမ မရွေး ပြရမှု၊ ဆရာဝန်တွေ လှည့်လာရင် ဆရာဝန်ကြီးရော ပေါက်စတွေရော ပြရမှု စဉ်းစားကြည့်ပါ။
ကံကောင်းရင်တော့ တစ်ခါ ခွဲထုတ်လိုက်တာနဲ့တင် ကိစ္စပြီးနိုင်ပါတယ်။ ဒါပေမယ့် လိင်အင်္ဂါကတော့ ကံမကောင်းရင် ချုပ်ရိုးတွေကြောင့် မိမွေးဖမွေးသလို မရှည်တော့ပဲ  အနည်းငယ် တိုသွားပါတယ်။
ခွဲစိတ်တဲ့နေရာမှာလည်း ဆရာဝန်ရဲ့ လက်ရာ သေသပ်ခြင်း၊ မသေသပ်ခြင်း၊ ခွဲရတဲ့ အနေအထား ကွာခြားခြင်းပေါ် မှုတည်ပြီး မူလ အသွင်သဏ္ဍန်ကနေ ကွဲပြားနိုင်ပါသေးတယ်။
ကျွန်တော့် မိတ်ဆွေဆိုရင် ပထမ ခွဲထုတ်ပြီး ၂-လအကြာ အနာကျက်ပြီး ကောင်းပြီလို့ ထင်ရချိန်မှာ ပြန်ဖြစ်လို့ နောက်တစ်ခါ ထပ်ခွဲထုတ်ရပါတယ်။ ခံလိုက်ရတဲ့ နာကျင်မှု၊ ကုန်လိုက်တဲ့ ပိုက်ဆံ၊ ကွဲလိုက်တဲ့အရှက် စတဲ့ ဒုက္ခသုက္ခတွေကို ကြည့်ပြီး သူငယ်ချင်း တစ်ယောက်အနေနဲ့ လိုအပ်သမျှကို ကူညီရုံကလွဲလို့ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။
သူ ကံကောင်းတာက အရေပြားတင် ဖြစ်တာမို့ မယောင်ရင် ဘာမှ မဖြစ်ပါဘူး။ ဆီးသွားတာ၊ လိင်ဆက်ဆံတာ အကုန် အဆင်ပြေတယ်။ ဒါပေမယ့် ယောင်နေချိန်ဆိုရင် ဒုက္ခရောက်ရပါတယ်။ ယောင်ချိန်မှာ သွေးက အဲ့ဒီနေရာကို ပိုတိုးတဲ့အတွက် မသိစိတ်နဲ့ သိစိတ်က သူ့အလိုလို သတိထားမိစေတာမို့ စိတ်ကို ကြွအောင် လုပ်ပေးသလို ဖြစ်စေတာကြောင့် ယောင်နေတာကို ဆွဲဆန့်သလို ဖြစ်စေတဲ့အတွက် နာကျင်မှုကို ခံစားရတယ်လို့ ပြောတယ်။

အဲ့ဒီလို ယောင်တိုင်း Steriod ဆေး အပြင်းစားတွေကို အမြဲ သောက်ရပါတယ်။ 
(တစ်ချို့ဆိုရင် ဆီးတောင် ကောင်းကောင်း မသွားနိုင်တာတို့ ဘာတို့ အစုံရှိပါတယ်။ တစ်ခါခွဲပြီးလို့ ပြန်ယောင်ရင်လည်း များသောအားဖြင့် ချက်ချင်း ခွဲလို့ မရဘူး။ အနည်းဆုံး ၆-လ၊ တစ်နှစ်လောက် စောင့်ရပါတယ်။ အရေပြားက နုလွန်းတော့ အသားသေအောင် စောင့်ရတာပါ။ အခန့်မသင့်လို့ ခွဲစိတ်ရင်း မလိုလားအပ်တဲ့ အကြောအမျှင်တွေကို ထိသွားရင် ပန်းသေ၊ ပန်းမသန် ဖြစ်နိုင်ပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် အတိအကျ မတူနိုင်ပေမယ့် ခံစားရတာချင်းကတော့ အတူတူပါပဲ။)
သူ ကံဆိုးတာက သူ့ခန္ဓာကိုယ်က အဲ့ဒီ Foreign Body ကို စုပ်ယူမှုအားကောင်းလို့ (ဆိုပါစို့) အလိုလို ဓါတ်ပြန်ပြန်ပြုနေတဲ့အတွက် ဘယ်လိုပဲ ခြစ်ထုတ်ခြစ်ထုတ် ပြန်ပြန် ယောင်နေတော့တာပဲ။
အဲ့ဒါနဲ့ နောက်ဆုံး လိင်တံက အရေပြားကို ဖြတ်ထုတ်ပစ်ပြီး ဝှေးစေ့က အရေပြားနဲ့ အစားထိုး ကုသခဲ့ဖို့ အဆင့်နှစ်ဆင့်ရှိတာမို့  နှစ်ကြိမ်ခွဲခဲ့ရပါတယ်။ တစ်ချို့လည်း ပေါင် သို့ တင်ပါးက အရေပြာနဲ့ အစားထိုး ကုသကြတယ်။ ဒါပေမယ့် ဝှေးစေ့က အရေပြားက အသင့်တော်ဆုံးနဲ့ အနီးစပ်ဆုံးပါပဲ။
စုစုပေါင်း ၅ကြိမ် (၈နှစ်အတွင်း) ခွဲစိတ်ကုသအပြီးမှာ ပြန်လည် မယောင်ရမ်းတော့ဘူး။ ဆေးလည်း သောက်စရာ  မလိုတော့ဘူး။ ဒါပေမယ့် အရေပြားအရောင်ကတော့ ပြောင်းသွားပါတယ်။
ကံကောင်းတာက သူက ပိုက်ဆံလေး တတ်နိုင်လို့သာပေါ့။ ပိုက်ဆံသာ မတတ်နိုင်ခဲ့ရင် ဘယ်လို လုပ်မလဲ။
ဒီလို ပြန်ခွဲထုတ်ရသူတွေ  ဘယ်နှစ်ယောက်ရှိပြီလဲ။ လူရာမ၀င်တော့တဲ့သူတွေ ဘယ်နှစ်ယောက် ရှိပြီလဲ။ ပုံသဏ္ဍန် ပျက်သွားသူတွေ ဘယ်နှစ်ယောက် ရှိပြီလဲ ဘယ်သူမှ အကြမ်းဖျင်း မသိသလို စနစ်တကျ စာရင်းပြုစုထားတာလည်း မရှိပါဘူး။
မြန်မာပြည်က ဆရာဝန်တွေအနေနဲ့လည်း ဒီကိစ္စကို သိလျှက်နဲ့ အကျယ်တ၀င့် ပညာပေး ရေးသားခြင်း မပြုလုပ်ကြတဲ့အတွက် ဆေးထိုးမှုကြောင့် ကံကောင်းလို့ ဘာမှ မဖြစ်ကြရင်တောင် အရေပြားပဲ ထူပြီး ကြီးနေတာမို့ အရင်လို တောင့်တင်းမာကျောမှု မရှိပဲ ပျော့တော့တော့ဖြစ်ခြင်း၊ ဖောင်းတဲ့နေရာကဖောင်း၊ မဖောင်းတဲ့နေရာက မဖောင်းနဲ့မို့ ဆေးထိုးခြင်းကို ဘယ်တော့မှ လုံးဝ (လုံးဝ) မလုပ်ပဲ ဆောင်ကျဉ်ကြဖို့ အကြံပေး တိုက်တွန်းလိုပါတယ်။
အခြားသော နည်းလမ်းတွေ ဖြစ်တဲ့ လေပြွန်နဲ့စုပ်ခြင်းဟာလည်း သုံးသင့်တဲ့ ဖိအား (စုပ်အား)ထက် ပိုသုံးမိရင် နုနယ်တဲ့ သွေးကြောမျှင်တွေ ပျက်ဆီးသွားပြီး ရေရှည်မှာ ပန်းသေပန်ညိုး ဖြစ်နိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့သလို ဖြစ်ရတာကလည်း အဲ့ဒီလို ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာလူမျိုးတွေ၊ အထူးသဖြင့် အမျိုးသားတွေကို ဘေးဒုက္ခ မရောက်ရအောင် စေတနာ ရှေ့ထားပြီး ပညာပေးမယ့် ဆရာဝန်တွေရဲ့ လစ်ဟင်းမှုကြောင့်လို့ ပြောရမှာပါပဲ။

သာမန်လူတွေ အနေနဲ့ကတော့ ဒီလိုမျိုး ပြင်ပက အဆီ တမျိုးမျိုး၊ ဆီလီကွန် အစရှိတဲ့ အရာတစ်ခုခု (Foreign Body) ခန္ဓာကိုယ်ထဲကို ထည့်လို့ မရဘူးဆိုတာ သိနိုင်သူ ရှားပါးလှပါတယ်။ သာမန်ဘွဲ့ရတွေတောင် မသိကြပါဘူး။

ဆေးထိုးကြတဲ့သူတွေ အကုန်လုံးနီးပါးက ဒီလိုတွေ ဖြစ်တတ်တယ်ဆိုတာကို ဘယ်သူက မသိလို့ ထိုးခဲ့မိကြတာချည်းပါပဲ။ မြန်မာနိုင်ငံမှာ ပိုတောင် ဆိုးပါသေးတယ်။ တစ်ချို့ဆရာဝန်တွေဆိုရင် ပညာမပေးတဲ့အပြင် သူတို့ ကိုယ်တိုင်က ထိုးပေးနေတဲ့အတွက် လူငယ်တွေကို မှားယွင်းသော သတင်းအချက်အလက်တွေ ပေးသလို ဖြစ်နေစေပါတယ်။

အမှန်ဆို စဉ်းစားကြည့်တာနဲ့ ရင်နာစရာ ကောင်းလှတယ်။ ငယ်ရွယ် နုပျိုစဉ်မှာ မသိ နားမလည်လို့ လုပ်လိုက်မိတဲ့ အမှားတစ်ခုကြောင့် ဘ၀ရဲ့ ပျော်ရွှင်စရာ အချိန်တွေဟာ နုပျိုစဉ်ကာလမှာ စိတ်ဆင်းရဲခြင်း၊ ပျော်ရွှင်မှု ဆိတ်သုဉ်းခြင်း၊ သိမ်ငယ်စိတ်များ ကြီးစိုးနေခြင်း အစရှိတဲ့ မကောင်းသော အရာတွေနဲ့သာ ဖြတ်သန်းခဲ့ရတယ်။

ဒါတွေဟာ တာဝန်ရှိတဲ့သူ (အထူးသဖြင့် ဆရာဝန်တွေ) သူတို့ အလုပ်ကို တာဝန်ကျေပွန်စွာ မထမ်းဆောင်ခဲ့ကြလို့ပဲ။
အထူးသဖြင့် အဲ့ဒီလို အဖြစ်ဆိုးတွေကို ဆင်းရဲပြီး ဖွံ့ဖြိုးမှု နိမ်ူကျတဲ့ နိုင်ငံတွေက အမျိုးသားတွေမှာပဲ တွေ့ရတယ်။   
ဒါကြောင့် ဘယ်အရွယ်အစားဟာ သေးတယ်ဆိုတာကို သိချင်ရင်၊ အမှန်တကယ် ကြီးချင်တယ်ဆိုရင်လည်း ဘယ်နည်းလမ်းတွေက အန္ထရယ် မရှိဘူးဆိုတာကို သေသေချာချာ သိရှိရအောင် ဆရာဝန်တွေ အကြံပေးထားတဲ့ အောက်ဖော်ပြပါ လင့်ခ် ၃-ခုကို ဗဟုသုတအဖြစ် အရင် ဖတ်ကြည့်စေချင်ပါတယ်။
Penis enlargement (1) ...
http://yamunaclinic.org/index.php?option=com_content&view=article&id=456:penis-enlargement-&catid=34:adult-readings&Itemid=49
Penis enlargement (2) ...
http://yamunaclinic.org/index.php?option=com_content&view=article&id=376:penis-enlargement-2-&catid=34:adult-readings&Itemid=49
Penis enlargement (3) ...
http://yamunaclinic.org/index.php?option=com_content&view=article&id=375:penis-enlargement-3-&catid=34:adult-readings&Itemid=49
ပြီးလို့မှ ထပ်သိချင်တယ်ဆိုရင် ဒေါက်တာ တင့်ဆွေဆီကို drswe01@gmail.com အီးမေးလ် ပို့ပြီး မေးမြန်း စုံစမ်းနိုင်ပါတယ်။
တခြားသော ဆေးပညာ ဗဟုသုတ ရလိုသူတွေ ဒေါက်တာတင့်ဆွေရဲ့ ဆိုဒ်ကို မကြာခဏ ၀င်ကြည့်နိုင်ပါတယ်။
ယောက်ျားတိုင်း ရှိတာလေးနဲ့ ရောင့်ရဲနိုင်ခြင်း၊ ကောင်းမွန် မှန်ကန်သော နည်းလမ်းများဖြင့်သာ မိမိတို့ စိတ်အနည်းငယ် ကျေနပ်ရုံ ဆင်ခြင် ပြုလုပ်နိုင်ကြပါစေ။
 
လေးစားခင်မင်စွာဖြင့်
ကိုလူဖြူချော

7 Feb 2012 ( 4;34PM) 
စကားချပ်။ ဒီစာကို ဖတ်ပြီး တစ်စုံတစ်ယောက် ဘေးဖြစ်မယ့်ဒုက္ခက ရှောင်ကြဉ်နိုင်ခဲ့ရင် ကျွန်တော့် မိတ်ဆွေအစား ရေးပေးရကျိုး နပ်ပါပြီ။ ဒါကြောင့် ကျွန့်တော့် ဆောင်းပါးကို တတ်နိုင်သလောက် အီးမေးလ်နဲ့ ဖြစ်ဖြစ် လက်ဆင့် ကမ်းကြခြင်းဖြင့် အမျိုးသား အချင်းချင်း ပညာပေး ကယ်တင်ကြပါလို့ ထပ်မံ တိုက်တွန်းလိုက်ရပါတယ်။

  1 comment:

  1. ခွဲစိတ်တာဘယ်လောက်ကုန်သလဲဆရာ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...