Thursday, May 22, 2014

ရ ... ရထားကြီး ... ပျော်ပျော် စီး ........

Yannaung Soe May 13, 2014 at 3:15am


အစ်ကို ဘူတာကို ရောက်ပြီ ….  ဆိုပြီး ကျောက်ပန်းတောင်း မြို့ ထဲ ကနေ ဆိုင်ကယ်နဲ့ ပို့လာပေးတဲ့ မိတ်ဆွေက ပြောတော့ ကျောက်ပန်းတောင်း ဘူတာဆိုတာကို သတိထားပြီး ကြည့်လိုက်တဲ့အခါ  ဖုန်တွေ စွဲကပ်နေတဲ့ ခပ်ဝပ်ဝပ် အဆောက်အအုံလေးတစ်ခုကို မြင်ခဲ့ ရတယ် ။ ကျတော် ကျောက်ပန်းတောင်း ဘူတာဆိုတာ ဒီထက် အများကြီး သစ်လွင်နေလိမ့်မယ်လို့ ထင်ထားတာ ။
ဘူတာထဲမှာတော့  လူသူလေးပါးက ရှင်းလို့ပါ ။ ကျတော့ မှာ ဘူတာကို ရောက်ပြီဆိုတာနဲ့ လက်မှတ်ရောင်း ကောင်တာဆီ အပြေးအလွှားသွားပြီး လက်မှတ်ရောင်းတဲ့ အချိန်ကို ပြေးစုံစမ်းရသေးတယ် ။ ကျတော် ထင်ထားသလို လက်မှတ်ရောင်းတဲ့နေရာနဲ့ အနီးအနားမှာ လက်မှတ်ဝယ်မယ့် သူတွေ အများကြီး ရှိမနေပါဘူး ။ ရထားစင်္ကြန်က ခုံတွေမှာ ထိုင်နေကြတဲ့ လူတွေက နည်းနည်းလောက်သာ တွေ့ ရတာပါ ။ ဒါပေမယ့် အဆင်သင့် ဆိုက်ထားတဲ့ လော်ကယ် ရထားပေါ်မှာတော့ လူတွေ ပြည့်လုနီးပါးပါပဲ ။ ဒါဆို ဒီလူတွေ က လက်မှတ် ရောင်းတဲ့ အချိန်ကျမှ ရထားပေါ်ကနေ ပြန်ဆင်းလားပြီး လက်မှတ်ဝယ်ကြမှာလား ။ ဒါမှ မဟုတ် သူတို့က ရထားလက်မှတ်ကို အကြိုဝယ်ထားပြီးသားလား ။ အို .... မဖြစ်နိုင်ပါဘူး ….။ လက်မှတ်ရောင်းတဲ့ ၀န်ထမ်းက ရထား မထွက်ခင် တစ်နာရီ အလိုမှ စပြီးရောင်းပေးမယ်လို့ ကျတော့ကို အသေချာပြောလိုက်တာပဲ ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ … သူတို့ ရောင်းတဲ့ အချိန်ကျမှ ကိုယ့်ဟာကိုယ် လက်မှတ်ကိုဝယ်ပြီး ရထားပေါ်တက်လိုက်ရုံပေါ့  ။


ကျွန်တော် စီးနင်း လိုက်ပါရမယ့် လော်ကယ် ရထား ..
ကျွန်တော် စီးနင်း လိုက်ပါရမယ့် လော်ကယ် ရထား ..


                          ရထား လက်မှတ် ရောင်းတဲ့ အချိန် စောင့်ရအုံးမှာဆိုတော့ လက်မှတ်ရောင်းကောင်တာနဲ့ မလှမ်းမကမ်းက ကျောချင်းမှီပြီး ထိုင်လို့ရတဲ့ ထိုင်ခုံလေးမှာ ခရီးဆောင် ကျောပိုးအိပ်ရယ် ရွာရောက်ရင် လက်ဆောင်ပေးဖို့ အတွက် ကျောက်ပန်းတောင်းမြို့ ထဲက ၀ယ်လာတဲ့ မုန့်ထုပ်တွေရယ် နဲ့ ကြိုပြီး ၀ယ်ထားတဲ့ ရေသန့်ဘူရယ်တို့ကို စုပြုံထားလိုက်ပြီး ကျတော်ကလည်း နဘေးမှာ ၀င်ထိုင်လိုက်တယ် ။ သိပ်မကြာပါဘူး တစ်ခုံကျော်လောက်ဆီက ကျယ်လောင်တဲ့ သလိပ်ဟပ်အသံကြီး တစ်ချက်ကြားလိုက်ပြီး စက္ကန့်ပိုင်းလောက်မှာ ခေါင်းပေါ်က ပျံဝဲလာတဲ့ အရာဝထ္ထု တစ်ခုက ကျတော့ အရှေ့  သုံးပေလောက် အကွာမှာ “ဖတ်” ဆိုတဲ့ အသံနဲ့ ကျလာတယ် ။ ဘာလဲ မသိဘူးဆိုပြီးကြည့်လိုက်တော့ .. အားလားလား …လက်တစ်ဝါးစာလောက်ရှိတဲ့ နည်းတဲ့ ချွဲသလိပ်ဖတ်ကြီးမဟုတ်ဘူး ။ ဘုရား ဘုရား …. ကံကောင်းလွန်းလို့ အဲဒီချွဲသလိပ်ဖတ်ကြီး ကျတော့ကို မမှန်တာ ။ အဲဒါကြီးနဲ့သာ ကျတော့ကို မှန်သွားလို့ကတော့ ..သွားပြီ ။ သွားမယ့် ခရီးစဉ်ကို ဖျက်ပြီး ရေပြန်ချိုးနေရမယ့်ကိန်း ။ စိတ်ထဲမှာတော့ ထောင်းကနဲ တစ်ချက်ဖြစ်သွားပြီး နေပါအုံး ..ဘာဖြစ်လို့ အရှေ့ နောက် ဘေးဘီမကြည့်ပဲနဲ့ အဲဒီလိုလုပ်ရတာလဲဆိုပြီး စိတ်တိုတိုနဲ့  နောက်လှည့်ကြည့်လိုက်တော့ … လက်သည်ရှင်က စိတ်မနှံ့ တဲ့ အမျိုးသမီးကြီး တစ်ယောက် ဖြစ်နေပြီး ဘယ်သူ့ ကို မှ ဂရုမစိုက်တဲ့ စတိုင်နဲ့ ခုံတမ်းရှည်ပေါ်မှာ အလျှားလိုက်ကြီးအိပ်လို့ …. ။ အဲဒါနဲ့ ပဲ ဘာမှ မပြောသာတော့တာမို့ ကျတော့်မှာ ပါလာတဲ့ အထုတ်တွေ မ လို့ အဲဒီမယ်တော်ကြီးနဲ့ လွတ်ရာကို ပြောင်းရွှေ့ လိုက်ရပြန်တယ် ။ နို့ မို့ရင် သူ့ ဆီက နောက်ထပ် လက်နက်ကြီးတွေ ထွက်လာနိုင် သေးတာကိုး ။


ကိုယ်သွားမယ့် လမ်း တစ်လျှောက် ဘူတာတွေ သိနေဖို့ အတွက် ဆိုင်းဘုတ်ကို ဓာတ်ပုံ ရိုက်ထားလိုက်တယ် ...
ကိုယ်သွားမယ့် လမ်း တစ်လျှောက် ဘူတာတွေ သိနေဖို့ အတွက် ဆိုင်းဘုတ်ကို ဓာတ်ပုံ ရိုက်ထားလိုက်တယ် ...


         စောင့်နေရတဲ့ အချိန်မှာတော့ ပါလာတဲ့ အိပ်တွေကို မျက်ခြေ အပြတ်မခံပဲ လက်နဲ့ အမြဲကိုင်ထားရတယ် ..ဟိုနားဒီနားသွားရင်လည်း ကိုင်သွားရတာပဲ ။ အဲဒီလို ဥစ္စာခြောက် နေရတာက တခြား အတွေ့ အကြုံရှိတဲ့ လူတွေ ပြောပြောနေတာတွေ ကြားဖူးနားဝ ရှိနေလို့ ပါ ။ မီးရထား ဘူတာလို နေရာမှာ ဘာမှ စိတ်ချလက်ချ ထားလို့ မရဘူးတဲ့ ။ အလစ်သုတ်တဲ့ သူ တော်တော် ပေါတယ်ဆိုပဲ ။ အဲဒီလို လက်ကားယား ခြေကားယားနဲ့ မအားမလပ် ဖြစ်နေတဲ့ အကြားထဲမှာ လက်လှမ်းမှီ တာလေးတွေ လေ့လာမှတ်သားပြီး ဓာတ်ပုံတွေ လည်း ရိုက်ဖြစ်ခဲ့ပါတယ် ။ ပြီးနောက်မှာ ရထားလက်မှတ်ဝယ်ဖို့ စောင့်ရင်း အချိန်အားနေတာမို့ ကျတော်ရောက်နေတဲ့ ကျောက်ပန်းတောင်းဘူတာကို ဓာတ်ပုံရိုက်ပြီး ရန်ကုန်က သူငယ်ချင်းတစ်ယောက်ဆီကို မက်ဆေ့ပို့လိုက်တယ် ။ အဲဒီ အခါမှာ .. မင်း အခု ကျောက်ပန်းတောင်းရောက်နေတာလား  ၊ ပေါက်ပေါက် ရှာရှာ မင်းကဘယ်ကို သွားအုံးမလို့လဲ … စသဖြင့် ချက်ချင်းကို အထူးဆန်းလုပ်ပြီး ဖုန်းဆက် မေးပါတော့တယ် ။ ဟုတ်ပါ့ … ကိုယ်သွားမယ့် ခရီးစဉ် အကြောင်း ကို သူမေးတော့မှ ခေါင်းထဲ ပြန်ဝင်လာ မိတယ် ။


ကျွန်တော် စီးခဲ့တဲ ရထားတွဲနဲ့ ခရီးဖော်များ .....
ကျွန်တော် စီးခဲ့တဲ ရထားတွဲနဲ့ ခရီးဖော်များ .....


                 ပြီးခဲ့တဲ့ တပေါင်းလဆန်း ၁၄ ရက်နေ့လောက်က ကျတော် ပခုက္ကူကို အလုပ်ကိစ္စနဲ့ ရောက်နေခဲ့ပါတယ် ။ ညဘက် ကောင်းကင်ကြီးမှာ ထိန်ထိန်သာနေတဲ့ လမင်းကြီး ကိုမြင်ရတော့ ..ပြီးခဲ့တဲ့ နှစ်က ဒီလိုအချိန်လေးမှာ နတ်မောက် မြို့ နယ်  ကျောက်ပန်းတောင်း - နတ်မောက်  ရထားလမ်းပေါ်က ဂွေးကုန်း ဆိုတဲ့ ရွာလေးကို ငါရောက်နေခဲ့တာပါလား ..ဆိုပြီး အဲဒီရွာလေးကိုလွမ်းတဲ့ စိတ်က ချက်ချင်းကြီးကို ၀င်လာခဲ့တာပါ ။ အဲဒီတုန်းက တပေါင်းလပြည့် ထိန်ထိန်သာနေတဲ့ လရောင်အောက်မှာ ပင်းမြို့ ဘုရားပွဲကိုလည်း သွားခဲ့ကြသေးတာကိုလည်း မှတ်မိနေပါသေးတယ်  ။ အဲဒါနဲ့  ကျတော်ရောက်ခဲ့ဖူးတဲ့ ဂွေးကုန်းရွာက ကျတော့ သူငယ်ချင်းရဲ့  မိဘတွေဖြစ်တဲ့ ဦးလေးနဲ့ ဒေါ်လေးတို့ ဆီကို ချက်ချင်း ဖုန်းဆက်ဖြစ်ခဲ့တယ် ။ ဖုန်းဆက် ရာမှာတော့ မာကြောင်း သာကြောင်း နဲ့  ပြီးခဲ့တဲ့နှစ်က ဒီလိုချိန်ကြီးမှာ ဦးလေးတို့ရွာကို ကျတော်ရောက်နေခဲ့လို့  အခု တပေါင်းလပြည့်ခါနီး လမင်းကြီး ထိန်ထိန်သာနေတာကို မြင်ရတော့ ရွာကိုသတိရနေတဲ့ အကြောင်းတွေကို ပြောဖြစ်ပါတယ် ။   ကျတော့ရဲ့  နောက်ပိတ်စကားမှာ .. အခု ကျတော် ပခုက္ကူမြို့ ကို ရောက်နေကြောင်း ၊ နောက် တစ်ရက်ကြာရင် ရန်ကုန်ပြန်တော့မှာ ဆိုတဲ့ အကြောင်း ထည့်ပြောလိုက်တော့  … ရန်ကုန်ပြန်ရင် ကျောက်ပန်းတောင်း ဘက်ကနေပြန်ရတယ် ဆိုတာ သိနေတဲ့ ရွာက ဦးလေးနဲ့ ဒေါ်လေးတို့က  ကျတော့်ကို ကျောက်ပန်းတောင်းမြို့ မှာ ချန်နေရစ်ပြီး ရထားနဲ့ သူတို့ ရွာကို ၀င်ဖြစ်အောင် ၀င်ခဲ့ဖို့ အတန်တန် ဖိတ်ခေါ်နေပါတော့တယ် ။ ကျတော့ အနေနဲ့ကတော့ သွားချင်တဲ့ စိတ်အရင်းခံ ရှိပြီးသားမို့ သူတို့ ဆီ လာဖို့ အတွက် မတင်မကျ ပြောထားပြီး ရန်ကုန်ဖက်ကို တခါ လှည့်လို့ အလုပ်ထဲကို အခြေနေ ကဲခပ်ကြည့်တော့ မီးစိမ်းပြပါတယ် ။  ဒါကြောင့်မို့ ကျောက်ပန်းတောင်းနဲ့ (အဖြောင့်) မိုင်20 ကျော် လောက် ( ရထားနဲ့ ကျတော့ ကွေ့ ဝိုက်ပြီး သွားရတာ မို့ နဲနဲ ပိုဝေးပါတယ်) သာဝေးတဲ့ နတ်မောက်မြို့ နယ်ထဲက ဂွေးကုန်းရွာလေးကို တစ်ရက်အကြာ ခရီးသွားဖို့ အခု ကျောက်ပန်းတောင်းဘူတာကြီးထဲ ကျတော် ရောက်နေရတာ ဖြစ်တယ် ။ ကျတော်ရေးခဲ့ ဖူးတဲ့  ကျွန်တော် ချစ်သော အညာ   ဆိုတဲ့ ခရီးသွားဆောင်းပါးလေး မှာ ဦးတည်ပြီး ရေးခဲ့တဲ့ ဂွေးကုန်းရွာ လေးကို ခရီးကြုံ အနေနဲ့ ဒုတိယအကြိမ် ရထားလမ်းကနေ သွားရောက် လည်ပတ်ခြင်းပါ ။


ကျွန်တော်က ရထားပေါ်မှာ ဒီလို ပုံစံနဲ့ ထိုင်ပြီး လိုက်ခဲ့တယ် ။
ကျွန်တော်က ရထားပေါ်မှာ ဒီလို ပုံစံနဲ့ ထိုင်ပြီး လိုက်ခဲ့တယ် ။


                     စီးရမယ့် ရထားက လော်ကယ် ဒါမှမဟုတ် စာပို့ရထားနဲ့ တဲ့ ။ အဲဒီရထားနှစ်မျိုး စလုံးက နတ်မောက် နဲ့ ကျောက်ပန်းတောင် အကြား ပြေးဆွဲနေတဲ့ ရထားတွေဖြစ်ပြီး ခရီးသည် အတွက်တော့ သက်တောက် သက်သာ မရှိလှဘူးလို့တော့ ကြိုသိထားခဲ့တယ် ။ ဘယ်လိုမျိုးပဲဖြစ်ဖြစ် ကျတော့အတွက် အားလုံး အိုကေတယ် ။ ဒီခရီးကို လာတယ်ဆိုကတည်းက ဒီခရီးစဉ်တစ်လျှောက် ရရှိမယ့် အတွေ့ အကြုံ အကောင်း အဆုံး ကိုကျေကျေနပ်နပ်နဲ့ ခံယူဖို့ စိတ်ကူးထားပြီးသား မို့ပါ ။ စီးရမယ့် ကြာအချိန်ကလည်း 2 နာရီ ၀န်းကျင်လောက်ပဲ ရှိမှာပါ တဲ့ ။
                     လက်မှတ်ရုံ ဆီကနေ ရထားလက်မှတ်များ စတင်ရောင်းချပြီ လို့ ကြေငြာတဲ့ အသံ ကြားလိုက်တော့ တွေးလက်စ ကိုဖြတ်လို့ ပါလာတဲ့ အိပ်တွေကို လွယ်တစ်ချို့  ဆွဲတစ်ဝက်နဲ့  လက်မှတ်ရုံဆီပြေးရပြန်တယ် ။ ကျတော် ထင်ထားတာက လက်မှတ်ရောင်းပြီ ဆိုတာနဲ့ လိုက်ပါမယ့် ခရီးသည် အကုန်လုံး စုပြုံပြီး လာဝယ်ကြမယ်လို့ ထင်ထားတာ ။ အမှန်တကယ် လာဝယ်ကြတဲ့ သူတွေက ကျတော် အပါအ၀င် 10 ယောက် တောင်မပြည့်ပါဘူး ။ လက်မှတ်ဝယ်တော့ အရောင်းဝန်ထမ်းကို အထက်တန်းလက်မှတ် ရပါသလားခင်ဗျာ ..ဆိုပြီးမေးလိုက်တဲ့ အခါမှာ အဲဒီလူက အူကြောင်ကြာင် နဲ့ ကျတော့်ကို တစ်ချက်ကြည့်ပြီး .. မရှိဘူး .. ဆိုပြီးတော့ ခပ်ပြတ်ပြတ် ပြန်ဖြေတယ် ။ အူကြောင်ကြောင် ကြည့်မှာပေါ့ ၊ ဒီလို ရထားမျိုးမှာ အထက်တန်း လက်မှတ်ကို ကျတော်က သွားမေးမိတာကိုး ။ အောက်ပြည် အောက်ရွာမှာမွေး ဖွားကြီးပြင်းတဲ့ ကျတော်က ရထားနဲ့ ပက်သက်လို့ အဲလောက်တောင်မှ ဗဟုသုတ နည်းတာပါ ။ အဲဒါနဲ့  ပဲ ရိုးရိုးတန်းပဲပေးတော့ ဆိုပြီး လက်မှတ်ဝယ်လိုက်တယ် ။ လက်မှတ်ခက ကျောက်ပန်းတောင်းကနေ ဂွေးကုန်း အထိကို ( 250 ကျပ်) တဲ့ ။ တန်လိုက်တာ ။ လက်မှတ် ၀ယ်ပြီးပြီဆိုတော့ ရထားပေါ်တက်ရတော့ မှာမို့ လမ်းခုလပ်မှာ ကျရောက်နိုင်တဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်ရပါအုံးမယ် ။ ဒါကြောင့် အနီးနားက လူတစ်ယောက် ညွှန်ပြပေးလိုက်တဲ့ နေရာလေးဆီ ဦးတည်ပြီး အထုပ် အပိုးတွေ နဲ့ တခါ သွားလိုက်ရပြန်တယ် ။ အဲဒီနေရာလေးကို အခုစာရေးနေတဲ့ အချိန်မှာ မျက်စိထဲ ပြန်မြင်ကြည့်တော့    “အရှေ့ ကကြည့်လည်း မလုံမလုံ… အနောက်ကကြည့်လည်း မလုံမလုံ … အဘေးကကြည့်လည်း မလုံမလုံ”…ဆိုတဲ့ သီချင်းလေးကို ပြေးပြီး သတိရနေမိတယ် ။ တော်ပါသေးရဲ့  ပေါ့ပါးတဲ့ ကိစ္စကိုသာ ဖြေရှင်းခဲ့ရလို့ ။



ကြေးနီရောင် လွှမ်းနေတဲ့ အညာ ရှုခင်း ..
ကြေးနီရောင် လွှမ်းနေတဲ့ အညာ ရှုခင်း ..


        ရထားပေါ် ရောက်လို့ ကိုယ်ထိုင်မယ့်နေရာကို ရှာကြည့်လိုက်တော့ လွယ်လွယ် ကူကူ နဲ့ အဆင်သင့် ထိုင်ရမယ့်နေရာ ကိုမတွေ့ ခဲ့ ပါဘူး ။ လွတ်နေတဲ့ နေရာတွေ တွေ့ပြန်တော့လည်း အဲဒီနေရာမှာ လူရှိတယ် အောက်ကို ခဏလောက် ဆင်းသွားတာ .. ပြန်လာလိမ့်မယ် ဆိုပြီး အနီးနားမှာ ထိုင်နေတဲ့ မိန်းမကြီးတစ်ယောက်က ပြောပါတယ် ။ ဒီတော့ ငှက်ပျောသီး ခြင်းကြီးတွေနဲ့ သင်္ဘေသီးထည့်ထားတဲ့ အိပ်တွေ လို့ ထင်ရတဲ့ အိပ်တွေအကြား လူတစ်ယောက်ထိုင်ဖို့အတွက် နေရာလွတ်ကလေးမှာ ၀င်ထိုင်လိုက်ရတယ် ။ အခု ကျတော် စီးမယ့်ရထားက စုန်ဆင်းရမယ့် ရထားဆိုတော့ တောင်ဘက်ကို သွားရမှာဖြစ်တယ် ။ ကိုယ်သွားရမယ့် ဂွေးကုန်းဘူတာက ရထားလမ်း အရှေ့ ဘက်ခြမ်း ။ ဒီတော့ ဆင်းရမယ့်ဘူတာကို ရောက်လို့  အလွယ်တကူဆင်းနိုင်ဖို့  ဆို ရထားရဲ့  ဘယ်ဘက်ခြမ်း မှာထိုက်ရမှာပေါ့…. လို့ တွေးပြီး အရပ်လေးမျက်နှာကို ကိုယ့်ဟာကိုယ် အကွက်ချပြီး နေရာယူလိုက်တော့တယ်  ။
                 ညနေ 5 နာရီ ထိုးလို့ရထားစထွက် တော့ ကျတော် ထင်ထားသလို တောင်ဘက်ကို ထွက်ခွာတာ မဟုတ်ပဲ မြောက်ဘက်ကို စပြီးရွေ့ နေတာကိုသတိထားမိတဲ့ အခါမှာ …. မြတ်စွာဘုရား …ငါတော့ ရထားမှားစီးမိပြီလား မသိဘူး … ခုက္ခပဲ … ဆိုပြီးတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး ။ အဲဒါနဲ့ပဲ ဖုန်းကို ကပြာကရာထုတ်လို့ GPS မြေပုံကိုအမြန်ဖွင့်ကြည့်လိုက်ရတယ် ။ အဲဒီတော့မှ စောစောက ကျတော် ထင်ထားတဲ့ အရပ်လေးမျက်နှာဟာ မှားနေမှန်းသိရပြီး ရထားကလည်း တောင်ဘက်ကို တည့်တည့် စုံဆင်းထာ မဟုတ်ပဲ အရှေ့ ဘက်ယွန်းယွန်းလေးကို ကွေ့ ပြီးတော့ မှ အောက်တည့်တည့်ကို စုံဆင်းနေမှန်းသိရတော့တယ် ။ တော်သေးတာပေါ့ ဆိုပြီး စိတ်ကို ဒုန်းဒုန်းချလို့ ပတ်ဝန်းကျင်သဘ၀ ရှုခင်းလေးတွေကိုဘက်ကို အာရုံလွှဲလိုက်ရတယ် ။


နွားတွေလည်ဲးမြက်ခြောက်ကိုစားရရှာတယ် ...
နွားတွေလည်ဲးမြက်ခြောက်ကိုစားရရှာတယ် ...


                    အညာဆိုတော့ အညာပီပီ ပါပဲ ။ တပေါင်းလ အညာ ရှုခင်းကတော့ ပတ်ဝန်းကျင်တစ်ခုလုံး ချောက်သွေ့ လို့ ကျေးနီရောင် သန်းလို့ ချောက်သွေ့ တဲ့ ကွင်းပြင်ကြီးကိုပဲ မြင်နေတယ် ။ ဟိုး အဝေး ဆီမှာတော့ တောင်ကတုံးကြီးတွေက ဒီဒေသ တစ်ခု လုံးကို ၀န်းရံထားသလိုပါ ။ ဒါကြောင့်လဲ ရှေးယခင်က ဒီကျောက်ပန်းတောင်း ဒေသရဲ့   အနီးနားမှာ ရှိတဲ့ ပုဂံပြည်ကြီးကို တပ္ပဒီပ ( ကြေးရောင်လွှမ်းတဲ့ မြေ ) လို့ခေါ်ကြတာပေါ့ ။ ကြည့်လိုက်တဲ့ မြင်ကွင်းအများစုကိုတော့ ထန်းပင်တွေ ကလွှမ်းမိုး လျှက်ပါပဲ ။ ဒီအကြားထဲ ကျိုးတိုးကြဲတဲ ပေါက်ရေက်နေတဲ့ အပင်ငယ်လေးတွေ နဲ့ အညာ မြေရာသီဥတု အလိုက်သင့် ရှင်သန်ပေါက်ရောက် နေတဲ့ အပင်တို့ကတော့ အပူကို အံတုလို့ စိမ်းရွက်လေးတွေ တွေ ဝေနေတာကို တွေ့ ရပါတယ် ။ ရထားလမ်းတေလျှောက် တစ်ချို့ နေရာတွေမှာ အစာရှာစားလျှက်ရှိနေတဲ့ နွားတွေ တစ်အုပ်နှစ် အုပ်ကိုတွေ့ ရသေးတယ် ။ ဒီက နွားတွေက စိမ်းစိမ်း စိုစို ရှိနေတဲ့ မြက်ပင်ဆိုလို့ ဘယ်နေရာမှာမှ မမြင်ရဲ့ တဲ့ ဒီလို နေရာတွေမှာ ဘာတွေကို ရှာပြီး စားနေကြရတာပါလိမ့် … လို့ တွေးနေရင်းက ကျတော်တို့ ဘက်မှာ နွားမွေးမြူမှု ပျောက်ကွယ်လု နီးပါးဖြစ်နေတာမို့  တစ်နှစ်ပါတ်လုံး ပေါများစွာ စိမ်းစိုနေတတ်တဲ့  မြက်တွေကို ဒီကနွားတွေတွက် သယ်ယူလာချင်တဲ့ စိတ်တွေ ပေါက်နေမိပြန်တယ် ။ တကယ်တော့ ကျတော်က ကိုယ့်အတွေးနဲ့ ကိုယ် ဒီကနွားတွေအတွက် စိတ်မကောင်းဖြစ်နေမိပေမယ့် သူနေရာမှာ သူ့ အလိုက်ထိုက် တော့ စားစရာတွေ ရှိပြီးသားဖြစ်နေမှာပါ ။


အိနြေ္ဒကြီးလွန်းလှစွာနဲ့ တဖြည်းဖြည်း ခုတ်မောင်းနေတဲ့ ရထားကြီး
အိနြေ္ဒကြီးလွန်းလှစွာနဲ့ တဖြည်းဖြည်း ခုတ်မောင်းနေတဲ့ ရထားကြီး

              ရထားကတော့ စီးရတာ အဆင်ပြေပါတယ် ။ လေလေး တစ်ဖြူးဖြူးနဲ့ ပတ်ဝန်းကျင်ကိုငေးမော ရှုစားရင်းလိုက်ပါစီးနင်းရတာ ခံစားမှု အသစ် တစ်မျိုးကို ပေးစွမ်းနိုင်သားပဲ ။ တချက်တချက် မြင်းစီးသလိုမျိုး ယိမ်းထိုး လှုပ်ရှားတာကလွဲလို့ပေါ့လေ ။ ရထားကို ကြည့်ရတာ ဘယ်ခေတ်လောက်ကတည်းက ကျတော် တို့မြန်မာ နိုင်ငံကိုရောက်လာတဲ့ ရထား တွဲတွေလဲတော့ မသိဘူး ။ ကျတော် မြင်ဖူးသမျှ ပြေးဆွဲနေဆဲ ရထားတွေ ထဲမှာတော့ ( သက်ညှာစွာနဲ့ ပြောရရင် ) ရှေးအကျဆုံး ၊ ( ခေတ်စကားနဲ့ ပြောရရင် ) အစုတ်ဆုံး လို့ပြောရမယ်ထင်တယ် ။ ရထား သံလမ်းတွေကလည်း ဘာချွတ်ယွင်းချက်တွေ ရှိနေသလဲတော့ မသိဘူး ရထားငြိမ်သက်မှု မရှိတာကြောင့် ဂျိုးဂျိုး ဂျိတ်ဂျိတ်နဲ့ ခပ်မှန်မှန်ပဲ ခုတ်မောင်းနေရပါတယ် ။ ကျတော်တို့ မြန်မာနိုင်ငံ မှာ ပထမဆုံး မီးရထားလမ်းဖြစ်တဲ့ ရန်ကုန် - ပြည် ရထားလမ်းကို သီပေါမင်း မပါတော်မူခင် 1877 ခုနှစ် ကတည်းက ဖောက်လုပ် ပြေးဆွဲခဲ့တယ်လို့မှတ်သားရဖူးတော့ ဒီဘက်ခြမ်းက ရထားလမ်းတွေကို ဘယ်ချိန်လောက်မှာ စတင်ဖောက်လုပ်ခဲ့တာပါလိမ့် လို့ စိတ်တဲမှာ သိချင်နေမိပြန်တယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျတော့် အနေနဲ့ ကျောက်ပန်းတောင်းနဲ့ နတ်မောက် အကြားမှာ ရှိတဲ့ ဒေသခံ ပြည်သူတွေ အဓိက အားထားနေရတဲ့ မီးရထား ပို့ဆောင်ရေး စနစ်ကိုတော့ ဒီထက် ပိုမိုကောင်းမွန်စေချင်တာ အမှန်ပဲ ။ အခုကတော့ ကုန်ပစ္စည်းနဲ့ လူတွေ ရောနှောလို့ လိုက်ပါနေရတယ် ဆိုတော့ သုံးပြု စီးနင်းလိုက်ပါနေတဲ့ ခရီးသည်တွေ အနေနဲ့  သက်တောင့် သက်သာ အပြည့်အ၀ မရသေးဘူးလို့ပဲ ဆိုရမှာပါ ။ ကျတော်ဆိုလည်း ပထမ တစ်ခေါက် နှစ်ခေါက်လောက်တော့ အတွေ့ ကြုံရချင်လို့ စီးကြည့်ဖူးချင် တာ အမှန်ပေမယ့် အမြဲတမ်းတော့ စီးချင်မှာမဟုတ်ပါဘူး ။ အမြဲစီးနေရရင် ရ ရထားကြီး ပျော်ပျော်စီး ဆိုတဲ့ ချစ်စရာ  စကားလေးက ရ ရထားကြီး စိတ်ပျက်စရာကြီး  ဆိုပြီး စိတ်ထဲမှာ  ဖြစ်နေမလားပဲ ။




                တစ်ကိုယ်တည်း တောင်တွေး မြောက်တွေးနဲ့ တွေးနေလိုက်တာ ရထားလက်မှတ် စစ်တဲ့သူ ကိုယ့်အရှေ့ ရောက်လာတော့မှ အတွေးမျှင်တွေ ပြတ်သွားတော့တယ် ။ ကျတော် စီးနင်းလိုက် ပါလာတဲ့ ရထားအတွဲ ထဲမှာ ကျတော်လို လက်မှထုတ်ပြီး အစစ်ခံတဲ့ သူနည်းပါတယ် ။ ကုန်ပစ္စည်းနဲ့ တစ်ပါတည်း ပါလာတဲ့ သူတွေက လက်မှစ် စစ်တဲ့သူကို ရထားလက်မှတ်ထုတ်ပြရမယ့်အစား လူအတွက်ရော ပစ္စည်းခ အတွက်ပါ ပိုက်ဆံတွေ ပေးချေနေတာကို တွေ့ ရတော့ ကျတော့် အနေနဲ့ကတော့ ထူးဆန်းနေသလိုပါပဲ ။ ဒါကြောင့် ကျတော့် နဘေးမှာ လိုက်ပါလာတဲ့ ဦးလေးကြီးကို အကျိုးအကြောင်းမေးလိုက်တဲ့ အခါမှာ လူလေးရေ … သူတို့က ခရီးသည်တွေ ရထားလက်မှတ်ဝယ်ပြီး စီးတာထက် အခုလို လက်မှတ်စစ် ဆီမှာ ပိုက်ဆံပေး ၀ယ်စီးတာကို ပိုကြိုက်တာကွဲ့  …တဲ့ ။ အဲဒီတော့မှ သဘောပေါက်လိုက်ရတယ် ။ သူလည်း အိုကေ ကိုယ်လည်း အိုကေ ဆိုတာမျိုးပါလား .. လို့လေ ။
               ကျတော်က ပစ္စည်းပုံတွေ အကြားမှာ ကျုံ့ကျုံ့လေး ထိုင်ပြီး လိုက်ခဲ့ရပေမယ့် ကိုယ်နဲ့ အတူပါလာတဲ့ အထုတ်လေးတွေကိုတော့ မျက်ချေ အပြတ်မခံပဲ အမြဲစောင့်ကြည့်နေရတယ် ။ ပြီးတော့ ကျတော့ရဲ့ လွယ်နေကျ အိပ်လေးမှာ ကိတ်မုန့်ထုတ်ကြီးတစ်ထုတ်လည်း တွဲလို့ ချည်ထားပါသေးတယ် ။ ဒါတွေက ရွာမှာ ရှိတဲ့ ၊ ကျတော့ကို ခင်မင်လှတဲ့ သူငယ်ချင်းရဲ့  အဖိုးနှစ်ယောက်နဲ့ ဦးလေးတို့ အိမ်အတွက် ကျောက်ပန်းတောင်းကနေ ၀ယ်ခဲ့တဲ့ မုန့်တွေပါ ။ ရွာက အဖိုးအကြောင်းကို တွေးမိတော့ ဒီကို မလာခင် ရွာကဦးလေး ဖုန်းဆက်တာကို သတိရနေမိတယ် ။ လူလေးရေ … မင်းအဖိုး ( သူငယ်ချင်းရဲ့ အဖိုး ) ကတော့ မင်းလာမယ် လို့ ပြောထားလိုက်တာနဲ့ ရထားအသံကြားတိုင်း ဖင်တကြွကြွ ဖြစ်နေတာပဲ … တဲ့ ။ အဲဒီလို ကြားခဲ့ရတော့ ….. ကျတော်လည်း အဖိုးတို့ ဆီကို အမြဲလာခဲ့ချင်တာပါပဲ အဖိုးရေ … လို့ စိတ်ထဲကနေရေရွတ်နေမိပါတယ် ။


ညောင်တို ဘူတာက အိုးသည်လေးတွေ ..
ညောင်တို ဘူတာက အိုးသည်လေးတွေ ..

        ရထားကြီးကလည်း အိနြေ္ဒရလွန်းစွာနဲ့ တဂျိုးဂျိုး တဂျိတ်ဂျိတ် ခုတ်မောင်းလာခဲ့တာ နေရာင်လေးက ဖျော့လာလို့ ပတ်ဝန်းကျင်တစ်ခုလုံးက အမှောင်ရိပ် သန်းစပြုလာပါပြီ ။ နေ့ခင်းအချိန်တွေမှာ နေဘယ်လောက်ပူပူ နေရဲ့ အရှိန်လျှော့လာတာနဲ့အမျှ လေအေးလေးတွေက တိုက်ခပ်လို့ လာခဲ့တာပါပဲ ။ အဲဒီ အချိန်မှာ ကျတော့ စိတ်ထဲကို တော့ စိုးရိမ်စိတ်လေး နည်းနည်း ပြေးဝင်လာတော့တယ် ။ ဘာကြောင့်လဲဆိုတော့ ကျတော်သွားမယ့် ရွာကို နှစ်ရက်ခရီးတည်း တစ်ခါသာ ရောက်ဖူးသေးတော့ မှောင်လာတဲ့ အချိန်မှာ ကိုယ်ဆင်းရမယ့် ဘူတာကို မမှတ်မိမှာ စိုးလို့ပါ ။ ကျောက်ပန်းတောင် ဘူတာက ဆိုင်းဘုတ်ကြီးမှာ ဖုန်းနဲ့ ဓာတ်ပုံ ရိုက်လာခဲ့တဲ့ ရထားရပ်မယ့် ဘူတာနာမည်တွေကို ပြန်ပြီး စစ်ကြည့်လိုက်တော့ ကျောက်ပန်းတောင်းကနေ ထွက်တာနဲ့  ကြေးနီ ၊ သံချေးကန် ၊ ဒါန်း ၊ ဂွေးချို ၊ ထမင်းဖြူ ၊ အင်တောကျယ် ၊ ညောင်တို ၊ ပင်းချောင်း ၊ ဂွေးကုန် … ဆိုပြီး ရေးထားတာတွေ့ ရပါတယ် ။ အခု အင်တောကျယ် ဘူတာက ထွက်လာနေပြီမို့ နောက် ရပ်မယ့် ဘူတာဟာ ညောင်တို ဘူတာ ဖြစ်ပါမယ် ။
     ညောင်တို ဘူတာကို ဆိုက်ပြီ ဆိုတာနဲ့ ယောင်္ကျား မိန်းမ အကြီး အငယ်တို့ဟာ သူတို့ လက်နှစ်ဖက်နဲ့ ပါသလောက် ရေအိုးတွေကို သယ်ယူလို့ ရထားကြီး ဆီ ပြေးဝင်လာနေတာကို တွေ့လိုက်ရတယ် ။ ကျတော်က အဲဒီ အိုးတွေကို ရထားနဲ့ တခြားမြို့ တစ်မြို့ ကိုသယ်သွားမယ် အောက်မေ့တာ ။့  ရေအိုးတစ်လုံး လေးရာပါ .. သုံးလုံး တစ်ထောင် ..ဆိုပြီး အော်နေတဲ့ အသံ ကြားတော့ မှ  သြ …. ရထားမှာပါလာတဲ့  ခရီးသည်တွေကို ရေအိုး လိုက်ရောင်းတာကိုး .. လို့ သိလိုက်ရတယ် ။ အော်နေတဲ့ ရေအိုး ဈေးနုန်းကို လည်း နားထောင်ကြည့်အုံး .. တစ်လုံးကို လေးရာ ၊ သုံးလုံး တစ်ထောင် တဲ့ ။ တန်လိုက် တာ … ။ ရထားပြန်ထွက်ဖို့ စက်အရှိန်မြှင့်လိုက်တော့ နှစ်လုံးကို ငါးရာ ဆိုပြီး အော်ရောင်းနေတဲ့ အသံတွေကို ကြားလိုက်ရပါတယ် ။ အခုလို ဈေးပေါလိုက်ပုံမျာနဲ့တော့ စိတ်ရှိလက်ရှိသာဆို ရေအိုး အလုံး နှစ်ဆယ်လောက်သာ ၀ယ်သွားလိုက်ချင်ပါရဲ့  ။ အခုကတော့ ကိုယ်က ခရီးသွားနေရတာမို့ စိတ်ကို လျှော့လိုက်ရတယ် ။

တစ်လုံးကို လေးရာ ၊ သုံးလုံးကို တစ်ထောင် နောက်တော့ နှစ်လုံးကို ငါးရာတဲ့
တစ်လုံးကို လေးရာ ၊ သုံးလုံးကို တစ်ထောင် နောက်တော့ နှစ်လုံးကို ငါးရာတဲ့


  အနောက်ရပ်က နေလုံးကြီး လုံးဝ ပျောက်ကွယ်သွားပါပြီ ။ ရထား ဖြတ်သန်း ခုတ်မောင်းနေတဲ့ ပူပြင်းချောက်သွေ့ လွင်ပြင်ကြီးက အခုချိန်မှာ နေ့ခင်ဘက်ကလို မဟုတ်ပဲ တိုက်ခတ်လာတဲ့ လေပြေ လေအေးလေး အောက်မှာ အေးဆေး ငြိမ်သက်စွာနဲ့ အနားယူနေပါပြီ ။ ပင်းချောင်း ဘူတာကို ကျော်လာပြီး ကျတော် ဆင်းမယ့် ဂွေးကုန်း ဘူတာ အနားရောက်ခါနီးတဲ့ အခါမှာ အရှေ့ ဘက်ကောင်းကင်မှာ တပေါင်းလပြည့်ကျော် ၁ ရက်နေ့ လမင်းကြီးက ၀ိုင်းဝိုင်း စက်စက်နဲ့ ကျတော်ကို ခရီးဦးကြိုဆို နေသလိုပါပဲ ။ နောက် သိပ်မကြာခင်မှာ ကျတော်စီးနင်းလာတဲ့ ရထားကြီးဟာ ဂွေးကုန်းဘူတာကို ၀င်ပါတော့မယ် ။ ရထား စထွက်စမှာ စီးရတာ နည်းနည်း ကသိကအောက် ဖြစ်မိပေမယ့် အခုလို နေရှိန်ပျောက်တဲ့ အချိန် လေအေးလေး တဖြူးဖြူးနဲ့ အမှောင်ရိပ်သန်းစ ပတ်ဝန်းကျင် ရှခင်းတွေကို ခံစားပြီး ရထားစီးရတဲ့ အရသာက တစ်သက် မမေ့စရာ ... ။  ဒါပေမယ့် အဲဒီ အရသာကို ကျတော် အကြာကြီး ရလိုက်မှာ မဟုတ်ပါဘူး ။ ဟော …. ရထား ဥသြဆွဲသံကြားရပြီ … ဂွေးကုန်း ဘူ
တာ ရောက်ပြီပေါ့ ။ ပါလာတဲ့ အထုပ်တွေ အိပ်တွေ ကို သေချာစစ်ပြီး ရထားပေါ်က ဆင်းလိုက်တဲ့ အခါမှာတော့ ကျတော် လာရောက် လည်ပတ်တဲ့ အိမ်က ညီလေးတစ်ယောက် အပြေးကလေးလာလို့  ကျတော့်ကို ဆီးကြိုလိုက်ပါတယ်  ။ လောကဒတ် ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကလည်း သာရာလှပလို့ ပါပဲ ။

                                                                                             ( ရန်နောင်စိုး )

 
ကျတော် သွားရောက်လည်ပတ်ခဲ့တဲ့ အိမ်နဲ့ ဂွေးကုန်းဘူတာလေး ...... ( နောက်နေ့ မနက် )
ကျတော် သွားရောက်လည်ပတ်ခဲ့တဲ့ အိမ်နဲ့ ဂွေးကုန်းဘူတာလေး ...... ( နောက်နေ့ မနက် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...