Thursday, May 1, 2014

ဆြာဒင်နှင့် လံကွတ်တီအရေးတော်ပုံ

Min Din's photo.·

(၁)
"မြူမှုန်ဝေကင်းအောင်လို့၊နေမင်းရောင်ရှိန်ဖြာ၊နွေတပိုင်းမှာ ဝေမှိုင်းမှုန်ကုန်စင်ကွာခြား။မိုးခါဆီ ရာသီကူးပြန်တော့၊ တိမ်မိလ္လာထိန်ဝါ ကွန့်မြူးတာက၊လေရူးသုန်လို့ဆီးနှင့် မှုန်ဖြာ၊ဆောင်းဥတုကူးပြောင်းတဲ့ရာသီချိန်အခါ၊ (နွေဂိမာန်အခါ လွမ်းအောင်ဖန်လာ၊မိုးတိမ်ရွက်ဝါ ကင်းစင်လေရှာ၊ကောင်းကင်ထက်ဝဠာ) ၂။ ရွက်ဟောင်းတွေရင့်ပါလို့၊ကြွေလွင့်နေရှာ။
ရွက်ဟောင်းကလေးတွေလွင့်ပါလို့၊ကြွေလွင့်နေရှာ။ နေသူရိန်ပူရှိန်ပြင်းတာ၊တသင်းသင်းရယ်နဲ့
 လေညှင်းလေပြေလာ၊ဒေါင်းဖလ်ဝါနေမင်းကသာ၊ကွေကွင်းရှာ၊ညိုမင်းလွင်မှုန်ရီပြာ"
နွေနှင့်မိုးသာရှိ၍ဆောင်းပျောက်နေသော ဖူးခက်မြေမှ ဆြာဒင်သည် ပျင်းပျင်းရှိလျှင် ခေတ်ဟောင်းတေးများနှင့်မွေ့လျှော်နေတတ်လေရာ သဟာယဆရာတင့်လက်ရာ၊တေးသံရှင်ဒေါ်တင်တင်မြ၏ သုံးရာသီ သီချင်းဖြင့် အမ်မခန်အရပ်ရှိ အိမ်အိုကြီးပေါ်တွင် ဇိမ်ယစ်လျက်ရှိ ချိန်တည်း။အိမ့်အပြင်ဖက်တွင်ကား မိုးစက်တို့တပေါက်နှစ်ပေါက် ဖြိုးဖြိုးဖျောက်ဖျောက်ကျရောက်လျက်ရှိ၏။

"တီ တီးတီ တီး တောင် တောင် တီတောင်တောင်"
ကြားစကသော် နားဆင်နေသော သီချင်း၏တီးလုံးဟုသာ မှတ်ထင်ခဲ့သော်ငြား ဆက်တိုက်ကြားနေရသည့်အခါ ဆြာဒင့်ခြံဝမှ လူခေါ်ခေါင်းလောင်းသံမှန်း သဲကွဲလာသဖြင့် အောက်ထပ်သို့ ကမန်းကတန်းပြေးဆင်းကာ သော့တွဲကိုယူလျက် ခြံဝဆီသို့ အသော့နှင်၊ ချက်ခြင်းဆိုသလို ရောက်ရှိသွားချိန်တွင်ကား မထင်မှတ်သော မြင်ကွင်းကို ရုတ်တရက်မြင်လိုက်ရသောကြောင့် ဆြာဒင့်ခမျာ မှင်တက်မိ သွားရလေသည်။ရှုပါလော့။
အသက်နှစ်ဆယ်ဝန်းကျင် မြန်မာလူငယ်လေးယောက်သည် မြန်မာဘာသာဖြင့် ရေးသားထားအပ်သည့် ဆိုင်းဘုတ်ငယ်ကိုယ်စီကိုင်ကာ မိုးတဖျောက်ဖျောက်အောက်တွင်ခြေစုံရပ်တန်းစီလျက်ရှိကြ၏။ပို၍ထူးသည်ကား အဆိုပါရွှေကိုယ်တော်လေးဦးမှာ ခါးထက်ဗလာကျင်း လျက် ခါးတွင်အရှက်လုံရုံမျှ လက်နှစ်လုံးသာသာာအောက်ခံဘောင်းဘီတိုနံ့နံ့ကိုယ်စီနှင့်ဖြစ်၏။လက်အစုံဖြင့်ကိုင်လျက် ရင်ဘတ်တွင် ကပ် ထား လေသည့် ဆိုင်းဘုတ်စာတန်းငယ်များကား ..
"ဗမာအလုပ်သမားအရေး၊ဆြာဒင်ချက်ချင်းဆောင်ရွက်ပေး"
"ဆြာဒင့်မှာ တာဝန်ရှိသည်"
"ဘဝမေ့သူဆြာဒင်ကို အလိုမရှိ"
"လူကိုလူလို ဆက်ဆံရေး၊တို့အရေး၊တို့အရေး" ဟူသတတ်။
(၂)
အရိပ်ပြလျှင်အကောင်မထင်တတ်သော ဆြာဒင်ကား ယောင်နနနှင့် ဖြစ်ရပ်၊အခြေအနေမှန်ကို တွေးတောအဖြေရှာမရသည့်အဆုံး ရွှေကိုယ်တော်တို့ကို အိမ်တွင်းသို့ကြွရောက်ပါရန် ဖိတ်မန္တကပြုပင့်ဆောင်ရချေတော့သည်။
"မောင်တို့ကြည့်ရတာ ဖင်တခြမ်းပြောင်တွေနဲ့ လူမြင်မတော်လှပေဘူး။အိမ်တွင်းကိုကြွပြီး ဖြစ်ကြောင်းကုန်စင်ကိုနတ်သံနှောကြပါလော့"
ကိုယ်တော်တို့ကား နှုတ်ဆိတ်လျက်ပင် ခြံဝမှသည် ဧည့်ခန်းဆီသို့ ရာဇဣနြေ္ဒအပြည့်ဖြင့် ကြွချီကြကုန်၏။နှုတ်မှမူ တခွန်းတပါဒမျှမဟ။ သို့တပြီးကား ဆြာဒင်ကမ်းလင့်အပ်သော အဆင့်မီဘရင်းဒက်အဝတ်အစားတို့ကို ဝမ်းသာအားရအမူအယာကိုယ်စီဖြင့် ဆင်မြန်းကြ၏ ဆြာဒင်တည်ခင်းဧည့်ခံအပ်သည့် ခဲဘွယ်ဘောဇဉ်တို့ကို အငမ်းမရပလုပ်ပလောင်း လွေးကြ၏။ နှုတ်ကားဆိတ်မြဲတည်း။ နားလည်ရ ခက်လှသော သင်းတို့ ၏ အပြုအမူကြောင့် ဆြာဒင့်မှာ မချင့်မရဲဖြင့် ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း စကားချူရလေတော့သည်။
"နေပါဦးမောင်တို့ရယ်။ မောင်တို့တခုခုကို မကျေမနပ်ဖြစ်နေတယ်ဆိုတာလောက်တော့ ကျုပ်လည်းရိပ်မိပါရဲ့။သို့ပေတည့် အကြောင်းစုံ ကို သေသေချာချာ ဂဃနဏသိရမှ ဖြေရှင်းနိုင်မဲ့နည်းလမ်းကို ရှာနိုင်မယ်မဟုတ်လား"
"ကိုရင်တို့နေရာများ လွဲနေလေရော့သလား။ ကျုပ်က ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးမဟုတ်ဘူးနော်။ကာဗူလီးဝါလား ကွမ်းယာ ဆိုင်သာသာ စုံစီနဖာရောင်းနေတဲ့သူမို့ ဒီအရေးကို မြန်မာသံရုံးရှေ့ ဆန္ဒသွားပြတာက ပိုမကောင်းပေဘူးလား"
"ဆြာဒင်လို အနုံညာတက ဘာများလုပ်ပေးနိုင်မယ်ထင်ကြသတုန်း"
မည်သို့ပင် ဆြာဒင်လျှာထွက်မတတ်မေးလျှောက်သြော်ငား ခွန်းတုန့်မပြန်၊ဆိတ်ဆိတ်ချည်းသာနေကြရင်း တယောက်သောသူက သူ၏ အောက်ခံဘောင်းဘီကြားမှ ပလပ်စတစ်အိပ်ငယ်နှင့်တရိုတသေခေါက်လျက်သိမ်းဆည်းထားသည့် စာရွက်ငယ်တခုကိုထုတ်ယူ၍ဆြာဒင့် လက်သို့ ထည့်ကာ တုံဏိဘာဝေပင် ဆြာ့ဒင်အိမ်မှ ထွက်ခွာသွားကြကုန်၏။
(၃)
ဆြာဒင်လည်း သူတို့၏နောက်ကျောပြင်တို့ကို ငေးကြည့်ရင်းမှ သတိပြန်ဝင်လာကာ အဆိုပါ စာရွက်ခေါက်ငယ်ကို ဖြန့်လျက် ဖတ်ရှုမိ သည့်အခါ ကွန်ပြူတာမှ ပရင့်ထုတ်ထားသည့် တခုသော သတင်းဌာနမှ ထုတ်ပြန်ချက်သတင်းတစ်ပုဒ်ဖြစ်လေရာ အဆိုပါသတင်းကို အစအဆုံးဖော်ပြလျှင် စာလေးအံ့ထင်၍ လိုရင်းကိုသာကောက်နှုတ်ဖော်ပြရသော် အောက်ပါအတိုင်းဖြစ်၏။
၂၀၁၄ ခု ဧပြီလ ၂၆
တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၄၉ ရက်ချမှတ် ခံခဲ့ရသည့် လူကုန်ကူးခံခဲ့ရသူ မြန်မာ အလုပ်သမား ၆ဦးတို့၏ ငွေကြေး၊ဖုန်းနှင့် အ၀တ်အထည်များ အားလုံးတို့အား ထိုင်းအကျဉ်းထောင်နှင့် ရဲစခန်းတို့မှ ယူဆောင် ထားလိုက်သောကြောင့် ကိုယ်လုံးတီး သဘော မျိုးဖြင့် လွတ်မြောက်လာ ခဲ့ကြောင်း အလုပ်သမားများ ကပြောသည်။
၂၀၁၄ ခု မတ်လ ၃ ရက်ညဥ့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ အကွာ၊ မလေးရှားနယ်စပ် ကတန်မြို့ ဝှေ့မင်းလှေဆိပ်လှေ အမှတ်(၁) (KTHAVEESIM)ပေါ်တွင်ရောင်း စားခံနေရသည့် ရခိုင်အလုပ် သမား၆ဦးအား MAT,FEDနှင့်နယ်မြေခံ ရဲတပ်ဖွဲ့တို့က ထိုင်းရေတပ်သင်္ဘော ဖြင့် သွားရောက် ကယ်ထုတ်ခဲ့သူများဖြစ်ကြသည်။
ယမန်နေ့က အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး လက်ရှိ ကတန်ရဲစခန်းအချုပ်ခန်းထဲတွင်ရှိနေသော အလုပ်သမား ကို(……….)က “ပွဲစားနဲ့ သူဌေး ဘာပြစ်ဒဏ်မှမကျပါဘူး။ တရားရုံးကိုတောင်မရောက်ကြပါဘူး။ ကျနော်တို့ ၄၉ ရက် ထောင် ကျနေခဲ့ပါတယ်။ ထောင်ကိုဝင်တဲ့အခါ ကျနော်တို့ ခြောက်ယောက်လုပ်အားခ ပါလာငွေ ဘတ်(၂၁,၆၀၀) ကိုထောင်မှာ အပ်နှံပါတယ်။
ကျနော်တို့ထောင်ကျနေတဲ့ ကာလမှာ ယာစိမ်း(ပွတ်ချွန်း)ဆေးလိပ် စုစုပေါင်းနှစ် ရာကျော်ဖိုးလောက်သောက်ပါတယ်။ ထောင်ကထွက် လာတဲ့အခါ စုစုပေါင်း ဘတ်ငွေ(၁,၁၅၀) သာထုတ်ပေးတယ်။ဒါကြောင့် ဘတ်နှစ်သောင်းလောက် ကျနော် တို့ဆီက ယူထား လိုက်ပါ တယ်။ အ၀တ်အစားထည့်တဲ့ အိပ်တွေကိုလည်းတောင်းလို့မရခဲ့ပါ။ ရဲစခန်းမှာအပ်ခဲ့တဲ့ကျနော့် လက်ကိုင်ဖုန်းကိုလည်းပြန်မပေးပါ။ ကျနော်တို့မှာ ရှိတာလေးတွေကို အကုန်ချွတ်ယူလိုက်ကြတဲ့သဘောပါပဲ၊ ကျနော်တို့အပေါ်မှာ ပွဲစားတွေ၊ ထိုင်းသူဌေးတွေ ကျွန်ပြုရုံ မကဘူး ထိုင်း အာဏာပိုင်တွေကပါ လုယက်ယူငင်ကြသူတွေပါလားလို့ပြောချင်ပါတယ်၊ သံသရာဆိုတာရှိခဲ့ရင် ထိုင်းတွေ ၀ဋ်မလည် ပါစေနဲ့” ဟုပြောသည်။
(၄)
"အရေးတော် ကြုံ ခုများပူလောင်ပုံက၊မာန်ဟုန်တော်ပျိုး မျက်မာန်တော်ငြိုးပါနဲ့၊ခိုကိုးသူပါ ။မိုးနတ်ဒေဝါ၊မိုး..မိုး..မိုးနတ်ဒေဝါ၊ ရွာတော်ရေး ကိုလေး တွေးချင့်လိုက်ပါ"
ရုတ်တရက်ဆိုသလိုပင် ဖူးခက်မိုးသည် အငြိုးတကြီးရွာချလာ၏။ မကြာခင်က ပြန်လည်ထွက်ခွာကြလေသည့် အာဂန္တုတေမိ ကိုယ် တော်များ၏ အပူကား ဆြာဒင့်ကိုကူးစက်လေပြီ။ ဖွင့်လက်စ သီချင်းသည် ဆြာဒင့်အား နှိပ်စက်ကလူပြု လျက်ရှိဟန်တကား။ စေ့စေ့တွေးသော် သူတို့၏ဆိုလိုရင်းသည် တရေးရေးပေါ်လာလေ၏။။လုံးတီးနီးပါး၊အရှက်လုံရုံအဝတ်အစားနွမ်းပါးစွာဖြင့် ဆြာဒင့် အိမ်ဂေဟာအရောက်ပေါက်ချလာခဲ့ကြသူများကား နူရာဝဲစွဲ၊လဲရာသူခိုးထောင်းခံကြရသူများပေတကား။ထိုင်းပုလိပ်တို့ကိုလည်းကောင်း၊ မြန်မာအာဏာပိုင်တို့ကိုလည်းကောင်း ရင်ဆိုင်ဖြေရှင်းရန် အကြောက်လွန်တွန့်ဆုတ်သောကြောင့် ဆြာဒင့်ထံ အားကိုးတကြီး ရောက်လာကြသူများပေတည်း။
အသို့လျှင်ဖြေသိမ့်ပေးနိုင်ပါအံ့နည်း။ဆြာဒင်သည် မေးစေ့ကိုလက်ဖြင့်ထောက်ရင်းစဉ်းစား၏။နဖူးပေါ်လက်တင်လျက် တွေးတော၏။ အိပ်ယာထက်ဝယ်လှဲလျက်တနည်း၊မှောက်လျက်တဖုံ၊စောင်း၍တမျိုး၊ကင်းမြီးကောက် ထောင်ရင်းတသွယ်၊ဂျွမ်းထိုး၍တစ်နည်း ၊အမျိုးမျိုး အဖုံဖုံ စဉ်းစားခန်းဝင်ပြီးသကာလ လွန်စွာထူးခြားလှသောာ နည်းလမ်းတစ်ရပ်သည် ဥာဏ်ပဋိဘန်ထက်သန်လှသော ဆြာဒင်၏ဦးခေါင်း အတွင်းသို့ လျှပ်တပြက်တိုးဝင်လာချေတော့သည်တမုံ့။
အစီအစဉ်ကို အလျင်အမြန်အကောင်အထည်ဖော်ပေတော့အံ့။ဆြာဒင်သည် လေမင်းသား၊ကပ္ပလီနှင့် အာရုံခေါ်ဖေကြည်တို့ကို အပူတ ပြင်းဆင့်ခေါ်ကာ၊ အဝတ်အစားအသုံးအဆောင်ပစ္စည်းတို့ကို အလျင်အမြန်ထုတ်ပိုးစေသည်။ဆြာဒင်၏ မဟာဗျူဟာမြောက်လှုပ်ရှားမည့် အစီအစဉ်ကို သကောင့်သားတို့အား အကြမ်းဖျဉ်းအားဖြင့် ရှင်းလင်းပြသည့်အခါ တပည့်ကျော်တို့သည် စိုးရိမ်ပူပန်သော မျက်နှာပေး အသီးသီးဖြင့် သတိပေးစကားဆိုကြပါသေး၏။
"စဉ်းစဉ်းစားစားလုပ်ပါဆြာဒင်ရယ်။ပြောင်းပြီဆိုပေမဲ့ နဂိုအတိုင်းတွေက အများသားကလား"
"ဆြာဒင့်အစီအစဉ်က ကောင်းတော့ကောင်းပါရဲ့။အရင်းအနှီးက ကြီးလှသလားလို့"
"ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ဒါပေမဲ့ ...."
ဆြာဒင်ကား မဟာပုရိသယောက်ျားကောင်း၊အလောင်းတော်တို့၏စိတ်ထားအတိုင်း မည်သို့သော စိတ်ပျက်အားလျော့ဖွယ် ဝေဖန်တီးတိုး စကားကိုမျှ နားမဝင်ပဲ နီမြန်းသော နတ်မောက်သွေးကိုပြရန် ခိုင်မာစွာသံဓိဌာန်ချပြီးဖြစ်လေရာ ဆုံးဖြတ်ချက်တည်းဟူသည့် ကျောက်သား ကျောက်ဆိုင်သည် နောက်လိုက်တို့၏တွန့်ဆုတ်သောဝေဖန်မှုလှိုင်းတံပိုးကို မမှုတော့ချေ။ကျော၌ဒဏ်ရာမရှိရာတည့်၊ ရင်မှာထိမှ မြတ်ရာ၏ဟု ဆိုထုံးရှိသည် မဟုတ်တုံလော။
ငယ်ကြောက်ဖြစ်လေသော တပည့်တို့ကား အာစရိယဂိုဏ်းဝင် ဆြာဒင်၏ပြည်တော်ဝင်ခရီးစဉ်ဝယ်၊မရဲသော်လည်း ပြေးခဲစေ ဟူသော စကားနှင့်အညီ ဖဝါးခြေထပ် နောက်တော်မှခပ်ရို့ရို့လိုက်ပါလာကြလေကုန်၏။
(၅)
မုတ်သုန်အဝင်နောက်ကျလေသောကြောင့် နေပြည်တော်ရပ်ဝန်း၏ အပူရှိန်သည်ငရဲပြည်နှင့်ပင်တင်စားရလောက်အောင် ပူပြင်းလှချေ ၏။ခြောက်သယောင်းနေသည့် ဝန်းကျင်တခိုတွင် ကြီးမားခန့်ထည်လှသော ရွှေကျောင်းပြောင်ပြောင်အဆောက်အဦးကြီးများမှာ အပူဒဏ်ကို ဒင်းတို့နှင့်မဆိုင်သယောင်ဖာသိဖာသာ မျက်နှာပေးဖြင့်ရင်ဆိုင်လျက်ရှိ၏။
ဆြာဒင်ကား ၎င်းနေပြည်တော်မှ သမ္မတကြီး၏နေအိမ်တော်ရှေ့တွင် ထိုအပူဒဏ်ကို ဂရုမမူပဲ ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိ၏။ နောက်တော်ပါးသုံးဦးဝန်းရံလျက်ရှိသောဆြာဒင်သည် အသင့်ယူဆောင်လာသော ဗီနိုင်းပိုစတာတို့ကို ရုတ်ခြည်း ထုတ်ကာဖြန့်လိုက်ရုံမက နှုတ်မှလည်း လိပ်ခေါင်းထွက်မတတ်အသံဖြင့် အိမ်တော်တွင်းမှ သမ္မတမင်းနားအုံကွဲလောက်အောင် အသံကုန်အော်ဟစ်လျက်ရှိသည်။ထူးခြားချက်သည်ကား ဆြာဒင်သည် အပေါ်ပိုင်းဗလာကျင်းလျက်အောက်တွင် တိုနံ့နံ့လံကွတ်တီ နှင့်ဖြစ်ချေ ၏။အမြဲတစေ ပြည်သူကိုကူညီလိုသည့် ရဲတပ်ဖွဲ့ ဝင်အချို့ကား ခပ်လှမ်းလှမ်းမှ မယောင်မလည်အကဲခတ်လျက်ရှိကြ၏။
"ယိုးဒယားကို ဓာတ်ငွေ့ရောင်းတာ ချက်ချင်းရပ်"
"ရွေ့ပြောင်းအလုပ်သမားများကိုကြင်နာပါ"
"ယိုးဒယားအစိုးရထံ ပြင်းထန်သော ရာဇသံပို့ပါ"
"ဘန်ကောက်က မြန်မာသံရုံးဘာလုပ်နေသလဲ"
"အရေးတော်ပုံအောင်ရမည်"
များပြားလှသော ပြည်တွင်းပြည်ပသတင်းထောက်တို့မှာ ဗီဒီယို၊ကင်မရာများတဖျတ်ဖျတ်နှင့် ဆြာဒင့်ကို အဆက်မပြတ်၊အလုအယက် မှတ်တမ်းတင် လျက်ရှိကြလေပြီ။ဆြာဒင့်ကြွေးကြော်သံ ခေတ္တအရပ်ကိုစောင့်၍ မိုက်ကရိုဖုန်းကြီးငယ်တို့ဖြင့် အင်တာဗျူးကြ၏။
"ဆြာဒင်၊ဘာကြောင့်လံကွတ်တီဝတ်ပြီး ဆန္ဒထုတ်ဖော်ရတယ်ဆိုတာသိပါရစေ"
"ဗမာရွေ့ပြောင်းအလုပ်သမားတွေကို ထောင်ကလွှတ်လိုက်တဲ့အချိန်မှာ ထိုင်းအာဏာပိုင်တွေက အပ်ထားတဲ့ငွေကို အနိုင်ကျင့်၊ အဓမ္မ သိမ်းယူပြီးလံကွတ်တီနဲ့ပြန်လွှတ်လိုက်တာကို ကိုယ်ချင်းစာလို့ပေါ့ဗျာ"
"ဒီကိစ္စကို ဆြာဒင်သာ သမ္မတကြီးနေရာမှာဆိုရင် ဘယ်လိုဆောင်ရွက်ဖို့စိတ်ကူးထားပါသလဲ"
"ယိုးဒယားရောက်ဗမာတွေကို ထိုင်းအလုပ်ရှင်တွေ၊ထိုင်းအာဏာပိုင်တွေ၊မတော်မတရားညှင်းပန်းတယ်အသံ ကြားတာနဲ့ ချက်ချင်း ထုချေလွှာတောင်းမယ်။ကျေနပ်ဖွယ်ရာ မရှိလို့ကတော့ ထိုင်းဘက်ပို့နေတဲ့ ဂက်စလိုင်းခလုပ်ကို ဒတ်ကနဲပိတ်ပစ်မှာ"
"ဟုတ်ကဲ့ အခုလို ဆြာဒင် ဆန္ဒပြဖို့အတွက် သက်ဆိုင်ရာကနေ ခွင့်ပြုမိန့်တောင်းခံထားပါသလား"
"ရော့၊ဒါ နေပြည်တော်ရဲစခန်းက ခွင့်ပြုမိန့်။ဖတ်ကြည့်ပေတော့"
(၆)
အိမ်တော်လုံခြုံရေးအရာရှိ၏ရှင်းလင်းပြောဆိုချက်အရ သမတကြီးသည် ၎င်းပိုင်ဧရာမနွားခြံကြီးထဲတွင် နွားနို့ညှစ်နေသည်ဟုဆိုပါ၏။ ဆြာဒင်မှာအော်ဟစ်နေရင်း အသံပြာလာသည်။မျက်နှာပြောင်တိုက်သော သူရိန်နေမင်းသည် ဆြာဒင့်ဇွဲကို အကဲစမ်းလေသည် ထင့်။ကျောပြောင်ကြီးကွဲထွက်မတတ်ပူပြင်းလှချေ၏။နဖူးမှချွေးသည် ရင်ဘတ်ဆီမှသည် ခြေမဆီသို့လည်းကောင်း၊ နောက်စေ့မှ ချွေးသည် ကျောတလျှောက်မှသည် ဖနော့င်ဆီသို့လည်းကောင်း သွင်သွင်ကြီးစီးဆင်းနေလေရာ ဖြတ်သန်းစီးဆင်းရာ နေရာတချို့မှ ယားယံလာလေသဖြင့် တပည့်ကျော်ဖေကြည်အား မျက်နှာပုဝါကြီးတထည်ကမ်းပေးရန် ညွှန်ကြားရာ ဖေကြည်သည် ပျာပျာသလဲ ပုဝါကြီးကို ဆက်၏။ထိုအဖြစ်ကိုခပ်လှမ်းလှမ်းမှမြင်ဟန်တူသည့် သတင်းထောက်လူငယ်တစ်ယောက်သည်ဆြာဒင့်ထံ အသော့နှင်လာ လျက် အမေးတော်ရှိပြန်၏။
"ဆြာဒင့်လံကွတ်တီကို မျက်နှာသုတ်ပုဝါနဲ့ စီးမယ်ဆိုတော့ ဆန္ဒပြပွဲပြီးဆုံးတဲ့သဘောပါလားခင်ဗျာ"
"မပြီးသေးဘူး။ပူလွန်းလို့ဗျ။ ပူလွန်းလို့ဖင်ကြားတောင် ချွေးနစ်နေပြီ။ ပူမှာပေါ့ဗျာ။ တတိုင်းတပြည်လုံး ဗုဒ္ဓံသရဏံပင်တောင် မချန်ပဲ အပြောင်ရှင်းခဲ့ကြတာကိုး။ တောခုတ်လို့တောပြောင်တော့မိုးခေါင်၊မိုးခေါင်တော့ပူပြင်း၊ပူပြင်းတော့အရှင်လတ်လတ် ငရဲခန်းရောက် ကုန်ကြရောပေါ့။ တောသူတောင်သားတွေတောင်ထင်းစားမရှိတော့တဲ့ဘဝ"
"နည်းနည်းလေး အကျယ်ချဲ့ပြီးရှင်းပါအုံးဆြာဒင်"
"ဒီကြပ်ပြေးတဝိုက်ဟာ လွန်ခဲ့တဲ့အနှစ်နှယ်ဆယ်ကျော်က ဆြာဒင်ခြေကြောင်းကျခဲ့တဲ့အရပ်ဗျ။လမ်းဘေးဝဲယာဟာ ကျားခြင်္သေ့တွေ တောင် ခိုအောင်းနိုင်တဲ့အရပ်။ခုများ တံမြည်းစည်းပင်တောင် မမြင်ရတော့ဘူး။ဘယ်မြင်ရမတုန်း၊လက်သင့်ရာစားတော်ခေါ်ပြီး မည်းမည်း မြင် ငါ့ယောက္ခမထန်းတောမှတ်၊ခုတ်လို့ရတာအကုန်ခုတ်၊တတိုင်းပြည်လုံး ငုတ်တုတ်မေ့ကုန်ကြပါရောလား"
ဆြာဒင့်စကားမဆုံးမီမှာပင် အနီးကပ်စောင့်ကြည့်လျက်ရှိသော ရဲတပ်ကြပ်တစ်ဦးသည် ဆြာဒင့်လက်နှစ်ဖက်ကိုချပ်ကနဲနေအောင် လက်ထိပ်ခပ်လိုက်လေရာ ရဲရဲနီစွေးသော နတ်မောက်သွေးသည် ရုတ်ခြည်းဖြူရော့ရော့ဖြစ်သွားဟန်ရှိသည်။ မျက်နှာငယ်ဖြင့် ရဲတပ်ကြပ်ကိုမေးခွန်းထုတ်မိလေ၏။
"ဘယ့်နှာကြောင့် ဆြာဒင့်ကိုလက်ထိပ်ခတ်လေသနည်း"
"ဆြာဒင့်ကို ရွေ့ပြောင်းအလုပ်သမားအရေးအတွက်သာ ဆန္ဒပြခွင့်ပြုတာ၊အခုဆြာဒင်က သစ်တောကိစ္စဘက်လှည့်သွားတာ ကြောင့် ပုဒ်မ(၁၈)နဲ့ ဆြာဒင့်ကိုအရေးယူလိုက်ပါပြီ"
"နေပါဦးမောင်။ပုဒ်မ(၁၈)ဆိုတာ ဘာများပါလိမ့်"
"ပုဒ်မ(၁၈)ဆိုတာ ပုဒ်မ(၁၇)နဲ့ပုဒ်မ(၁၉)ကြားကပါပဲဆြာဒင်။တနည်းနည်းနဲ့ဆြာဒင့်ကိုထိန်းသိမ်းဖို့ အထက်က ညွှန်ကြားထားပြီးသားပါ။ ဒါကြောင့်အကွက်ဝင်အောင်စောင့်နေတာပေါ့"
ဝိုင်းဝိုင်းလည်နေသော သတင်းထောက်တို့သည် ရုတ်ခြည်းအဝေးသို့ရှဲကုန်၏။ဖေကြည်၊ကပ္ပလီနှင့်ရွှေမင်းသားတို့ကား အမြီးနှင့်ဖုံလုံး ကိုမျှပင်မမြင်ရတော့ချေ။
(၇)
လံကွတ်တီနံငယ်ပိုင်းနှင့်ဆြာဒင်သည် ဘယ်အရပ်သို့ဦးတည်မောင်းနှင်မှန်းမသိသည့် ရဲအချုပ်ကားပေါ်တွင်ချွေးတလုံးလုံးဖြင့် အငြိမ့် သားလိုက်ပါလျက်ရှိ၏။ထိုစဉ် နေပြည်တော်၏တခုသောအလှူခံမဏ္ဍပ်ဆီမှ ဖြစ်ဟန်ရှိသည့်၊ခေတ်ဟောင်းအဆိုတော်ကြီးရွှေညာမောင်၏ ခေတ်ဆန်းချိန် တေးသံပြတ်တောင်းပြတ်တောင်းသည် ဆြာဒင့်ကို သယ်ဆောင်လာသည့် အချုပ်ကားနောက်သို့ အညာလေရူးနှင့်အတူ ထပ်ချပ် မကွာလိုက်ပါလာကာ ဆြာဒင့်သွေးကို ပြန်လည်၍ ရဲရဲနီလာစေရန်အလို့ငှာ မြှောက်ပင့်ပေးလျက်ရှိလေ၏။
(ဝေဝေစီစီ ရွှေငွေအလီလီ ဝေဝေစီစီ သာကီဇာနည် မင်းလုပ်ခဲ့တဲ့နေပြည်)၂ရွှေဘုံရွှေနန်းကရွှေဗဟိုရ်စည်သံများကို မကြားရတော့ သည်။......
(အမျိုးသားတွေနိုးကြားလာကြပြီ။ ကြိုးစားရှာကြသည်။ကူညီညာဝိုင်းကာတို့တိုင်းတို့ပြည်၊တို့တိုင်းတို့ပြည် သာယာစေဖို့အတည်)၂ အနစ်နာ ခံကာ ကမ္ဘာမြေအတွင်းတွင် ဗမာတွေစာရင်းဝင်ဖြစ်စေမည်။ တိုင်းပြည်အကျိုးနော် နှိုးဆော်လိုက်ပါသည်။ တို့ဗမာပြည်ဇာတာ ဆန်းမှာပွင့်လန်းလာခဲ့ပြီ။ဘုန်းတေဇာ သမ္ဘာလျှမ်းမည့် စာဆိုတွေနဲ့ အညီ မမေ့နိုင်သည် ခေတ်ဆန်းချိန်ရောက်လုနီးပါပြီ။

(မင်းဒင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...