ပြည့်တန်ဆာအမျိုးသမီးထက် စိတ်ဓာတ် ပိုဆိုးနေကြပြီလား
ခုနက Sky Net Myanmar Movies လိုင်းက လာတဲ့ မွန်းတည့်ချိန်တွင် နေ၀င်သည်ဆိုတဲ့ ရှေးဟောင်းမြန်မာဇာတ်ကား ကလေးကို ကြည့်နေမိတယ်။ မင်းသားက ကျော်ဟိန်း၊ မင်းသမီးက ချိုပြုံး။
ဇာတ်က ဘယ်လောက်နာသလဲတော့မမေးနဲ့။ စကတည်းက ကျော်ဟိန်းက ခါးပိုက်နှိုက်၊
ချိုပြုံးက ပြည့်တန်ဆာမ။ ဒီ့ထက်ပိုပြီးဇာတ်နာစရာလည်း မရှိတော့ဘူးလေ။
ကျော်ဟိန်းက ခါးပိုက်နှိုက်ဘ၀မှာ ပြေးရင်းလွှားရင်းနဲ့ ချိုပြုံးကို တွေ့တယ်။
သူတို့နှစ်ဦးသားဟာ အပြန်အလှန် ဘ၀တွေအကြောင်း စားမြုံ့ပြန်ကြရင်းနဲ့
နားလည်မှုရသွားကြတယ်။ ယူဖြစ်သွားကြပုံကလည်း ချိုပြုံးက တင်တင်မြရဲ့
သီချင်းကလေးကို နှစ်ယောက်သားအတူထိုင်ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ကလေးမှာ
နားထောင်နေရင်းနဲ့ ခံစားသွားရတယ်ထင်ပါရဲ့ ။
ကိုဝိုင်းရေ...ကျမ ရှင်နဲ့လာနေမယ်တဲ့။ ဘာမှ ချစ်စကားကြိုက်စကားမပါ။ အလွှာတွေက အောက်တန်းတကာ့ အောက်တန်းကျနေပေမယ့် သူတို့ရင်ထဲက ချစ်စကားကတော့ ရိုမန်တစ်ဆန်ဆဲပါပဲ။ ရင်ထဲ ထိမှန်ဆဲပါပဲ။ သြော်...အချစ်ဆိုတာရယ်ကလဲ။ ဘယ်လိုဘ၀မှာမဆို ဖြစ်တည်လာနိုင်တာပဲကိုး။ အတူတူနေဖြစ်တဲ့အချိန်မှာ အရင်က ဘ၀ဟောင်းတွေကိုပါ စွန့်ပစ်လိုက်ကြတယ်။
အဲ့ဒီလို နှစ်ဦးသား ကောင်းရောင်းကောင်းဝယ်လုပ်စားနေရင်းနဲ့ သူတို့ဘ၀မှာ ကြီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်လာပါရော။ ဘာအခက်အခဲလဲဆိုတော့ ချိုပြုံးက မီးဖွားခါနီး ငွေကြေးက မပြည့်စုံတော့ မီးဖွားစရိတ် အသည်းအသန်လိုအပ်လာတယ်။ ဒါပေမယ့် ကျော်ဟိန်းက အလုပ်အကိုင် အဆင်မပြေဘူး။ အဲ့ဒီမှာ ငွေက တအားလိုလာတော့ ကျော်ဟိန်းက သူအရင်လုပ်ခဲ့ဖူးတဲ့ ဘ၀ဟောင်းကို ပြန်သွားဖို့ စဉ်းစားလိုက်တယ်။ ချိုပြုံးလည်း သိရော အကြီးအကျယ်ပေါက်ကွဲတော့တယ်။
သူ ကျော်ဟိန်းကို ငိုကြီးချက်မနဲ့ ပြန်ပြောတဲ့စကားက ကျနော့်ရင်ကို ထိတယ်ဗျာ။ သူက ပြောတယ်ဗျ။ ကျမဟာ အတိတ်မှာ အပျက်မ ဖြစ်ချင်ဖြစ်ခဲ့မယ်။ ရှင်က ခါးပိုက်နှိုက်ဖြစ်ချင်ဖြစ်ခဲ့မယ်။ ဒါပေမယ့် အခုမွေးလာမယ့် ကလေးရဲ့ အဖေနဲ့ အမေကတော့ လက်ရှိမှာ ခါးပိုက်နှိုက်နဲ့ အပျက်မမဖြစ်စေရဘူး။ ကျမရဲ့ ဆိုးရွားတဲ့ဘ၀ကနေ ကျမကို ကယ်တင်ပေးခဲ့တဲ့ ရှင့်ကို လေးစားခဲ့တယ်။ အားကိုးခဲ့တယ်။ ဒါ့ကြောင့် ကျမဘ၀တစ်ခုလုံးကို ပုံအပ်ခဲ့တယ်။ ဒါပေမယ့် ရှင် အရင်အလုပ်ကို ပြန်လုပ်တော့မယ်ဆိုရင်တော့ ရှင့်ကို ကျမ မပေါင်းနိုင်တော့ဘူးတဲ့။ တကယ့်ကို ခံစားချက်ကြီးနဲ့ပြောတာဗျာ။
ကဲ...စဉ်းစားကြည့်...။ အလုပ်တွေအထဲမှာ အောက်တန်းကျတယ်လို့ ပြောနိုင်တဲ့ ပြည့်တန်ဆာတစ်ယောက်က ကိုယ့်ဘ၀ကို မှားမှန်းလည်း သိခဲ့တယ်။ အမှားကို သိသိချင်း ပြင်လည်း ပြင်ဆင်နိုင်ခဲ့တယ်။ ပြင်ဆင်ပြီးတဲ့အချိန်မှာလည်း ကိုယ့်ဘ၀ကို သန့်သန့်စင်စင်နဲ့ ဆက်လက်တည်ဆောက်နိုင်တဲ့ စိတ်ဓာတ်ရှိခဲ့တယ်။ သူ့သားသမီးတွေကိုလည်း သန့်စင်တဲ့ အဖေနဲ့ အမေကိုသာ ရရှိစေချင်တဲ့ စိတ်ရင်းစေတနာရှိခဲ့တယ်။
မေးပြီဗျာ...။
ခင်ဗျားတို့ဟာ ကျနော်တို့ရဲ့ တိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ အနိမ့်ကျဆုံးဖြစ်အောင် ဖျက်စီးခဲ့တယ်။ စေတနာ ဆိုးယုတ်ခဲ့တယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေကို ကိုယ့်လုပ်ပိုင်ခွင့်အာဏာတွေကို အလွဲသုံးစားလုပ်ပြီး ခို်းခဲ့တယ်။ တကယ်တော့ ခင်ဗျားတို့ဟာ အကျင့်ပျက်ယွင်းနေတဲ့သူတွေပဲ။ သူခိုးအကြီးစားတွေပဲ။ လူဆိုတာ ကိုယ့်အမှားကို မပြင်နိုင်သေးရင်တောင် မှားမှန်း သိရမယ်။ ခင်ဗျားတို့က မှားမှန်း မသိသေးတာလား။ မသိချင်ယောင်ဆောင်နေကြသေးတာလား။ အဲ့ဒါကတော့ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ပဲ သိမှာပေါ့ဗျာ။ တစ်ခုပဲ ပြောချင်တယ်။ ခင်ဗျားတို့ဟာ ကိုယ့်သားသမီးကလေးတွေကို အကျင့်ပျက်သူတွေရဲ့ သားသမီးဖြစ်အောင်လုပ်ခဲ့တယ်။ အမှားနွံထဲမှာလည်း ပျော်ရွှင်နေတယ်။ ဒါ့ကြောင့် ခင်ဗျားတို့ရဲ့ အတွင်းစိတ်ဓာတ်တွေဟာ ပြည့်တန်ဆာမတစ်ယောက်ထက်တောင် ဆိုးရွားနေပြီလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်လိုက်ကြပါဦးဗျာ။
ရူပ တင်း၍ ရေးသည်။
( အားလုံးကို မရည်ရွယ်ပါ။ အကျင့်ပျက်ချစား၍ တိုင်းပြည်ကို နွံထဲ နှစ်နေသော စေတနာဆိုးနှင့် သူများကိုသာ တိုက်ရိုက်ရည်ညွှန်းပါသည်။ )

0 comments:
Post a Comment