Wednesday, May 21, 2014

သိန်းငှက်တစ်ကောင်လို ကောင်းကင်မှာပျံသန်ဖို့ အဆင်သင့် ဖြစ်ကြပြီလား

--------------------------------------------------------------------------------------------
“ကမ်းပါးစွန်းကိုလာခဲ့ကြပါ”
“ကျွန်တော်တို့ကြောက်ပါတယ်”
“ကမ်းပါးစွန်းကိုလာခဲ့ကြပါ”
ကမ်းပါးစွန်းကို လာခဲ့ကြသောအခါ တွန်းချခြင်းခံရပြီး ကောင်းကင်ထက်ကို ပျံတက်သွားကြသည်။
Guillaume Apollinaire ခေါ်ပြင်သစ်ကဗျာဆရာတစ်ဦး၏ ရေးသားဖော်ပြချက်ကို ကောက်နှုတ်ထားပါသည်။
ကျွန်မ အလွန်နှစ်သက်ခဲ့တဲ့ သင်ခန်းစာယူဖွယ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို စာဖတ်ပရိတ်သတ်ကြီးကို မျှဝေချင်ပါသည်။ မိမိကိုယ်ကို ကြက်ပေါက်ကလေးဟု ထင်နေသောသိန်းငှက်လေးတစ်ကောင် အကြောင်းဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့……
တနေ့မှာ ကြက်မွေးမြူတဲ့လယ်သမားကြီးတစ်ဦးက သူ့ရဲ့ကြက်ခြံအနီးမှာ သိန်းငှက်ဥလေးတစ်ဥ ကျနေတာကို တွေ့တယ်။ လယ်သမားကြီးကလည်း ဒီအတိုင်းထားလိုက်ရင် ဥကလေး တက်နင်းမိ၍ သေဆုံးသွားမှာကိုစိုးရိမ်ပြီး သူ့ရဲ့ကြက်ခြံထဲမှ အခြားကြက်ဥများနှင့်အတူ ရောထားလိုက်တယ်။
မကြာခင်မှာပဲ သိန်းငှက်ကလေးဟာ ဥထဲမှပေါက်ဖွားလာခဲ့တယ်၊ ဒီလိုနဲ့ကြက်ကလေးတွေကြားမှာ ကိုယ့်ကိုယ်ကိုလည်း ကြက်ကလေးလို့ထင်ပြီး ဆက်လက်နေထိုင်ခဲ့တယ်၊ အခြားကြက်ကလေးတွေအတွက်တော့ သိန်ငှက်ကလေးက ရယ်စရာဖြစ်နေတာပေါ့၊ တစ်ခုခုမှားယွင်းနေတယ်လို့ခံစားရသော်လည်း အားလုံးထဲမှာ အကောင်းဆုံးကြက်ကလေးဖြစ်ဖို့ ကြိုးစားနေထိုင်ခဲ့တယ်။
ကြက်ကလေးတွေဟာ နီးနီးနားနားပဲ ပျံသန်းနိုင်ကြတဲ့အတွက် ကြက်ကလေးလို့ထင်နေတဲ့ သိန်းငှက်ကလေးကလည်း မိမိကိုယ်ကိုအခြားကြက်ကလေးတွေနည်းတူပဲ ပျံသန်းနိုင်တယ်လို့ ထင်မင်ယူဆခဲ့တယ်။

သိန်းငှက်ကလေးဟာ မြေကြီးပေါ်က ပိုးမွှားလေးတွေ တီကောင်လေးတွေကို ဆိတ်တယ်၊ ကြက်ကလေးတွေလိုလိုက်တွန်တယ်၊ သူ့ရဲ့အတောင်လေးတွေနဲ့ လေထဲမှာအနည်းငယ်ခုန်ပျံတက်ပြီး ကြက်ကလေးတစ်ကောင်လို နေနေခဲ့တယ်။

တစ်နေ့မှာတော့ ကိုယ့်ကိုယ်ကို ကြက်ပေါက်ကလေးဟု ထင်နေသောသိန်းငှက်ကလေးဟာ ကောင်းကင်ကိုမော့ကြည့်မိတော့ အမြင့်ထက်မှာ ထူးခြားပေါ့ပါးစွာ ပျံသန်းနေတဲ့ သိန်းငှက်တစ်ကောင်ကို တွေ့သွားတယ်။

“ပျံသန်းနေတာ ကျက်သရေရှိလိုက်တာ ဒါဘာငှက်မျိုးလဲ” ဟုအံ့သြကြီးစွာ မေးလိုက်တယ်။
“ငှက်တွေရဲ့ဘုရင် သိန်းငှက်တစ်ကောင်ပေါ့၊ သိန်းငှက်တွေဟာ ငါတို့လို မြေကြီးပေါ်မှာမနေဘဲ ကောင်းကင်မှာပဲနေကြတယ်” လို့ကြက်ကလေးတစ်ကောင်ကပြန်ဖြေတယ်။
ဒီလိုနဲ့ရက်အနည်းငယ်ကြာမြင့်ပြီးနောက် သိန်းငှက်ကြီးတစ်ကောင်ဟာ လယ်သမားကြီးရဲ့စပါးကျီမှာလာနားရင်း သိန်းငှက်ကလေးကိုကြက်များကြားထဲမှာ တွေ့သောအခါ ငှက်ကလေးဆီကို ထိုးဆင်းသွားလိုက်တယ်။
“သိန်ငှက်ကလေး ဘာလုပ်နေတာလဲ” ဟုသိန်းငှက်ကြီးကမေးတယ်၊
“ဘာကိုဆိုလိုတာလဲ ခင်ဗျ” ဟုသိန်းငှက်ကလေးက ပြန်မေးတယ်၊
“ကြက်ကလေးတွေကြားမှာ ဘာလုပ်နေတာလဲ” ဟုသိန်းငှက်ကြီးကပြန်မေးတယ်၊
“ကျွန်တော်ကကြက်ကလေးလေ ဒါကကျွန်တော့သူငယ်ချင်းတွေပါ” ဟုသိန်းငှက်ကလေးက ပြန်ဖြေပါတယ်၊
ဒီတော့ သိန်းငှက်ကြီးကအံ့အားသင့်ပြီး “သင်ကကြက်ကလေးမဟုတ်ပါဘူး သိန်းငှက်တစ်ကောင်ပါ၊ သင်အမှန်တကယ်နေရမှာက ဟိုးစပါးကျီအထက်က ကောင်းကင်ပေါ်မှာပါ၊” ဟုပြန်ပြောသည်။
သိန်းငှက်ကလေးကလည်း “မဟုတ်ဘူးခင်ဗျ၊ ကျွန်တော်ကမပျံနိုင်ပါဘူး” ဟု ပြန်ဖြေတယ်၊

“သင်မပျံနိုင်တာ ပျံသန်းဖို့ မကြိုးစားခဲ့လို့ဖြစ်မှာပါ။ သင်ဟာလည်း ကျွန်ုပ်တို့လို သိန်းငှက်တစ်ကောင်ပါ၊”ဟုသိန်းငှက်ကြီးကပြန်ပြောသည်။
“ဒါဟာအမှန်တရားဆိုရင်တောင် ကျွန်တော့ဘ၀တစ်လျှောက်လုံး ကြက်ကလေးတစ်ကောင်လို နေခဲ့လို့ ကျွန်တော် သိန်းငှက်မဖြစ်နိုင်တော့ပါဘူး” ဟုသိန်းငှက်ကလေးက ပြန်ဖြေတယ်၊
“သိန်းငှက်တစ်ကောင် ဖြစ်ဖို့ သင်ဘယ်လိုနေခဲ့လဲ ဆိုတာထက် သင့်ရဲ့ရင်တွင်းဆန္ဒကသာအဓိကကျပါတယ်၊” ဟုသိန်းငှက်ကြီးကပြန်ပြောသည်။
“သူ့စကားနားမထောင်ပါနဲ့ ညာပြောနေတာပါ” ဟုကြက်ကလေးတွေက ၀ိုင်းပြောကြတယ်၊

သိန်းငှက်ကလေးဟာတွေဝေနေသော မျက်လုံးတစ်စုံဖြင့် ကြက်ကလေးတွေကို တစ်လှည့်၊ သိန်းငှက်ကြီးကို တစ်လှည့် ကြည်းခဲ့သည်။ ရုတ်တရက် “ငါသာ သိန်းငှက်တစ်ကောင်ဖြစ်ခဲ့ရင် ဘာလုပ်သင့်သလဲ” ဆိုတဲ့မေးခွန်းတစ်ခုမေးမိတယ်။ စူးစမ်းလိုစိတ်၊ ကျွမ်းကျင်တတ်မြောက်လိုစိတ် ပြင်းပြနေသော သိန်းငှက်ကလေးဟာ သိန်းငှက်ကြီးခေါ်ဆောင်ရာနောက်ကို နောက်ကျောပေါ်မှလိုက်စီးပြီး ပါသွားခဲ့တယ်။
မြင့်မားတဲ့ ကမ်းပါးစွန်းတစ်ခုကို ရောက်တော့ သိန်းငှက်ကြီးဟာ သိန်းငှက်ကလေး ကိုချပြီး တွန့်ဆုတ်ခြင်းမရှိစွာဖြင့် သူ့ရဲ့လှပသောအတောင်များကို ဖြန့်ကားပြီး ကမ်းပါးစွန်းကနေ ကောင်းကင်ထက်သို့ ပျံဝဲသွားခဲ့သည်၊
ငှက်ကလေးဟာ အံ့သြမှင်သက်စွာ ငေးကြည့်နေရင်းမှာပင် သိန်းငှက်ကြီးဟာသိန်းငှက်ကလေးဆီသို့ ပြန်လာခဲ့ပြီး “ငှက်ကလေး ပျံကြည့်ပါလား” ဟုပြောသည်။

သိန်းငှက်ကလေးက ကမ်းပါးစွန်းကနေငုံ့ကြည့်လိုက်ပြီး တုန်ရီနေသည်။ သူတစ်ခါမှမပျံသန်းခဲ့ဖူးတော့ သေသွားမလား၊ လိုက်ခဲ့မိတာမှားပြီလားဆိုပြီး တွေဝေနေစဉ် “အောက်ကို ငုံ့မကြည့်ပဲ ကောင်းကင်ထက်ကိုသာကြည့်ပြီး နေမင်းကြီးဆီကို ဦးတည်ပျံသန်းလိုက်ပါ။” ဟုသိန်းငှက်ကြီးကပြောသည်။ သိန်းငှက်ကလေးလည်း သူ့ရဲ့အတောင်လေးတွေကို ဖြန့်ကားပြီး သိန်းငှက်ကြီးအကူအညီဖြင့် ကောင်းကင်ထက်ကို ပျံသန်းသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး သိန်းငှက်ကလေးဟာ သူ့ကိုယ်သူကြက်ကလေးလို့ မထင်တော့ပါဘူး၊ သူဟာသိန်းငှက်တစ်ကောင်ဆိုတာ သိသွားပြီလေ။

သင်ခန်းစာယူရမှာကတော့ သင်တို့ဟာလည်း ကိုယ့်ကိုယ်ကို ကြက်ကလေးလို့ထင်ပြီး နေထိုင်ခဲ့တဲ့ သိန်းငှက်ကလေးလို ကိုယ့်မှာရှိပြီးသား အရည်အချင်းအစစ်အမှန်တွေကို မဖော်ထုတ်နိုင်သေးသူတစ်ဦးဖြစ်နေခဲ့မယ်ဆိုလျှင် လက်တွေ့ကြိုးစားကြည့်လိုက်ပါ။ ကြိုတင်မမြင်နိုင်တဲ့အရာတွေ သင့်အားတားဆီးနေသည်ကို ခွင့်မပြုပါနှင့်၊ ဖြစ်နိုင်ချေရှိတဲ့ အခွင့်အလမ်းကောင်းတွေကို လက်လွှတ်အဆုံးအရှုံးခံလိုက်မယ်ဆိုလျှင် သင်အမှန်တကယ်ပိုင်ဆိုင်ရမယ့်နေရာနှင့် လွှဲချော်သွားရလိမ့်မယ်။

စာဖတ်သူပရိတ်သတ်တို့လည်း အခုလိုအခြေအနေမျိုးကြုံတွေ့နေရလျှင် အောက်ဖော်ပြပါ အချက်များကို ဆင်ခြင်သုံးသပ်ကြည့်ပါ၊
- သင့်အတွေးနယ်ပယ်လေးအတွင်းမှ ရုန်းထွက်ပြီး သင့်ဆန္ဒတွေအကောင်အထည်ဖော်ခြင်းကို စကြာဝဠာတစ်ခုလုံးက အပြည့်အ၀ထောက်ခံအားပေးမယ် ဆိုလျှင်
- ကြောက်ရွံ့ခြင်းက သင့်ရဲ့စိတ်ကူးအိမ်မက်တွေကို ဟန့်တားနေတဲ့အတားအဆီးတစ်ခုဖြစ်ခဲ့မယ် ဆိုလျှင်
သင့်ရဲ့ဘေးပတ်ဝန်းကျင်ကဘာပဲပြောပြော ကိုယ့်စိတ်ကူးထဲက အင်အားကြီးမားတဲ့ဆန္ဒစကားကို နားထောင်ပြီး ယုံကြည်စွာရင်ဆိုင်ကျောင်လွှားလိုက်ပါ။

Credit to>>နည်းစနစ်ကျကျအတွေးအခေါ်>> ဂန္တဝင် မဂ္ဂဇင်း
K.K(ကနောင်)

“ကမ်းပါးစွန်းကိုလာခဲ့ကြပါ”
“ကျွန်တော်တို့ကြောက်ပါတယ်”
“ကမ်းပါးစွန်းကိုလာခဲ့ကြပါ”
ကမ်းပါးစွန်းကို လာခဲ့ကြသောအခါ တွန်းချခြင်းခံရပြီး ကောင်းကင်ထက်ကို ပျံတက်သွားကြသည်။

Guillaume Apollinaire ခေါ်ပြင်သစ်ကဗျာဆရာတစ်ဦး၏ ရေးသားဖော်ပြချက်ကို ကောက်နှုတ် ထားပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...