ဓာတ်တော်များအကြောင်း
သက်တော်ရှည်မြတ်စွာဘုရားများ၏ သရီရဓာတ်တော်သည် ဖရိုဖရဲတစ်ဆူစီမကွဲဘဲ ရွှေခဲရွှေတုံးကြီးပမာ တစ်ခုတည်းသာ ကြွင်းကျန်ရစ်ကုန်၏။ ယခုအကျွန်ုပ်တို့၏ အစိန္တေယျသုံးလောကထွက်ထား မြတ်စွာဘုရား သည်ကား သက်တော်တိုတောင်းသော မြတ်စွာဘုရား ဖြစ်တော်မူသည့်အတွက် ပရိနိဗ္ဗာန် စံတော်မမူမီကပင်-
“ငါဘုရားသည် မကြာမြင့်မီပင် ပရိနိဗ္ဗာန် စံရမည်ဖြစ်သည်။ ငါဘုရား၏ သာသနာသည်
အလုံးစုံသော အရပ်မျက်နှာသို့ မပျံ့နှံ့သေးချေ။ သို့ဖြစ်၍ ငါဘုရားပင်
ပရိနိဗ္ဗာန် စံယူလင့်ကစား ငါဘုရား၏ မုံညင်းစေ့ခန့်မျှသော ဓာတ်တော်ကိုပင်လည်း
ပင့်ဆောင်ကြကာ မိမိတို့၏နေရာ၌ စေတီတော် တည်ထား၍ လူများအပေါင်းတို့သည်
နတ်ရာသုဂတိသို့ လားရောက်ကြစေသတည်း”ဟု ရည်ရွယ်တော်မူကာ သရီရဓာတ်တော်များ
အဆူဆူကွဲပြားရန် အဓိဋ္ဌာန်တော်မူခဲ့ပါသည်။
ဤသို့-
၁။ အစိတ်စိတ်မကွဲပြားသော အဝိပ္ပကိဏ္ဏဓာတ်တော်၊
၂။ အစိတ်စိတ်အဆူဆူ ကွဲပြားသော ဝိပ္ပကိဏ္ဏဓာတ်တော် ဟူ၍
ဓာတ်တော်နှစ်မျိုး ပြားလေသည်။
ထိုဓာတ်တော်နှစ်မျိုးတို့တွင်-
၁။ စွယ်တော်လေးဆူ၊
၂။ ညှပ်ရိုးတော်နှစ်ဆူ၊
၃။ နဖူးသင်းကျစ်တော်ဓာတ်တစ်ဆူ၊ အားဖြင့် ဤခုနစ်ဆူသော ဓာတ်တော်တို့မှာ သက်တော်ရှိစဉ် မူလပုံသွင်အတိုင်း အစိတ်စိတ်မကွဲပြားဘဲ တည်ရှိရစ်သည့် ‘အဝိပ္ပကိဏ္ဏဓာတ်တော်’ များ ဖြစ်ပေသည်။
ထိုမှကြွင်းသော အရိုးတော်စသည်မှ ဖြစ်ပွားသော ဓာတ်တော်များမှာ အစိတ်စိတ်အဆူဆူ ကွဲပြားသည့် ‘ဝိပ္ပကိဏ္ဏဓာတ်တော်’ များ ဖြစ်လေသည်။ ထိုဓာတ်တော်တို့အနက်-အငယ်ဆုံးဓာတ်တော်များမှာ မုံညင်းစေ့ခန့် ပမာဏရှိ၍ မြတ်လေးပန်းငုံအဆင်းနှင့် အဆင်းတူကြလျက် အချင့်ပမာဏအားဖြင့် ခြောက်ပြည်သားခန့် ကြွင်းကျန်ရစ်ကြလေသည်။
အလတ်စားဓာတ်တော်များမှာ ဆန်ကျိုးခန့် ပမာဏရှိ၍ ပုလဲအဆင်းနှင့် အဆင်းတူကြလျက် အချင့်ပမာဏအားဖြင့် ၅-ပြည်သားခန့် ကြွင်းကျန်ရစ်ကြလေသည်။
အကြီးစား ဓာတ်တော်များမှာ ပဲနောက်စေ့ခန့် ပမာဏရှိ၍ ရွှေအဆင်းနှင့် အဆင်းတူကြလျက် အချင့်ပမာဏအားဖြင့် ၅-ပြည်သားခန့် ကြွင်းကျန်ရစ်ကြလေသည်။
မှ - (thura009.blogspot.com)

0 comments:
Post a Comment