အားနာပါသည် M.P.T
[ Satire ]
ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ လာတော့မည်။ သူတို့ကလည်း လိုင်စင် ချပေးလိုက်သည့် အစိုးရကိုမှ မျက်နှာမထောက်။ စစချင်း ဆောက်နှင့်ထွင်းသလို ရှစ်လအတွင်း ဖုန်းကတ်သန်း ၃၀ ထုတ်လုပ် ရောင်းချ မည်ဟု ကြေညာသည်။
ယခု မဲဖောက်ကာ ရောင်းနေသည့် ၁၅၀၀ ကျပ်ထက် နည်းသော ဈေးနှုန်းဖြင့် ရောင်းမည်ဟု လည်း ကြေညာလိုက်သည်။ ပြောခလည်း လျှော့ပေးဦးမည်တဲ့။
လက်ရှိ ဆင်းမ်ကတ် ရောင်းနေသည့် အစိုးရနှင့် ပါတနာကြီးတို့ မျက်လုံး ပြူးသွားသည်။ ငါတို့ ခွင်ပျောက်တော့မှာပဲ ဟုလည်း တွေးကြသည်။ ခွင်ပျောက်လျှင် နောက်ခွင် အသစ်တစ်ခုလည်း စဉ်းစားကြသည်။ ပြည်သူတွေကလည်း လက်ရှိ လူတွေကို စိတ်ပျက်နေတာ ကြာပြီ။ ဒါကို လက်ရှိ ဆင်းမ်ကတ် ရောင်းနေသူတွေလည်း သိကြသည်။
ဒါကြောင့် သူတို့ကလည်း ပြည်ပ ကုမ္ပဏီတွေလို ကြေညာလိုက်သည်။ လာမည့် သြဂုတ်လအတွင်း ဆင်းမ်ကတ်တွေ အလကား ဝေမည်ဟု ဖြစ်သည်။ သို့သော် ပြည်သူတွေက မရတော့။ ပြည်ပမှ ပြည်ပ ဖြစ်ကုန်ပြီ။
တို့ပြည်သူတွေက အငြိုးအတေး ကြီးသည်။ ပြည်ပတွေ လာလို့ကတော့ ငါတို့ကို ကုပ်သွေး စုပ်ထားတဲ့ ပြည်တွင်းက ကောင်တွေကို လှည့်တောင် မကြည့်ဘူးဟု ဆုံးဖြတ်ထားသည်။ အခုလို ပြည်ပတွေ မလာခင်တုန်းတော့ ဒီကောင်တွေကို သည်းခံပြီး ပေါင်းလိုက်ဦးမည်ဟု တွေးထားကြသည်။
လက်ရှိ အဖြစ်အပျက်ကြောင့် ရွာက ကိုမြကြီး အရက်ဆိုင်ကို သတိရမိသည်။ စိုပြေတို့ ရွာကား ရန်ကုန် ရွှေမြို့တော်ကြီးနှင့် ဝေးကွာလွန်းလှသော တနင်္သာရီတိုင်း ဒေသကြီးအတွင်း တည်ရှိသည်။ အချိန်ကာလက လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဖြစ်သည်။
ရွာတွင် ကိုမြကြီး၏ အရက်ဆိုင်က နာမည်ကြီးသည်။ နာမည်ကြီးသလောက် ဆိုင်ကလည်း ကြီးသည်။ အဘယ်ကြောင့် နာမည်ကြီးသနည်း။ ရွာတွင် တစ်ဆိုင်တည်းသော အရက်ဆိုင်မို့ ဖြစ်သည်။ ဒီလို တစ်ဆိုင်ထဲသော အရက်ဆိုင် ဖြစ်ဖို့ကလည်း မလွယ်လှ။
သူကြီးခေါ် ဥက္ကဋ္ဌကိုလည်း ပေးရသည်။ ရဲလည်း ပေးရသည်။ ပြည်သူ့စစ်လည်း ပေးရသည်။ မီးသတ်လည်း ပေးရသည်။ စွမ်းအားရှင်ကိုလည်း ခွံ့ရသည်။
အို... ရွာတွင် အာဏာရှိသူ မှန်သမျှအကုန် ပေးရသည်။
ပေးရုံနှင့် အားမရ။ အရက်လည်း အလကား တိုက်ရသည်။ အမြည်းလည်း အလကား ကျွေးရသည်။ သူ့တင်ပဲလားဆိုတော့ မဟုတ်။ ရွာဦးကျောင်းကိုလည်း လှူရသေးသည်။ ဒီလိုလှူမှ ရွာသားတွေ ကြည်ဖြူကြမည်လို့ တွက်ထားပုံ ရသည်။
ဒီလိုပေးဖို့၊ ဒီလို လှူဖို့အတွက် အရက် ရောင်းရသည်။ အရက်ဆိုင်ကလည်း တစ်ဆိုင်တည်းမို့ တော်သေးသည်။ တစ်ရွာလုံး တစ်ဆိုင်တည်းမို့ စိတ်ကြိုက်ဈေး တင်ရောင်းသည်။ အရက်ဖြူ တစ်ပုလင်း မြို့မှာ တစ်ရာ ရောင်းသည်။ ကိုမြကြီးတို့ကတော့ ရွာမှာ ငါးရာနှင့် ပြန်ရောင်းသည်။ ဓနိရည်ကို အခြားရွာများထက် ဈေးသုံးဆလောက် တင်ရောင်းသည်။ ဘီယာလည်း ထိုနည်း၎င်း။ ဝီစကီဆိုလျှင် လေးငါးဆ တင်ရောင်းသည်။ ကိုမြကြီး ဟန်ကျသည်။
ဘေးရွာတွေကလည်း အလှမ်းဝေး။ မြို့ကိုလည်း သွားမသောက်နိုင်။ ဒီလိုဆိုတော့ တစ်ရွာလုံးမှာလည်း တစ်ဆိုင်၊ ရှိသမျှ ရွာသားတွေက ကိုမြကြီးတို့ ဆိုင်မှာပင် အံကလေး ကြိတ်ကာ အားပေးကြသည်။
ကိုမြကြီး မြတ်သည်။ တော်တော်လေး မြတ်သည်။ ရွာသားတွေ အားပေးလွန်းသဖြင့် တခါတစ်ရံ ဆိုင်မှာ အရက်ပင် ပြတ်သွားတတ်သည်။ ဒူးရင်းသီးပေါ်ချိန်၊ တညင်းသီး သီးချိန်များ ဆိုလျှင်တော့ ကိုမြကြီးဆိုင်က အရက်ကို လိုသလောက် မရောင်းနိုင်။ ဒါကြောင့် တစ်ယောက်လျှင် လစ်ပိုတစ်ပုလင်းစာသာ ရောင်းနိုင်တော့သည်။ ထိုမျှ ရောင်းကောင်းသည်။ အဲဒီ အချိန်တုန်းကတော့ ကိုမြကြီးတို့ ရွှေခေတ်ပင်။
အစတုန်းကတော့ ရွာသားတွေက ကိုမြကြီးဆိုင် ဈေးကြီးသည်ကို သိပ်မသိ။ နောက်တော့ ရွာသားတွေ မြို့ကို ဒူးရင်းသီး အရောင်းအဝယ် ကိစ္စတွေဖြင့် အရောက်များတော့ မြို့က အရက်ဈေးနှုန်းတွေ သိလာသည်။ ကိုမြကြီးဆိုင်က အရက်ဈေး တအား ကြီးလွန်းမှန်း သိလာကြသည်။
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် မြို့ကို မရောက်ဖူးသူများကလည်း ကိုမြကြီးဆိုင် ဈေးကြီးလွန်းမှန်း သိကုန်ကြသည်။ ကိုမြကြီးကို ဈေးကြီးသဖြင့် ဈေးလျှော့ပေးပါဟု ဝိုင်းပြောသည်။ ဈေးကြီးလျှင် မသောက်နဲ့ဟု ကိုမြကြီးက ပြန်ပြောသည်။ ရွာသားတွေ ငြိမ်ကုန်သည်။ ကိုမြကြီးဆိုင်မှာမှ မသောက်လျှင် သောက်စရာ အရက်ဆိုင်မရှိ။ ကိုယ်တိုင် ချက်သောက်တော့လည်း သူကြီးက ဖမ်းသည်။ ဒါကြောင့် ကိုမြကြီး ကလန်ကဆန်လုပ်၍ မဖြစ်ဟု သဘောထားလိုက်ကြသည်။ ကိုမြကြီးမှာ အာဏာရှိသည်။
နောက်သုံးလေးနှစ် အကြာတွင် ရွာက ဒူးရင်းသီး ပိုင်ရှင်တစ်ဦးက အရက်ဆိုင် ဖွင့်ဖို့ ကြေညာလိုက်သည်။ ဈေးသက်သက် သာသာဖြင့် ဖွင့်မည်ဟုလည်း သတင်းလွှင့်လိုက်သည်။ ရွာက အရက်သမားတွေ ပျော်ကြသည်။
ကိုမြကြီးတို့ မိသားစု ပျာယာ ခတ်သွားသည်။ ပြိုင်ဘက်ပေါ်လာလျှင် သူတို့ ရောင်းအား ကျလိမ့်မည်။ ရွာသားတွေက ဈေးသက်သာသည့် ဆိုင်တွင်သာ သောက်ကြလိမ့်မည်။ ဒါဆို ကိုမြကြီးတို့ စီးပွားပျက် နိုင်သည်။ မဖြစ်။ ကန့်ကွက်သည်။ ဒူးရင်းခြံ ပိုင်ရှင် အရက်ဆိုင် မဖွင့်ဖြစ်အောင် လုပ်ရမည်။ သူကြီးကို သွားပြောသည်။ သူကြီးကို ငွေပေးထားကြောင်း၊ အရက်လည်း တိုက်ကြောင်း၊ ပြီးတော့ ဒူးရင်းခြံ ပိုင်ရှင်သည် ဒီရွာ ဇာတိ မဟုတ်ကြောင်း၊ ဒါကြောင့် ဒူးရင်း ခြံပိုင်ရှင် အရက်ဆိုင် မဖွင့်ရန် တားဆီးပေး သင့်ကြောင်း ပြောသည်။ ဒူးရင်းခြံ ပိုင်ရှင်နှင့်လည်း ရန်သွားဖြစ် လိုက်သေးသည်။ ကိုမြကြီးက ရွာမှာ ငါတို့ အလှူဆုံးဟု ကြွားသည်။ ရွာဦးကျောင်း ဆရာတော်ကိုလည်း သွားပြောသည်။ အခြား အရက်ဆိုင်များကို ဖွင့်ခွင့်ပေးလိုက်မည် ဆိုပါက ယခုလောက် လှူနိုင်တော့မည် မဟုတ်သဖြင့် ဆရာတော် အနေဖြင့် တားဆီးပေးရန် ဖြစ်သည်။
သို့နှင့် ဆရာတော်ကလည်း ဒူးရင်းခြံ ပိုင်ရှင်ကို အရက်ဆိုင် မဖွင့်ရန် တားဆီးသည်။ သူကြီးကလည်း တားဆီးသည်။ ရွာသားများကတော့ ဒူးရင်းခြံပိုင်ရှင် ဖွင့်မည့် အရက်ဆိုင်ကို အားထားကြသည်။ သို့သော်လည်း ဆရာတော်နှင့် သူကြီးက တားဆီးသဖြင့် မဖွင့်ဖြစ်လိုက်။
ဒူးရင်းခြံပိုင်ရှင်က မဖွင့်ဖြစ်လိုက်သဖြင့် ကိုမြကြီးက ရွာ၏ အရက်လောကကြီးကို ဆက်လက် ထိန်းချုပ်ထားနိုင်လိုက်သည်။ ရွာသားများကတော့ မကျေနပ်ကြ။ ဆန္ဒပြမည် တကဲကဲ ဖြစ်ကုန်သည်။
ကိုမြကြီး လက်ဝါးကြီး အုပ်မှုကိုလည်း သိရှိသွားကြပြီ။ အရက်သမားများတင် မကျေနပ်ကြသည် မဟုတ်။ အရက်သမားများ၏ မိသားစုများကလည်း ကိုမြကြီးကို မကျေနပ်။ ကိုမြကြီးကတော့ ဆက်လက် ပန်းပန်လျက်ပါပဲ။
အရက်ဈေးကို စိတ်ကြိုက် တင်ရောင်းသည်။ ကိုမြကြီးနှင့် မတည့်သူကို မရောင်း။
သွား... မင်း အရက်ပျံ ရေရောသောက်။ ပြီးရင်သေ။ ဒါပဲ။
သိပ်မကြာပါ။
ရွာက သူကြီး သေသွားသည်။ နောက်ထပ် သူကြီး (ဥက္ကဋ္ဌ) အသစ် တက်လာသည်။
သူကြီးအသစ်ကလည်း အရက်သမား ဖြစ်သည်။ ကိုမြကြီး အရက်ဆိုင်ကို သိပ်မကျေနပ်။ သူကြီးအသစ်က ကျေးရွာအတွင်း သတ်မှတ်ထားသော အခွန်အခများ ပေးနိုင်လျှင် အရက်ဆိုင်များ ဖွင့်နိုင်ကြောင်း ကြေညာလိုက်သည်။ အရင် ဒူးရင်းခြံပိုင်ရှင်ကတော့ အရက်ဆိုင် မဖွင့်ဖြစ်။ အခြားရွာများက သူဌေးများက အရက်ဆိုင် လာဖွင့်ကြသည်။
ထိုအခါတွင်တော့ ကျေးရွာအတွင်း ကိုမြကြီး အရက်ဆိုင် အပါအဝင် အရက်ဆိုင် လေးဆိုင်အထိ ရှိလာသည်။ နောက်ထပ် ဖွင့်သည့် အရက်ဆိုင်များက အခြားရွာများက အရက် ဈေးနှုန်းအတိုင်း ရောင်းသည်။ စားပွဲထိုး ကောင်းကောင်း ထားသည်။ အမြည်း ကောင်းကောင်းရသည်။ သန့်ရှင်း သပ်ရပ်သည်။ ရွာရှိ အရက်သမားများသည် အရက်ဆိုင် အသစ်များဆီသို့သာ သွားတော့သည်။
ကိုမြကြီးဆိုင်ကို အပေါ့ပင် ဝင်မသွားတော့။ ကိုမြကြီးလည်း ပျာပျာသလဲ ဖြစ်သွားသည်။ နေ့စဉ် သူ့ဆိုင်ကို လာသောက်သူ မရှိတော့။ အရက်ဈေးများကို အခြားဆိုင်များထက် လျှော့ရောင်းသည်။ အမြည်းကောင်းကောင်း ထားလာသည်။ သို့သော်လည်း ရွာသားများက ကိုမြကြီးကို စိတ်နာနေဆဲ။ ဘယ်သူမှ သွားမသောက်။ သပိတ်မှောက်သည်။
သို့နှင့် ကိုမြကြီးလည်း ရောင်းမကောင်းတော့။ ယခင်က ငါးပေါင်းထုပ်များကို ဖောက်သည် ယူရောင်းခဲ့သော်လည်း ယခုတော့ ငါးပေါင်းထုပ်ကိုပင် ကိုယ်တိုင်ထုပ်ပြီး ရောင်းနေရပြီ။
ယခု အစိုးရ၏ ဖုန်းကတ် ရောင်းသူများလည်း ကိုမြကြီး အတိုင်းပင် ဖြစ်ဖို့ ရှိတော့သည်။ ပြည်သူများက စိတ်ပျက်နေသည်မှာ ကြာပြီ။ ဘယ်လိုပင် လျှော့ရောင်းရောင်း။ လှည့်ကြည့်ကြမည် မဟုတ်တော့။ အခွင့်သာတုန်း အချိန်က ပြည်သူများကို ကုပ်သွေး စုပ်ခဲ့ပြီးပြီ။ ပြည်သူများလည်း ခံခဲ့ရပြီးပြီ။ ပြည်သူများအနေနှင့် ကိုမြကြီး အရက်ဆိုင်ကို ရှောင်သကဲ့သို့ အစိုးရ ဖုန်းကိုလည်း ရှောင်တော့မည် ဖြစ်သည်။ ဟန်ကျပေစွ။ အာဏာရှိပေစွဆိုသည့် ကိုမြကြီးခမျာ သနားစရာ ကောင်းပေစွ။
တစ်ခုပြောဖို့ ကျန်သွားသည်။
ယခု ကိုမြကြီး အရက်မရောင်းတော့ချေ။
စိုပြေ (သံချောင်းပါတီ)
Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

0 comments:
Post a Comment